← Chapters

ငြိမ်သက်သွားခြင်း

Vol. 128 Ch. 1913

ငြိမ်သက်သွားခြင်း

Vol. 128 Ch. 1913

အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်က ပျက်ပြယ်သွားပြီး သူ၏ ခန္ဓာကိုယ်က ညှိုးခြောက်ကာ နေရာမှာတင် သေဆုံးသွား၏။

ဖြစ်စဉ်တစ်ခုလုံးက အသက်ရှူချိန် အနည်းငယ်မျှသာ ကြာမြင့်ခဲ့၏။

ရှုူရှစ်နှင့် ရှုရှောင်းထျန်က တုန်လှုပ်၍ သူတို့၏ မျက်လုံးများက ပြူးကျယ်နေ၏။

သူတို့နှစ်ယောက်စလုံးသည် တုန်လှုပ်ချောက်ချားနေသော အမူအရာများနှင့်အတူ မြေပြင်ပေါ်မှာ ဒူးထောက်နေကြဆဲဖြစ်၏။

ဆူဇီမိုသည် အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို တိုက်ခိုက်ရဲလိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ပေ။

အဲဒါထက် အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်၊ အာဏာပါးကွက်သား အစောင့်တပ်သားသည် အဆင့်-၇ မဟူရာအင်မော်တယ်တစ်ယောက်၏ နေရာမှာတင် သတ်ဖြတ်ခြင်းကို ခံလိုက်ရလိမ့်မည်ဟု သူတို့က မည်သို့မှ ထင်မှတ်မထားမိပေ။

ဘေးမှာရှိသော လျှိုထုံကလည်း အဲဒါကို မတုံ့ပြန်နိုင်ပေ။

ဆူဇီမို တိုက်ခိုက်လိုက်သောအခါ လျှိုထုံက သရော်တော်တော် အမူအရာတစ်ခုနှင့်အတူ လှောင်ရယ်နေခဲ့၏။

သို့သော် မကြာခင် လျှိုထုံက ဆက်လက်၍ မပြုံးနိုင်တော့ပေ။

သူ၏ စီနီယာအစ်ကို သေဆုံးသွားသည့် အချိန်မှာပင် လျှိုထုံ၏ မျက်နှာပေါ်ရှိ အပြုံးက အေးခဲတောင့်တင်းသွား၏။ သူ၏ မျက်လုံးနှစ်ဖက်က တုန်လှုပ်မှုူ၊ မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်သွားပြီး သူ၏ စိတ်ထဲမှာ သံသယတစ်ခုသာလျှင် ကျန်ရစ်ခဲ့၏။

အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် အဲဒါက တကယ်ကို မဖြစ်နိုင်ပေ။

ဆူဇီမိုသည် အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်ကို သတ်ဖြတ်နိုင်ခဲ့သည်မှာ အချိန်ဆေဘာနှစ်လက်နှင့် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်၏ အကူအညီနှင့်အတူ ကံတရား၏ ဖေးမမှုပါ ပါဝင်လာသောကြောင့်ဖြစ်၏။ သူက အဲဒါကို တစ်ဖန်ပြန်လည်ပြုလုပ်ရမည်ဆိုလျှင် သူသည် ဤလူကို သတ်ဖြတ်နိုင်ပါ့မလား ယုံကြည်မှု မရှိပေ။

အာဏာပါးကွက်သား အစောင့်တပ်သား သေဆုံးခဲ့ရသည့် အကြောင်းရင်းမှာ သူသည် ဆူဇီမိုကို အလေးအနက်ထားခြင်း မရှိဘဲ စစချင်း ထိုသူကို လျှော့တွက်မိခဲ့ခြင်းကြောင့် ဖြစ်သည်။

ဒါ့အပြင် သူသည် ဆူဇီမို၏ ဝှက်ဖဲများ၊ နည်းလမ်းများနှင့် ပတ်သက်၍ ဘာမှ သိရှိမထားပေ။ သူ၏ ဘဝသက်တမ်းက နှစ်ခြောက်သောင်း လျော့ကျသွားပြီးနောက် သူသည် သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ဝင်ရောက်ကာ သူ၏ တုံ့ပြန်မှုကလည်း နှေးကွေးသွားခဲ့၏။

ထို့ကြောင့်ပင်လျှင် သူက ဒုတိယမြောက် ဆေဘာတစ်လက်ကဲ့သို့ အချိန်ဖြင့် သတ်ဖြတ်ခြင်း ခံခဲ့ရခြင်း ဖြစ်၏။ အာဏာပါးကွက်သား အစောင့်တပ်သားကို သတ်ဖြတ်ပြီးနောက် ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်က စွမ်းအင်မြောက်များစွာ ကုန်ခမ်းသွားပြီး အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အား၏ နတ်ဘုရားစွမ်းအားကလည်း ပျက်ပြယ်သွားပြီဖြစ်၏။

