ဖန်သားမြို့တော်
Vol. 128 Ch. 1915
“အာဏာပါးကွက်သား အစောင့်တပ်သားတွေကရော ဘယ်လိုမျိုးလဲ”
ဆူဇီမိုက မေးလိုက်၏။
အာဏာပါးကွက်သား အစောင့်တပ်သားဟူသော စကားကိုကြားရချိန်မှာ ရှုရှစ်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုအကြည့်တစ်ခု ပေါ်ထွက်လာ၏။
ရှုရှစ်က အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်၏။
“အာဏာပါးကွက်သား အစောင့်တပ်သားတွေက မဟာကျင်းအင်မော်တယ်နိုင်ငံမှာ အရမ်းကိုထူးခြားတဲ့ ကျင့်ကြံသူအမျိုးအစားပဲ... သူတို့က မဟူရာရွှေငှက်မွေးချပ်ဝတ်ကို ဝတ်ဆင်ပြီး ကွပ်မျက်ဆေဘာတွေကို ကိုင်ဆွဲထားကြတယ်... သူတို့က အပြစ်ပေးခြင်းနဲ့ သတ်ဖြတ်ခြင်းတွေကို တာဝန်ယူဆောင်ရွက်ရတဲ့သူတွေပဲ”
“ကောင်းကင်အစောင့်နဲ့ ကမ္ဘာမြေအစောင့်ဆိုပြီး အာဏာပါးကွက်သားအစောင့်တပ်သားနှစ်မျိုးရှိတယ်... အာဏာပါးကွက်သား အစောင့်တပ်သားဖြစ်လာဖို့အတွက် လိုအပ်ချက်တွေက အရမ်းကိုတင်းကျပ်တယ်... သူတို့က ပကတိသစ္စာရှိရမယ့်အပြင် သူတို့ရဲ့ ကျင့်ကြံမှုနယ်ပယ်ကလည်း သိပ်ပြီး နိမ့်ကျနေလို့မရဘူး”
“အဆင့်-၇ အဆင့်-၈နဲ့ အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တွေကပဲ အာဏာပါးကွက်သားအစောင့်တပ်သားဖြစ်လာဖို့ အဆင့်မီတယ်”
ဆူဇီမိုက သူ့ဘာသာသူခေါင်းညိတ်လိုက်၏။
ထိုသို့ဆိုလျှင် အာဏာပါးကွက်သားအစောင့်တပ်သားများကို အသန်မာဆုံး ကမ္ဘာမြေနှင့် ကောင်းကင်အင်မော်တယ် ပညာရှင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၏။
ရှုရှစ်က ဆက်ပြောလိုက်၏။
“ကောင်းကင်အဆင့် အာဏာပါးကွက်သား အစောင့်တပ်သားတွေကို မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ တော်ဝင်မိသားစုတွေကပဲ ဆင့်ခေါ်နိုင်တယ်လို့ ကျုပ်ကြားဖူးတယ်... ကမ္ဘာမြေအစောင့်တပ်သားတွေကိုတော့ တိုင်းပြည် ၁၆ ခုက ဘုရင်ခံတွေကပဲ သူတို့ကို ဆင့်ခေါ်ဖို့ အဆင့်မီတယ်”
“အာဏာပါးကွက်သား အစောင့်တပ်သားတွေက အရမ်းကိုမြင့်မားတဲ့အဆင့်အတန်းရှိကြတယ်... သူတို့က မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ အပြစ်ပေးခြင်းနဲ့ သတ်ဖြတ်ခြင်းတွေကို တာဝန်ယူဆောင်ရွက်ပေးတယ်...အချိန်အများစုမှာတော့ သူတို့က အရင်ဆုံးပြုမူလှုပ်ရှားပြီး နောက်ပိုင်းမှ အစီရင်ခံတင်ပြကြတယ်.... ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်နယ်မြေရဲ့ မြို့တော်အရှင်တွေတောင်မှ အာဏာပါးကွက်သား အစောင့်တပ်သားတွေကို ယဥ်ယဥ်ကျေးကျေးဆက်ဆံရတယ်”
ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့၏။
ရှုရှစ်သည် လျှိုထုံ၏ စီနီယာအစ်ကိုကို ထိတ်လန့်ကြောက်ရွံ့နေခဲ့သည်မှာ မထူးဆန်းတော့ပေ။
အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်၏ စွမ်းအားက အရမ်းကိုကြီးမားပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားကလည်း အဆင့်တူများကြားမှာ ထူးချွန်ထက်မြက်လေသည်။ သူတို့ကို ဘယ်သူက အတိုက်အခံပြုလုပ်ချင်ပါ့မလဲ။
ဆူဇီမိုက လေးနက်စွာပြောလိုက်၏။
“အာဏာပါးကွက်သားအစောင့်တပ်သားရဲ့ သေဆုံးမှုက ကြီးမားတဲ့ ကိစ္စတစ်ခုပဲ... တစ်ယောက်ယောက်အဲ့ဒါကို သေချာပေါက်လာပြီး စုံစမ်းစစ်ဆေးလိမ့်မယ်.. ခင်ဗျားမှာ ဘာအစီအစဥ်ရှိလဲ”
“မပူပါနဲ့ ညီကိုဆူ”
ရှုရှစ်က ပြောလိုက်၏။
“ကျုပ်က လျှိုထုံနဲ့ အာဏာပါးကွက်သားအစောင့်တပ်သားရဲ့အလောင်းတွေကို အသူရာချောက်နက်ထဲကို သွားပစ်ချဖို့ ပြင်ထားတယ်.... တစ်ယောက်ယောက်က သူတို့ကိုရှာတွေ့မယ်ဆိုရင်တောင်မှ အဲ့ဒါက ကျုပ်တို့လက်ချက်လို့ ဘယ်သူကမှထင်မှာမဟုတ်ဘူး”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ရှုရှစ်သည် အာဏာပါးကွက်သားအစောင့်တပ်သားတစ်ယောက်ကို သတ်ဖြတ်ဖို့က မဖြစ်နိုင်ပေ။
သူတို့အကြား ကွာချက်က အရမ်းကိုကြီးမားလွန်း၏။
သို့သော်လည်း အာဏာပါးကွက်သား အစောင့်တပ်သား၏ အလောင်းကို အသူရာချောက်နက်ထဲသို့ စွန့်ပစ်လိုက်မည်ဆိုလျှင် သူ၏ သေဆုံးမှုက အဓိပ္ပါယ်ရှိလာပေလိမ့်မည်။
ဘာပဲပြောပြာ ထိုအသူရာချောက်နက်ထဲမှာ ကောင်းကင်နှင့် ကမ္ဘာမြေအင်မော်တယ်ပညာရှင်များစွာက သေဆုံးခဲ့ရပြီး အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်က ထိုနေရာမှာ သေဆုံးနေမည်ဆိုလျှင် ယုတ္တိတန်လေသည်။
“ညီကိုဆူ... အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ကိုသွားဖို့အတွက် ခင်ဗျားမှာ ဘာအစီအစဥ်ရှိလဲ”
ရှုရှစ်က မေးလိုက်၏။
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
သူ့မှာ အထူးတလည်ရည်ရွယ်ချက်မရှိဘဲ သူသည် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို တတ်နိုင်သလောက်များများစုဆောင်းကာ သူ၏ ကျင့်ကြံမှုကို အစွမ်းကုန်မြှင့်တင်ချင်ရုံသာဖြစ်၏။
နဂါးအသူရာချောက်နက်ကြယ်မှာ ကောင်းကင်နှင့်မြေကြီး အမြုတေချီက ပါးလွှာပြီး အမြုတေစိတ်ဝိညာဥ် သတ္တုတွင်းတစ်တွင်းပင် ဖြစ်ပေါ်မလာခဲ့ပေ။
ဤနေရာမှာ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို ရရှိနိုင်ဖို့က အင်မတန်ခက်ခဲ၏။
