စည်းမျဥ်းစည်းကမ်းကို ငါချမှတ်မယ်
Vol. 128 Ch. 1918
ဆူဇီမိုသည် နှာခေါင်းမဲ့ကျင့်ကြံသူနှင့်အတူ ဖန်သားမြို့တော်အပြင်ဘက်ရှိ အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းတစ်တွင်းထံသို့ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်နောက် လိုက်ပါသွား၏။
အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းသည် ဝူနင်တောင်ကြောရိုးထဲရှိ တောင်ထွတ်တစ်ခုအနီးမှာတည်ရှိပြီး အဲ့ဒါသည် ဖန်သားမြို့တော်၏ အုပ်ချုပ်မှုအောက်ရှိ ခုနှစ်မြောက်အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် အမြုတေစိတ်ဝိညာဥ် သတ္တုတွင်းတိုင်းမှာ သတ္တုကြောများစွာရှိပြီး သူတို့သည် ထိုသတ္တုကြောများအတိုင်း အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို စတင်စုဆောင်းနိုင်မည်ဖြစ်၏။
တကယ်တော့... သတ္တုကြောတစ်ခုချင်းစီကနေ စုဆောင်းနိုင်သည့် အမြုတေစိတ်ဝိညာဥ်ကျောက်တုံး အရေအတွက်က အမျိုးမျိုးကွဲပြား၏။
ကံကောင်းမည်ဆိုလျှင် သူတို့သည် သတ္တုကြောတစ်ခုတည်းကနေ အမြုတေစိတ်ဝိညာဥ်ကျောက်တုံး တစ်သောင်းလောက်ကို စုဆောင်းနိုင်မည်ဖြစ်၏။
ကံဆိုးမည်ဆိုလျှင် သတ္တုကြောတစ်ခုမှာ အမြုတေစိတ်ဝိညာဥ်ကျောက်တုံး ဆယ်ဂဏန်းလောက်ကိုသာ တူးဖော်ရရှိနိုင်မည်ဖြစ်၏။
ခုနှစ်ခုမြောက် အမြုတေစိတ်ဝိညာဥ်သတ္တုတွင်း၏ ဘေးပတ်လည်ကို ကမ္ဘာမြေအင်မော်တယ်ပညာရှင်တစ်ထောင်က စောင့်ကြပ်နေ၏။
သူတို့ထဲမှာ ကောင်းကင်အင်မော်တယ်ပညာရှင်တစ်ယောက်ပင်လျှင်ပါဝင်၏။ ဖန်သားမြို့တော်သည် အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းများကို ဘယ်လောက်တန်ဖိုးထားသလဲ သိသာနေလေသည်။
ဤနှစ်များအတွင်း အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းများကို မကောင်းကြံစည်ရဲသည့်သူက မရှိသလောက်နီးပါးပင်။
ဆူဇီမိုနှင့် နှာခေါင်းမဲ့ကျင့်ကြံသူက သတ္တုတွင်းတစ်တွင်းသို့ တာဝန်ချပေးခြင်းခံလိုက်ရ၏။
သူတို့ သတ္တုတွင်းထဲသို့ မဝင်ရောက်ခင် ကမ္ဘာမြေအင်မော်တယ် ပညာရှင်တစ်ယောက်က ရောက်ရှိလာပြီး ဆူဇီမိုနှင့် နှာခေါင်းမဲ့ကျင့်ကြံသူ၏ သိုလှောင်အိတ်များနှင့် အသိစိတ်များကို လျှို့ဝှက်အတတ်တစ်ခုဖြင့် တကယ်ပင်ချိပ်ပိတ်လိုက်၏။
