အခန်း (၁၈၂)
Vol. 13 Ch. 182
"ကောင်လေး.. မင်းဦးနှောက်ပျက်နေတာလား"
"ငါ တန်ဟောင်ချမ်က မင်းနဲ့ ဘာရန်ငြိုးမှ မရှိဘူး.. ဘာလို့ ငါ့ကို လူခေါ်လာပြီး ရိုက်နှက်ခိုင်းရတာလဲ"
တန်ဟောင်ချမ်၏ မျက်လုံးတွင် ဒေါသရိပ်များဖြင့် ပြည့်နှက်နေခဲ့သည်။
သူက တန်မိသားစု၏ တတိယသခင်လေးနှင့် ယန်ဟွမ်ကျောင်းတော်၏ စစ်မှန်သော ပါရမီရှင် ဖြစ်၏။
တွေးကြည့်လျှင် သူကသာ တခြားသူများကို အနိုင်ကျင့်သည့်သူ ဖြစ်ခဲ့သည်။
သို့သော် ဤတစ်ခေါက်တွင်မူ သူစိမ်းတစ်ယောက်၏ ရိုက်နှက်ခြင်းကို နားမလည်နိုင်စွာ ခံလိုက်ရ၏။
သူ့ဆရာ ရိုက်နှက်လိုက်သောသူ၏ စကားကို ကြားလျှင် ယန်ဖျင် မှင်တက်သွားခဲ့သည်။
သူက တန်မိသားစု၏ တတိယသခင်လေး တန်ဟောင်ချမ်၏ နာမည်ကို ကောင်းစွာ ကြားဖူး၏။
သို့ဆိုလျှင် ရိုက်နှက်ခံရသည့်လူသည် အစောပိုင်းက သူ့ကို ရိုက်နှက်ခဲ့သည့်လူ မဟုတ်ပုံရသည်။
ထိုလူ၏ နေရာတွင် တန်မိသားစု၏ တတိယသခင်လေး တန်ဟောင်ချမ်က မည်သည့်အချိန်က အစားထိုးသွားပါသနည်း။
ယန်ဖျင်က သတိပြန်ဝင်လာပြီး မြေပြင်ပေါ် လဲကျနေသည့်သူကို အလျင်အမြန် အကဲခတ်လိုက်သည်။
ထိုအခါမှ သူ့ဆရာ ရိုက်နှက်ခဲ့သောလူမှာ အစောပိုင်းက သူ့ကို ရိုက်နှက်ခဲ့သည့်လူ မဟုတ်မှန်း ယန်ဖျင် သေချာသွားခဲ့၏။
ယန်ဖျင်က မယုံနိုင်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။
"မင်း.. မင်းက တကယ်ပဲ တန်မိသားစုရဲ့ တတိယသခင်လေး တန်ဟောင်ချမ်လား"
"..........."
ထိုမေးခွန်းကြောင့် တန်ဟောင်ချမ်သည် သွေးအန်ချင်စိတ်ပင် ချက်ချင်း ဖြစ်ပေါ်လာသည်။
"မေဘေး.. မင်းက ငါ့ကိုတောင် မသိဘူး.. ဒါတောင် လူခေါ်ပြီး ငါ့ကို ရိုက်နှက်ခဲ့တယ်.. မင်းက ဘာကောင်လဲ"
တန်ဟောင်ချမ်က ယန်ဖျင်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
သူ့မျက်လုံးများတွင် မီးလျှံများ ပေါက်ကွဲလုနီးပါး ဖြစ်နေသည်။
"မေဘေး.. မင်းက ငါတန်ဟောင်ချမ်ကို အနိုင်ကျင့်လို့ရမယ်များ ထင်နေတာလား"
"ယန်လေး.. ဘာတွေဖြစ်နေတာလဲ"
သူ့ရှေ့မှ မြင်ကွင်းကို မြင်လျှင် ဖန်းယုံနျန်၏ မျက်နှာသည် ချက်ချင်းပင် မှောင်မိုက်သွားခဲ့သည်။
ဤအခြေအနေကို ကြည့်လျှင် တန်မိသားစု၏ တတိယသခင်လေး တန်ဟောင်ချမ်သည် ယန်ဖျင်နှင့် ရန်ဖြစ်ခဲ့သည့်လူ မဟုတ်သည်မှာ ထင်ရှားနေသည်။
သို့သော်လည်း သူက မဆင်မခြင် ရိုက်နှက်မိခဲ့သည်။
စင်စစ် တန်မိသားစုသည် မဟာရှားနိုင်ငံ၏ ထင်ရှားသော အဂ္ဂိရတ်မိသားစု ဖြစ်ပြီး သူပင် အလွယ်တကူ မစော်ကားရဲပေ။
