← Chapters

စိတ်ဝိညာဉ် သတ္တုတွင်း သွေးကပ်ဘေး

Vol. 128 Ch. 1917

စိတ်ဝိညာဉ် သတ္တုတွင်း သွေးကပ်ဘေး

Vol. 128 Ch. 1917

ယခင် နယ်ခြားစောင့် အင်မော်တယ်စစ်သားများ၏ တပ်သားစုဆောင်းမှုနှင့် နှိုင်းစာလျှင် ဤနေရာမှာ ကျင့်ကြံသူများက ပို၍များပြား၏။

ဆူဇီမိုသည် လူအုပ်ကြီး၏ အပြင်ဘက်မှာ မတ်တတ်ရပ်ပြီး ရှေ့သို့ သွားဖို့ကို အလောတကြီး ရှိမနေပေ။

သတ္တုတူးဖော်ခြင်းများမှာ အန္တရာယ်တချို့ ရှိနိုင်ကြောင်း ရှုရှစ်က သူ့ကို ပြောခဲ့ဖူး၏။ သို့သော်လည်း အချက်အလက် အသေးစိတ်ကို သူ မသိပေ။

“တာအိုရောင်းရင်း…​ ကျေးဇူးပြုပြီး ကျုပ်ကို တစ်ခုလောက် ရှင်းပြပေးပါဦး”

ဆူဇီမိုက ညင်သာစွာ ပြုံး၍ ရှေ့သို့ လျှောက်လှမ်းလာသည့် အဆင့် ၆ မဟူရာအင်မော်တယ်တစ်ယောက်ကို တားဆီးလိုက်၏။

အဆင့် ၆ မဟူရာအင်မော်တယ်က မျက်မှောင်ကြုတ်လိုက်၏။

သို့သော်လည်း သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် စစ်ဆေး၍ ဆူဇီမိုက အဆင့် ၇ မဟူရာအမြုတေနယ်ပယ်မှာ ရှိသည်ကို တွေ့မြင်သောအခါ သူ၏ အမူအရာက အလေးအနက်ဖြစ်သွားပြီး သူ၏ ခေါင်းကို အနည်းငယ် ငုံ့လိုက်၏။

“အဆင့်မြင့်အင်မော်တယ်.. ကျေးဇူးပြုပြီး မေးပါ”

“သတ္တုတူးဖော်ခြင်း လုပ်ငန်းစဉ်မှာ အန္တရာယ်တစ်ခုခု ရှိမလား ကျုပ်သိချင်လို့”

ဆူဇီမိုက လှည့်ပတ်မနေဘဲ လိုရင်းကို တန်း၍မေးလိုက်၏။

“အဆင့်မြင့်အင်မော်တယ်.. မပူပါနဲ့.. သတ္တုတူးဖော်ခြင်းမှာ ဘယ်လို အန္တရာယ်က ရှိမှာလဲ… အလွန်ဆုံး ခင်ဗျားက ပင်ပန်းနွမ်းနယ်ရုံနဲ့ နေ့အလင်းရောင်ကို မမြင်ရဘဲ မြေအောက်ထဲမှာ ခင်ဗျားရဲ့ နေ့ရက်တွေကို ကုန်ဆုံးရရုံပဲ”

ထိုလူက ပြုံး၍ ပြန်ဖြေလိုက်၏။

“ဟားဟား.. တော်တော်နုံအတာပဲ”

ထိုစဉ်မှာပင် ဘေးကနေ လှောင်ပြောင်ထေ့ငေါ့လိုက်သော အသံက ထွက်ပေါ်လာ၏။

ဆူဇီမိုက ဘေးသို့ တစ်ချက်ကြည့်လိုက်သောအခါ မလှမ်းမကမ်းတွင် မတ်တတ်ရပ်နေသော အဆင့် ၇ မဟူရာအင်မော်တယ်တစ်ယောက်ကို တွေ့မြင်လိုက်ရ၏။ သူ၏ မျက်နှာက တစ်စုံတစ်ရာဖြင့် တိုက်စားခံထားရသည့်အလား အနံ့တစ်ခု ထွက်၍ အသားများက ရောင်ကိုင်းနေ၏။ သူ၏ နှာခေါင်းက မရှိတော့ဘဲ အလွန်တရာ ကြောက်စရာကောင်းနေ၏။