တကယ်တော့ ဆူဇီမို၏ လက်ရှိကျင့်ကြံမှုအရ သူသည် ထိုစိတ်ဝိညာဥ်အသိစိတ် ချိပ်စည်းကနေ ချိုးဖျက်နိုင်စွမ်းရှိလေသည်။
သို့သော်လည်း အဲ့ဒါက ထိုသူကို သတိဝင်သွားစေမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ဖို့ မလိုအပ်ပေ။
အဲ့ဒီနောက် ထိုလူသည် သိုလှောင်အိတ်တစ်အိတ်နှင့် ကျောက်စိမ်းဂေါ်ပြားတစ်ခုစီကို ဆူဇီမိုနှင့် နှာခေါင်းမဲ့ကျင့်ကြံသူထံ ပစ်ပေးလိုက်၏။
“တစ်နှစ်ကို အမြုတေစိတ်ဝိညာဥ်ကျောက်တုံး ငါးထောင်ရှာပေးရမယ်”
ထိုလူက ထိုသို့ပြောပြီးနောက် လှည့်ထွက်သွား၏။
နှာခေါင်းမဲ့ကျင့်ကြံသူက ရှင်းပြလိုက်၏။
“ငါတို့စုဆောင်းမိတဲ့ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတွေကို ဒီသိုလှောင်အိတ်ထဲမှာ ထည့်ထားရမယ်... ဒီကျောက်စိမ်းဂေါ်ပြား အမျိုးအစားကတော့ ငါတို့သတ္တုတွင်းထဲကိုရောက်တဲ့အခါ အသုံးဝင်ဆုံး ဖြစ်လာလိမ့်မယ်”
ဆူဇီမိုနှင့် နှာခေါင်းမဲ့ကျင့်ကြံသူက ကြိုးတစ်ချောင်းကို ခို၍ သတ္တုတွင်းထဲသို့ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်ကြ၏။
သူတို့နှစ်ယောက်သည် အနက်ပိုင်းထဲသို့ရောက်ရှိလာလေလေ သူတို့၏ ဘေးပတ်ဝန်းကျင်က စိုထိုင်း၍ မှောင်မည်းလာလေလေဖြစ်၏။
သို့သော်လည်း သူတို့၏ ကျင်ကြံမှုနယ်ပယ်များအရ သူတို့သည် ထိုကဲ့သို့သောအခြေအနေမှာပင် ဘေးပတ်ဝန်းကျင်ကို ရှင်းလင်းစွာတွေ့မြင်နိုင်ဆဲ ဖြစ်၏။
အတန်ကြာပြီးနောက် နောက်ဆုံးမှာ သူတို့သည် မြေပြင်ထက်ကို ဆင်းသက်သွား၏။
အဲ့ဒါကို သတ္တုတွင်းတစ်တွင်းဟုခေါ်ဆိုသော်လည်း အဲ့ဒါက အရမ်းကိုကြီးမားကျယ်ဝန်းနေ၏။
အောက်ခြေမှာလှုပ်ရှားသွားလာနေသော ကျင့်ကြံသူများစွာရှိပြီး ဘေးနားပတ်ဝန်းကျင်မှာ ဥမင်လိုဏ်ဂူတချို့ပင် ပေါ်ထွက်နေ၏။ အတွင်းမှာ ကျင့်ကြံသူများသည် ကျောက်စိမ်းဂေါ်ပြားများကိုလွှဲယမ်းပြီး သတ္တုတွင်းဥမင်ထဲရှိ သဲများကိုကော်ပက်ကာ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကိုစုဆောင်းနေ၏။
“ဟီးဟီး”
