← Chapters

အခန်း (၁၈၃)

Vol. 13 Ch. 183

အခန်း (၁၈၃)

Vol. 13 Ch. 183

"တန်ဟောင်ချမ်.. မင်းသဘောကျ နေရာဖယ်ပေးခဲ့တာကို သောက်အဓိပ္ပာယ်မဲ့တာတွေ လာမပြောနဲ့.. ငါက မင်းကို ဘယ်မှာလှည့်စားခဲ့လို့ပဲ"

"ငါ့ဘာသာ ထိုင်နေတာကို မင်းက နေရာ အတင်းလာလုနေတာလေ.. ဒါကြောင့် ငါက မင်းရဲ့ တန်မိသားစုရဲ့တတိယသခင်လေးဆိုတဲ့ မျက်နှာနဲ့ နေရာ ဖယ်ပေးလိုက်တာပဲ"

ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

"ဒါကို မင်းကိုယ်တိုင် တောင်းဆိုခဲ့တာ အားလုံးမျက်မြင်ပဲ.. မင်းမှာ ငါ့ကို အပြစ်တင်ပိုင်ခွင့် မရှိဘူး"

တန်ဟောင်ချမ်နှင့် ကျန်းချန်တို့၏ ပြောစကားများကို ကြားလျှင် ဖန်းယုံနျန်သည် ချက်ချင်းပင် နားလည်သွားခဲ့သည်။

ကျန်းချန်ဟု ခေါ်သည့် ဤကောင်လေးကသာ သူ့တပည့်ကို ရိုက်နှက်ခဲ့သည့်လူ ဖြစ်နိုင်၏။

ထိုကောင်လေးသည် အလွန်ပင် လိမ္မာပါးနပ်စွာဖြင့် သူ၏ နေရာကို တန်ဟောင်ချမ်ထံ ပေးလိုက်သည်။

ထို့ကြောင့် သူက မဆင်မခြင် လုပ်မိကာ လူမှားရိုက်နှက်မိခဲ့ခြင်းပင်။

ဖန်းယုံနျန်၏ အိုမင်းသည့် မျက်လုံးများတွင် ရုတ်တရက် ထက်မြက်သော အေးစက်စက် အလင်းရောင်များ ဖြစ်ပေါ်လာသည်။

သူက တန်ဟောင်ချမ်ကို လျစ်လျူရှုလိုက်ပြီး ကျန်းချန်ကို အေးစက်စက် အော်ဟစ်လိုက်သည်။

"ကောင်လေး.. မင်းက အတော်အတင့်ရဲတာပဲ.. ငါ့ကိုပါ လှည့်ကွက်ထဲထည့်ပြီး ကစားရဲတယ်"

သူ့လို ဂုဏ်သရေရှိ ပဉ္စမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်သည် လူအများ လေးစားရသည့် အဆင့်အတန်းတွင်ရှိသော်လည်း တစ်ဖက်မှလူငယ်၏ လှည့်ကွက်ထဲသို့ ကျရောက်သွားပြီး တန်မိသားစု၏ တတိယသခင်လေးကို မှားယွင်း၍ ရိုက်နှက်မိခဲ့ရာ သူမည်သို့ ဒေါသမထွက်ဘဲ နေပါမည်နည်း။

"သွားပြီ.. ကျန်းချန်းဆိုတဲ့ကောင်လေးတော့ ဒုက္ခ အကြီးအကျယ် ရောက်တော့မယ်"

"ဟုတ်ပါ့ကွာ.. သူက တန်ဟောင်ချမ်ကို ရိုက်နှက်ဖို့ ဆရာဖန်းရဲ့ လက်တွေကို ဌားသုံးခဲ့ပေမဲ့ ဒါက ဆရာဖန်းကို စော်ကားလိုက်တာနဲ့ အတူတူပဲ"

"ဒီကောင်လေးက ပဉ္စမအဆင့် အဂ္ဂိရတ်သခင်ကိုပါ ကစားရဲတယ်.. အတော် သတ္တိကောင်းတာပဲ"

ဖန်းယုံနျန် စိတ်ဆိုးနေသည်ကို မြင်လျှင် ခန်းမထဲရှိ လူအတော်များများသည် ခေါင်းတခါခါ ဖြစ်သွားကြသည်။

ပဉ္စမအဆင့် အဂ္ဂိရတ်သခင်ကို စော်ကားမိသောကြောင့် ဤကောင်လေးသည် မသေလျှင်ပင် အရေခွံ ဆုတ်ခံရလိမ့်မည် ဖြစ်၏။

ဖန်းယုံနျန် ဘေးရှိ ယန်ဖျင်သည် ဤအ​ခြေအနေတွင် ပြုံးရယ်နေခဲ့သည်။

ဒီကောင်က တန်ဟောင်ချမ်ကို ထောင်ချောက်ဆင်ဖို့ သူ့ဆရာကိုပါ လှည့်စားခဲ့သည်။

ယင်းက သေမင်းကို ဖိတ်ခေါ်သည်နှင့် မခြားပေ။

ဖန်းယုံနျန်က ကျန်းချန်းကို တိုက်ရိုက် လက်ညှိုးထိုးသည်ကို မြင်လျှင် တတိယမင်းသား ရှားရွှယ်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက မဆိုင်းမတွပင် ထရပ်ကာ ပြောလိုက်သည်။

"ဆရာဖန်း...ဒီကိစ္စက တကယ်တော့ အထင်လွဲမှားမှုတစ်ခုပါ.. ငါ မျှော်လင့်တာက.."

