အခန်း (၁၈၇)
Vol. 13 Ch. 187
"ကျန်းချန်းက စတုတ္ထအဆင့်နဲ့ပတ်သက်တဲ့ အသိပညာတွေကို ဒီလောက်အထိ ဘာလို့ သိနေရတာလဲ"
"သူက စတုတ္ထအဆင့် အဂ္ဂိရတ်သခင်တော့ မဖြစ်နိုင်ဘူးမလား"
"လခွမ်း.. ဒီကောင်လေးက တကယ်ကို နတ်ဆိုးဆန်တဲ့သူပဲ"
ကျန်းချန်းက စတုတ္ထအဆင့်နှင့် ပတ်သက်သည့် အဂ္ဂိရတ် အသိပညာများကို ဖန်းယုံနျန်နှင့် အေးအေးဆေးဆေး ပြောနေသည်ကို မြင်လျှင် ခန်းမထဲရှိ လူတိုင်းသည် မအံ့သြဘဲ မနေနိုင်တော့ပေ။
"ကောင်းပြီလေ.. အဂ္ဂိရတ်ပညာရပ်လမ်းစဥ်မှာ မင်း ဘယ်အတိုင်းအတာအထိ ရောက်နေလဲ ဆိုတာကို ငါကြည့်ရသေးတာပေါ့"
ဖန်းယုံနျန်၏ အိုမင်းသော မျက်လုံးများက အေးစက်သွားခဲ့သည်။
"ဒုတိယမေးခွန်းက ရှားပါးပြီး တန်ဖိုးရှိတဲ့ ဝိညာဥ်နဂါးနို့ရည်ကို ဘယ်လို ဆေးလုံးတွေမှာ အသုံးပြုနိုင်လဲ"
"ရှားပါးပြီး တန်ဖိုးရှိတဲ့ ဝိညာဥ်နဂါးနို့ရည်က ပဉ္စမအဆင့် ဆေးလုံးကို သန့်စင်ရာမှာလိုအပ်တဲ့ ပစ္စည်းပဲ"
ဤတစ်ကြိမ်တွင် ဖန်းယုံနျန်သည် လုံးဝ အထာမထားဘဲ ပဉ္စမအဆင့် ဆေးလုံးနှင့် ပတ်သက်သည့် မေးခွန်းကို တိုက်ရိုက် မေးလိုက်သည်။
သူ့မေးခွန်းကို ထိုကောင်လေး ဖြေနိုင်မည်ဟု သူ မယုံကြည်ပေ။
သို့သော် ဖန်းယုံနျန်က ကျန်းချန်း ထိုမေးခွန်းကို ဖြေနိုင်မည်ဟု မယုံကြည်သည့်အချိန်မှာပင် ကျန်းချန်း၏ စကားသံသည် သူ့နားထဲတွင် ထပ်မံ ပဲ့တင်ထပ်လာ၏။
"ဝိညာဉ်နဂါးနို့ရည်က ပဥ္စမအဆင့်ရဲ့ ရှားပါးတဲ့ ပစ္စည်းဖြစ်ပြီး နဂါးသွေးပါတဲ့ ပဥ္စမအဆင့်သားရဲနဲ့ သူ့အထက်က သားရဲတွေ နေထိုင်တဲ့ နေရာတွေမှာပဲ တွေ့နိုင်တယ်လို့ ပြောကြတယ်"
"ငါသိသလောက်တော့ ဝိညာဥ်နဂါးနို့ကို ပဉ္စမအဆင့် ဆေးလုံး နှစ်မျိုးမှာအသုံးပြုနိုင်တယ်"
"ဖူတိုထျန်းရှန်နဲ့ တွဲသုံးရင် ထျန်းယွမ်ရှန် ဆေးလုံးကို ပြုလုပ်နိုင်တယ်.. ပုံရိပ်ယောင် နတ်ဆေးပင်နဲ့ တွဲသုံးရင်တော့ ပကတိပုံရိပ်ယောင် ဆေးလုံးကို ပြုလုပ်ရာမှာ အသုံးပြုနိုင်တယ်"
ကျန်းချန်၏ လုံးဝနီးပါး ပြီးပြည့်စုံသည့် အဖြေကို ကြားရလျှင် ဖန်းယုံနျန်၏ အမူအရာသည် ချက်ချင်းပင် လေးနက်သွားခဲ့သည်။
သူက သူ့ရှေ့မှ ကျန်းချန်းကို ကြည့်ရင်း သူ၏ အိုမင်းသော မျက်လုံးတွင် မယုံနိုင်လောက်အောင် တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာသည်။
ခန်းမထဲရှိ လူများသည်လည်း ထူးမခြားနားပင်။
ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ အမူအရာများသည် တုန်လှုပ်မှုကြောင့် ထုံကျင်လုနီးပါးပင် ဖြစ်နေကြ၏။
အသက် ဆယ့်ငါးနှစ်နှင့် ဆယ့်ခြောက်နှစ်ကြား လူငယ်တစ်ယောက်သည် တတိယအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ထုတ်ပြသည်ကပင် အလွန် အံ့သြစရာကောင်းနေပြီ ဖြစ်သည်။
