အနန္တမဟာဧကရာဇ်
Vol. 128 Ch. 1920
ထာဝရသိုင်းဧကရာဇ် မွေးဖွားပေါ်ထွက်လာမှုကြောင့် ပင်ယန်းမြို့သည် သိုင်းတာအို၏ မူလဇာစ်မြစ်နှင့် အထွတ်အမြတ်ကုန်းမြေအဖြစ် ကျင့်ကြံရေးလောကတစ်ခုလုံး၏ သတ်မှတ်ခြင်း ခံထားရ၏။
ပြီးခဲ့သည့်နှစ်တစ်ထောင်အတွင်း ဤမြို့ငယ်လေးသည် သိုင်းတာအိုကို ကျင့်ကြံသည့် ကျင့်ကြံသူပေါင်းများစွာကို မွေးထုတ်ပေးခဲ့၏။
သူတို့ထဲမှ အချို့သည် ထျန်ဟွမ်ကုန်းမြေတိုက်တွင် သူတို့၏ ကိုယ်ပိုင်ဂိုဏ်းများကိုပင် တည်ထောင်ပြီး စွမ်းအားကြီးပုဂ္ဂိုလ်များအဖြစ် ကြီးပြင်းလာကြ၏။
သို့သော်လည်း ထိုလူများ၏ ကျင့်ကြံမှုအဆင့်က ဘယ်လောက်ထိရောက်သည်ဖြစ်စေ သူတို့သည် ပင်ယန်းမြို့သို့ ပြန်ရောက်သည့်အခါ ပုံမှန်အတိုင်းသာပြန်နေကြရ၏။
ပင်ယန်းမြို့ထဲမှာ မည်သူ့ကိုမှ ဝင်ရောက်ခွင့်မပေးထားသည့် နေရာတစ်ခုရှိသည်။
အဲ့ဒါသည် အတိတ်ကာလတုန်းက သိုင်းဧကရာဇ်ကျင့်ကြံခဲ့သော နေရာဖြစ်သည်။
မသိသာမထင်ရှားသော ခြံဝန်းတစ်ခုထဲမှာ အလယ်တွင်... မက်မွန်ပင်တစ်ပင်က ကြီးထွားနေ၏။ ၎င်း၏ အရွက်များက စိမ်းစိုလန်းဆန်းနေပြီး မက်မွန်ပွင့်များက စိမ်းစိုတောက်ပကာ တည်ငြိမ်အေးချမ်းသောပုံစံဖြင့် ခြံဝန်းတစ်ခုလုံးကို အုပ်မိုးထား၏။
ထာဝရသိုင်းဧကရာဇ် တက်လှမ်းသွားခဲ့သည်မှာ နှစ်တစ်ထောင်ကြာသွားခဲ့ပြီဖြစ်သော်လည်း မည်သူကမှ ဤနေရာ၏ တည်ငြိမ်အေးချမ်းမှုကို ဖြိုခွင်းဖို့ ရောက်မလာရဲခဲ့ပေ။
ပြီးခဲ့သည့်နှစ်တစ်ထောင်အတွင်း ဤဂေဟာထဲမှာ တစ်စုံတစ်ယောက်နေထိုင်နေသည်ကို မည်သူကမှ မသိရှိကြပေ။
မက်မွန်ပင်၏ အောက်မှာ လူတစ်ယောက်က တင်ပျဥ်ခွေထိုင်နေ၏။ သူသည် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး တည်ငြိမ်အေးချမ်းသော အမူအရာတစ်ခုရှိနေ၏။ သူ့မှာ ကြော့ရှင်းသန့်ပြန့်သောသွင်ပြင်များ ရှိသော်လည်း သူသည် မော်တယ်လောက၏ အထက်သို့ ရောက်ရှိနေသည့်အလား တစ်မူထူးခြားသည့်အော်ရာတစ်ခုကို ထုတ်ဖော်နေ၏။
