← Chapters

နှစ်တစ်ထောင်

Vol. 128 Ch. 1919

နှစ်တစ်ထောင်

Vol. 128 Ch. 1919

“ခင်ဗျား...ခင်ဗျား.... ဘာလိုချင်လို့လဲ”

ဗလတောင့်တောင့်လူက ဆူဇီမို၏ ဖိနှိမ်ခံလိုက်ရသောအခါ ထိတ်လန့်တကြားဖြစ်သွား၏။

သတ္တုတွင်းက တစ်နှစ်ပတ်လုံးမှောင်မည်းနေပြီး အပြင်ဘက်ရှိ ကမ္ဘာမြေအင်မော်တယ် ပညာရှင်များက ဤနေရာသို့ဆင်းလာလိမ့်မည်မဟုတ်ပေ။

အဲ့ဒါကြောင့် သတ္တုတွင်း၏ အောက်ခြေမှာ သူ့ကိုယ်ပိုင်ပတ်ဝန်းကျင်တစ်ခုဖြစ်ပေါ်နေ၏။

ဆူဇီမိုက သူ့ကိုသတ်ဖြတ်၍ သူ့နေရာကို အစားထိုးယူလိုက်မည်ဆိုလျှင် မည်သူကမှ ဤကိစ္စကို ဂရုစိုက်လိမ့်မည် မဟုတ်ပေ။

“မင်း... အချိုးပြေပြေနေရင် မင်းအသက်ကို ငါချမ်းသာပေးမယ်”

ဆူဇီမိုက အေးစက်စွာပြောလိုက်၏။

“ငါ့မှာ တောင်းဆိုစရာများများစားစားမရှိဘူး... နှစ်စဥ်နှစ်တိုင်း ငါပေးဆောင်ရမယ့် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးငါးထောင်ကို ငါ့အတွက် ကူပြီးထုတ်ပေးလိုက်”

ဆူဇီမိုသည် ကျင့်ကြံဖို့အတွက် သတ္တုတွင်းထဲသို့ ရောက်လာခဲ့ခြင်းဖြစ်၏။

သူက ဗလတောင့်တောင့်လူကို သတ်ဖြတ်လိုက်မည်ဆိုလျှင် သူသည် သတ္တုတွင်းအောက်မှာရှိသော လူတစ်ရာကျော်ကျော်ကို ထိန်းချုပ်ကိုင်တွယ်နေရဦးမည်ဖြစ်၏။ အဲ့ဒါက သူ့ကို အလုပ်ပိုစေပေလိမ့်မည်။

ဗလတောင့်တောင့်လူက စိတ်သက်သာစွာသက်ပြင်းချပြီး သူ၏ အမူအရာက ပျော့ပျောင်းသွား၏။

အဲ့ဒါက တစ်နှစ်မှာ အပိုထပ်ဆောင်း အမြုတေစိတ်ဝိညာဥ်ကျောက်တုံး ငါးထောင်ကို ရှာပေးရုံသာဖြစ်၏။

အဲ့ဒါက အတော်လေးကို ရိုးရှင်းလေသည်။

သတ္တုတွင်းထဲမှာ လူတစ်ရာကျော်ရှိနေ၏။ သူက ပို၍ရက်စက်ကြမ်းတမ်းစွာ စုဆောင်းလိုက်သည်နှင့်အမျှ သူသည် နောက်ထပ်အမြုတေစိတ်ဝိညာဥ်ကျောက်တုံးငါးထောင်ကို ရရှိနိုင်၏။

“တာအိုရောင်းရင်း... မပူပါနဲ့... အဲ့ဒီအမြုတေစိတ်ဝိညာဥ်ကျောက်တုံးငါးထောင်ကို ကျုပ်တာဝန်ထားလိုက်ပါ”

ဗလတောင့်တောင့်လူက ခိုင်မာစွာပြောဆိုလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သည်။

“နောက်ထပ်တစ်ချက်ရှိသေးတယ်...ဒီနေရာကို စောင့်ကြည့်နေ ငါ့ရဲ့သတ္တုတွင်းဥမင်ထဲကို ဘယ်သူမှ ဝင်မလာစေနဲ့”

