အခန်း (၁၈၅)
Vol. 13 Ch. 185
"မင်းလား"
ကျန်းချန်က ခေါင်းခါယမ်း၍ ပေါ့ပါးစွာ ပြောလိုက်သည်။
"မင်းက ငါနဲ့ဆွေးနွေးဖို့ မထိုက်တန်ဘူး"
"............"
ကျန်းချန်၏ မောက်မာသော စကားကို ကြားလျှင် ခန်းမထဲရှိ လူတိုင်းသည် တခဏမျှ စကားမပြောနိုင် ဖြစ်သွားကြ၏။
"မင်းက တတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်သလို ငါလည်း တတိယအဆင့် အဂ္ဂိရတ်သခင်ပဲ.. မထိုက်တန်ဘူးလို့ ငါ့ကိုပြောရအောင် မင်းမှာ ဘာအရည်အချင်းတွေ ရှိလို့လဲ"
ကျန်းချန်နှင့် မျက်နှာချင်းဆိုင်ရှိ ယန်ဖျင်သည် အဆုတ်များ ပေါက်ကွဲလုမတတ် ဒေါသထွက်နေခဲ့၏။
ယန်ဖျင်က ကျန်းချန်းကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေ ပြောနေမဲ့အစား သတ္တိရှိရင် ငါနဲ့ အဂ္ဂိရတ်ပညာချင်း လာယှဥ်စမ်းပါ"
"မင်းနဲ့ ယှဉ်ပြိုင်ဖို့ ငါစိတ်မဝင်စားဘူး"
ကျန်းချန်က မထီတရီ ပြုံး၍ ပြောလိုက်သည်။
"စိတ်မဝင်စားဘူး ဟုတ်လား"
ယန်ဖျင်က ရုတ်တရက် အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ကောင်လေး.. မင်း ငါ့ကို ကြောက်နေတာ မဟုတ်လား"
"ဟားဟား... ဖြစ်ရလေခြင်းကွာ.. မင်းက ငါ့ကိုယှဥ်နိုင်မှာမဟုတ်လို့ မပြိုင်ချင်တာပဲ.. ဒါ့အပြင် မင်းလိုမျိုး အတွေ့အကြုံ မရှိသေးတဲ့သူကို အနိုင်ကျင့်ရတာ အဓိပ္ပါယ်မရှိဘူးလို့ ငါထင်တယ်"
"မင်းဘေးက အဘိုးကြီးကိုတောင် ငါမကြောက်တာ မင်းကို ဘာလို့ ကြောက်ရမှာလဲ"
"မင်းက ငါနဲ့ ဒီလောက်တောင် ယှဉ်ချင်ရင် ငါမင်းကို အခွင့်အရေးပေးမယ်.. ငါ့ရဲ့ မေးခွန်းကို ဖြေနိုင်သရွေ့ မင်းဆန္ဒအတိုင်း ငါလုပ်ပေးမယ်"
ကျန်းချန်က ယန်ဖျင်ကို ခပ်ထေ့ထေ့ ကြည့်၍ မေးလိုက်သည်။
"ကတိတည်မြဲ အာဟာရ ဆေးလုံးကို သန့်စင်တဲ့အခါ အဂ္ဂိရတ်သခင်က ကတိတည်မြဲ အာဟာရဆေးလုံးရဲ့ အောင်မြင်မှုနှုန်းကို ဘယ်လို မြှင့်တင်နိုင်လဲဆိုတာ မင်းသိလား"
"............
ကျန်းချန်၏ မေးခွန်းကို ကြားလျှင် ယန်ဖျင်က ပါးစပ်ရွဲ့မလို့ပင် ဖြစ်သွားခဲ့သည်။
ကတိတည်မြဲ အာဟာရ ဆေးလုံး။
ဤသည်က စတုတ္ထအဆင့် အခြေခံဆေးလုံး ဖြစ်သည်။
"ငါက အခုမှတတိယအဆင့် အဂ္ဂိရတ်သခင်ပဲ ရှိသေးတယ်.. စတုတ္ထအဆင့် အဂ္ဂိရတ်သခင်ဖြစ်ဖို့က အလှမ်းကွာဝေးနေဆဲပဲ.. မင်းက စတုတ္ထအဆင့် ဆေးလုံးအကြောင်း မေးခွန်းထုတ်မှတော့ ငါက ဘယ်လိုလုပ် သိနိုင်မှာလဲ"
ယန်ဖျင်က ရုတ်တရက် ဒေါသတကြီး ပြောလိုက်သည်။
"ကျန်းချန်.. ကတိတည်မြဲ အာဟာရ ဆေးလုံးက စတုတ္ထအဆင့် ဆေးလုံးပဲ...မင်း တမင်တကာ မေးတာမဟုတ်လား"
သူက တတိယအဆင့် အဂ္ဂိရတ် သခင်ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိသော်လည်း ဤကောင်လေးသည် စတုတ္ထအဆင့် ဆေးလုံးအကြောင်း မေးခွန်း မေးခဲ့သည်။
