← Chapters

သတ္တုတွင်းလုပ်သား

Vol. 128 Ch. 1916

သတ္တုတွင်းလုပ်သား

Vol. 128 Ch. 1916

မြေပုံမှာ ဖော်ပြထားပုံအရ ကမ္ဘာမြေအင်မော်တယ်များပင်လျှင် ဖန်သားမြို့တော်ထဲမှာ လေထဲတွင် ပျံသန်းသွားလာနိုင်ကြမည် မဟုတ်ပေ။

ကောင်းကင်အင်မော်တယ်များသာလျှင် ထိုသို့ ပြုလုပ်ဖို့ အဆင့်မီပေလိမ့်မည်။

နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ ကောင်းကင်အင်မော်တယ်များကို မပြောနှင့်.. ကမ္ဘာမြေအင်မော်တယ်ပညာရှင်များပင်လျှင် မရှိကြပေ။

သို့သော်လည်း ဖန်သားမြို့တော်ထဲတွင် ကောင်းကင်အင်မော်တယ်ပညာရှင်များကို နေရာတိုင်းမှာ တွေ့မြင်နိုင်၏။

မည်သည့် မဟူရာအင်မော်တယ်မဆို.. ဤကဲ့သို့သော မြို့တော်တစ်ခုမှာ သူတို့ကိုယ်သူတို့ အရေးမပါ အရာမရောက်ဟု ခံစားရပေလိမ့်မည်။

ခန်းမထဲကနေ ထွက်ခွာလာသော မဟူရာအင်မော်တယ် အချို့သည် ထိုသည်ကို တွေ့မြင်သောအခါ တုန်လှုပ်သွားသော အမူအရာများနှင့်အတူ သူတို့က နေရာမှာပင် ငေးမောမှင်တက်နေကြ၏။

ခန်းမ၏ ဝင်ပေါက်ဝမှာ စောင့်ကြပ်နေသော အစောင့်တပ်သားများက ထိုသည်ကို တွေ့မြင်သောအခါ အထင်အမြင်သေးသော အကြည့်တစ်ခုနှင့်အတူ သရော်ပြုံးပြုံးလိုက်ကြ၏။

မဟူရာအင်မော်တယ် များစွာကြားမှာ ဆူဇီမိုကသာ အတည်ငြိမ်ဆုံးဖြစ်၏။

အသူရာချောက်နက်ထဲမှာတုန်းက ကမ္ဘာမြေအင်မော်တယ်နှင့် ကောင်းကင်အင်မော်တယ်များကို မပြောနှင့်.. ပကတိအင်မော်တယ်ပညာရှင်များပင်လျှင် ရောက်ရှိလာခဲ့၏။

သူ့ရှေ့မှ မြင်ကွင်းက ဘာမှပြောပလောက်စရာ မဟုတ်သေးပေ။

ဆူဇီမိုသည် ဖန်သားမြို့တော်ထဲမှာ သိပ်ကြာကြာ မနေခဲ့ပေ။ သူသည် အလျင်အမြန် တစ်ချက်လှည့်ပတ်ကြည့်ရှုပြီးနောက် မြို့တော်ထဲကနေ ထွက်ခွာကာ ဖန်သားမြို့တော်၏ အပြင်ဘက် တောင်ကြောရိုးတစ်ခုဆီသို့ ထွက်ခွာလာ၏။

ဝူနင်တောင်…

ဖန်သားမြို့တော်၏ အပြင်ဘက်မှာ သဘာဝ အဟန့်အတားတစ်ခုကဲ့သို့ မြို့တော်တစ်ခုလုံးကို ဝိုင်းပတ်ထားသော အဆုံးမဲ့ တောင်ကြောရိုးတစ်ခု ရှိနေ၏။