သတ္တုတွင်း၏ အလယ်မှာ ဗလတောင့်တောင့်လူတစ်ယောက်က ပြောင်ပြောင်တင်းတင်း ထိုင်နေ၏။
သူ၏ အမူအရာက ကြမ်းကြုတ်ခက်ထန်နေပြီး သူ၏ မုတ်ဆိတ်များကို ရိတ်မထားပေ။ သူက ဆူဇီမိုနှင့် ဆင်းသက်လာသော နှာခေါင်းမဲ့ကျင့်ကြံသူကို စိုက်ကြည့်ပြီး ထူးဆန်းစွာ ရယ်မောလိုက်၏။
“အို... လူသစ်နှစ်ယောက်ရောက်လာပြီပဲ”
ဆူဇီမိုသည် သတ္တုတွင်းထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် ဤလူကို သတိထားမိ၏။
သူက အဆင့်-၈ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်သည်။
သူတို့နှစ်ယောက်အပါအဝင် သတ္တုတွင်းထဲမှာ လူပေါင်းတစ်ရာလောက်ရှိလေသည်။
ရုတ်တရက်နှာခေါင်းမဲ့ကျင့်ကြံသူက အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“အဲ့ဒီလူက ဒီသတ္တုတွင်းရဲ့ခေါင်းဆောင်ဖြစ်မယ်... ပုံမှန်အားဖြင့်ဆိုရင် ငါတို့က နှစ်စဥ်နှစ်တိုင်း ငါတို့စုဆောင်းရရှိတဲ့ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတွေထဲက အတုံးငါးဆယ်ကို သူ့ကိုခွဲပေးရတယ်.... အဲ့လိုနည်းနဲ့ သူက ဘာမှလုပ်စရာမလိုဘဲ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးငါးထောင်ကို အလွယ်တကူစုဆောင်းနိုင်လိမ့်မယ်”
“သတ္တုတွင်းအစောင့်တပ်သားတွေက ဒီကိစ္စမှာ ဝင်မပါကြဘူးလား”
ဆူဇီမိုက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
နှာခေါင်းမဲ့ကျင့်ကြံသူက နှုတ်ခမ်းစူလိုက်၏။
“သတ္တုတွင်းရဲ့အောက်မှာက မှောင်မိုက်နေပြီးတော့ မထင်မှတ်ထားတဲ့ကိစ္စတွေနဲ့ ကြုံတွေ့ရနိုင်တယ်... အဲ့ဒီအစောင့်တပ်သားတွေက အရမ်းကိုပါးနပ်တယ်... ဘယ်သူက အောက်ကိုဆင်းလာချင်ပါ့မလဲ”
“အဲ့ဒီအစောင့်တပ်သားတွေက အဲ့ဒါကိုသိမယ်ဆိုရင်တောင်မှ မမြင်ချင်ယောင်ဆောင်နေကြလိမ့်မယ်”
ဆူဇီမိုက ခဏမျှစဥ်းစားတွေတောပြီး သူ၏ မျက်လုံးက အတွေးနက်စွာဖြင့် တဖျတ်ဖျတ်လက်သွား၏။
နှာခေါင်းမဲ့ကျင့်ကြံသူက သတိပေးလိုက်၏။
“သတ္တုတွင်းခေါင်းဆောင်က ဒီသတ္တုတွင်းထဲမှာ တိုက်ခိုက်ရည်ခွန်အားအသန်မာဆုံးနဲ့ သူက ဒီနေရာမှာ အကောင်တစ်ကောင်ပဲ... သူပြောတာဘာပဲဖြစ်ဖြစ် မင်းလုပ်ပေးလိုက်.... သူ့ကို စိန်ခေါ်ဖို့ ယောင်လို့တောင်စိတ်မကူးလိုက်နဲ့”