ထိုအမျိုးသားသည် သူ၏ လက်ဖဝါးကို ရှင်းလင်းသောအကြည့်တစ်ခုနှင့်အတူ ကြည့်နေ၏။
သူ၏ ဖြူဖွေးသောလက်ဖဝါးထဲမှာ လက်မအရွယ်မီးတောက်လေးခုက တောက်ပနေ၏။ သိုင်းစိတ်ဝိညာဥ်မီး ၊ ကြာပန်းနီကြမ္မာမီး ၊ ကပ်ဘေးမီး ၊ နဂါးဖီးနစ်မီးတောက်။
မီးတောက်လုံးလေးလုံးက သူ၏ လက်ဖဝါးထဲမှာ စိတ်ဝိညာဥ်လေးခုကဲ့သို့ ကခုန်နေပြီး သူ၏ လက်ချောင်းများကို ပေါ့ပါးစွာ လှည့်ပတ်နေ၏။
အမျိုးသား၏ နောက်ဘက်မှာ လျှို့ဝှက်ဆန်းကြယ်သောခရမ်းရောင် ရောင်လျှံစက်ဝန်းငါးခုက ပေါ်ထွက်နေပြီး သူ့ကို လျစ်လျူရှု၍ မရနိုင်သည့် နတ်ဘုရားတစ်ပါးနှင့် တူနေစေ၏။
သိုင်းတာအိုပင်မခန္ဓာ...။
နှစ်တစ်ထောင်မှာ သိုင်းတာအိုပင်မခန္ဓာသည် နဂါးဖီးနစ်၏ မျိုးဆက်သွေးနှင့် ပေါင်းစည်းကာ နောက်ထပ်အဆင့်ချိုးဖျက်တက်လှမ်းမှုတစ်ခုကို ပြုလုပ်ခဲ့၏။ သူသည် ကံကြမ္မာစက်ကွင်းနယ်ပယ်၏ အဆင့်-၅ သို့ ရောက်ရှိနေခဲ့လေပြီ။
အရင်တုန်းက မဟူရာအမြုတေနယ်ပယ် စုန်းများစွာက ထျန်ဟွမ်ကုန်းမြေတိုက်သို့ ဆင်းသက်ရောက်ရှိလာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာ၏ အကဲဖြတ်မှုအရ အဆင့်-၅ ကံကြမ္မာစက်ကွင်း၏ တိုက်ခိုက်ရည်ခွန်အားသည် မည်သည့်မဟူရာစုန်းထက်မဆို အားနည်းမှုမရှိဘဲ မဟူရာအမြုတေနယ်ပယ်၏ အထွတ်အထိပ်မှာ သေချာပေါက်ရှိနေ၏။
ရုတ်တရက် သူ့ဘေးတွင်ရှိသော လေဟာနယ်ထဲမှာ အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာ၏။
သိုင်းတာအိုပင်မခန္ဓာသည် လှည့်ကြည့်ခြင်းမရှိဘဲ အဲ့ဒါက ဘယ်သူဆိုတာကို သိလိုက်၏။
“မင်းပြန်ရောက်လာပြီပဲ”
သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာပြောလိုက်၏။
အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည့် ကောင်လေးတစ်ယောက်က လေဟာနယ်အက်ကွဲကြောင်းထဲကနေ လျှောက်လှမ်းထွက်လာပြီး သိုင်းတာအိုပင်မခန္ဓာကို ဦးညွှတ်လိုက်၏။
“သခင်လေး...”