ထိုတောင်ကြောရိုးမှာ ဒေသပေါက်ပင်များနှင့် ဆေးဖက်ဝင် အပင်ပေါင်းစုံ ရှိနေ၏။

ဆူဇီမိုသည် ဝူနင်တောင်မှာ ယာယီအားဖြင့် လိုဏ်ဂူခန်းဝါတစ်ခုကို ဖွင့်လှစ်ပြီး သီးခြားအထိုင်ချကျင့်ကြံဖို့ကို ပြင်ဆင်ထား၏။ သူသည် သူ၏ သိုလှောင်အိတ်ထဲရှိ အမြုတေစိတ်ဝိညာဉ်ကျောက်တုံး သုံးရာကျော်ကျော်ကို စုပ်ယူသန့်စင်ပြီးမှ နောက်ထပ် အစီအစဉ်များကို ထပ်မံချမှတ်မည် ဖြစ်၏။

သိပ်မကြာခင် ဆူဇီမိုသည် တောင်တစ်လုံး၏ ခါးလယ်မှာ အတော်အတန် တိတ်ဆိတ်ငြိမ်သက်သော လိုဏ်ဂူတစ်ခုကို ရှာတွေ့သွား၏။

သူသည် နေထိုင်ဖို့ အဆင်ပြေစေရန် လိုဏ်ဂူကို အနည်းငယ်ပြင်ဆင်ပြီး ချဲ့ထွင်လိုက်၏။

အဲဒီနောက် သူသည် လိုဏ်ဂူခန်းဝါ၏ ဝင်ပေါက်ဝမှာ ပုန်းကွယ်ခြင်း နည်းလမ်းများစွာကို ခင်းကျင်းပြီး လိပ်ကျောခွံပေါ်မှာ ဝင်္ကပါကို နည်းနည်းချင်းစီ ဆွဲထုတ်ပြီးခင်းကျင်းပြီးမှ စိတ်သက်သာရာရသွား၏။

ထိုသို့ ပြုလုပ်ပြီးသည့် အချိန်မှာ နှစ်တစ်ဝက်ကျော် ကုန်သွားခဲ့ပြီ ဖြစ်၏။

သူ၏ လိုဏ်ဂူခန်းဝါသို့ ရောက်ရှိလာပြီးနောက် ဆူဇီမိုသည် တင်ပျဉ်ခွေထိုင်ကာ သူ၏ သိုလှောင်အိတ်ထဲကနေ အမြုတေစိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်၏။ သူသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို လှည့်ပတ်ကာ စတင်ကျင့်ကြံလိုက်၏။

ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ ကောင်းကင်နှင့်မြေကြီး အမြုတေချီက အမှန်တကယ်ပင် များစွာပိုမို ပေါကြွယ်ဝနေ၏။

ဆူဇီမိုသည် စတင်ကျင့်ကြံလိုက်သည့် အချိန်မှာပင် အဲဒါကို အာရုံခံမိလိုက်၏။

ပုံမှန်အခြေအနေမှာဆိုလျှင် သူ၏ ကျင့်ကြံမှု အလျင်အဟုန်က နောက်ထပ်တစ်ဆင့်သို့ တိုးမြင့်သွားရပေလိမ့်မည်။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ရာသီဥတုများက လည်ပတ်နေခဲ့၏။

တစ်ခဏချင်းမှာပင် ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်သို့ ဆူဇီမို ရောက်ရှိလာခဲ့သည်မှာ နှစ်တစ်ရာကျော်သွားခဲ့ပြီဖြစ်၏။

ဤနေ့တွင် သူသည် ကျင့်ကြံရာကနေ နိုးထလာခဲ့၏။

နှစ်တစ်ရာကျော်ကြာပြီးနောက် သူ၏ သိုလှောင်အိတ်ထဲရှိ အမြုတေစိတ်ဝိညာဉ်ကျောက်တုံး သုံးရာကျော်ကျော်က လုံးဝကို ကုန်ခန်းသွားခဲ့လေပြီ။