“မင်းတို့လူသစ်နှစ်ယောက်က ဒီမှာရှိတဲ့ စည်းမျဥ်းစည်းကမ်းတွေကိုသိထားမှာပေါ့... ဟုတ်တယ်မလား”
ထိုစဥ်မှာပင် ဗလတောင့်တောင့်လူက သွားဖြဲ၍မေးလိုက်၏။
“ကျုပ်တို့သိပါတယ်”
နှာခေါင်းမဲ့ကျင့်ကြံသူက ချက်ချင်းပင် ပြန်ဖြေလိုက်၏။
“ဆူဇီမိုက မည်သည့်စကားမှမဆိုဘဲ ဗလတောင့်တောင့်လူကို တိတ်တဆိတ်ကြည့်နေ၏။
ဗလတောင့်တောင့်လူက သရော်ပြုံးပြုံးပြီး မလှမ်းမကမ်းတွင်ရှိသော ပုပ်သိုးဆွေးမြည့်နေသည့် အလောင်းများကို လက်ညှိုးထိုးကာ အေးစက်စွာပြောလိုက်၏။
“ဒီနှစ်တွေထဲမှာ ငါချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို စိန်ခေါ်ချင်တဲ့သူတွေက အမြဲတမ်းလိုလို ပေါ်လာခဲ့တယ်.... အဲ့ဒါကတော့ သူတို့ရဲ့ရလဒ်ပဲ”
“အဆင့်မြင့်အင်မော်တယ်.... မပူပါနဲ့ ကျုပ်နားလည်ပါတယ်... ကျုပ်သဘောပေါက်ပါတယ်”
နှာခေါင်းမဲ့ကျင့်ကြံသူက အလောတကြီးပြောလိုက်၏။
ဆူဇီမိုက အသံတိတ်၍ ဗလတောင့်တောင့်လူကို ငေးကြည့်ရင်း တစ်စုံတစ်ရာနှင့်ပတ်သက်၍ စဥ်းစားတွေးတောနေ၏။
ဤသတ္တုတွင်းထဲမှာ သတ္တုတူးဖော်ခြင်းသည် တစ်နှစ်မှာ အမြုတေစိတ်ဝိညာဥ်ကျောက်တုံး ငါးထောင်ကိုရရှိဖို့လိုအပ်သည်။
သို့သော်လည်း သူသည် ကျင့်ကြံဖို့အတွက် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို အသုံးပြုရပေလိမ့်မည်။
အဲ့ဒီနှစ်ခုကြားမှာ ပဋိပက္ခတစ်ခုက သေချာပေါက်ဖြစ်လာပေလိမ့်မည်။
သူသည် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို စုဆောင်းဖို့အတွက် သူ၏ အချိန်ကို မဖြုန်းလိုပေ။
ဆူဇီမိုသည် သူ၏ ရှေ့မှ လက်ရှိအခြေအနေကို နားလည်သဘောပေါက်သွားပြီးနောက် ဤကိစ္စကိုဘယ်လိုကိုင်တွယ်ရမလဲ စဥ်းစားတွေးတောနေခြင်းဖြစ်သည်။
ဆူဇီမိုက လိမ္မာပါးနပ်မှုမရှိသည်ကို တွေ့မြင်သောအခါ နှာခေါင်းမဲ့ကျင့်ကြံသူက ဆူဇီမိုနှင့် ခပ်မြန်မြန်လူချင်းခွာလိုက်၏။ သူတို့နှစ်ယောက်က တစ်ဖွဲ့တည်းဖြစ်သည်ဟု ဗလတောင့်တောင့်လူက နားလည်မှုလွဲသွားမှာကို သူကစိုးရိမ်နေခြင်းဖြစ်သည်။
“အဆင့်မြင့်အင်မော်တယ် ကျုပ်အဲ့ဒီလူနဲ့မသိဘူးနော်”
နှာခေါင်းမဲ့ကျင့်ကြံသူက ထပ်မံ၍ပင် ရှင်းပြလိုက်၏။