သတ္တုတွင်း၏ အောက်ခြေမှာ အဘက်ဘက်သို့ဦးတည်နေသော သတ္တုတွင်းဥမင်များစွာရှိနေ၏။

သတ္တုတွင်းဥမင်အချို့မှာ လူနှစ်ယောက် သုံးယောက်က အတူတကွပေါင်းစည်းနေကြပြီး အခြားသောသတ္တုတွင်းဥမင်များမှာ လူအရေအတွက် ပို၍ပင်များပြားတတ်သည်။

ဆူဇီမိုသည် ဤသတ္တုတွင်းထဲမှာ ကျင့်ကြံဖို့အတွက် ပြင်ဆင်ထားပြီး သူ့ကို အခြားမည်သူကမှ မတွေ့မြင်စေချင်ပေ။

“ကိစ္စမရှိပါဘူး”

ဗလတောင့်တောင့်လူက အလွယ်တကူသဘောတူလိုက်၏။

ထိုတောင်းဆိုချက်နှစ်ခုက သူ့အတွက် ဘာမှပြောပလောက်စရာ မဟုတ်ပေ။

ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး ဆူဇီမို၏ အကြည့်က ထက်ရှနေကာ သတ္တုတွင်း၏ အောက်ဘက်ရှိ မည်သည့်ကျင့်ကြံသူကမှ သူနှင့်အကြည့်ချင်း မဆုံရဲပေ။

နှာခေါင်းမဲ့ကျင့်ကြံသူက နောင်တရသလို ခံစားလိုက်ရ၏။

နုနယ်ပုံရသော ဤစာပေသမားမှာ ဤကဲ့သို့သော နည်းလမ်းများရှိနေသည်ကို သူသိထားမည်ဆိုလျှင် သူသည် ဤလူနှင့်ပတ်သက်ဆက်နွယ်မှုကို အလျင်အမြန်ဖြတ်တောက်ပစ်ခဲ့လိမ့်မည် မဟုတ်ပေ။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကောင်းကင်နှင့်မြေကြီး အမြုတေချီများအပေါ် အာရုံခံမှုအထက်ရှဆုံးဖြစ်၏။

သူသည် ခဏမျှ မျက်လုံးနှစ်ဖက်ကိုမှိတ်ပြီးနောက် ဆူဇီမိုသည် သိပ်မနက်သေးသော သတ္တုတွင်းဥမင်များထဲမှ တစ်ခုဆီသို့ လျှောက်လှမ်းသွား၏။

ဤသတ္တုတွင်းဥမင်ထဲမှာ တစ်ခါက ကျင့်ကြံသူတစ်ယောက်သည် ပေတစ်ရာကျော်သည်အထိ တူးဖော်ခဲ့ပြီးနောက် မည်သည့်အရာကိုမှ မရရှိဘဲ ပြန်ဆုတ်လာခဲ့၏။

သို့သော်လည်း ဆူဇီမိုသည် ဤသတ္တုတွင်းဥမင်ထဲမှာ အလွန်တရာကြွယ်ဝသော ကောင်းကင်နှင့်မြေကြီး အမြုတေချီကို အာရုံခံမိနေ၏။

သူ၏ လက်ထဲရှိကျောက်စိမ်းဂေါ်ပြားနှင့်အတူ သူက သတ္တုတွင်း ဥမင်ထဲမှာ အဆက်မပြတ်တူးဖော်လိုက်၏။

ထင်မှတ်ထားသည့်အတိုင်းပင်...။

ပေသုံးဆယ်မျှ ရောက်ရှိပြီးနောက် သူသည် ကြီးမားသောအမြုတေစိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးကို တူးဖော်ရရှိလိုက်၏။

ထိုအမြုတေစိတ်ဝိညာဥ်ကျောက်တုံးက အလေးချိန် ငါးကီလိုဂရမ်ရှိ၏။

သာမန်အမြူတေစိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးက ငါးရာဂရမ်မျှသာရှိ၏။

သို့သော်လည်း အေအမြုတေစိတ်ဝိညာဥ်ကျောက်တုံးကို သာမန်အရွယ်အစား အမြုတေစိတ်ဝိညာဥ်ကျောက်တုံး ဆယ်တုံးအဖြစ် ဖြတ်တောက်နိုင်မည်ဖြစ်၏။