ထိုနှာခေါင်းမဲ့ကျင့်ကြံသူ၏ ဘေးနားမှာ မည်သူမှ မရှိပေ။

ကျင့်ကြံသူများ အားလုံးသည် ထိုသူနှင့် ခပ်ခွာခွာနေကြ​ပြီး အနားသို့ မချဉ်းကပ်လိုကြပေ။

ထိုအခိုက်အတန့်မှာ နှာခေါင်းမဲ့ကျင့်ကြံသူက သရော်တော်တော် အမူအရာတစ်ခုနှင့်အတူ လူအုပ်ကြီးကို ကြည့်ပြီး သွားဖြဲလိုက်၏။

“ငါတို့တွေက အန္တရာယ်နဲ့ တကယ်တမ်း ကြုံတွေ့ရမယ်ဆိုရင် အဲဒီကနေ ရှင်သန်လွတ်မြောက်နိုင်မယ့်သူက မရှိသလောက်ပဲ”

အစက အဆင့် ၆ မဟူရာအင်မော်တယ်သည် ထိုလူကို ကြည့်ပြီး တုန်လှုပ်သွား၏။ သူက တစ်စုံတစ်ရာ ခွန်းတုံ့ပြန်ရဲခြင်း မရှိဘဲ အလောတကြီး ထွက်ခွာသွား၏။

တစ်ဖက်မှာတော့ ဆူဇီမို၏ အမူအရာက ခါတိုင်းလိုပင် တည်ငြိမ်နေပြီး နှာခေါင်းမဲ့ကျင့်ကြံသူ၏ ရှေ့သို့ သွားကာ လက်သီးနှစ်ဖက်ကို ယှက်လိုက်၏။

“တာအိုရောင်းရင်း.. ခင်ဗျားက အတွေ့အကြုံရှိပြီး ဗဟုသုတများသားပဲ… ကျေးဇူးပြုပြီး ကျုပ်ကို အလင်းပြပေးပါဦး.. သတ္တုတူးဖော်တဲ့ နေရာမှာ ကျုပ်တို့က ဘယ်လို အန္တရာယ်တွေကို ကြုံတွေ့ရမှာလဲ”

နှာခေါင်းမဲ့ကျင့်ကြံသူသည် ဆူဇီမိုက သူ့ကို အထင်အမြင်သေးခြင်း မရှိဘဲ တလေးတစား ပြုမူဆက်ဆံလာသည်ကို တွေ့မြင်သောအခါ သူ၏ အမူအရာက နူးညံ့ပျော့ပြောင်းသွား၏။

ထိုလူက ပြောလိုက်၏။

“ငါတို့က သာမန်သတ္တုကြောတွေကိုပဲ တူးဖော်ရတာဆိုရင် ပြဿနာ တစ်စုံတစ်ရာ တွေ့ရမှာ မဟုတ်ဘူး.. ဒါပေမဲ့ ငါတို့က အမှတ်တမဲ့နဲ့ အသား ဒါမှမဟုတ် အရိုးတစ်ခုခုကို တူးဖော်ထုတ်မိမယ်ဆိုရင် ငါတို့ကို သေခြင်းတရားက စောင့်ဆိုင်းနေလိမ့်မယ်”

“ဘယ်လို အသား.. ဘယ်လို အရိုးတွေလဲ”

ဆူဇီမိုက မျက်မှောင်ကြုတ်၍ မေးလိုက်၏။

နှာခေါင်းမဲ့ကျင့်ကြံသူက ပြောလိုက်၏။

“အမြုတေစိတ်ဝိညာဉ် သတ္တုတွင်းတစ်ခု ဖြစ်ပေါ်လာဖို့အတွက် နည်းလမ်းနှစ်မျိုးပဲ ရှိတယ်.. အဲဒါက အမြုတေချီတွေကို နှစ်ပေါင်းများစွာကြာအောင် ဆက်တိုက်စုဆောင်းပြီးမှ ဖြစ်ပေါ်လာတာပဲ”

