အခန်း (၁၈၁)
Vol. 13 Ch. 181
မုန့်ချင်းရွှယ်က ကျန်းချန်၏ နေရာတွင် ထိုင်နေသည့် တန်ဟောင်ချမ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
သူမ၏ လှပသော မျက်ဝန်းထဲတွင် သနားကရုဏာသက်သော အရိပ်အယောင်များ ပေါ်လာခဲ့၏။
ဤတစ်ခေါက်တွင် တန်ဟောင်ချမ်သည် ကျန်းချန်၏ လှည့်ကွက်ထဲ၌ အမှန်တကယ် မိသွားလိမ့်မည်ကို သူမ စိုးရိမ်မိသည်။
မုန့်ချင်းရွှယ် သိထားသော အချက်အလက်အရ ပဉ္စမအဆင့် အဂ္ဂိရတ်သခင် ဖန်းယုံနျန်သည် ဒေါသထွက်လွယ်ရုံတင်မကဘဲ စိတ်မြန်လက်မြန် ရှိသူ ဖြစ်သည်။
ဖန်းယုံနျန်၏ စိတ်နေစိတ်ထားအရ ရောက်လာသည်နှင့်တိုက်ရိုက် အရေးယူလောက်သည်ဟု ခန့်မှန်းရ၏။
ဖန်းယုံနျန်က ပဉ္စမအဆင့် အဂ္ဂိရတ်သခင် ဖြစ်သော်လည်း သူ၏ ခွန်အားက အားမနည်းပေ။
သူက သဘာဝစွမ်းအားဖွင့်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
ထို့ကြောင့် တန်ဟောင်ချန် အနေဖြင့် ဖန်းယုံနျန်ရှေ့တွင် အရိုက်ခံရရုံသာ ရှိ၏။
ဤနောက်ပိုင်းတွင် ကျန်းချန်က ဖန်းယုံနျန်နှင့် ရင်ဆိုင်ရနိုင်သော်လည်း မုန့်ချင်းရွှယ်သည် လုံးဝ စိတ်ပူပန်ခြင်း မရှိခဲ့ပေ။
ပဉ္စမအဆင့် အဂ္ဂိရတ်သခင်။
ယင်းက တကယ်ကို ထူးခြားသည့် အဆင့်အတန်း တစ်ခုဖြစ်ပြီး သူတို့ မုန့်မိသားစုပင် အနည်းငယ် မျက်နှာသာ ပေးရမည့် အဆင့်တွင် ရှိသည်။
သို့သော် ဤကဲ့သို့ ဂုဏ်သတင်းသည် ကျန်းချန်ရှေ့တွင် မပြောပလောက်ပေ။
တခြားလူများက ကျန်းချန်၏ ခွန်အားကို ရှင်းရှင်းလင်းလင်း မသိနိုင်သော်လည်း သူမကမူ ကျန်းချန် မည်မျှ နတ်ဆိုးဆန်သည်ကို ဘယ်သူ့ထက်မဆို ပိုသိထား၏။
လင်ယွင်ကျောင်းတော်တွင် ရှိစဥ်ကပင် ကျန်းချန်သည် သူမအတွက် ပဉ္စမအဆင့် ဒဏ္ဍာရီလာ ရွှယ်ယန်ဆေးလုံးကို သန့်စင်ပေးခဲ့သည်။
ထို့အပြင် အဂ္ဂိရတ်ပညာရပ်တွင် ကျန်းချန်၏ စွမ်းဆောင်ရည်သည် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် ယန်ချင်းရွှယ်ကိုပင် တုန်လှုပ်သွားစေခဲ့၏။
သို့ဖြစ်ရာ သာမန် ပဉ္စမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်က ကျန်းချန်ကို မည်ကဲ့သို့ ခြိမ်းခြောက်နိုင်ပါအံ့နည်း။
ကျန်းချန်နှင့် မုန့်ချင်းရွှယ်တို့ တီးတိုးပြောဆိုနေစဥ် တန်ဟောင်ချမ်သည် ကျန်းချန်၏နေရာ၌ မောက်မာသော မျက်နှာထားဖြင့် ထိုင်နေခဲ့သည်။
ကျန်းချန်က ဤမျှလောက်အထိ အောက်ကျခံပြီး သူ့ကို နေရာ တိုက်ရိုက်ပေးလိမ့်မည်ဟု တန်ဟောင်ချမ် မထင်ခဲ့ပေ။
သို့သော် ထိုသို့ လိုက်လျောခဲ့သော်လည်း တန်ဟောင်ချမ်သည် ကျန်းချန်ကို လွှတ်ပေးဖို့ ရည်ရွယ်ချက် မရှိခဲ့ချေ။
ဤသည်က တတိယမင်းသား၏ အိမ်တော်ဖြစ်နေ၍ သူက ရိုင်းရိုင်းစိုင်းစိုင်းတော့ မလုပ်ရဲပေ။
ထို့ကြောင့် ပွဲပြီးဆုံး၍ တတိယမင်းသား၏ အိမ်တော်တံခါးဝကနေ ကျန်းချန် ထွက်သောအချိန်၌ သင်ခန်းစာပေးမည်ဟု သူ တွေးထားခဲ့သည်။