ဆူဇီမိုက ကျေနပ်သဘောကျသွားသည်။

နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ မပြောနှင့် အပြင်ဘက်မှာစောင့်ကြပ်နေသော ကမ္ဘာမြေအင်မော်တယ် ပညာရှင်များပင်လျှင် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို အလွယ်တကူရရှိလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုက တုံ့ဆိုင်းခြင်းမရှိဘဲ တင်ပျဥ်ခွေထိုင်ပြီး သူ၏ လက်နှစ်ဖက်ထဲမှာ အမြုတေစိတ်ဝိညာဥ်ကျောက်တုံး တစ်တုံးစီကို ညှပ်ကိုင်လိုက်၏။ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို လှည့်ပတ်ပြီး သူက အဲ့ဒါကို စတင်စုပ်ယူ၍ ကျင့်ကြံလိုက်၏။

ထိုကဲ့သို့ဖြင့် ဆူဇီမိုသည် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို စုဆောင်းလိုက်.... တစ်ချိန်တည်းမှာပင် ကျင့်ကြံလိုက်ပြုလုပ်နေ၏။

သူ၏ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများက ဘယ်တော့မှ ကုန်ခန်းမသွားဘဲ သူကနေ့စဉ်နှင့်အမျှ ကျင့်ကြံနေ၏။

အချိန်က တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားခဲ့၏။

ဤနှစ်များအတွင်း ဆူဇီမိုသည် ဤသတ္တုတွင်း ဥမင်ထဲကနေ ထွက်ခွာခြင်းမရှိသလောက်နီးပါးပင်။

နှစ်စဥ်နှစ်တိုင်းမှာ ဗလတောင့်တောင့် အဆင့်-၈ မဟူရာအင်မော်တယ်သည် သူ့အတွက် အမြုတေစိတ်ဝိညာဥ်ကျောက်တုံး ငါးထောင်ကို ထုတ်ပေးမည်ဖြစ်၏။

သူက သူ၏ ကျင့်ကြံမှုအပေါ်မှာသာ လုံးလုံးလျားလျားအာရုံစိုက်ထားနိုင်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာရယ်၊ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ရယ်နှင့် မကုန်ဆုံးနိုင်သော ကျင့်ကြံရေးအရင်းအမြစ်နှင့် ပေါင်းစည်းပြီး သူ၏ ကျင့်ကြံမှုက ခပ်မှန်မှန်မြင့်တက်လာနေ၏။

သတ္တုတွင်းထဲသို့ ဝင်ရောက်လာခဲ့သည်မှာ ၁၈၉ နှစ်ကြာပြီးနောက် ဆူဇီမိုသည် အဆင့်ချိုးဖျက်၍ အဆင့်-၈ မဟူရာအမြုတေနယ်ပယ်သို့ ဝင်ရောက်သွားခဲ့၏။

ထိုကျင့်ကြံမှုအမြန်နှုန်းက ကြောက်စရာကောင်းလေသည်။

မိသားစုကြီးများနှင့် ဂိုဏ်းကြီးများကနေ ပြုစုပျိုးထောင်ပေးသည့် ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများပင်လျှင် ထိုအဆင့်ထိရောက်ရှိနိုင်ဖို့ ခက်ခဲ၏။

ဆူဇီမိုသည် အဆင့်-၈ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်လာပြီးနောက် ထွက်ခွာသွားခြင်းမရှိဘဲ သတ္တုတွင်းအောက်ခြေမှာ ဆက်လက်၍ကျင့်ကြံနေ၏။

သူသည် အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်သည်အထိ ကျင့်ကြံပြီးမှ နောက်ထပ်အစီအစဥ်များကို ချမှတ်ဖို့ ပြင်ဆင်ထား၏။

ဖြစ်နိုင်မည်ဆိုလျှင် သူသည် မဟူရာအမြုတေနယ်ပယ်ကိုချိုးဖျက်ပြီး ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပင် ဖြစ်လာဖို့ ပြင်ဆင်ထား၏။