နောက်ထပ် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို ရယူနိုင်မည့်တစ်ခုတည်းသော နည်းလမ်းမှာ ဂမ္ဘီရမိုးကောင်းကင် ကုန်းမြေတိုက်ကို သွားရောက်ဖို့ဖြစ်၏။
ရုတ်တရက် ဆူဇီမိုက မေးလိုက်၏။
“ခင်ဗျားနားလည်ထားသလောက်ဆိုရင် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်က အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းတွေက ဘယ်နေရာမှာရှိလဲ”
“အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းတွေကို များသောအားဖြင့် အမျိုးမျိုးသော ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေက သိမ်းပိုက်ထားတယ်”
ရှုရှစ်က ပြောလိုက်၏။
“အရမ်းကြီးမားတဲ့ အမြုတေစိတ်ဝိညာဥ် သတ္တုတွင်းတွေအားလုံးကတော့ မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ ထိန်းချုပ်မှုအောက်မှာရှိတယ်... မြို့တော်တိုင်းနီးပါးမှာလည်း အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းတချို့ရှိတတ်တယ်”
“ညီကိုဆူ... ခင်ဗျားက ဘာလို့အဲ့ဒါကို မေးတာလဲ... ခင်ဗျားက သတ္တုတွင်းလုပ်သားတစ်ယောက် လုပ်ချင်လို့လား”
ဆူဇီမိုက မရေမရာပြန်ဖြေလိုက်၏။
သူသည် ရှုရှစ်ကို ယုံကြည်သော်လည်း တချို့သောကိစ္စများက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖို့ မသင့်ပေ။
ရှုရှစ်က ပြောလိုက်၏။
“သတ္တုတွင်းလုပ်သားတွေက အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတွေကို လုံလုံလောက်လောက်စုဆောင်းမိမယ်ဆိုရင် သူတို့က အဲ့ဒါကို အမြုတေစုဖွဲ့ဆေးလုံးတွေနဲ့ လဲလှယ်လို့ရတယ်... ဒါပေမဲ့ သတ္တုတွင်းလုပ်သားတွေက အန္တရာယ်တချို့နဲ့ ကြုံတွေ့ရနိုင်တယ်လို့ ကျုပ်ကြားဖူးတယ်... အသေးစိတ်ကိုတော့ ကျုပ်လည်းမပြောတတ်ဘူး”
“ကျုပ်မှာ... အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ရဲ့ မြေပုံတစ်ချပ်ရှိတယ်... အဲ့ဒါကိုယူလိုက်”
ရှုရှစ်သည် မြေပုံတစ်ချပ်ကို ကြိုတင်မိတ္တူပွားထားပြီး ဆူဇီမိုကိုကမ်းပေးလိုက်၏။
မြေပုံကို တောကောင်သားရေဖြင့်ပြုလုပ်ထားပြီး ကြီးမားခြင်း မရှိပေ။ ၎င်းကို ဖြန့်လိုက်သည့်အခါ သုံးပေလောက်သာ ကျယ်လေသည်။
သို့သော်လည်း မြေပုံသည် ကြယ်များဖြင့် ပြည့်နှက်နေပြီး အထင်ရှားဆုံးအပိုင်းများမှာ မြို့တော်ပေါင်း တစ်ရာကျော်ဖြစ်၏။
သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ပြီး ဆူဇီမိုက ဖန်သားမြို့တော်ဟုခေါ်သော မြို့တစ်မြို့ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လိုက်၏။
သူ၏ အမြင်အာရုံက မြေပုံထဲသို့ ဝင်ရောက်သွားသည်ဟုထင်ရပြီး သူ၏ မြင်ကွင်းက အဆက်မပြတ်ပြန့်ကားကာ သူတွေ့မြင်နိုင်သော သတင်းအချက်အလက်များက ပို၍အသေးစိတ်ကျလာခဲ့၏။
မြို့တော်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များစွာက အလွန်တရာလျှို့ဝှက်ဆန်းကြယ်သောပုံစံဖြင့် သူ၏ စိတ်ထဲသို့ တဖျတ်ဖျတ် အလျင်အမြန်ဝင်ရောက်လာခဲ့၏။
ဖန်သားမြို့တော်မှ သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ရုပ်သိမ်းပြီး ဆူဇီမိုက မြို့တော်၏ အပြင်ဘက်ကို ဆက်လက်ရှာဖွေကာ ထူးခြားသောအမှတ်အသားတချို့ကို တွေ့မြင်လိုက်ရ၏။
သူတို့ထဲမှ အချို့သည် ဆေးစိုက်ခင်းများဖြစ်ပြီး အချို့က ဂိုဏ်းအမှတ်အသားများဖြစ်ကာ အချို့က အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းများဖြစ်၏။
“ကျေးဇူးတင်ပါတယ် မြို့တော်အရှင်”
ဆူဇီမိုက ကျေးဇူးတင်စကားပြောကာ ခေါင်းညိတ်ပြလိုက်၏။
ဤမြေပုံက သူ့အတွက် အလွန်တရာအရေးပါ၏။
ရှုရှစ်က ပြောလိုက်၏။
“တကယ်တော့... အခွင့်အရေးရမယ်ဆိုရင် ခင်ဗျားက ဂိုဏ်းစမ်းသပ်စစ်ဆေးပွဲအချို့မှာ ဝင်ပါပြီး ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ရောက်သင့်တယ်လို့ ကျုပ်အကြံပေးချင်တယ်... ခင်ဗျားရဲ့တိုက်ခိုက်ရည်ခွန်အားနဲ့ဆို ခင်ဗျားက မဟူရာအဆင့် ဂိုဏ်းတစ်ဂိုဏ်းထဲကို ဝင်ရောက်ဖို့ အခက်အခဲရှိမှာ မဟုတ်ဘူး”
ဆူဇီမိုကပြုံး၍ အသေးစိတ်ရှင်းပြမနေပေ။
သူက ဂိုဏ်းတစ်ဂိုဏ်းသို့ ဝင်ရောက်ချင်သည်ဆိုလျှင် သူ့အတွက်ပြဿနာရှိလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း သူက ဂိုဏ်းတစ်ဂိုဏ်းသို့ ဝင်ရောက်မည်ဆိုလျှင်တောင် သူ၏ ကျင့်ကြံမှုနယ်ပယ်အရ လုံလောက်သည့် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို ရရှိဖို့ခက်ခဲပေလိမ့်မည်။
သူသည် အမြုတေစိတ်ဝိညာဥ် သတ္တုတွင်းတစ်တွင်းကို အရင်ဆုံးရှာပြီးမှ သူ၏ အစီအစဥ်ကို အကောင်အထည်ဖော်ရမည်ဖြစ်၏။
ရှုရှစ်က ပြောလိုက်၏။
“ကျုပ်လည်း သိပ်မကြာခင် နဂါးအသူရာချောက်နက်ကြယ်ကနေ ထွက်ခွာပြီး ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ရောက်တော့မှာ”
သူသည် ကမ္ဘာမြေအင်မော်တယ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ကာ နဂါးအသူရာချောက်နက်မြို့တော်တွင် မြို့တော်အရှင်အဖြစ်ဆက်နေခြင်းဖြင့် သူ၏ ကျင့်ကြံမှုအတွက် အကျိုးရှိတော့မည် မဟုတ်ပေ။