တိုက်ပွဲမှာ သူ ရရှိခဲ့သော ဒဏ်ရာများက ​ပို၍ပင် ဆိုးဝါးလာပြီး နာကျင်မှုလှိုင်းများက လှိုက်၍ တက်လာခဲ့၏။

သို့သော်လည်း ယခုအချိန်မှာ သူသည် ပြန်လည်ကုသနေဖို့ အချိန်မရပေ။

ယနေ့ကိစ္စက ပြီးဆုံးမသွားသေးပေ။

ဆူဇီမိုသည် မလှမ်းမကမ်းမှာ ရှိသော လျှိုထုံကို စိုက်ကြည့်ပြီး ဖနောင့်တစ်ချက်ပေါက်ကာ သူ၏ ကိုယ်ကာယ ရုန်းကန်ပေါက်ကွဲအားနှင့်အတူ လျှိုထုံထံသို့ ပြေးဝင်သွား၏။

သူက လျှိုထုံကို သတ်ဖြတ်ရမည်ဖြစ်၏။

ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်စွမ်းအားက ကုန်ခန်းလုနီးပါး ဖြစ်နေပြီး သူက မည်သည့် ဓမ္မပညာရပ် သို့မဟုတ် နတ်ဘုရားစွမ်းအားကိုမှ မထုတ်ဖော်နိုင်တော့ပေ။ သူသည် သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးအပေါ်သာ မှီခိုပြီး အနီးကပ် တိုက်ခိုက်ရမည်ဖြစ်၏။

လျှိုထုံကလည်း သတိဝင်လာခဲ့ပြီဖြစ်သည်။

သူသည် ကြမ်းကြုတ်ခက်ထန်သော အော်ရာနှင့်အတူ ပြေးဝင်လာသည့် ဆူဇီမိုကို တွေ့မြင်သောအခါ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွား၏။

သူက အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်ပြီး ဆူဇီမိုထက် ကျင့်ကြံမှုနယ်ပယ် ပိုမိုမြင့်မား၏။

ဆူဇီမိုကတော့ သူ၏ အမြုတေစိတ်ဝိညာဉ်က အားနည်းနေပြီး ဒဏ်ရာအပြင်းအထန် ရရှိထား၏။

သူက သူ၏ ခွန်အားအပြည့်အဝနှင့် တိုက်ခိုက်လိုက်သည်နှင့်အမျှ သူသည် ဆူဇီမိုကို ခုခံနိုင်ကောင်း ခုခံနိုင်ပေလိမ့်မည်။

သို့သော် ထိုအခိုက်အတန့်မှာ လျှိုထုံ၏ စိတ်ထဲ ဝင်ရောက်လာသည့် တစ်ခုတည်းသောအရာမှာ ခုတ်ချက်နှစ်ချက်နှင့်အတူ ဆူဇီမိုက အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်လိုက်သည့် မြင်ကွင်းဖြစ်၏။

ဆူဇီမိုက အဆင့်-၇ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်ပြီး ဒဏ်ရာအပြင်းအထန် ရရှိထားသည်ကိုပင် သူက မော့လျော့သွားခဲ့ပြီဖြစ်၏။

ထိုအခိုက်အတန့်မှာ သူသည် ဤနေရာကနေ ထွက်ပြေးချင်စိတ်သာ ရှိတော့၏။

“ငြိမ်သက်စမ်း”

လျှိုထုံက သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး အလျင်အဟုန်ဖြင့် ပြေးလာနေသော ဆူဇီမိုထံ ခန္ဓာငြိမ်သက်ခြင်း နည်းစနစ်ကို ထုတ်ဖော်လိုက်၏။

ဆူဇီမိုက သူ၏ အထွတ်အထိပ် အခြေအနေမှာ ရှိနေမည်ဆိုလျှင် ခန္ဓာငြိမ်သက်ခြင်း နည်းစနစ်၏ သက်ရောက်မှုက သူ့အပေါ်မှာ လျစ်လျူရှု၍ ရသလောက်နီးပါးပင်။

သို့သော် ထိုအခိုက်အတန့်မှာ သူသည် ဒဏ်ရာအပြင်းအထန် ရရှိထားသော ခန္ဓာကိုယ်ကို တရွတ်တိုက် ဆွဲလာရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကလည်း ညှိုးနေ၏။ သူသည် လျှိုထုံ၏ လှုပ်ရှားကွက်ဖြင့် နေရာမှာပင် ငြိမ်သက်သွားပြီး မလှုပ်ရှားနိုင်တော့ပေ။

လျှိုထုံက ထိုသည်ကို တွေ့မြင်သောအခါ ဝမ်းသာအားရဖြစ်သွားပြီး တုံ့ဆိုင်းခြင်း မရှိဘဲ လှည့်ထွက်ပြေးလိုက်၏။

ဝေါ..