သို့သော်လည်း သူ၏ ကျင့်ကြံမှုနယ်ပယ်က များစွာတိုးတက်လာခြင်း မရှိဘဲ သူက အဆင့် ၇ မဟူရာအမြုတေနယ်ပယ်မှာသာ ရှိနေသေး၏။

အရင်တုန်းက ဆူဇီမိုသည် အဆင့် ၆ မဟူရာအမြုတေနယ်ပယ်ကနေ အဆင့် ၇ သို့ ချိုးဖျက်တက်လှမ်းဖို့အတွက် အမြုတေစိတ်ဝိညာဉ်ကျောက်တုံး တစ်ရာကိုပင် မသုံးစွဲခဲ့ရပေ။

သို့သော် ယခု သူသည် အမြုတေစိတ်ဝိညာဉ်ကျောက်တုံး သုံးရာကျော်ကို စုပ်ယူသန့်စင်ပြီးတာတောင် အဆင့်ချိုးဖျက်တက်လှမ်းနိုင်ခြင်း မရှိသေးပေ။

လူတစ်ယောက်၏ ကျင့်ကြံမှုနယ်ပယ်က ပိုမိုနက်ရှိုင်းလာလေလေ.. အဆင့်ချိုးဖျက်တက်လှမ်းဖို့အတွက် လိုအပ်သော အမြုတေစိတ်ဝိညာဉ်ကျောက်တုံး အရေအတွက်ကလည်း ပိုတိုးလာလေဖြစ်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအတွက် လိုအပ်ချက်က ပို၍ပင် ကြောက်စရာကောင်း၏။

ပြီးခဲ့သည့် နှစ်ပေါင်းရာချီအတွင်း ဆူဇီမိုသည် သူ၏ နေရာကနေ ရွေ့လျားခဲလေသည်။

ထိုအခိုက်အတန့်မှာ အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများက ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။ သူက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး ဝင်ပေါက်ဝမှာ ရှိသော အင်မော်တယ်ဝင်္ကပါများကို ဖယ်ရှားကာ ထွက်ခွာလာ၏။

သူ၏ ကျင့်ကြံခြင်းကို အလျင်အမြန် မြှင့်တင်ဖို့အတွက် နောက်ထပ် လုံလောက်သည့် အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများကို ထပ်မံရှာဖွေဖို့ ကြံဆရတော့မည်ဖြစ်၏။

ဆူဇီမိုသည် ဝူနင်တောင်ကနေ ထွက်ခွာ၍ နေ့တစ်ဝက်ခန့် ကြာပြီးနောက် သူက ဖန်သားမြို့တော်သို့ ပြန်လည်ရောက်ရှိလာ၏။

သူသည် မြို့တော်၏ လမ်းမကျယ်တစ်ခုသို့ ရောက်ရှိလာခဲ့၏။

“မဟူရာအဆင့်ဂိုဏ်း.. ကောင်းကင်ဆောင်းခိုဂိုဏ်းက အစေခံတချို့ကို ငှားရမ်းနေတယ်.. သူတို့ရဲ့ ကျင့်ကြံမှုနယ်ပယ်က အဆင့် ၇ မဟူရာအမြုတေနယ်ပယ်ရဲ့ အထက်မှာ ရှိရမယ်.. လုပ်ခလစာကိုလည်း ရက်ရက်ရောရော ပေးကမ်းမယ်”

“မဟူရာအဆင့်ဂိုဏ်း.. ခြေရာမဲ့ဂိုဏ်းရဲ့ စမ်းသပ်စစ်ဆေးပွဲ အကြောင်းအရာကို ရယူဖို့အတွက် အမြုတေစိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံး”

“ကျုပ်က ကမ္ဘာမြေအဆင့်ဂိုဏ်း.. လေမီးဂိုဏ်းရဲ့ စမ်းသပ်စစ်ဆေးပွဲ အကြောင်းအရာကို ရရှိထားတယ်.. အဲဒါအတွက် အမြုတေစိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်”