သူသည် ဤနှစ်များအတွင်း မထွက်ခွာခဲ့သည့် အကြောင်းအရင်းမှာ သူသည် ရှုရှောင်းထျန်၏ ကျင့်ကြံမှုကို တိုးမြှင့်လာစေပြီး ဂမ္ဘီရမိုးကောင်းကင် ကုန်းမြေတိုက်သို့ အတူတကွထွက်ခွာနိုင်ဖို့ဖြစ်၏။
ယခု... အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်က နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ သေဆုံးခဲ့ပြီး သူက ဤနေရာမှာ ဆက်လက်၍နေဖို့ မသင့်တော့ပေ။
သူတို့နှစ်ယောက်သည် ညအချိန်သို့ရောက်သည်အထိ စကားပြောဆိုခဲ့ကြပြီးနောက် ဆူဇီမိုက မတ်တတ်ထရပ်ကာ နှုတ်ဆက်လိုက်၏။
“အစ်ကိုဆူ... ခင်ဗျား ဒီတိုင်းပဲထွက်သွားတော့မှာလား”
ရှုရှောင်းထျန်၏ မျက်လုံးထဲတွင် နှမြောတမ်းတမှုအရိပ်အယောင်တစ်ခု ပေါ်လွင်နေ၏။
ဆူဇီမိုကပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
ရှုရှစ်ကလည်း ခေါင်းညိတ်ပြလိုက်၏။
“ရှောင်းထျန်... ကြိုးကြိုးစားစားနဲ့ကျင့်ကြံ... သိပ်မကြာခင် ငါတို့ကလည်း ဂမ္ဘီရမိုးကောင်းကင် ကုန်းမြေတိုက်ကို သွားကြမှာ... ငါတို့က ဂမ္ဘီရမိုးကောင်းကင် ကုန်းမြေတိုက်မှာ ညီကိုဆူနဲ့ပြန်တွေ့ချင်တွေ့နေမှာ”
“ဟုတ်ကဲ့”
ရှုရှောင်းထျန်က အားတက်သရော်ခေါင်းညိတ်ပြလိုက်၏။
သူတို့သုံးယောက်က မြို့တော်အရှင်ဂေဟာ၏ ပို့ဆောင်ရေးဝင်္ကပါထံသို့ ဦးတည်လိုက်ကြ၏။
လွန်ခဲ့သည့်ရက်အနည်းငယ်က ဆူဇီမိုသည် ပို့ဆောင်ရေးဝင်္ကပါ၏ ဝင်္ကပါအင်းကွက်များနှင့် အသက်သွင်းခြင်းနည်းစနစ်များကို နားလည်ဆင်ခြင်ခဲ့ပြီးပြီဖြစ်၏။
ဤတစ်ခေါက်မှာ သူသည်အခြားသူများ၏ အကူအညီမရှိဘဲ ဝင်္ကပါကို အသက်သွင်းလိုက်၏။
ပို့ဆောင်ရေးဝင်္ကပါ၏ အစိမ်းရောင်ကျောက်တုံးများပေါ်မှာ ဝင်္ကပါအင်းကွက်များက လှပသောအရောင်အဝါတစ်ခုဖြင့် တောက်ပလာပြီး တုတ်ခိုင်သော အလင်းတိုင်တစ်ခုကို ဖြစ်ပေါ်လာစေ၏။
ရှေးဟောင်းမှော်စာလုံးများစွာက အပြင်ဘက်ရှိအကာအရံအလွှာပေါ်၌ ပေါ်ထွက်လာခဲ့၏။
ဆူဇီမိုက ရှုရှစ်နှင့် ရှုရှောင်းထျန်ကို လက်ပြနှုတ်ဆက်ပြီး အလင်းတိုင်းထဲသို့ ဝင်ရောက်လိုက်၏။
ပို့ဆောင်ရေးဝင်္ကပါပေါ်မှာ ဆူဇီမို၏ ပုံရိပ်က အလင်းရောင်တဖျတ်ဖျတ်နှင့် တဖြည်းဖြည်းဝေဝါးလာခဲ့၏။
ဆူဇီမိုသည် စွမ်းအားကြီးမားသော စုပ်ယူအားတစ်ခု ဆင်းသက်လာသည်ဟု ခံစားလိုက်ရ၏။
အဲ့ဒီနောက် သူ၏ အမြင်အာရုံက လည်ပတ်သွားပြီး ကြယ်တာရာကောင်းကင်က တဖျတ်ဖျတ်ပေါ်ထွက်လာ၏။ အချိန်နှင့်အာကာသက ဖရိုဖရဲဖြစ်သွားပြီး သူ၏ အာရုံငါးပါးကို ဆုံးရှုံးလိုက်ရသည့်အလားပင်။