သူသည် သတ္တုတွင်းထဲသို့ ဝင်ရောက်လာခဲ့သည်မှာ ၇၁၁ နှစ်ကြာသွားပြီးနောက် ဆူဇီမိုသည် အဆင့်-၉ မဟူရာအမြုတေနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့၏။

ဤနှစ်များအတွင်း ဤသတ္တုတွင်းထဲမှ ကျင့်ကြံသူများသည် တစ်သုတ်ပြီးတစ်သုတ် ပြောင်းလဲသွားကြ၏။

သူတို့ထဲမှ များစွာက သိပ်ကြာကြာတောင့်မခံနိုင်ခဲ့ကြပေ။

သို့သော်လည်း အစပိုင်းကတည်းက ဝင်ရောက်လာသော ကျင့်ကြံသူများဖြစ်စေ... နောက်ပိုင်းမှ ဝင်ရောက်လာသော ကျင့်ကြံသူများဖြစ်စေ သူတို့သည် အချက်တစ်ချက်ကို သိရှိထား၏။

ဤသတ္တုတွင်းထဲမှာ တားမြစ်ပိတ်ပင်ထားသော သတ္တုတွင်းဥမင်တစ်ခုရှိပြီး ထိုနေရာသို့ မည်သူ့ကိုမှ ဝင်ရောက်ခွင့် မပေးထားပေ။

အဆင့်-၉ မဟူရာအင်မော်တယ်ဖြစ်လာပြီးနောက် ဆူဇီမိုသည် ရက်အနည်းငယ်ကြာ အနားယူပြီး ဤနေရာကနေ ထွက်ခွာမသွားပေ။ ထိုအစား သူက ဆက်လက်၍ကျင့်ကြံပြီး ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ဖို့ ပြင်ဆင်ထား၏။

ဤနေ့တွင် ဆူဇီမိုသည် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို စုပ်ယူသန့်စင်ရင်း သူ၏ မနောကျင့်ကြံရေးနည်းစနစ်ကို လှည့်ပတ်လိုက်၏။ သူက ကျင့်ကြံနေစဥ် သူသည် သူ့နှလုံးသား၏ အနက်ပိုင်းထဲမှ ရင်းနှီးနေကျခေါ်သံတစ်သံကို ရုတ်တရက်ကြားလိုက်ရ၏။

သူ၏ မျက်လုံးနှစ်ဖက်က ပွင့်လာခဲ့၏။

သိုင်းတာအိုပင်မခန္ဓာ... ။

စောစောက သူသည် သိုင်းတာအိုပင်မခန္ဓာထံမှ ဆက်သွယ်မှုတစ်ခုကို လက်ခံရရှိခဲ့ပြီး နိုးထလာခဲ့၏။

ထိုအခိုက်အတန့်မှာ သူသည် သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်သွယ်မှုတစ်ခု တည်ဆောက်လိုက်နိုင်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် တစ်ခါက မဟူရာတွင်းနက်ထဲမှာ အချိန်တစ်ခုကြာလွင့်မျောနေခဲ့၏။ ထိုစဥ်တုန်းက သူသည် အချိန်စီးဆင်းမှုကို အာရုံမခံနိုင်ခဲ့ဘဲ သူက ထိုထဲမှာ ဘယ်လောက်ကြာကြာလွင့်မျောနေခဲ့သလဲ မသိခဲ့ရပေ။

သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်သွယ်ပြီးမှသာ သူသည် တိကျသော အချိန်တစ်ခုကို ခန့်မှန်းလိုက်နိုင်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ထျန်ဟွမ်ကုန်းမြေတိုက်ကနေ ထွက်ခွာ၍ အထက်ဘုံသို့ ရောက်ရှိလာခဲ့သည်မှာ နှစ်တစ်ထောင်ကြာသွားခဲ့ပြီဖြစ်၏။

ဤနှစ်များအတွင်း သိုင်းတာအိုပင်မခန္ဓာသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို သန့်စင်မွမ်းမံပြီး သူ၏ အသွေးအသားထဲသို့ ပေါင်းစည်းကာ အဆက်မပြတ်ကျင့်ကြံနေခဲ့၏။