သို့သော် ရှားရွှယ်၏ စကားမဆုံးခင်မှာပင် ဖန်းယုံနျန်သည် စကားကို ဖြတ်ပြောလိုက်သည်။

"တတိယမင်းသား.. မင်းဖျောင်းဖြလည်းအပိုပဲ... ဒီနေ့ ဘယ်သူပဲ ဝင်ရောက်ပြောဆိုပါစေ...အသုံးဝင်မှာ မဟုတ်ဘူး"

"ဒီကောင်လေးက ငါ့ကို ဒီလိုမျိုး လှည့်စားရဲမှတော့ ငါ သူ့ကို အလွှတ်မပေးနိုင်ဘူး"

ဖန်းယုံနျန်က အေးစက်စက် ရေရွတ်လိုက်သည်။

ချက်ချင်းပင် သူ့လက်ဖဝါးကို လှုပ်ရှားလိုက်ရာ သဘာဝစွမ်းအားဖွင့်ခြင်း အဆင့်၏ စွမ်းအားက ထွက်ပေါ်လာခဲ့သည်။

ထိုစွမ်းအားသည် ချက်ချင်းပင် ပုံရိပ်ယောင် လက်ဝါးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျန်းချန်၏ ဦးခေါင်းကို တိုက်ခိုက်လိုက်၏။

"ဆရာဖန်း.. အမြန် ရပ်လိုက်ပါ.. သူ့ကို သတ်လို့မဖြစ်ဘူး"

မျက်စိရှေ့မှ မြင်ကွင်းကြောင့် တတိယမင်းသား ရှားရွှယ်၏ မျက်နှာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

ကျန်းချန်က လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အမြင့်မြတ်ဆုံး ရွှေတံဆိပ်ပြားကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူ၏ အဆင့်အတန်းသည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အကြီးအကဲနှင့် မခြားပေ။

ကျန်းချန်သာ သူ၏ အိမ်တော်တွင် တစ်ခုခုဖြစ်ခဲ့လျှင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ဒေါသနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။

ယင်းက သူ့အတွက် အလွန်ကြီးမားသည့် ထိုးနှက်ချက် ဖြစ်လာမည်မှာ သေချာ၏။

ဖန်းယုံနျန်က ရှားရွှယ်၏ အော်ဟစ်သံကို လျစ်လျူရှုထားလိုက်သည်။

ဤကောင်လေးသည် သူကဲ့သို့ ပဉ္စမအဆင့် အဂ္ဂိရတ်သခင်ကိုပင် အထာမထားဘဲ ကစားခဲ့၏။

ထို့ကြောင့် သင်ခန်းစာ နည်းနည်းပါးပါး မပေးလျှင် နောင်အခါ၌ အင်ပါယာ မြို့တော်တွင် အဘယ်ကဲ့သို့ ရပ်တည်နိုင်ပါမည်နည်း။

ဖန်းယုံနျန်က ကျန်းချန်ကို တိုက်ခိုက်လိုက်သည့် တိုက်ကွက်ကိုမြင်လျှင် ခန်းမထဲရှိ လူတိုင်းသည် ကျန်းချန်၏ အဖြစ်ဆိုးကို မကြည့်ရက်သဖြင့် မျက်လုံးများ ကြိုတင်၍ မှိတ်ထားခဲ့သည်။

သူတို့အားလုံးနီးပါးသည် နောက်ထပ် ဘာဆက်ဖြစ်မလဲဆိုသည်ကို ခန့်မှန်းနိုင်ကြ၏။

သဘာဝစွမ်းအားဖွင့်ခြင်း အဆင့်ကျင့်ကြံသူ၏ လက်ဝါးရိုက်ချက်နှင့် ရင်ဆိုင်ရလျှင် ကျန်းချန်း သေမှာ သေချာသလောက်ပင်။

လူတိုင်းက ကျန်းချန်ကို သေပြီဟု ထင်နေသော အချိန်မှာပင် ကျန်းချန်သည် မုန့်ချင်းရွှယ်ကို လက်ဆွဲ၍ တစ္ဆေလိုမြန်ဆန်သော အရှိန်အဟုန်ဖြင့် နေရာမှာတင် ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ်တစ်ခဏတွင် သူ၏ ခပ်ထေ့ထေ့ အသံသည် ဖန်းယုံနျန် အနောက်ကနေ ထွက်ပေါ်လာသည်။

"အဘိုးကြီး.. မင်းကို လှည့်စားဖို့ ငါအားယားမနေဘူး.. မင်းကိုယ်တိုင် လူမှားရိုက်တာ.. ငါနဲ့ ဘာဆိုင်လို့လဲ"

အခန်း(၁၈၃) ပြီး၏

All Chapters