အသက်ရှုချိန်အနည်းငယ်အပြီး၌ ဆူဇီမိုသည် သူ၏ ခန္ဓာကိုယ်က ပေါ့ပါးသွားသည်ဟုခံစားရပြီး သူ၏ ခြေဖဝါးက မြေပြင်နှင့်ထိတွေ့သွား၏။ သူ၏ အမြင်အာရုံကို အလျင်အမြန်ပြန်လည်ရရှိလာ၏။
ယခုအချိန်မှာသူသည် အခြားသော ပို့ဆောင်ရေးဝင်္ကပါတစ်ခုပေါ်သို့ ရောက်ရှိနေပြီဖြစ်၏။
ပို့ဆောင်ရေးဝင်္ကပါပေါ်မှာ အလင်းရောင်များက မကြာမကြာတဖျတ်ဖျတ်လက်ပြီး တခြားသော ကျင့်ကြံသူများကလည်း ဆင်းသက်လာကြ၏။ သူတို့သည် ဘယ်နေရာကရောက်ရှိလာသလဲ မသိရှိရဘဲ အရေအတွက်က အတော်လေးများပြားနေ၏။
ပို့ဆောင်ရေးဝင်္ကပါသည် ဧရာမနန်းတော်တစ်ခုထဲမှာ တည်ရှိနေ၏။
မလှမ်းမကမ်းတွင်... ချပ်ဝတ်တန်ဆာဝတ်အစောင့်အကြပ်များက စောင့်ကြပ်နေကြ၏။ သူတို့၏ ခန္ဓာကိုယ်များက လှံရှည်များကဲ့သို့ ဖြောင့်မတ်နေပြီး ထက်ရှသောအကြည့်များနှင့်အတူ သူတို့ကိုစောင့်ကြည့်နေ၏။
ဆူဇီမိုက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ပို့ဆောင်ရေးဝင်္ကပါထဲကနေထွက်ကာ ခန်းမ၏ အပြင်ဘက်သို့ လျှောက်လှမ်းလာ၏။
သူ၏ မြင်ကွင်းက ရှင်းလင်းသွားပြီး အဲ့ဒီမှာ အတော်လေးရုတ်ရုတ်သဲသဲ ဖြစ်နေ၏။
နေရာတိုင်းမှာ ကျင့်ကြံသူများစွာက စုဝေးနေကြပြီး အဲ့ဒီမှာ လေလံအိမ်များ၊ အင်မော်တယ်ဆေးဆိုင်များ၊ စားသောက်ဆိုင်များ စသည်ဖြင့် အရာရာတိုင်းရှိနေပြီး နေရာတိုင်းက စည်ကားသိုက်မြိုက်နေ၏။
မြို့တော်အနှံ့ ရှေးကျသော အဆောက်အအုံများစွာကို ဖြန့်ကြက်တည်ဆောက်ထား၏။
လမ်းမရှည်က အတော်လေးကျယ်ပြန့်ပြီး အဘက်ဘက်ကိုဖြန့်ကြက်ထား၏။ လူတိုင်းက သွားလိုက်လာလိုက်ဖြင့် ပြုမူလှုပ်ရှားနေကြ၏။ ကျင့်ကြံသူအချို့က တောကောင်များကိုစီးနင်း၍ လှည့်ပတ်သွားလာနေ၏။
ကျင့်ကြံသူအချို့သည် ခံ့ညားထည်ဝါသော တိမ်စိုင်များကို စီးနင်းပြီး လေးနက်ဆန်းကြယ်သောပုံစံဖြင့် ဖြည်းဖြည်းချင်းလှုပ်ရှားသွားလာနေ၏။
ကျင့်ကြံသူအချို့က အစိမ်းရောင်လွမ်များပေါ်မှာထိုင်ပြီး မြို့တော်၏ အထက်မှာ ပျံသန်းနေကြ၏။
ဘေးပတ်လည်ရှိမြို့ရိုးများက အရမ်းကိုမြင့်မားပြီး တိမ်စိုင်များကြားထိ ရောက်ရှိနေ၏။ မြို့ရိုးများက ကြေးမုံများကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော အရောင်အဝါတစ်ခုဖြင့် တောက်ပနေ၏။
ကြီးမားသော မြို့တော်တစ်ခုက ဆူဇီမို၏ ရှေ့မှာ ပေါ်ထွက်လာပြီဖြစ်၏။
ဖန်သားမြို့တော်.... ။
ထိုမြို့သည် နဂါးအသူရာချောက်နက်ကြယ်နှင့်အနီးဆုံးမှာရှိနေ၏။