လမ်းမကျယ်၏ တစ်ဖက်တစ်ချက်စီမှာ ကျင့်ကြံသူအချို့က အော်ဟစ်နေကြ၏။

သူတို့သည် စမ်းသပ်စစ်ဆေးပွဲ အကြောင်းအရာများကို ကြိုတင်ရရှိပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်မည်ဆိုလျှင် ထိုဂိုဏ်းများသို့ ဝင်ရောက်နိုင်မည့် သူတို့၏ အခွင့်အရေးက သိသိသာသာ ပိုတိုးလာပေလိမ့်မည်။

“လေမီးဂိုဏ်းရဲ့ စမ်းသပ်စစ်ဆေးပွဲ အကြောင်းအရာတဲ့လား.. အဲဒါက တကယ်ပဲလား”

“အဲဒါကို စဉ်းတောင် မစဉ်းစားလိုက်နဲ့.. ငါတို့ မဟူရာအင်မော်တယ်တွေက ကမ္ဘာမြေအဆင့်ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ရောက်နိုင်မယ်ဆိုရင်တောင် ငါတို့က လက်တိုလက်တောင်း အခိုင်းခံရတဲ့ အစေခံတွေပဲ ဖြစ်နေမှာ.. ငါတို့မှာ ဘာအဆင့်အတန်းမှ ရှိမှာ မဟုတ်ဘူး”

“နောက်ပြီး လေမီးဂိုဏ်းက အစိမ်းရောင်တိမ်စိုင်တိုင်းပြည်မှာ ထိပ်သီးဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲက တစ်ဂိုဏ်းပဲ.. ငါတို့က စမ်းသပ်စစ်ဆေးပွဲရဲ့ ပါဝင်အကြောင်းအရာတွေကို သိရှိထားမယ်ဆိုရင်တောင် ငါတို့ အဲဒါကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး”

ဘေးပတ်လည်မှာ ရှိသော မဟူရာအင်မော်တယ်များစွာက တွေဝေတုံ့ဆိုင်းနေကြ၏။

ဆူဇီမိုသည် ဤနေရာမှာ မနေဘဲ ရှေ့သို့ ဆက်လျှောက်လာခဲ့၏။

ခဏမျှ လျှောက်လှမ်းပြီးနောက် ဂိုဏ်းများ၏ အော်ဟစ်သံများက တဖြည်းဖြည်း တိုးညင်းသွား၏။

ရှေ့တည့်တည့် လမ်းမကျယ်၏ တစ်ဖက်တစ်ချက်စီမှာ အေးစက်စက် အင်မော်တယ်စစ်သားများက အတန်းလိုက် ထိုင်နေကြ၏။ သူတို့၏ အကြည့်များက ထက်ရှ၍ သံမဏိသွေး သတ်ဖြတ်ခြင်း စိတ်ဆန္ဒများကို ထုတ်ဖော်ထားကြ၏။

ထိုသတ်ဖြတ်ခြင်း စိတ်ဆန္ဒများကို စစ်ပွဲများကနေသာ ရရှိလာနိုင်၏။

အင်မော်တယ်စစ်သားများ၏ ရှေ့မှာ မတူညီသော ကျင့်ကြံမှုနယ်ပယ်များနှင့် မဟူရာအင်မော်တယ်များစွာက အတန်းလိုက် ရပ်နေကြ၏။ သူတို့သည် ကျောက်စိမ်းစာလိပ် တစ်ခုပေါ်မှာ သတင်းအချက်အလက် တချို့နှင့် စိတ်ဝိညာဉ်အသိစိတ် အမှတ်အသားများကို ချန်ထားရစ်ခဲ့ပြီး အင်မော်တယ်စစ်သားများ၏ နောက်မှာ မတ်တတ်ရပ်နေကြ၏။