ကောင်လေး၏ မျက်နှာက ပန်းရောင်သန်းနေပြီး သူ၏ မျက်လုံးများက နက်မှောင်၍ ကြည်လင်နေ၏။
အချိန်က သူ့အပေါ်တွင် မည်သည့်အမှတ်အသားကိုမှ မချန်ထားရစ်ခဲ့ပေ။
အဲ့ဒါက ထောင်ယောင်ဖြစ်၏။
ထောင်ယောင်၏ အသိစိတ်ကို တျဲယွဲ့က ဖွင့်လှစ်ပေးခဲ့ပြီး သူသည် ဆူဇီမို၏ အမွေအနှစ်ကို ဆက်ခံရရှိထား၏။
သူ၏ ပါရမီအရည်အချင်းက တုန်လှုပ်စရာကောင်းပြီး သူ၏ ကျင့်ကြံမှုအဆင့်က အထက်ဘုံသို့ အချိန်မရွေးတက်လှမ်းနိုင်သည့် မဟာယာနအဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။
သို့သော်လည်း ဤနှစ်များအားလုံးမှာ သူသည် ထွက်ခွာဖို့စိတ်ကူးမရှိဘဲ သိုင်းတာအိုပင်မခန္ဓာကိုသာ စောင့်ရှောက်ပေးနေ၏။
“သူ့အခြေအနေဘယ်လိုလဲ”
သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ဖဝါးထဲရှိမီးတောက်များကို ဖယ်ရှားပြီး မေးလိုက်၏။
“ကျုပ်က သခင်လေးရှာတွေ့ထားတဲ့... အင်မော်တယ်မက်မွန်သီးတွေနဲ့ ဆေးလုံးတွေအားလုံးကို ပို့ပေးခဲ့တယ်... ဒါပေမဲ့ အစ်မယောင်ရွှယ်က အဲ့ဒါတွေကို စားခဲ့ပြီးတာတောင်....”
ထိုနေရာအရောက်တွင် ထောင်ယောင်က ခဏမျှတုံ့ဆိုင်းနေ၏။
“သူ့ရဲ့ဘဝသက်တမ်းက ဘာလို့လည်းမသိဘူး... ထပ်ပြီးတိုးလာမယ့်လက္ခဏာမရှိဘူး”
သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်ကြုတ်လိုက်၏။
သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာနေထိုင်ပြီး မတက်လှမ်းသေးသည့် အဓိကအကြောင်းအရင်းမှာ သူသည် ဤနေရာမှာရှိသော မိတ်ဆွေဟောင်းတချို့ကို စိုးရိမ်ပူပန်နေသောကြောင့်ဖြစ်၏။
သူတို့ထဲမှ တစ်ယောက်က ယောင်ရွှယ်ဖြစ်၏။
သူတို့နှစ်ယောက်မှာ အတိတ်ကာလတစ်ခုရှိခဲ့သော်လည်း သူတို့သည် အတူပေါင်းဖက်ဖို့အတွက် ရေစက်ပါမလာခဲ့ပေ။
ထိုအတိတ်ကာလက လုံးဝမေ့ဖျောက်၍ မရနိုင်တာ မဟုတ်သော်လည်း ဆူဇီမိုသည် အရာအားလုံးကို အမှတ်ရနေသေး၏။
သူ၏ နှလုံးသားထဲမှာ ယောင်ရွှယ်က အခြားသူများနှင့် မတူကွဲပြားနေ၏။
ဤနှစ်များအားလုံးမှာ ယောင်ရွှယ်၏ ကျင့်ကြံမှုအဆင့်က မူလနတ္ထိအဆင့်မှာသာရှိနေခဲ့၏။
သိုင်းတာအိုပင်မခန္ဓာသည် တစ်ခါက ထျန်ဟွမ်ကုန်းမြေတိုက်အနှံ့ သွားလာပြီး ထျန်ဟွမ်ကုန်းမြေတိုက်၏ အဟန့်အတားကို ချိုးဖျက်နိုင်မည့် အာကာသဆုံမှတ်များကိုပင် ရှာဖွေကာ အခြားသောကမ္ဘာငယ်များသို့ သွားရောက်၍ လူတစ်ယောက်၏ ဘဝသက်တမ်းကိုမြှင့်တင်ပေးနိုင်မည့် ဆေးလုံးများကို ရှာဖွေလာခဲ့၏။
သူသည် ထိုဆေးလုံးများအားလုံးကို ယောင်ရွှယ်ထံသို့ ထောင်ယောင်ကနေတစ်ဆင့် ပို့ပေးခိုင်းခဲ့၏။
သူသည် ကိုယ်တိုင်မသွားရောက်ခဲ့သည့် အကြောင်းရင်းမှာ ယောင်ရွှယ်သည် သူမ၏ အတိတ်ကာလကိုဖြတ်တောက်ပြီး ဘဝသစ်တစ်ခုကို စတင်နိုင်ဖို့ သူကမျှော်လင့်ထားသောကြောင့်ဖြစ်၏။