"ဆရာ.. ဘာတွေ ဖြစ်ပျက်သွားလဲ ဆိုတာ ကျွန်တော် မသိဘူး.. အစောပိုင်းက ကျွန်တော့်ကို ရိုက်နှက်ခဲ့တဲ့လူက ဒီနေရာမှာ ထိုင်နေတာပဲ.. ရုတ်တရက်ကြီး တန်မိသားစုရဲ့တတိယသခင်လေးက အဲဒီလူရဲ့ထိုင်ခုံမှာ ထိုင်နေခဲ့တယ်...ဘာတွေ ဖြစ်ပျက်သွားလဲ ဆိုတာ ကျွန်တော် တကယ် နားမလည်တော့ဘူး"
ယန်ဖျင်က ဝမ်းနည်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။
ယန်ဖျင်၏ စကားကို ကြားပြီးနောက်တွင် ခန်းမထဲရှိ လူအတော်များများက သူတို့၏ နဖူးမှ ချွေးစေးများကို တိတ်တဆိတ် သုတ်လိုက်ကြသည်။
ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ အကြည့်တွင် ကြောက်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
"ဒီကောင်လေးက အတော်ကြောက်ဖို့ကောင်းတာပဲ"
"တန်ဟောင်ချမ်ကို နေရာဖယ်ပေးလိုက်တာက တန်ဟောင်ချမ်ကို ကြောက်လို့မဟုတ်ဘဲ သူ့ရဲ့ပြောင်မြောက်တဲ့ ထောင်ချောက် ဖြစ်နေခဲ့တယ်"
ဤအချိန်တွင် တန်ဟောင်ချမ်သည် အစောပိုင်းက ကျန်းချန် သူ့ကို နေရာဖယ်ပေးရသည့် အကြောင်းအရင်းကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
ကျန်းချန်သည် သူ့ရှေ့မှ ကောင်လေးကို စော်ကားထားခဲ့ပြီး ထိုကောင်လေးက လက်လျှော့မည် မဟုတ်မှန်း တွက်ဆထားပုံရ၏။
ထို့ကြောင့် သူက ထိုင်ခုံနေရာအတွက် တိုက်ခိုက်နေသည့် အချိန်တွင် ကျန်းချန်သည် အခြေအနေကို အသုံးချပြီး သူ့ကို နေရာဖယ်ပေးခဲ့ခြင်းပင်။
အဆုံးသတ်တွင် သူ့ရှေ့မှ အရူးကောင်သည် သူ့ကို ကျန်းချန်ဟု ယူဆပြီး လူခေါ်ကာ ရိုက်နှက်ခိုင်းခဲ့သည်။
တန်မိသားစု၏ တတိယသခင်လေး အနေဖြင့် ကျန်းချန် ဆင်ခဲ့သည့် ထောင်ချောက်ထဲကို အရူးအမူး ခုန်ဆင်းသွားမိသည်ကို တွေးမိလျှင် တန်ဟောင်ချမ်သည် သွေးအန်ချင်လောက်အောင်ပင် စိတ်ဓာတ်ကျသွားခဲ့၏။
အဆိုးဆုံး အချက်မှာ သူမည်မျှပင် ဒေါသထွက်နေပါစေ၊ သူ့ကို ရိုက်နှက်ခဲ့သည့် လူကို လက်စားချေဖို့ မဖြစ်နိုင်ခြင်း ဖြစ်သည်။
အကြောင်းရင်းမှာ သူ့ကို ရိုက်နှက်ခဲ့သည့်လူသည် နာမည်ကျော် ပဉ္စမအဆင့် အဂ္ဂိရတ်သခင် ဖန်းယုံနျန် ဖြစ်သောကြောင့်ပင်။
သူတို့ တန်မိသားစုက ထိပ်တန်း မိသားစုကြီး ဖြစ်သော်လည်း ပဉ္စမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်ကို အလွယ်တကူ မစော်ကားနိုင်ကြပေ။
ဖန်းယုံနျန်ကို လက်စားမချေနိုင်၍ တန်ဟောင်ချန်သည် သူ၏ဒေါသကို ကျန်းချန်ပေါ်သို့ ပုံချလိုက်သည်။
သူက ကျန်းချန်ကို စိုက်ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။
"ကျန်းချန်.. မင်း... မင်းက ငါ့ကို လှည့်စားရဲတယ်"
အခန်း(၁၈၂) ပြီး၏