အခန်း (၁၈၄)
Vol. 13 Ch. 184
ဖန်းယုံနျန်၏ နောက်ကနေ ရုတ်တရက် ခပ်ထေ့ထေ့ အသံတစ်သံ ထွက်ပေါ်လာရာ ခန်းမထဲရှိ လူတိုင်းသည် ခဏမျှ အံ့အားသင့်သွားကြသည်။
သူတို့၏ အကြည့်များ အားလုံးသည် ဖန်းယုံနျန်၏ နောက်ကျောသို့ ရောက်ရှိသွားကြ၏။
ကျန်းချန်က မုန့်ချင်းရွှယ်နှင့် အတူ ထိုနေရာတွင် အမှန် တကယ် ပေါ်လာသည်ကို လူတိုင်း အံ့အားသင့်စွာ တွေ့ရှိခဲ့ကြသည်။
ခန်းမထဲရှိ လူတိုင်းသည် အလွန်အမင်း အံ့အားသင့် တုန်လှုပ်နေကြ၏။
ကျန်းချန်ဟုခေါ်သည့် လူငယ်လေးသည် လူတစ်ယောက်ကို လက်ဆွဲရင်းဖြင့် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်မှ ကျင့်ကြံသူ၏ အားကောင်းသော ထိုးနှက်ချက်ကို အလွယ်တကူ ရှောင်ရှားနိုင်ခဲ့သည်။
"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ဖန်းယုံနျန်က ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး သူ့နောက်ရှိ ကျန်းချန်းကို ကြည့်လိုက်သည်။
သူ၏ မျက်လုံးအကြည့်များသည် ရုတ်တရက် လေးနက်သွားခဲ့၏။
"ကောင်လေး.. မင်းမှာ အရည်အချင်း နည်းနည်းပါးပါး ရှိမယ်လို့ ငါမမျှော်လင့်ထားဘူး.. ဒါကြောင့်လည်း ဒီနေရာမှာ အတင့်ရဲနေတာကိုး"
ဖန်းယုံနျန်က ကျန်းချန်းကို စူးစိုက်၍ ကြည့်လိုက်သည်။
"မင်းက အရမ်းအားကောင်းတဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် နည်းစနစ်ကို အသုံးပြုခဲ့တဲ့ပုံပဲ.. ငါမှန်းဆတာ မမှားရင် မင်းရဲ့ နည်းစနစ်က အခုဆိုရင် နက်နဲမှု အဆင့်ရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်နေလောက်ပြီ"
"ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နည်းစနစ်လား"
ဖန်းယုံနျန် ထိုသို့ပြောလိုက်သည့်အခါ ခန်းမထဲရှိ လူတိုင်းသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။
"တကယ်ပဲ.. ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် နည်းစနစ်သာဆိုရင် မဟာရှားနိုင်ငံ တစ်ခုလုံးမှာတောင် ရှားပါးတဲ့ နည်းစနစ် တစ်ခုပဲ"
"ဆရာဖန်းရဲ့ ထိုးနှက်ချက်ကနေ သူအစောပိုင်းက လွတ်မြောက်သွားတာ မဆန်းတော့ဘူး"
"ဒီကောင်လေးက တကယ်ကို အံ့သြစရာကောင်းတယ်.. ရုပ်ပိုင်းဆိုင်ရာ နည်းစနစ်ကိုတောင် လေ့ကျင့်ထားမယ်လို့ မထင်ထားမိဘူး"
ကျန်းချန်းက ပတ်ဝန်းကျင်မှ လူတိုင်း၏ ချီးကျူးသံများကို လျစ်လျူရှုလိုက်သည်။
သူက ဖန်းယုံနျန်ကို မထီတရီ ကြည့်လိုက်သည်။
"အဘိုးကြီး.. မင်းက အတော်လေး ဗဟုသုတ ကြွယ်ဝတာပဲ... တစ်ချက်ကြည့်ရုံနဲ့ ရုပ်ပိုင်းဆိုင်ရာ နည်းစနစ်မှန်း မြင်နိုင်တယ်"
"ဟမ့်.. မင်းမှာ ဒီလို ရုပ်ပိုင်းဆိုင်ရာ စွမ်းရည် ရှိနေရင်တောင် အသုံးဝင်မယ်လို့ မထင်နဲ့"
ဖန်းယုံနျန်က အေးစက်စက် ရေရွတ်လိုက်ပြီး သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်၏ စွမ်းအားကို အကုန်အစင် ထုတ်လွှတ်လိုက်သည်။