ဆူဇီမိုသည် သူ၏ သွေးချီကို ချက်ချင်းပင် လှည့်ပတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲကနေ ဆူနာမီအသံတစ်သံက ထွက်ပေါ်လာ၏။ သူ၏ အစိမ်းရောင်သွေးချီက တလိပ်လိပ်တက်လာပြီး ခန္ဓာငြိမ်သက်ခြင်း နည်းစနစ်၏ ချုပ်နှောင်မှုကနေ ချက်ချင်းပင် ရုန်းထွက်လိုက်၏။

“မင်းက ဘယ်ကို ပြေးဦးမှာလဲ”

ဆူဇီမိုက အော်ငေါက်၍ ခန်းမထဲကနေ ပြေးလိုက်သွား၏။

သူသည် သူ၏ အထွတ်အထိပ် အခြေအနေမှာ ရှိနေမည်ဆိုလျှင် သူသည် သူ၏ ဧရာမရွှေငှက်တောင်ပံများကို ထုတ်ဖော်လိုက်သည်နှင့် တစ်ခဏချင်းမှာ လိုက်မီနိုင်ပေလိမ့်မည်။

သို့သော် ယခု လျှိုထုံက သူ၏ အစွမ်းကုန်ရှိသမျှနှင့် ပြေးလွှားနေပြီး ဆူဇီမိုက သူ၏ ကိုယ်ကာယ ခွန်အားသက်သက်ဖြင့် ပြေးလိုက်နေရ၏။ သူ့အနေဖြင့် အကွာအဝေးကို ချက်ချင်း ချေဖျက်ဖို့က ခက်ခဲနေ၏။

လျှိုထုံသည် အပြင်ဘက်သို့ ထွက်ပြေးလွတ်မြောက်သွားပြီး အခြားအစောင့်တပ်သားများက တွေ့မြင်သွားမည်ဆိုလျှင် ဤကိစ္စကို ဖုံးကွယ်ထားလို့ ရတော့မည် မဟုတ်ပေ။

“ဘန်း..”

ထိုစဉ်မှာပင် နတ်ဘုရားစွမ်းအားများ၏ စွမ်းအားက ဖြန့်ကြက်သွားပြီး ဧရာမ တောင်တစ်လုံးက ဆင်းသက်ကာ လျှိုထုံကို ဖိနှိမ်လုနီးပါးပင်။

လျှိုထုံက အချိန်မီ ရပ်တန့်လိုက်ပြီး သူ၏ ရှေ့လမ်းကြောင်းမှာ တောင်တစ်လုံးက ပိတ်ဆို့သွား၏။

ရှုရှစ်က ခန်းမထဲကနေ ပြေးထွက်လာပြီး အချိန်မီ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

သူသည် စောစောက တုန်လှုပ်မှုကနေ အလျင်အမြန် နိုးထလာခဲ့ပြီဖြစ်၏။

ယနေ့ကိစ္စက ပေါက်ကြားလို့ မရဘူးဆိုတာကို သူက အလျင်အမြန် နားလည်သဘောပေါက်သွား၏။

နဂါးအသူရာချောက်နက်မြို့တော်မှာ အာဏာပါးကွက်သား အစောင့်တပ်သားကို သတ်ဖြတ်ခဲ့သည့်သူက သူ မဟုတ်သော်လည်း သူသည်လည်းပဲ ဤကိစ္စကနေ ရှောင်လွှဲနိုင်လိမ့်မည် မဟုတ်ပေ။ ထိုအချိန်ကျလျှင် သူသာမက သူ၏ မိသားစုကပါ ရောပါငြိစွန်း ဒုက္ခရောက်ဖို့ အခွင့်များ၏။

သူသည် ဤကိစ္စကို ဖုံးကွယ်ရန်အတွက် လျှိုထုံကို နှုတ်ပိတ်ရမည်ဖြစ်သည်။

ရှုရှစ်၏ တိုက်ခိုက်မှုက လျှိုထုံကို ဒဏ်ရာမရရှိစေသော်လည်း အဲဒါက ထိုသူ၏ ထွက်လမ်းကို ပိတ်ဆို့လိုက်၏။