မဟာကျိုးအင်ပါယာ၏ ဧကရီအနေဖြင့် ယောင်ရွှယ်သည် မြင့်မြတ်၍ တစ်မူထူးခြားသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားသည်။ သူမ၏ ရက်ရက်စက်စက်လှပသော ရုပ်ရည်သွင်ပြင်နှင့်ဆိုပါက သူမအတွက်သင့်လျော်သော အမျိုးသားများစွာ ရှိပေမည်။
အစကတော့... ယောင်ရွှယ်လက်ထပ်ပြီးမှ သိုင်းတာအိုပင်မခန္ဓာက ထွက်ခွာဖို့ရည်ရွယ်ထား၏။
သို့သော်လည်း ယောင်ရွှယ်သည် ပြီးခဲ့သည့်နှစ်တစ်ထောင်အတွင်း တစ်ယောက်တည်းသာနေထိုင်ခဲ့၏။
ထောင်ယောင်က ယောင်ရွှယ်ထံသို့ အခေါက်များစွာသွားရောက်လည်ပတ်ခဲ့ပြီး ဆေးလုံးများကို ပို့ပေးခဲ့၏။
သူသည် သူမအား တာအိုပင် ရှင်းပြ၍ သင်ကြားပေးခဲ့၏။
ဒါတောင် ပြီးခဲ့သည့်နှစ်များစွာအတွင်း ယောင်ရွှယ်၏ ကျင့်ကြံမှုအဆင့်က တိုးတက်ပြောင်းလဲမည့် မည်သည့်လက္ခဏာမှ ရှိမလာခဲ့ပေ။
သိုင်းတာအိုပင်မခန္ဓာပင်လျှင် အဲ့ဒါကို နားမလည်နိုင်ပေ။
မူလနတ္ထိတစ်ယောက်၏ ဘဝသက်တမ်းက နှစ်ငါးထောင်ကျော်ဖြစ်၏။
ယောင်ရွှယ်သည် ကျင့်ကြံလာခဲ့သည်မှာ နှစ်နှစ်ထောင်ကျော်ရှိသွားခဲ့လေပြီ။
ယောင်ရွှယ်မှာ ကောင်းကင်စိတ်ဝိညာဥ်ရင်းမြစ်တစ်ခုရှိလေသည်။ သူမ၏ ပါရမီအရည်အချင်းကို အနှိုင်းမဲ့ပြိုင်စံရှားဟု မဆိုနိုင်သော်လည်း အဲ့ဒါက သာမန်ကျင့်ကြံသူများစွာထက် ကျော်လွန်လေသည်။ ထောင်ယောင်ကဲ့သို့ ထိပ်သီးပညာရှင်တစ်ဦး၏ လမ်းညွှန်ပြသမှုနှင့်ဆိုပါက သူမ၏ ကျင့်ကြံမှုမှာ တိုးတက်မှုတချို့ ရှိလာသင့်၏။
“သခင်လေး... အစ်မယောင်ရွှယ်က ဒီနှစ်တွေထဲမှာ ခင်ဗျားကို မမေ့ဖျောက်နိုင်သေးဘူးဆိုတာ... ကျုပ်အာရုံခံမိတယ်”
ထောင်ယောင်က ပြောလိုက်၏။
“ကျုပ်သူ့ဆီကို တစ်ကြိမ်သွားလည်တိုင်း အဲ့ဒါက သူ့ရဲ့အပျော်ဆုံးအချိန်တွေပဲ.. သူက ခင်ဗျားအကြောင်းတွေကိုတောင်မှ အများကြီးကျုပ်ကို မေးခဲ့တယ်”
“သခင်လေး... ခင်ဗျား သူ့ဆီကို ဘာလို့သွားမလည်တာလဲ”
ထောင်ယောင်က သူ၏ သတ္တိကိုစုစည်းပြီး ပြောလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက အတန်ကြာငြိမ်သက်နေပြီးနောက် ကြိတ်၍သက်ပြင်းချကာ ခေါင်းခါလိုက်၏။
တစ်နေ့မှာ သူက ထွက်ခွာရပေလိမ့်မည်။
ထိုသို့ဆိုလျှင် သူမကို သွားမတွေ့တာက ပိုကောင်းပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာသည် အတန်ကြာသည့်အထိ သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး လောလောဆယ်မှာ ဤကိစ္စကို မေ့ဖျောက်ထားလိုက်၏။ သူက သိုလှောင်အိတ်ကိုပုတ်ပြီး ရုတ်တရက် နီရဲနေသောသွေးတစ်စက်ကို ထုတ်ယူလိုက်၏။
အဲ့ဒီမှာ အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုပါဝင်ပြီး စွမ်းအားကြီးမားသော အသက်ဓာတ်အားစွမ်းအားတစ်ခုကို ဖြာထုတ်ပေးနေ၏။