မဟူရာအင်မော်တယ်များစွာ ဆင်းသက်လာခဲ့စဥ်က သူတို့သည် သိုင်းတာအိုပင်မခန္ဓာအတွက် အမြုတေစုဖွဲ့ဆေးလုံးများနှင့် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများစွာကို ချန်ထားရစ်ခဲ့၏။

သိုင်းတာအိုပင်မခန္ဓာက ကံကြမ္မာစက်ကွင်းလျှို့ဝှက်နယ်မြေ၏ အဆင့် ၅ ထိရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့ပြီဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာသည် မကြုံစဖူး အံ့မခန်း ကျင့်ကြံရေးလမ်းကြောင်းတစ်ခုကို ဖန်တီးခဲ့၏။ အထက်ဘုံနှင့် အောက်ဘုံကို ပိုင်းခြားထားပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအနေဖြင့် သိုင်းတာအိုပင်မခန္ဓာနှင့် တွေ့ဆုံဖို့ ခက်ခဲသော်လည်း...။

သိုင်းတာအိုပင်မခန္ဓာ၏ အဆင့်-၅ ကံကြမ္မာစက်ကွင်းသည် ခွန်အားအရာမှာ အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်ထက် သေချာပေါက်အားမနည်းကြောင်း ဆူဇီမိုက ဝိုးတဝါးခန့်မှန်းမိလိုက်၏။

တကယ်ဆို... အဲ့ဒါသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထက်ပင် ကျော်လွန်ကောင်း ကျော်လွန်နေပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အစကတည်းက တစ်ယောက်တည်းဖြစ်ခဲ့ပြီး သူတို့သည် တူညီသောဇာစ်မြစ်ကနေ လာခဲ့ကြ၏။ တစ်ခဏချင်းမှာပင် အချက်အလက်များစွာကိုဖလှယ်ပြီးသွားခဲ့၏။

“ငရဲဖိနှိမ်မီးဖိုတဲ့လား”

ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။

အဲ့ဒါသည် သိုင်းတာအိုပင်မခန္ဓာထံမှ သူရရှိလိုက်သော စတုရန်းကြေးမီးဖိုနှင့်ပတ်သက်သည့် အရေးကြီးသော သတင်းအချက်အလက်တစ်ခုဖြစ်၏။

နှစ်တစ်ထောင်ကုန်ဆုံးသွားခဲ့၏။

မျောက်၊ စိတ်ဝိညာဥ်ကျား၊ ချင်ချင်၊ ညဝိညာဥ်၊ မြေခွေးလေးနှင့် ရွှေခြင်္သေ့တို့သည် လွန်ခဲ့သည့်နှစ်သုံးရာက ထျန်ဟွမ်ကုန်းမြေတိုက်ကနေ အတူတကွထွက်ခွာတက်လှမ်းဖို့ ရွေးချယ်ခဲ့ကြ၏။

မင်းကျန်၊ လင်းရွှမ်ကျီ၊ နတ်ဆိုးမကျိ၊ ယန်ပေးချန်နှင့် အခြားသူများကဲ့သို့ အရင်တုန်းက မိတ်ဆွေဟောင်းများသည်လည်း တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းသွားခဲ့ကြပြီဖြစ်၏။

တကယ်တော့... ပြီးခဲ့သည့်နှစ်တစ်ထောင်အတွင်း တက်လှမ်းဖို့ ရွေးချယ်ခဲ့ကြသော ပညာရှင်များကြားမှာ အချို့သည် ကောင်းကင်ဘုံကပ်ဘေးအောက်မှာ သေဆုံးခဲ့ပြီး သူတို့၏ ဝိညာဥ်များက ပျက်ပြယ်သွားခဲ့၏။

ထျန်ဟွမ်ကုန်းမြေတိုက်ကို တုန်လှုပ်စေခဲ့သည့်အချက်များထဲမှ တစ်ခုမှာ ဂမ္ဘီရဧကရာဇ်၏ အထွတ်အထိပ်ကပ်ဘေး ဖြတ်ကျော်ခြင်းက ကျရှုံးခဲ့ခြင်းပင်။