ဗလတောင့်တောင့်လူက လက်ကာပြပြီး ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ကာ ဆူဇီမိုကို ကြောက်မက်ဖွယ်ရာ ပြုံးပြလိုက်၏။
“ကောင်လေး... မင်းသေဖို့ပြင်ထားပြီးပြီလား”
“ဒီမှာရှိတဲ့ စည်းမျဥ်းစည်းကမ်းတွေကို မင်းချမှတ်တာလား”
ဆူဇီမိုက ညင်သာစွာပြုံးလိုက်၏။
သူသည် မကောင်းတာ တစ်ခုခုကိုကြံစည်နေသည့်အလား သူ၏ အပြုံးက အနည်းငယ်ထူးဆန်းနေ၏။
“အဲ့ဒါအမှန်ပဲ”
ဗလတောင့်တောင့်လူက ကြမ်းကြုတ်ခက်ထန်သောအကြည့်နှင့်အတူ သူ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အချိန်မရွေးခုန်အုပ်တော့မည့် သားရဲကျားသစ်တစ်ကောင်ကဲ့သို့ တင်းကျပ်နေ၏။
“အသန်မာဆုံးလူ ဘယ်သူပဲဖြစ်ဖြစ် ဒီနေရာမှာရှိတဲ့ စည်းမျဥ်းစည်းကမ်းတွေကို ချမှတ်နိုင်တာလား”
ဆူဇီမိုက ထပ်မံ၍မေးလိုက်၏။
“အဲ့ဒါအမှန်ပဲ”
ဗလတောင့်တောင့်လူက သူ၏ စကားမဆုံးသေးခင်မှာပင် သူက ဆူဇီမိုကိုအရင်စ၍ တိုက်ခိုက်လိုက်ပြီဖြစ်၏။ သူ၏ လက်ကိုဝေ့ယမ်း၍ ရှေ့သို့ပစ်ထိုးကာ မွန်းကျပ်ဖွယ်ရာကောင်းသော အလွန်တရာကြောက်စရာကောင်းသည့် သွေးနံ့တစ်ခုကို ထုတ်ဖော်လာ၏။
သတ္တုတွင်းထဲသို့ ဝင်ရောက်လာသော မဟူရာအင်မော်တယ်များသည် သူတို့၏ အသိစိတ်များ ချိပ်ပိတ်ခံထားရပြီး မည်သူကမှ နတ်ဘုရားစွမ်းအားများနှင့် ဓမ္မပညာရပ်များကို အသုံးပြုနိုင်မည် မဟုတ်ပေ။ သူတို့ထုတ်ဖော်နိုင်သည်မှာ သူတို့၏ ကိုယ်ကာယ၊ သွေးချီနှင့် အနီးကပ်တိုက်ခိုက်ရည်ခွန်အားသာဖြစ်၏။
ဗလတောင့်တောင့်လူသည် တစ်နှစ်ပတ်လုံး သူ၏ ခန္ဓာကိုယ်ကို မီးဆေးထားပြီး အနီးကပ်တိုက်ခိုက်ရည်မှာ ကြောက်စရာကောင်းလေသည်။ သူက နှစ်ပေါင်းထောင်ချီကြာအောင် ဤသတ္တုတွင်းမှာ စိုးမိုးဗိုလ်ကျနေခဲ့ပြီး မည်သူကမှ သူ့ကိုမယှဥ်နိုင်ပေ။
ဆူဇီမိုသည် သူလုံးဝအလေးအနက်ထားစရာမလိုသည့် နုနယ်သော စာပေသမားတစ်ယောက်ကဲ့သို့ဖြစ်၏။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး သူက ညင်သာစွာပြုံး၍ ရှေ့သို့လျှောက်လှမ်းလာ၏။
ရုတ်တရက် သူ၏ ဖြူဖွေးသောလက်ဖဝါးကို ဆန့်ထုတ်ပြီး ဗလတောင့်တောင့်လူကို ဖိနှိမ်လိုက်၏။
မဟာကစဉ့်ကလျား အမြုတေလက်ဝါးက ပစ်လွင့်ထွက်ပေါ်လာသည်။
ဘန်း....