ကျင့်ကြံသူများက တစ်စုံတစ်ရာကို စိုးရိမ်ပူပန်နေသည့်အလား ဖြူဖပ်ဖြူရော်နှင့် စိတ်မသက်မသာ ဖြစ်နေသည့်ပုံပေါ်နေ၏။

ဤနေရာက အလွန်တရာ တိတ်ဆိတ်ငြိမ်သက်ပြီး လေထုကလည်း တင်းကျပ်နေ၏။

အင်မော်တယ်စစ်သားများစွာကလည်း တိတ်ဆိတ်ငြိမ်သက်နေကြ၏။

မဟူရာအင်မော်တယ်များနှင့် ကျင့်ကြံသူများသည်လည်း တစ်စုံတစ်ရာ ပြောဆိုရဲခြင်း မရှိကြပေ။

သိပ်မကြာခင် အင်မော်တယ်စစ်သားတစ်ယောက်၏ နောက်မှာ လူတစ်ထောင်ကို စုဆောင်းမိသွား၏။

“ငါ့နောက်က လိုက်ခဲ့”

အင်မော်တယ်စစ်သားက မတ်တတ်ထရပ်ပြီး မဟူရာအင်မော်တယ် တစ်ထောင်နှင့်အတူ ထွက်ခွာသွား၏။

ဆူဇီမိုသည် ရှုရှစ်ထံမှ ထိုအကြောင်းကို ကြားဖူးထားခဲ့၏။

ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ အင်မော်တယ်နိုင်ငံ သုံးနိုင်ငံ ရှိလေသည်။

ကမ္ဘာမြေအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်များ၏ နည်းလမ်းများက စွမ်းအားကြီးမားလွန်း၏။

အင်မော်တယ်နိုင်ငံ သုံးနိုင်ငံကြားမှာ အလိုအလျောက် နားလည်မှုတစ်ခု ရှိပြီး အဲဒါက အတိအလင်း ထုတ်ဖော်မထားသော စည်းမျဉ်စည်းကမ်းတစ်ခု ဖြစ်၏။

အင်မော်တယ်နိုင်ငံ သုံးနိုင်ငံကြားမှာ ပဋိပက္ခတစ်ခု ဖြစ်လာခဲ့မည်ဆိုလျှင် သူတို့၏ ပိုင်နက်နယ်မြေများအတွက် မဟူရာအင်မော်တယ်များက အသက်စွန့်၍ တိုက်ခိုက်ကာ ပဋိပက္ခကို ဖြေရှင်းပေးရမည် ဖြစ်၏။

ထိုမဟူရာအင်မော်တယ် အများစုသည် အောက်ဘုံမှ တက်လှမ်းလာသူများ ဖြစ်ကြ၏။

အဆင့်မြင့်အင်မော်တယ်များစွာ၏ မျက်လုံးများထဲမှာ အောက်ဘုံမှ တက်လှမ်းလာသူများ၏ အသက်များက ဘာမှမဟုတ်ပေ။ သူတို့သည် ပုရွက်ဆိတ်တစ်အုပ်စုသာဖြစ်ပြီး သူတို့ သေဆုံးသွားမည်ဆိုလျှင်တောင် အင်မော်တယ်နိုင်ငံ သုံးနိုင်ငံ၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေလိမ့်မည် မဟုတ်ပေ။

တကယ်တော့ အဲဒါသည် အင်မော်တယ်နိုင်ငံ သုံးနိုင်ငံကြား ကစားပွဲတစ်ခု ဖြစ်၏။

ကစားပွဲ၏ ရလဒ်ကို စတေးခံ မဟူရာအင်မော်တယ်များနှင့် အောက်ဘုံမှ တက်လှမ်းလာသူများက ဆုံးဖြတ်ပေးရမည် ဖြစ်၏။