ထိုသွေးစက်ထဲမှာ စိတ်ဝိညာဥ်အသိစိတ်တစ်ခုရှိနေ၏။
ကောင်းကင်ဘုံဝံပုလွေ...။
ဤနှစ်များအတွင်း သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အချိန်အများစုကို ကျင့်ကြံခြင်းမှာ အသုံးချခဲ့ပြီး သူက ကောင်းကင်ဘုံဝံပုလွေကို မေ့လျော့သလောက်နီးပါးဖြစ်နေခဲ့၏။
သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် အဆက်အသွယ်ရသည့်အချိန်မှသာ သူ၏ သိုလှောင်အိတ်ထဲမှာ အထက်ဘုံမှဆင်းသက်လာသော ထိုသွေးစက်ရှိနေသည်ကို ပြန်လည်အမှတ်ရသွား၏။
“မင်းဘာလုပ်နေတာလဲ”
ကောင်းကင်ဘုံဝံပုလွေသည် သိုင်းတာအိုပင်မခန္ဓာကို တွေ့မြင်သောအခါ ရုတ်တရက် စိုးရိမ်ထိတ်လန့်လာခဲ့၏။
နှစ်တစ်ထောင်ကြာပြီးနောက် ဤလူ၏ အော်ရာက ပို၍ပင်ကြောက်စရာကောင်း၍ စွမ်းအားကြီးမားလာသည်ကို သူကခံစားမိနိုင်၏။
အရင်တုန်းက ဤလူသည် မီးတောက်လုံး သုံးလုံးကိုဆင့်ခေါ်ခဲ့ပြီး သူ့ကိုသေချင်စိတ်ပေါက်အောင် ဆိုးဆိုးဝါးဝါး ညှင်းပန်းနှိပ်စက်ခဲ့၏။ အဲ့ဒါကို မေ့ဖျောက်၍ မရနိုင်သေးပေ။
“ငရဲဖိနှိမ်မီးဖိုရဲ့ မူလဇာစ်မြစ်အကြောင်း ငါ့ကိုပြောပြ”
သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ဖဝါးထဲရှိ သွေးစက်ကို စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်းမေးလိုက်၏။
“ငါအဲ့ဒါကို တကယ်ပဲ မမှတ်မိတော့ဘူး”
ကောင်းကင်ဘုံဝံပုလွေက ပြန်ဖြေလိုက်၏။
“ရတယ်လေ... အဲ့ဒါဆိုလည်း မင်းမှတ်မိအောင် ငါကူညီပေးရတာပေါ့”
သိုင်းတာအိုပင်မခန္ဓာက အမူအရာပြောင်းလဲသွားခြင်းမရှိဘဲ သူ၏ လက်ဖဝါးထဲမှာ မီးတောက်လုံး သုံးလုံးက ပေါ်ထွက်လာ၏။
မီးတောက်လုံးသုံးလုံးက လှောင်အိမ်တစ်ခုအဖြစ်ယှက်ဖြာသွားပြီး အတွင်းမှာ ကောင်းကင်ဘုံဝံပုလွေကို ပိတ်လှောင်လိုက်၏။ သူတို့သည် ဒေါသတကြီးလောင်မြိုက်၍ အရာရာတိုင်းကို လောင်ကျွမ်းပြာချပစ်နိုင်ပုံရသော အလွန်တရာကြောက်စရာကောင်းသည့် လောင်မြိုက်စွမ်းအားတစ်ခုကို ထုတ်ဖော်လာ၏။
သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးထဲရှိ လေဟာနယ်ထဲမှာ ကြီးမားသည့်အပေါက်တစ်ပေါက်က လောင်ကျွမ်းလာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးက လေဟာနယ်ထဲမှာ ရောက်ရှိနေသော်လည်း လေဟာနယ်ထဲမှာရှိသော အရိုင်းဆန်သည့် စီးကြောင်းများက မီးတောက်လုံးသုံးလုံးကို ငြိမ်းသေနိုင်စေခြင်း မရှိပေ။
မီးတောက်လုံးသုံးလုံးက ကောင်းကင်ဘုံဝံပုလွေ၏ အသက်ကို နှုတ်ယူလုနီးပါးပင်။
မီးတောက်လုံးသုံးလုံးက လောင်ကျွမ်းလာသည့်အချိန်မှာပင် ကောင်းကင်ဘုံဝံပုလွေက စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
ရှဲ...