“နောက်တစ်ခုကတော့ မြေအောက်မှာ စွမ်းအားကြီးမားတဲ့ သက်ရှိတချို့ရဲ့ အလောင်းတွေကို မြုပ်နှံလိုက်တဲ့အခါမှာပဲ.. အဲဒီသက်ရှိတွေရဲ့ အသားနဲ့ အရိုးတွေမှာ အရမ်းကို များပြားတဲ့ ကောင်းကင်နဲ့​မြေကြီး အမြုတေချီတွေ ပါဝင်နေတယ်.. သူတို့ သေဆုံးပြီးတဲ့နောက် မြေအောက်မှာ မြှုပ်နှံခံလိုက်ရတဲ့ အမြုတေချီက ပျက်ပြယ်သွားမှာ မဟုတ်ဘူး.. အချိန်ကြာလာတာနဲ့ ဘေးနား ပတ်ဝန်းကျင်မှာ သတ္တုတွင်းတစ်ခုက တဖြည်းဖြည်း ဖြစ်ပေါ်လာလိမ့်မယ်”

ဆူဇီမိုက ခဏမျှ စဉ်းစားတွေးတောပြီး ထပ်မေးလိုက်၏။

“အဲ့လိုဆိုရင် အဲဒီ သတ္တုတွင်းတစ်တွင်း ဖြစ်ပေါ်လာဖို့က အနည်းဆုံး နှစ်ပေါင်း သိန်းနဲ့ချီကြာတယ်မလား.. အဲဒီမှာ မြုပ်နှံထားတဲ့ အလောင်းတွေက အဲ့လောက် အချိန်ကြာပြီးရင် ပုပ်သိုးဆွေးရိသွားမှာ မဟုတ်ဘူးလား”

“ဟီးဟီး.. မင်းပြောတာ မှန်တယ်”

နှာခေါင်းမဲ့ကျင့်ကြံသူက ထူးဆန်းစွာ ရယ်မောလိုက်၏။

“တကယ်ပဲ သက်ရှိတွေရဲ့ အလောင်းအများစုက ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ သတ္တုတွင်းတွေနဲ့ ပေါင်းစည်းပြီးသွားရင် ဘာအငွေ့အသက်မှ ကျန်ခဲ့မှာ မဟုတ်တော့ဘူး.. ဒါပေမဲ့…”

နှာခေါင်းမဲ့ကျင့်ကြံသူက စကားလမ်းကြောင်းပြောင်းပြီး သူ၏ လေသံက မကောင်းဆိုးဝါးဆန်လာခဲ့၏။

“ပညာရှင်တချို့ရဲ့ အသားနဲ့ အလောင်းတွေက နှစ်ပေါင်းသိန်းချီကြာပြီးတာတောင် ပုပ်သိုးဆွေးရိသွားမှာ မဟုတ်ဘူး.. မင်းက အဲ့လိုအရာတွေကို တူးဖော်ထုတ်မိမယ်ဆိုရင်တော့ တကယ့်ကို ကံဆိုးတာပဲ”

“လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က ဖန်သားမြို့တော်ရဲ့ အပြင်ဘက်မှာ စိတ်ဝိညာဉ်သတ္တုတွင်း သွေးကပ်ဘေးတစ်ခု ဖြစ်ပေါ်ခဲ့တယ်.. လူတစ်ယောက်က တစ်စုံတစ်ရာကို တူးဖော်ထုတ်မိသွားပြီး သတ္တုတွင်းထဲကနေ သွေးတစ်စက်က လွင့်မျောပေါ်ထွက်လာခဲ့တယ်”

“နောက်ဆုံးမှာတော့ သတ္တုတွင်းထဲက ကျင့်ကြံသူပေါင်း သောင်းချီကြားမှာ အနည်းအကျဉ်းလောက်ပဲ ရှင်သန်နိုင်ခဲ့ပြီး ကျန်တဲ့သူတွေ အကုန်လုံးက မြေအောက်မှာ မြှုပ်နှံခံခဲ့ရတယ်”

အို…

သွေးတစ်စက်တည်းက ကျင့်ကြံသူပေါင်းသောင်းချီကို သတ်ဖြတ်ခဲ့ခြင်း..