ဤကောင်လေးက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နည်းစနစ်ကို တတ်မြောက်ထားတော့ရော၊ ဘာတတ်နိုင်ပါမည်နည်း။
နယ်ပယ်အဆင့်ချင်း ကွာခြားမှုရှိနေသ၍ မည်မျှပင်အားကောင်းသော ကိုယ်ခံပညာပင် ဖြစ်လင့်ကစား အသုံးဝင်မည် မဟုတ်ပေ။
"အဘိုးကြီး.. မင်းက သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်က ကျင့်ကြံသူဖြစ်ပြီး ငါ့လို မူလဘူတ အဆင့်၁ပဲ ရှိသေးတဲ့ လူငယ်တစ်ယောက်ကို ကိုင်တွယ်ဖို့ မင်းရဲ့ခွန်အားကို အကုန်အစင် အသုံးပြုခဲ့တယ်.. မင်းကိုယ့်ကိုယ်ကိုယ် မရှက်မိဘူးလား"
ကျန်းချန်၏ မျက်လုံးများက အေးစက်နေသည်။
သူက တည်နေရာ ရွှေ့ပြောင်းသကဲ့သို့ ချက်ချင်းပင် တည်နေရာ ရွှေ့လိုက်ပြီး ဖန်းယုံနျန်၏ ဝေးရာသို့ မုန့်ချင်းရွှယ်ကိုပါ ဆွဲခေါ်သွားခဲ့၏။
တစ်ချိန်တည်းမှာပင် သူ၏ မောက်မာသော အသံသည် လူတိုင်း၏ နားထဲကို ပဲ့တင်ထပ်သွားခဲ့သည်။
"အဘိုးကြီး.. အဂ္ဂိရတ်သခင်တွေအနေနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဘာလို့ အင်အားသုံးချင်ရတာလဲ"
"မင်းက ပဉ္စမအဆင့် အဂ္ဂိရတ်သခင် မဟုတ်လား.. ငါမင်းနဲ့ အဂ္ဂိရတ် အကြောင်း ဆွေးနွေးချင်တယ်"
"မင်းလို ပဉ္စမအဆင့် အဂ္ဂိရတ်သခင်က ဘယ်လောက် အားကောင်းလဲဆိုတာ ငါကြည့်ချင်တယ်"
ကျန်းချန်၏ စိန်ခေါ်စကားသည် ခန်းမကို နောက်တစ်ကြိမ် တိတ်ဆိတ်သွားစေခဲ့သည်။
လူတိုင်း၏ မျက်လုံးများသည် ကျန်းချန်းဆီသို့ ကျရောက်သွားပြီး မယုံနိုင်လောက်အောင် တုန်လှုပ်သော အမူအရာများကို ဖော်ထုတ်လိုက်ကြ၏။
"ဒီကောင်လေး... အတော်ခက်ပါလား.. ဖန်းယုံနျန်လို လူကိုတောင် စိန်ခေါ်ရဲတယ်"
ကျန်းချန်က အသက်၁၅နှစ်ဖြင့် တတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်လာ၍ အလွန်ကောင်းမွန်သည့် အဂ္ဂိရတ်ပညာ ပါရမီ ရှိသည်။
သို့သော် မည်မျှပင် နတ်ဆိုးဆန်သော အရည်အချင်းရှိနေပါစေ၊ ဖန်းယုံနျန်နှင့် ဆွေးနွေးဖို့ အရည်အချင်း ရှိရန် မဖြစ်နိုင်ပေ။
ဖန်းယုံနျန်က မည်သူနည်း။
၎င်းက မဟာရှားနိုင်ငံ၏ နာမည်ကျော် ပဉ္စမအဆင့် အဂ္ဂိရတ်သခင် ဖြစ်၏။
မဟာရှားနိုင်ငံ တစ်ခုလုံးမှာပင် ဖန်းယုံနျန်နှင့် အတူတကွ အဂ္ဂိရတ်ပညာရပ် ဆွေးနွေးဖို့ အရည်အချင်းပြည့်မီသည့်သူမှာ လက်တစ်ဖက်တည်းဖြင့်ပင် ရေတွက်၍ရသည်။
"မင်းလို တတိယအဆင့်က ပဉ္စမအဆင့်က အဂ္ဂိရတ်သခင်နဲ့ ဆွေးနွေးချင်သတဲ့လား"
ယင်းက အရိုက်ခံရရန် ကြံရွယ်နေသလိုပင် ဖြစ်နေသည်။
"ဟားဟား... ကောင်လေး.. ငါ့ဆရာနဲ့ ဆွေးနွေးရအောင် မင်းမှာ ဘာအရည်အချင်းတွေ ရှိလို့လဲ"
ကျန်းချန်၏ မောက်မာသော စကားများကို ကြားတော့ ယန်ဖျင်သည် မထီမဲ့မြင် မပြုံးဘဲ မနေနိုင်ခဲ့ပေ။
"ကျန်းချန်..မင်းက အဂ္ဂိရတ်ပညာရပ်ကို ဆွေးနွေးချင်တယ် ဆိုရင် ငါ မင်းနဲ့ ကစားပေးမယ်"
အခန်း(၁၈၄) ပြီး၏။