ယင်းက တမင်တကာ အနိုင်ကျင့်ခြင်းပင် မဟုတ်ပါလော။
"မင်းရဲ့ အရည်အချင်းမရှိမှုကို ဆင်ခြေမပေးနဲ့"
"ဒီလိုမေးခွန်းနဲ့ မင်းကို အခက်တွေ့စေရအောင် ငါက အရမ်းအားယားနေတာ မဟုတ်ဘူး"
ကျန်းချန်းက မထီမဲ့မြင် ပြုံးလိုက်သည်။
"မင်းက ဒီမေးခွန်းကိုတောင် မဖြေနိုင်ဘူးဆိုရင် ငါနဲ့ အဂ္ဂိရတ် ပညာရပ်ချင်း ဆွေးနွေးဖို့ ဘယ်လိုအရည်အချင်း ရှိနိုင်မှာလဲ"
ထိုစကားကိုကြားလျှင် ယန်ဖျင်သည် မထီမဲ့မြင် အမူအရာဖြင့် မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"ငါမသိဘူးဆိုတော့ မင်းရောသိလို့လား"
အဂ္ဂိရတ်သခင်တစ်ယောက်၏ အဂ္ဂိရတ်ပညာ တိုးတက်မှုသည် ဖြည်းဖြည်းချင်းသာ တစ်ဆင့်ချင်း တိုးတက်သွားမည် ဖြစ်သည်။
ယေဘုယျအားဖြင့် စတုတ္ထအဆင့် ဆေးလုံးနှင့် ပတ်သက်သည့် အသိပညာကို စတုတ္ထအဆင့် အဂ္ဂိရတ်သခင်များနှင့် တတိယအဆင့် အဂ္ဂိရတ်သခင် အချို့မှ လွဲ၍ ကြိုတင် ထိတွေ့ကြလေ့မရှိပေ။
ယန်ဖျင်က ကျန်းချန် တစ်ယောက် ကတိတည်မြဲ အာဟာရဆေးလုံး နှင့် ပတ်သက်၍ နားလည်နိုင်မည်ဟု အမှန်တကယ် မယုံကြည်ပေ။
"ကတိတည်မြဲ အာဟာရဆေးလုံးက စတုတ္ထအဆင့် အခြေခံဆေးလုံးပဲ.. ဒီဆေးကို အဓိကအားဖြင့် ကွေယွမ်နှင်း၊ ကျစ်ကျီရွှယ်ရှ နဲ့ ပိုင်ရှားသစ်သီးတွေနဲ့ ဖွဲ့စည်းထားတယ်"
"ဒီအဓိက ဆေးသုံးမျိုးကို ၂:၁:၁ အချိုးနဲ့ အသုံးပြုရင် ကတိတည်မြဲ အာဟာရ ဆေးလုံးရဲ့ အောင်မြင်မှုရာနှုန်းကို အမြင့်ဆုံးအထိ တိုးမြှင့်ပေးနိုင်တယ်"
ကျန်းချန်းက ရေအလျင်ကဲ့သို့ ချောမွေ့စွာ ပြောဆိုပြီးနောက် နံဘေးမှာရှိသည့် ဖန်းယုံနျန်ကို ပြောလိုက်သည်။
"အဘိုးကြီး.. ငါပြောတာ မှန်မမှန် မင်းသိတယ် မဟုတ်လား"
"မင်းပြောတာ မှန်ပါတယ်"
ဖန်းယုံနျန်က ကျန်းချန်းကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။
"ကောင်လေး.. မင်းကို ငါ လျှော့တွက်မိခဲ့တယ်.. မင်းက အဂ္ဂိရတ် လမ်းစဥ်မှာ ဒီလောက်အထိ အောင်မြင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားမိဘူး"
"လခွမ်း.. ကျန်းချန်ဆိုတဲ့ကောင်က ကတိတည်မြဲအာဟာရဆေးလုံးရဲ့ အသိပညာကို တကယ်ကြီး သိနေတယ်ဟ"
"စတုတ္ထအဆင့် ဆေးလုံးရဲ့ အသိပညာကို ရထားတာမှန်ရင် ကျန်းချန်က အနည်းဆုံး စတုတ္ထအဆင့်ကို ရောက်လုနီးပါး အဂ္ဂိရတ်သခင်ပဲ"
"အသက်ဆယ့်ငါးနှစ်နဲ့ ဒီအဆင့်ထိ ရောက်နိုင်တာ အရမ်းအံ့သြစရာကောင်းတယ်"
ကျန်းချန်းက ကတိတည်မြဲ အာဟာရ ဆေးလုံး၏ အောင်မြင်မှုနှုန်းကို မြှင့်တင်ဖို့ နည်းလမ်းကို ပြောပြလိုက်သည်ကို ကြားလျှင် ခန်းမထဲရှိ လူတိုင်းသည် မျက်လုံးများ ပြူးကျယ်သွားကြသည်။
သူတို့၏ နှလုံးသားများသည် အံ့အားသင့်မှုထက်ပင် ကျော်လွန်သွားခဲ့၏။
"ဒီကောင်လေးက တကယ်ကို မွန်းစတားတွေထဲက မွန်းစတားပဲ"
အခန်း(၁၈၅) ပြီး၏