သူတို့ တန်မိသားစုနှင့် ပြဿနာ ဖြစ်လျှင် မည်မျှအထိ ဆိုးရွားမှုနှင့် ကြုံတွေ့ရနိုင်သည်ကို ကျန်းချန် သိအောင် လုပ်ရပေမည်။
ဧည့်ခံပွဲတွင် ဖြစ်ပျက်ခဲ့သည့် အပြောင်းအလဲများနှင့် ပတ်သက်ပြီး ရှားရွှယ်သည် အနည်းငယ် မှင်တက်နေခဲ့သည်။
သူ၏ ကိုယ်ပိုင် အစီအစဉ်အရ သူက ဧည့်ခံပွဲတွင် ပါရမီရှင်များကို စည်းရုံးကာ အိမ်ရှေ့စံရာထူး အတွက် တိုက်ပွဲဝင်ရာတွင် ထောက်ခံမှုကို ပိုမို ရရှိရန် မျှော်လင့်နေခဲ့၏။
"ဆရာ... သူ ကျွန်တော့်ကို ရိုက်တယ်"
တတိယမင်းသား ရှားရွှယ်သည် ဧည့်ခံပွဲတွင် လူငယ် ပါရမီရှင်များကို စည်းရုံးရန် အကောင်းဆုံး ကြိုးစားနေစဥ်မှာပင်
ခန်းမထဲကို ခါးသီးသော အသံတစ်သံက ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
မကြာခင်မှာပင် အစောပိုင်းက ထွက်သွားခဲ့သည့် ယန်ဖျင်သည် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို တစ်ယောက်နှင့်အတူ ပြန်ရောက်လာသည်ကို လူတိုင်းက တွေ့လိုက်ရသည်။
ယန်ဖျင်က လက်ညှိုးဖြင့် ဘယ်ဘက်အစွန်ဆုံး နေရာကို မဆိုင်းမတွ ညွှန်ပြလိုက်၏။
"ဟမ့်.. ကောင်စုတ်လေး.. မင်းက အတော်လေး အတင့်ရဲနေပါလား.. ငါတပည့်ကိုတောင် ရိုက်ရဲမှတော့ သေဖို့သာ ပြင်ထားပေတော့"
အနက်ရောင်ဝတ်စုံနှင့် အဘိုးအိုက အေးစက်စွာ နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
သူက ချက်ချင်းဆိုသလို တန်ဟောင်ချန်၏ ဘေးတွင် ပေါ်လာ၏။
တန်ဟောင်ချမ် ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် အဘိုးအိုသည် တန်ဟောင်ချန်၏ ပခုံးကို ဆုပ်ကိုင်ကာ အဝေးသို့ ပြင်းထန်စွာ လွှင့်ပစ်လိုက်သည်။
"ဝုန်း"
ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
တန်ဟောင်ချန်၏ ခန္ဓာကိုယ်က မီတာအနည်းငယ် အကွာရှိ စားပွဲပေါ်သို့ လွင့်စင်သွားခဲ့၍ စားပွဲပေါ်ရှိ ဟင်းများဖြင့် ပေပွသွားခဲ့သည်။
ထို့အပြင် အဘိုးအို၏ အားအရှိန်ကြောင့် အရိုးများလည်း ကျိုးကြေသွားခဲ့သည်။
ထိုအချိန်တွင် တန်ဟောင်ချမ်သည် သွေးအန်ချင်လောက်အောင် စိတ်ဓာတ်ကျနေခဲ့၏။
သူ့လို ဂုဏ်သိက္ခာကြီးမားသော တန်မိသားစု၏ တတိယသခင်လေးက ရုတ်တရက် ဘုမသိဘမသိ အရိုက်ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထို့အပြင် သူ့ကို ရိုက်နှက်သော လူ၏ ခွန်အားသည် အတော်ပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့၏။
သူ၏ မူလဘူတ အဆင့်၆စွမ်းအားဖြင့်ပင် လုံးဝ ခုခံနိုင်စွမ်း မရှိသလောက်ပင်။
"ဟားဟား... ကောင်စုတ်လေး.. မင်းက အခုလေးတင် မောက်မာနေတာ မဟုတ်ဘူးလား.. သတ္တိရှိရင် ငါ့ကို ထပ်ပြီး မောက်မာပြစမ်းပါ"
သူ့ဆရာက ထိုနေရာတွင် ထိုင်နေသောလူကို သင်ခန်းစာပေးကာ ရိုက်နှက်လိုက်သည်ကို မြင်လျှင် ယန်ဖျင်သည် စိတ်ကျေနပ်စွာဖြင့် အူမြူးကာ ပြောလိုက်သည်။
အခန်း(၁၈၁) ပြီး၏