တစ်ဖန်ပြန်တွေးကြည့်တော့ နှစ်ပေါင်းသိန်းချီကြာတာတောင် ခန်းခြောက်သွားခြင်း မရှိသည့် ထိုသွေးစက်မှာ ဘယ်လိုအင်မော်တယ်စွမ်းအားမျိုးတွေ ပါဝင်နေမလဲ။

သူက တိတ်တဆိတ် ထိတ်လန့်နေစဉ် သူ၏ မျက်ဝန်းထောင့်ကနေ နှာခေါင်းမဲ့ကျင့်ကြံသူကို အမှတ်တမဲ့ ခိုးကြည့်လိုက်၏။

ထိုအခိုက်အတန့်မှာ နှာခေါင်းမဲ့ကျင့်ကြံသူက တစ်စုံတစ်ရာကို ပြန်ပြောင်းစဉ်းစားနေသည့်အလား သူ၏ အမူအရာက ထူးဆန်းနေ၏။ သူ၏ မျက်ဝန်းထဲမှာ လှုပ်ရှားရုန်းကန်မှုနှင့် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပေါ်ထွက်နေပြီး သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေ၏။

“ဒါဆို ခင်ဗျားက…”

ဆူဇီမိုက ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွား၏။

ရုတ်တရက် နှာခေါင်းမဲ့ကျင့်ကြံသူက ကြောက်မယ်ဖွယ်ရာ ပုံစံဖြင့် ရယ်မောလိုက်၏။

“မင်း ထင်တာ မှန်တယ်.. ငါက အဲဒီကပ်ဘေးကနေ ရှင်သန်ကျန်ရစ်ခဲ့သူတွေထဲက တစ်ယောက်ပဲ”

“ငါ့ရဲ့ မျက်နှာက အဲဒီ သွေးစက်ကနေ ထုတ်ဖော်လိုက်တဲ့ မြူခိုးနဲ့ တိုက်စားခံခဲ့ရတယ်.. နှစ်ပေါင်းတစ်ထောင်ကျော် ကြာပြီးတာတောင် ငါက တစ္တေသရဲတစ်ကောင်နဲ့ တူနေတုန်းပဲ”

နှာခေါင်းမဲ့ကျင့်ကြံသူက သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်၍ အံကို တင်းတင်းကြိတ်လိုက်၏။

ခဏမျှ ငြိမ်သက်ပြီးနောက် ဆူဇီမိုက ထပ်မံ၍ မေးလိုက်၏။

“ကျုပ်တို့က ကျုပ်တို့ရဲ့ စိတ်ဝိညာဉ်အသိစိတ်နဲ့ အခြေအနေကို အကဲခတ်ပြီး သတိထား တူးဖော်မယ်ဆိုရင် အဲ့လိုအခြေအနေတွေကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူးလား”

“မင်း ဘာသိလို့လဲ”

နှာခေါင်းမဲ့ကျင့်ကြံသူက လှောင်ရယ်လိုက်၏။

“သတ္တုတွင်းထဲမှာ ရှိတဲ့ ကျောက်တုံးတွေရဲ့ မျက်နှာပြင်မှာ တစ်မူထူးခြားတဲ့ ကျောက်သားအရေပြားတစ်ခုက သဘာဝအလျောက် ဖြစ်ပေါ်လာတတ်တယ်… မဟူရာအင်မော်တယ်တွေရဲ့ စိတ်ဝိညာဉ်အသိစိတ်ကို မပြောနဲ့.. ကောင်းကင်အင်မော်တယ်တွေနဲ့ ပကတိအင်မော်တယ်တွေရဲ့ စိတ်ဝိညာဉ်အသိစိတ်ကတောင် အဲဒါကို ထွင်းဖောက်ပြီးတော့ အထဲမှာ ဘာရှိလဲ မြင်နိုင်မှာ မဟုတ်ဘူး”