မီးတောက်များ၏ အပူလှိုင်းအောက်မှာ သွေးစက်ထံမှ ထူးဆန်းသောအသံတစ်ခုထွက်ပေါ်လာပြီး အစိမ်းရောင်မီးခိုးများက အူထွက်လာ၏။
သူ၏ သွေးထဲရှိ အသက်ဓာတ်အားကလည်း အလျင်အမြန်လျော့ကျလာနေ၏။
ဤနှုန်းထားနှင့်ဆိုပါက တစ်နာရီမကြာခင်မှာပင် ထိုသွေးစက်သည် မီးတောက်လုံး သုံးလုံးဖြင့် ဘာမှမကျန်အောင် လောင်ကျွမ်းခံရပေလိမ့်မည်။
“ငါပြောပါမယ်... ငါပြောပါ့မယ်”
ကောင်းကင်ဘုံဝံပုလွေက ထပ်တလဲလဲ စူးစူးဝါးဝါး အော်ပြောလိုက်၏။
သိုင်းတာအိုပင်မခန္ဓာ၏ မီးတောက်များက အနည်းငယ်လျော့ကျသွားသော်လည်း ပျက်ပြယ်မသွားပေ။
ကောင်းကင်ဘုံဝံပုလွေက အလောတကြီးပြောလိုက်၏။
“အရင်တုန်းက ဗုဒ္ဓကျောင်းတော်တွေမှာ အန္တိမပညာရှင်တစ်ဦး မွေးဖွားပေါ်ထွက်လာခဲ့တယ်... ဆိုးယုတ်နတ်ဆိုးတွေအများကြီးကို ဖိနှိမ်ဖို့အတွက် အဲ့ဒီပညာရှင်က သူ့ရဲ့အသားကို ငရဲဘုံတစ်ခုအဖြစ် သန့်စင်ခဲ့တယ်”
“အဲ့ဒီငရဲဘုံကိုဖိနှိမ်ဖို့အတွက် အဲ့ဒီပညာရှင်က မကြုံစဖူး အံ့မခန်း အန္တိမလက်နက်တစ်ခုကို ဖန်တီးခဲ့တယ်... အဲ့ဒီမီးဖိုထဲမှာ ဗုဒ္ဓကျောင်းတော်တွေရဲ့ တဗူးဂမ္ဘီရကျင့်စဥ် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ရှိတယ်... မီးဖိုရဲ့ နံရံလေးဖက်ကို အထွတ်အမြတ်တောကောင်လေးကောင်ရဲ့ ဝိညာဥ်တွေနဲ့ပေါင်းစည်းထားပြီးတော့ ငရဲဖိနှိမ်မီးဖိုရဲ့စွမ်းအားကို သိသိသာသာတိုးလာစေခဲ့တယ်”
“သူ့ရဲတာအိုဘွဲ့က အနန္တပဲ”
“သူ့ကို တစ်လောကလုံးက အနန္တမဟာဧကရာဇ် ဆိုပြီး သိထားခဲ့ကြတယ်”