ရှုရှစ် ပြောပုံအရ အင်မော်တယ်နိုင်ငံများ၏ နယ်ခြားစောင့်တပ်ဖွဲ့များသို့ ဝင်ရောက်ခြင်းကနေ လုံလောက်သည့် အမြုတေစုဖွဲ့ဆေးလုံးများကို ရရှိမည်ဖြစ်သော်လည်း အဲဒီကနေ အသက်ဆုံးရှုံးရနိုင်ခြေက အလွန်တရာ မြင့်မား၏။

စောစောက ထွက်ခွာသွားသော လူတစ်ထောင်ထဲမှာ လူတစ်ရာလောက် အသက်ရှင်လျက် ပြန်ရောက်လာလျှင်ပင် မဆိုးဘူးဟု ဆိုရပေမည်။

သူတို့၏ အသက်များကို မည်သူကမှ ဂရုမစိုက်ကြပေ။

ရှုရှစ်သည် အောက်ဘုံမှ တက်လှမ်းလာသူတစ်ယောက် ဖြစ်သော်လည်း နဂါးအသူရာချောက်နက်မြို့တော်၏ မြို့တော်အရှင်နေရာကို ရယူလာနိုင်ခဲ့ခြင်းမှာ သူသည် နယ်စပ်စစ်ပွဲများကို ဖြတ်ကျော်၍ အသက်ရှင်လျက် ပြန်ရောက်လာနိုင်ခဲ့သောကြောင့် ဖြစ်၏။

သူသည် နယ်စပ်မှာ နှစ်ပေါင်းသောင်းချီကြာအောင် တိုက်ခိုက်၍ မရေမတွက်နိုင်သော အကျိုးဆောင်မှုများကို ပြုလုပ်ပြီးနောက် နောက်ဆုံးမှာ အစိမ်းရောင်တိမ်စိုင်တိုင်းပြည် ဘုရင်ခံထံမှာ ဆုချီးမြှင့်မှုကို လက်ခံရရှိခဲ့၏။

ထိုသို့ ဆိုလျှင်တောင် မြို့တော်အရှင်အဖြစ် သူ၏ အဆင့်အတန်းသည် အဆင့်မြင့်အင်မော်တယ်များ၏ မျက်လုံးများထဲမှာ ဘာမှ ထိုက်တန်မှု မရှိပေ။

ဆူဇီမိုသည် ဤနေရာမှာ ခဏမျှ ရပ်တန့်ပြီးနောက် ရှေ့သို့ ဆက်လျှောက်လာခဲ့၏။

သူသည် နယ်ခြားစောင့်တပ်ဖွဲ့များသို့ ဝင်ရောက်မည်ဆိုလျှင်တောင် သူသည် အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများကို ရရှိလိမ့်မည် မဟုတ်ပေ။

သိပ်မကြာခင် ဆူဇီမိုသည် ဤနေရာကနေ ထွက်ခွာလာခဲ့၏။ ရှေ့တည့်တည့် လမ်းမ၏ တစ်ဖက်တစ်ချက်စီမှာ မဟူရာအင်မော်တယ် ကျင့်ကြံသူအချို့နှင့်အတူ လူများစွာက စုဝေးနေကြ၏။

ထိုနေရာ၏ အစပ်မှာ သတ္တုတွင်းလုပ်သားဟူသော စာလုံးနှင့် ဧရာမ ဆိုင်းဘုတ်တစ်ခုကို စိုက်ထူထား၏။

ဆူဇီမိုက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ဤတစ်ခေါက် သူ ရောက်ရှိလာသည့် အကြောင်းရင်းမှာ ဖန်သားမြို့တော်၏ အပြင်ဘက်ရှိ အမြုတေစိတ်ဝိညာဉ် သတ္တုတွင်းများကို တွေ့မြင်ရဖို့ ဖြစ်၏။

အမြုတေစိတ်ဝိညာဉ် သတ္တုတွင်းများနှင့် နီးစပ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းမှာ သတ္တုတွင်းလုပ်သားတစ်ယောက် ဖြစ်လာဖို့ပင်။

All Chapters