“အဲ့လိုဆိုရင် သတ္တုတူးဖော်တာက နယ်စပ်မှာ တိုက်ခိုက်တာထက်တောင် ပိုပြီး အန္တရာယ်များနေတာလား”

ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။

နှာခေါင်းမဲ့ကျင့်ကြံသူက ဆူဇီမို၏ ပခုံးကို ပုတ်လိုက်၏။

“မင်း အဲ့လောက်လည်း စိုးရိမ်မနေနဲ့.. ငါပြောတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ရဖို့ဆိုတာ တကယ့်ကို ကြုံတောင့်ကြုံခဲပဲ.. မင်း ကံကောင်းမယ်ဆိုရင် မင်းက နှစ်ပေါင်းတစ်သိန်းကြာတာတောင် အဲ့လိုဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ချင်မှ ကြုံတွေ့ရလိမ့်မယ်”

ဆူဇီမိုက ဘေးပတ်ဝန်းကျင်ကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်၏။

စုဆောင်းထားသော သတ္တုတွင်းလုပ်သားများ အားလုံးက မဟူရာအင်မော်တယ်များ ဖြစ်ကြ၏။

ဖြစ်နိုင်ခြေရှိသည့် အကြောင်းရင်းမှာ ကမ္ဘာမြေအင်မော်တယ်များကို သတ္တုတွင်းများထဲသို့ ခေါ်ဆောင်သွားမည်ဆိုပါက သူတို့သည် ကျင့်ကြံဖို့အတွက် အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးချနိုင်သောကြောင့် ဖြစ်ပေလိမ့်မည်။

သို့သော်လည်း မဟူရာအင်မော်တယ်များမှာတော့ ထိုကဲ့သို့သော ဖြစ်ရပ်မျိုး မရှိနိုင်ပေ။

တဗူးဂမ္ဘီရကျင့်စဉ်များကို ကျင့်ကြံနိုင်သည့် မဟူရာအင်မော်တယ်များသည် မိသားစုကြီးများနှင့် ဂိုဏ်းကြီးများကနေ ပြုစုပျိုးထောင်ပေးထားသည့် ပြိုင်စံရှားများနှင့် ပြန်ဝင်စား မွန်းစတားများ ဖြစ်ကြသည်။ သူတို့မှာ ဘယ်လို ကျင့်ကြံရေး အရင်းအမြစ်များက မရှိဘဲ နေပါ့မလဲ။

ထိုပြိုင်စံရှားများက သူတို့၏ အဆင့်အတန်းကို နှိမ့်ချပြီး သတ္တုတွင်းများဆီသို့ ဝင်ရောက်လာစရာ အကြောင်းမရှိပေ။

“သတ္တုတွင်းလုပ်သားတစ်ယောက် ဖြစ်လာဖို့အတွက် ဘာစည်းမျဉ်းစည်းကမ်းတွေ ရှိလဲ”

ဆူဇီမိုက ထပ်မံ၍ မေးလိုက်၏။

“လူတိုင်းက နှစ်စဉ်နှစ်တိုင်း အမြုတေစိတ်ဝိညာဉ်ကျောက်တုံး ငါးထောင်ကို ရှာပေးရမယ်.. မင်းက အမြုတေစိတ်ဝိညာဉ်ကျောက်တုံး ငါးထောင်ကို ကြိုတင်ရှာပေးနိုင်မယ်ဆိုရင် မင်းက အမြုတေစုဖွဲ့ဆေးလုံးတွေကို ဆုလာဘ်အနေနဲ့ ကြိုတင်ရရှိပြီးတော့ အနားယူနိုင်လိမ့်မယ်”