အနည်းငယ် ကြန့်ကြာမှုနှင့်အတူ ဆူဇီမိုက လိုက်မီလာခဲ့ပြီဖြစ်၏။ မည်သည့်စကားမှ မဆိုဘဲ သူက သူ၏ လက်ဖဝါးကို လွှဲကာ လျှိုထုံကို ပစ်ရိုက်ချလိုက်၏။

သူ၏ လက်ဝါးက ဧရာမ ကြိတ်ဆုံကျောက်တစ်ခုကဲ့သို့ဖြစ်ပြီး ကြိတ်ခြေဖျစ်ညှစ်စွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။

မဟာကစဉ့်ကလျား အမြုတေလက်ဝါး…

သူက ပြေးစရာနေရာ မရှိတော့ဘူးဆိုတာကို တွေ့မြင်သောအခါ လျှိုထုံသည် အံကို တင်းတင်းကြိတ်ပြီး သူ၏ သိုလှောင်အိတ်ထဲကနေ ဆေဘာတစ်လက်ကို ထုတ်ယူ၍ ဆူဇီမို၏ လက်ဖဝါးကို ခုတ်ပိုင်းချလိုက်၏။

ချွမ်း..

လျှိုထုံ၏ ဆေဘာက ထိပ်တန်းမဟူရာအဆင့် ဓမ္မရတနာတစ်ခုဖြစ်၏။

သို့သော်လည်း ၎င်းသည် ဆူဇီမို၏ လက်ဖဝါးနှင့် ထိတွေ့သောအခါ မည်သည့်သွေးမှ ထွက်မလာခဲ့ချေ။ ထိုအစား သတ္တုချင်း ထိခတ်သံကဲ့သို့ ကြွပ်ဆပ်ဆပ် အသံတစ်သံ ထွက်ပေါ်လာ၏။

ထိုမျှသာမက လျှိုထုံသည် သူ၏ ဆေဘာကနေတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ ကြမ်းကြုတ်ခက်ထန်သော စွမ်းအားတစ်ခု တလိပ်လိပ် တိုးဝင်လာသည်ဟု ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏ လက်ဖဝါးက စုတ်ပြဲကာ သွေးများက စီးကျလာ၏။

အနီးကပ်တိုက်ခိုက်ရေးမှာ လျှိုထုံပင်လျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ရုန်းကန်ပေါက်ကွဲစွမ်းအားကို ခံနိုင်ရည် မရှိပေ။

သူ၏ လက်ချောင်းများဆီသို့ ခွန်အားကို ပို့လွှတ်ပြီး ဆူဇီမိုက ဆေဘာကို တင်းကျပ်စွာ ဆုပ်ကိုင်၍ လုယူကာ အဲဒါကို လက်ပြန်ပစ်ထိုးလိုက်၏။

လျှိုထုံက တုံ့ပြန်ဖို့ အချိန်မရဘဲ အပေါ်သို့သာ အလိုလိုထခုန်လိုက်ရ၏။

ဖောက်..

ဆေဘာက အေးစက်စက် အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး လျှိုထုံ၏ ရင်ဘတ်ထဲသို့ ချက်ချင်းပင် ဝင်ရောက်သွား၏။

ထိုခုတ်ချက်သည် အစကတော့ လျှိုထုံ၏ နှာရောင်ကို ချိန်ရွယ်ခဲ့၏။

လျှိုထုံ၏ ထခုန်မှုက သေကွင်းသေကွက်ကို ရှောင်တိမ်းလိုက်နိုင်၏။

သူ၏ ခန္ဓာကိုယ်က ဆေဘာမှာ ပါဝင်သော စွမ်းအားဖြင့် လွင့်စင်ထွက်သွားပြီး သူ့နောက်မှာ ရှိသော တောင်ထွတ်နှင့် ပြင်းထန်စွာ ပစ်တိုက်ကာ သူ၏ အကြည့်က မှေးမှိန်သွား၏။

သူ၏ နှလုံးက ထိုးဖောက်ခံလိုက်ရလေပြီ။

သူ၏ အမြုတေစိတ်ဝိညာဉ်က သေဆုံးမသွားသော်လည်း မဟူရာအင်မော်တယ်တစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်သည် ကိုကာယ ခန္ဓာကိုယ်တစ်ခု မရှိဘဲ သိပ်ကြာကြာ ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုစဉ်မှာပင် ရှုရှစ်က လေထဲကနေ ဆင်းသက်လာပြီး လျှိုထုံ၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။

ဘန်း..