ဂမ္ဘီရဧကရာဇ်သည် လူသားဧကရာဇ်နန်းတော်အတွက် နန်းတော်အစောင့်အရှောက် တစ်ယောက်ကို ရွေးချယ်ပြီးနောက် သူသည် မည်သည့်တွယ်တာချည်နှောင်မှုမှ မရှိတော့ဘဲ အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ဖို့ စတင်ခဲ့၏။

မထင်မှတ်ထားစွာပင် သူသည် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ သုံးခုကို ဆွဲဆောင်နိုင်ခဲ့ပြီး နောက်ဆုံးမှာ သေဆုံးခဲ့ရ၏။

လွန်ခဲ့သည့်နှစ်တစ်ရာက ပေမင်ရွှယ်၏ အထွတ်အထိပ်ကပ်ဘေးဖြတ်ကျော်မှုသည် လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့၏။

အဲ့ဒါသည် ပေမင်ရွှယ်က ထာဝရသိုင်းဧကရာဇ်၏ အကြီးဆုံးတပည့်ဖြစ်နေခြင်းကြောင့်သာ မဟုတ်ပေ။

အဲ့ဒါထက် ထာဝရသိုင်းဧကရာဇ်တက်လှမ်းသွားပြီးကတည်းက ပေမင်ရွှယ်သည် ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲမှ လေးခုကို ဆွဲဆောင်နိုင်သည့် ဒုတိယမြောက်လူဖြစ်လာခဲ့ပြီး အောင်မြင်စွာတက်လှမ်းနိုင်ခဲ့သောကြောင့်ဖြစ်၏။

သိုင်းတာအိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ စည်ပင်ထွန်းကားလာခဲ့၏။

သိုင်းတာအိုကို အဓိကကျင့်ကြံသူနှစ်ယောက်က ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ လေးခုကို အောင်မြင်စွာဖြတ်ကျော်ခဲ့ပြီးနောက် သိုင်းတာအိုသည် ၎င်း၏ အကန့်အသတ်ထိ မြင့်မားတိုးတက်လာကာ အင်မော်တယ်တာအို၊ ဗုဒ္ဓတာအို၊ မိစ္ဆာတာအိုများနှင့် ယှဥ်လာနိုင်ခဲ့၏။

တကယ်ဆို.... ကောင်းကင်စိတ်ဝိညဥ်ရင်းမြစ်နှင့်အတူ မွေးဖွားလာခဲ့သည့် ကျင့်ကြံသူများသည် သူတို့၏ စိတ်ဝိညဥ်ရင်းမြစ်နှင့်အတူ ရရှိနိုင်သည့် ပါရမီနှင့် အလားအလာများကို စွန့်လွှတ်ပြီး သိုင်းတာအိုကိုကျင့်ကြံဖို့ ရွေးချယ်ခဲ့သူများပင် ရှိလာခဲ့၏။

သိုင်းဧကရာဇ်က သူ၏ တာအိုကို တည်ထောင်ခဲ့သည့် ဒဏ္ဍာရီကို ပုံပြောသူက မှတ်တမ်းတင်ခဲ့ပြီး မော်တယ်လောကနှင့် ကျင့်ကြံရေးလောကများသို့ ပျံ့နှံ့နေခဲ့ပြီဖြစ်၏။

နှစ်စဥ်နှစ်တိုင်းမှာ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မြောက်ပိုင်းဒေသ၏ မြို့ငယ်လေးတစ်မြို့သို့ ရောက်ရှိလာတတ်ကြ၏။ သူတို့သည်အတိတ်ကာလကို ပြန်လည်တူးဆွပြီး မက်မွန်ပင်များ၏ ထူးဆန်းသောမြင်ကွင်းကို ဖမ်းဆုပ်ဖို့ လာရောက်ကြည့်ရှုကြ၏။

သို့သော်လည်း မက်မွန်ပင်တောအုပ်၏ အနက်ပိုင်းထဲမှာ တကယ်ကိုကြောက်စရာကောင်းသော ပုဂ္ဂိုလ်တစ်ယောက် ပုန်းကွယ်နေသည်ကို မည်သူကမှ မသိရှိကြပေ။

All Chapters