နှာခေါင်းမဲ့ကျင့်ကြံသူက ပြောလိုက်၏။

“ဒါပေမဲ့ အဲဒီ အမြုတေစိတ်ဝိညာဉ်ကျောက်တုံး ငါးထောင်ကို လျှော့မတွက်လိုက်နဲ့.. ဟီးဟီး.. ကျင့်ကြံသူအများစုက အဲဒါကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး”

ဆူဇီမိုက မေးလိုက်၏။

“အဲဒီ မြေအောက် သတ္တုတွင်းထဲကို ဝင်ရောက်သွားတဲ့လူတွေက သူတို့ တူးဖော်ရရှိတဲ့ အမြုတေစိတ်ဝိညာဉ်ကျောက်တုံးတွေကို သူတို့ရဲ့ သိုလှောင်အိတ်တွေထဲမှာ ဝှက်မထားနိုင်ဘူးလား”

“အဲ့လိုအတွေးမျိုး မထားဖို့ မင်းကို ငါ အကြံပေးလိုက်မယ်.. မဟုတ်ရင် မင်း သတ်ခံရလိမ့်မယ်”

နှာခေါင်းမဲ့ကျင့်ကြံသူက သတိပေးလိုက်၏။

ဆူဇီမိုက မျက်ခုံး အနည်းငယ်ပင့်လိုက်၏။

“ကျုပ်တို့ရဲ့ သိုလှောင်အိတ်တွေကို နှစ်စဉ်နှစ်တိုင်း အဲဒီလူတွေက လာရှာမှာလား”

သူ၏ သိုလှောင်အိတ်ထဲမှာ ရတနာများစွာ ရှိနေ၏။ ထိုသို့သာဆိုလျှင် သူသည် သူ၏ သိုလှောင်အိတ်ကို ကြိုတင်၍ ဝှက်ထားရပေလိမ့်မည်။

“ဘယ်ဟုတ်ပါ့မလဲ.. နှစ်စဉ်နှစ်တိုင်း ငါတို့ရဲ့ သိုလှောင်အိတ်တွေကို ဘယ်သူက အားအားယားယား လာရှာပါ့မလဲ”

နှာခေါင်းမဲ့ကျင့်ကြံသူက ပြောလိုက်၏။

“သတ္တုတွင်းတွေထဲကို မဝင်ရောက်ခင် ကမ္ဘာမြေအင်မော်တယ် ပညာရှင်တွေက သူတို့ရဲ့ စိတ်ဝိညာဉ်အသိစိတ်နဲ့ ငါတို့ရဲ့ အသိစိတ်တွေနဲ့ သိုလှောင်အိတ်တွေကို ဝင်ရောက်ပြီးတော့ ချိပ်ပိတ်လိမ့်မယ်”

“မင်းက မြေအောက် သတ္တုတွင်းတွေထဲကို ဝင်ရောက်တာနဲ့.. မင်းက သိုလှောင်အိတ်ထဲမှာ တစ်ခုခုကို ဝှက်ဖို့နေနေသာ.. ဘာကိုမှ သွင်းနိုင် ထုတ်နိုင်မှာ မဟုတ်တော့ဘူး”

“အမြုတေစိတ်ဝိညာဉ် သတ္တုတွင်းတွေကို ထိန်းသိမ်းစောင့်ရှောက်လာတာ နှစ်ပေါင်းများစွာ ကြာနေပြီ.. အဲဒီမှာ မင်း ကြံစည်နိုင်တဲ့ ဟာကွက်တစ်ခု ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ”

ဆူဇီမိုက မည်သည့်စကားမှ မဆိုဘဲ ပြုံးရုံသာ ပြုံးလိုက်၏။

သူသည် မြေအောက် သတ္တုတွင်းများသို့ ဝင်ရောက်ပြီးနောက် အမြုတေစိတ်ဝိညာဉ် ကျောက်တုံးများကို ကွယ်ဝှက်ထားဖို့ စိတ်ကူးမရှိပေ။

သူသည် အမြုတေစိတ်ဝိညာဉ် ကျောက်တုံးများကို အသုံးချပြီး တိုက်ရိုက်ကျင့်ကြံချင်ရုံသာ ဖြစ်လေသည်။

All Chapters