ယခုမူ ကျန်းချန်သည် ပဉ္စမအဆင့် အဂ္ဂိရတ်သခင် ဖန်းယုံနျန်နှင့်ပင် အဂ္ဂိရတ်ပညာရပ်ကို ဆွေးနွေးနိုင်ခဲ့၏။
အံ့သြစရာ အကောင်းဆုံးအရာမှာ ပဥ္ဧမအဆင့် ဆေးလုံးနှင့်သက်ဆိုင်သည့် အသိပညာကိုပင် ပြီးပြည့်စုံစွာ ဖြေနိုင်ခဲ့ခြင်းပင်။
"အံ့သြစရာပဲ"
"ဒီကောင်လေးရဲ့ အဂ္ဂိရတ်ပါရမီက ဘာကြောင့် ဒီလောက်ထိ နတ်ဆိုးဆန်လွန်းရတာလဲ"
"လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့အကြီးအကဲ ယွဲ့ယန်ကျိုးမှာ ထူးခြားတဲ့ အမြင်ရှိတယ် ကောလာဟလတွေ ထွက်ခဲ့ပေမဲ့ အရင်က ငါမယုံကြည်ခဲ့ဘူး.. ဒါပေမဲ့ အခုတော့ မယုံကြည်လို့ မဖြစ်တော့ဘူး"
ပဉ္စမအဆင့် အဂ္ဂိရတ်သခင် ဖန်းယုံနျန်နှင့် မျက်နှာချင်းဆိုင် ဆွေးနွေးနေသည့် ကျန်းချန်း၏ အံ့သြစရာကောင်းသည့် စွမ်းဆောင်ရည်ကို အားလုံးက ကြည့်နေကြသည်။
တတိယမင်းသား ရှားရွှယ်သည် မှင်တက်နေရာကနေ အသိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရ၏။
သူက စိတ်ထဲကနေ ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။
[ကျန်းချန်ရဲ့ အဂ္ဂိရတ် ပါရမီက သေချာပေါက် မကြုံစဖူး အဆင့်အတန်းတစ်ခုပဲ]
"အဘိုးကြီး...မင်းမှာ နောက်ဆုံးမေးခွန်းတစ်ခုပဲ ကျန်တော့တယ်.. မေးစရာရှိရင် မြန်မြန်သာ မေးစမ်းပါ"
လူတိုင်းက ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ကျန်းချန်၏ စွမ်းဆောင်ရည်ကြောင့် တုန်လှုပ်နေချိန်တွင် ကျန်းချန်၏ ခပ်ထေ့ထေ့ စကားသံသည် လူတိုင်း၏ နားထဲတွင် ထပ်မံ ပဲ့တင်ထပ်လာသည်။
ဖန်းယုံနျန်က အသက်ခပ်ပြင်းပြင်းရှူလိုက်ပြီး စိတ်ထဲကနေ အံ့သြထိတ်လန့်မှုကို ဖုံးကွယ်လိုက်သည်။
သူက သူ့ရှေ့မှ ကျန်းချန်းကို အနီးကပ် ကြည့်လိုက်သည်။
သူ့မျက်နှာက ယခင်ကလို မကျေမနပ် အငွေ့အသက်များ မရှိတော့ဘဲ ချက်ချင်းဆိုသလို ကြည်လင်လာခဲ့၏။
"ဆရာကျန်းက အသက် ဆယ့်ငါးနှစ် ၊ ဆယ့်ခြောက်နှစ်သာ ရှိသေးပေမဲ့ အဂ္ဂိရတ် လမ်းစဥ်မှာ ဒီလောက်အထိ အောင်မြင်နေတာ ငါချီးကျူးပါတယ်"
"ဒီအဘိုးကြီးက မျက်စိကန်းခဲ့တာပါ.. ဆရာကျန်းက ငါနဲ့ အဂ္ဂိရတ်ပညာရပ် ထိုင်ဆွေးနွေးဖို့ တကယ်ကို အရည်အချင်းပြည့်မီပါတယ်"
ဖန်းယုံနျန်က ပြောရင်း သူ့ခန္ဓာကိုယ်ထဲကနေ ဆေးညွှန်းစာရွက် တစ်ရွက်ကို တိုက်ရိုက် ထုတ်ယူကာ ကျန်းချန်ကို ပြလိုက်သည်။
"ဆရာကျန်း.. ဒါက စတုတ္ထအဆင့် စွမ်းအင်စုဆောင်းခြင်းဆေးလုံးကို ပိုမို အာနိသင်ကောင်းအောင် ငါပြုပြင်ထားတဲ့ ဆေးညွှန်းပဲ.. ဒါပေမဲ့ သိပ်စိတ်တိုင်း မကျသေးဘူး.. ဘာတွေ လိုအပ်လဲဆိုတာ ဆရာကျန်း ညွှန်ပြပေးပါဦး"
အခန်း(၁၈၇) ပြီး၏