ဗလတောင့်တောင့်လူ၏ လက်သီးက ဆူဇီမို၏ လက်ဖဝါးနှင့် ထိတွေ့ရိုက်ခတ်သွား၏။
ဗလတောင့်တောင့်လူက ဆတ်ခနဲတုန်ယင်သွားပြီး အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုက သူ၏ လက်နှစ်ဖက်ထံသို့ တလိပ်လိပ်တိုးဝင်လာသည်ဟု ခံစားလိုက်ရ၏။ သူ၏ အင်္ကျီလက်စနှစ်ဖက်က စုတ်ပြဲသွားပြီး သူ၏ လက်ပေါ်ရှိ ကြွက်သားများက ဆုတ်ဖြဲခံနေရသော တဆစ်ဆစ်နာကျင်မှုကို ခံစားလိုက်ရ၏။
ဗလတောင့်တောင့်လူက အဆင့်-၈ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်ပြီး ခန္ဓာမီးဆေးခြင်းမှာ အထူးပြုသော်လည်း သူ၏ ကိုယ်ကာယက ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို မယှဥ်နိုင်ပေ။
သွေးချီကို အသုံးပြုရခြင်းမရှိလျှင်တောင် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက သူ့ကိုကောင်းကောင်းဖိနှိမ်နိုင်၏။
ဗလတောင့်တောင့်လူက ညည်းတွားအော်ဟစ်ပြီး နောက်သို့အလောတကြီးဆုတ်လိုက်ရ၏။
ဆူဇီမိုက အရိပ်တစ်ခုပမာလိုက်ပါသွားပြီး မဟာကစဉ့်ကလျားအမြုတေလက်ဝါးနှင့်အတူ ဗလတောင့်တောင့်လူကို ဆက်လက်၍ ဖိနှိမ်လိုက်၏။
ဗလတောင့်တောင့်လူက ရွေးချယ်စရာမရှိဘဲ သူ၏ လက်နှစ်ဖက်ကို ပင့်မြှောက်၍ ခုခံလိုက်ရ၏။
ဘန်း...
မဟာကစဉ့်ကလျားအမြုတေလက်ဝါးက ကြက်ခြေခတ်ထားသော လက်နှစ်ဖက်ပေါ်သို့ ဆင်းသက်သွား၏။
ဗလတောင့်တောင့်လူက စူးစူးဝါးဝါး အော်ဟစ်ပြီး သူ၏ ခြေနှစ်ဖက်က ဒူးဆစ်ကျော်သည်အထိ မြေကြီးထဲသို့ နစ်ဝင်သွား၏။ သူသည် သူ၏ လက်နှစ်ဖက်ထံမှ သိပ်သည်းပြင်းထန်သော နာကျင်မှုကို မခံစားနိုင်တော့ပေ။
မဟာကစဉ့်ကလျားအမြုတေလက်ဝါးက ဗလတောင့်တောင့်လူ၏ လက်နှစ်ဖက်ကို ချိုးဖျက်ပြီး ဆက်လက်၍ဖိနှိမ်ကာ သူ၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာ၏။
“သွားပါပြီ... ငါတော့ဒီနေရာမှာ သေရတော့မယ်”
ဗလတောင့်တောင့်လူက ညည်းတွားရေရွတ်လိုက်၏။
ထိုလက်ဖဝါးက သူ၏ ဦးခေါင်းပေါ်သို့ ဆင်းသက်တော့မည့်ဆဲဆဲမှာပင် ရုတ်တရက်ရပ်တန့်သွားပြီး မလှုပ်မယှက် ရစ်ဝဲနေ၏။
ဗလတောင့်တောင့်လူက မဆင်မခြင်ပြုမူရဲခြင်း မရှိပေ။
ဆူဇီမိုက သူ၏ လက်ဖဝါးဆီသို့ ခွန်အားကိုပို့လွှတ်လိုက်သည်နှင့် သူ၏ အသိစိတ်က ကြေမွကာ သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံရမည်ဖြစ်ကြောင်း ကောင်းကောင်းသိထား၏။
နှာခေါင်းမဲ့ကျင့်ကြံသူနှင့် ဘေးပတ်ဝန်းကျင်မှ သတ္တုတွင်းလုပ်သားများသည် တုန်လှုပ်နေသောအမူအရာများနှင့်အတူ နေရာမှာပင် မှင်တက်သွားကြ၏။
တိုက်ပွဲတစ်ခုလုံးက စတင်လာခါစဖြစ်ပြီး သူတို့အတော်များများက မတုံ့ပြန်နိုင်ခင်မှာပင် အဲ့ဒါက ပြီးဆုံးသွားပြီဖြစ်၏။
ဆူဇီမို၏ အသံက ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။
“ဒီနေ့ကစပြီး ဒီနေရာမှာ စည်းမျဥ်းစည်းကမ်းကို ငါချမှတ်မယ်”