လျှိုထုံ၏ အကြည့်က တောင့်တင်းသွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ကြေမွကာ နေရာမှာပင် သေဆုံးသွား၏။

ဆူဇီမိုက အနည်းငယ် မောဟိုက်နေ၏။

သူ၏ ဒဏ်ရာအပြင်းအထန် ရရှိထားသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲပြီး အဆက်မပြတ် တိုက်ခိုက်ပြီးနောက် သူ၏ ဒဏ်ရာများက နောက်တစ်ဖန် ပို၍ဆိုးဝါးလာခဲ့၏။

ထိုအခိုက်အတန့်မှာ သူ၏ ထွက်သက်တွင် သွေးနံ့က ပါလာခဲ့ပြီဖြစ်၏။

သို့သော်လည်း သူက ပြန်လည်ကုသဖို့ကို မရွေးချယ်ပေ။ ထိုအစား သူက သတိအနေအထားဖြင့် မလှမ်းမကမ်းမှာ ရှိသော မြို့တော်အရှင် ရှုရှစ်ကို စိုက်ကြည့်နေ၏။

အာဏာပါးကွက်သား အစောင့်တပ်သားနှင့် လျှိုထုံက တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားပြီဖြစ်၏။

ယခုအချိန်မှာ ရှုရှစ်သည် အဆင့် ၂ ကမ္ဘာမြေအင်မော်တယ်ဖြစ်ပြီး ကျင့်ကြံမှုအရဖြစ်စေ.. တိုက်ခိုက်ရည်ခွန်အားအရဖြစ်စေ.. ဤခြံဝန်းထဲမှာ သူက အသန်မာဆုံးလူ ဖြစ်လာခဲ့လေပြီ။

ရှုရှစ်သည် အရာရာတိုင်းကို သူ့အပေါ် ပုံချဖို့အတွက် သူ့ကို တိုက်ခိုက်လာနိုင်​ခြေ ရှိလေသည်။

ရှုရှစ်ကလည်း ဆူဇီမိုကို ကြည့်နေ၏။

“အဖေ..”

ထိုစဉ်မှာပင် ရှုရှောင်းထျန်က အပြေးအလွှား ရောက်ရှိလာ၏။

ရှုရှစ်၏ အမူအရာက ပျော့ပြောင်းသွားပြီး သူက ခပ်တိုးတိုး ပြောလိုက်၏။

“ဒီနေရာကို အရင်ဆုံး ရှင်းလင်းလိုက်ရအောင်.. ဘယ်သူမှ သတိထားမိလို့ မဖြစ်ဘူး”

ဆူဇီမိုက ခေါင်းညိတ်၍ စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

သူတို့ သုံးယောက်က တိုက်ပွဲနယ်မြေမှ သွေးများကို အတူတကွ ရှင်းလင်းပြီး ခြေရာလက်ရာဖျောက်လိုက်ကြ၏။

ရှုရှစ်သည် အာဏာပါးကွက်သား အစောင့်တပ်သားနှင့် လျှိုထုံ၏ သိုလှောင်အိတ်များကို ဆူဇီမိုထံ ကမ်းပေးလိုက်၏။

အဲဒီနောက် ရှုရှစ်၏ ဦးဆောင်မှုဖြင့် သူတို့သုံးယောက်သည် ဤနေရာကနေ တိတ်တဆိတ် ထွက်ခွာပြီး မြို့တော်အရှင်၏ ဂေဟာသို့ ပြန်လည်ရောက်ရှိလာ၏။

“ခင်ဗျား ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖို့ စိတ်ကူးထားလဲ” ဆူဇီမိုက မေးလိုက်၏။

ခေါင်းဆောင်တပ်မှူးတစ်ယောက်၏ သေဆုံးမှုက သေးငယ်သော ကိစ္စမဟုတ်ပေ။

ဒါ့အပြင် အဲဒီမှာ နောက်ခံ အတိအကျ မသိရသော အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်လည်း ပါဝင်နေ၏။

ရှုရှစ်က လေးနက်စွာ ပြောလိုက်၏။

“ညီအစ်ကိုဆူ.. စိတ်ချလက်ချ နားနေပါ.. ဒီကိစ္စကို ကျုပ်ကို လွှဲထားလိုက်.. ခင်ဗျားနဲ့ကျုပ်က ထုတ်မပြောသရွေ့ အမှန်တရားကို ဘယ်သူက သိမှာလဲ”

ဤကိစ္စမှာ သူတို့နှစ်ယောက်၏ လက်က သွေးများဖြင့် စွန်းထင်းခဲ့ပြီဖြစ်၏။

ဤကိစ္စကို ထုတ်ဖော်ပြောခြင်းက မည်သူ့အတွက်မှ အကျိုးမရှိနိုင်ပေ။

All Chapters