အခန်း (၁၈၈)
Vol. 13 Ch. 188
ကျန်းချန်က ဖန်းယုံနျန်၏ ဆေးညွှန်းကို အေးအေးလူလူပင် လှမ်းယူလိုက်သည်။
သူက ဆေးညွှန်းကို တခဏမျှ ကြည့်လိုက်ပြီးနောက်တွင် သူ့စိတ်ထဲ၌ စနစ်၏ သာယာသော သတိပေးချက် ထွက်ပေါ်လာခဲ့၏။
"ဒင်... သင်က ပြုပြင်ထားတဲ့ စတုတ္ထအဆင့် စွမ်းအင်စုဆောင်းခြင်း ဆေးညွှန်းကို ကြည့်ပြီး အဆတစ်ရာ နားလည်မှုကို ရရှိပါတယ်"
"ဒင်... သင်က စွမ်းအင်စုဆောင်းခြင်းဆေးရဲ့ အကောင်းဆုံး ဆေးညွှန်းကို အောင်မြင်စွာ နားလည်သွားပါပြီ"
သူ့စိတ်ထဲမှ သတိပေးချက်အသံကို ကြားလျှင် ကျန်းချန်သည် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူက ဆေးညွှန်း စာရွက်ကို ဖန်းယုံနျန်ဆီ ပြန်ပေးလိုက်ပြီး အမှုမထားသောလေသံဖြင့် ပြောလိုက်သည်။
"မင်းက နည်းနည်းတော့ အရည်အချင်းရှိသားပဲ.. စွမ်းအင်စုဆောင်းခြင်းဆေးလုံးဖော်စပ်နည်းကို အဆင့်မြှင့်ဖို့အတွက် ဆေးညွှန်း အသစ်ကိုတောင် စဉ်းစားနိုင်တယ်.. ဒါပေမဲ့... မင်းရဲ့ ဆေးညွှန်းမှာ ချို့ယွင်းချက်တွေ ရှိနေတယ်"
ဖန်းယုံနျန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
"ဆရာကျန်းမှာ အကြံဉာဏ်တစ်ခုခု ရှိမလား သိပါရစေ"
သူက စွမ်းအင်စုဆောင်းခြင်း ဆေးလုံးဖော်စပ်နည်းကို အဆင့်မြှင့်တင်ရန်အတွက် ဆေးညွှန်း အသစ်ကို အတော်လေး စဉ်းစားခဲ့ရသည်။
စင်စစ် ဖန်းယုံနျန်သည် သူ၏ ဖန်တီးမှုအတွက် အလွန်ပင် ကျေနပ်ခဲ့၏။
သူ အသစ်တီထွင်ထားသည့် ဆေးညွှန်းကို ကြေညာလိုက်သည်နှင့် အဂ္ဂိရတ် နယ်ပယ်တစ်ခုလုံးကို တုန်လှုပ်စေနိုင်မည်ဟု ယုံကြည်မှုရှိသည်။
သို့သော် သူအရမ်းဂုဏ်ယူရသည့် ဆေးညွှန်းသည် ကျန်းချန်၏ မျက်လုံးထဲတွင် တန်ဖိုးမရှိသည့်အရာ ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
စင်စစ် ဖန်းယုံနျန်သည် ကျန်းချန်က သူတီထွင်ထားသည့် ဆေးညွှန်းနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်စွာ ထိုးထွင်းသိမြင်နိုင်မည်ဟု မယုံကြည်ခဲ့ချေ။
"မင်း တီထွင်ထားတဲ့ ဆေးညွှန်းက တကယ်တော့ အတော်လေး ကောင်းပါတယ်"
"ပိုမို တန်ဖိုးကြီးတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ နေရာမှာ အစားထိုးဖို့အတွက် ကျီယွမ်သစ်သီး၊ ကောင်းကင် လင်ဇီးမှို နဲ့ တိမ်တိုက်အမှုန် တို့ကို အသုံးပြုတာက စွမ်းအင်စုဆောင်းခြင်းဆေးလုံးရဲ့ မူလအာနိသင်ကို ထိန်းသိမ်းနိုင်တဲ့အပြင် ကုန်ကျစရိတ်ကိုလည်း အများကြီး ချွေတာနိုင်တယ်"
"ဒါပေမဲ့ ဒီဆေးညွှန်းနဲ့သာ စွမ်းအင်စုဆောင်းခြင်းဆေးလုံးကို အမှန်တကယ် သန့်စင်မယ်ဆိုရင် မင်းက ပဉ္စမအဆင့် အဂ္ဂိရတ်သခင် ဖြစ်နေရင်တောင် အောင်မြင်မှုနှုန်း အရမ်းကြီး မြင့်မားမှာ မဟုတ်ဘူး"
ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။
"မင်း... မင်း ဘယ်လိုသိတာလဲ"
ကျန်းချန်၏ စကားကို ကြားလျှင် ဖန်းယုံနျန်၏ အိုမင်းသော မျက်နှာပေါ်တွင် မကြုံစဖူး ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာသည်။
သူက စွမ်းအင်စုဆောင်းခြင်းဆေးလုံးကို ပိုမို တိုးတက်မှုရှိအောင် ဆေးညွှန်း အသစ်ကို တီထွင်နိုင်ခဲ့သည်။
သူက ဆေးညွှန်းအသစ်ကို အသုံးပြုကြည့်ရာ သူ၏ ပဉ္စမအဆင့် အဂ္ဂိရတ်သခင် ခွန်အားဖြင့်ပင် ဆေးလုံး တစ်လုံးကို သန့်စင်နိုင်ရန် အတွက် ငါးကြိမ် သို့မဟုတ် ခြောက်ကြိမ် ကြိုးစားခဲ့ရ၏။
သာမန် စတုတ္ထအဆင့် အဂ္ဂိရတ်သခင်သာဆိုလျှင် သူတီထွင်ထားသော ဆေးညွှန်းအသစ်အရ ဆယ်ကြိမ်တွင် တစ်ကြိမ် အောင်မြင်ဖို့ ခက်ခဲမည်ကိုပင် သူစိုးရိမ်မိသည်။
ဖန်းယုံနျန်က သူ့ဆေးညွှန်း၏ အားနည်းချက်များကို သိနေသော်လည်း ဖြေရှင်းနည်းကို မတွေ့သေးပေ။
သူ့ရှေ့မှ ကောင်လေးကမူ ဆေးညွှန်းကို တစ်ချက်ကြည့်ရုံဖြင့် အားနည်းချက်ကို မြင်နိုင်ခဲ့သည်။
ဤကြောက်မက်ဖွယ်ကောင်းသည့် အမြင်တစ်ခုတည်းနှင့်တင် သူ့ကို အများကြီး နောက်ကောက်ချရန် လုံလောက်နေပြီ ဖြစ်၏။
"ဒီအတိုင်းပဲ ကြည့်ပြီး သုံးသပ်လိုက်တာပါ"
ကျန်းချန်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"မင်းရဲ့ ဆေးညွှန်းက တကယ် အလုပ်ဖြစ်နိုင်ပါတယ်.. မင်းက ကောင်းကင်လင်ဇီးပင်ကို ရေထဲမှာ စိမ်ဖို့ပဲ လိုအပ်တယ်...ပြီးရင် စိမ်ထားလို့ ထွက်လာတဲ့ အရည်နဲ့ ကောင်းကင်လင်ဇီးနေရာမှာ အစားထိုးလိုက်ပါ"
ဖန်းယုံနျန်သည် ကျန်းချန်း၏ စကားကို ကြားလျှင် မျက်မှောင်ကြုတ်သွားပြီး လူတစ်ကိုယ်လုံး အတွေးထဲတွင် နစ်မြုပ်သွားခဲ့သည်။
နာမည်ကျော် ပဉ္စမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်အနေဖြင့် အဂ္ဂိရတ်လမ်းစဥ်တွင် ဖန်းယုံနျန်၏ အောင်မြင်မှုများသည် အချည်းနှီး မဟုတ်သည်မှာ သေချာသည်။
သူက စိတ်ထဲကနေ ကျန်းချန်၏ အကြံဉာဏ်ကို သုံးသပ်လိုက်ရာ ကျန်းချန်၏ နည်းလမ်းက တကယ်ကို အံ့သြစရာကောင်းနေသည်ကို တွေ့လိုက်ရသည်။
ကောင်းကင်လင်ဇီး ဆေးပင်အစား ကောင်းကင်လင်ဇီးစိမ်ထားသော အရည်ကို အသုံးပြုသည်က ဆေးဂုဏ်သတ္တိ မညီမျှသည့် ပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်မည် ဖြစ်၏။
ဤနည်းဖြင့်သာဆိုလျှင် အောင်မြင်မှုနှုန်းကို အနည်းဆုံး နှစ်ဆ တိုးမြှင့်ဖို့ လုံလောက်လုနီးပါးပင် ဖြစ်သည်။
"ဆရာကျန်းရဲ့ အဂ္ဂိရတ်လမ်းစဥ်မှာ အောင်မြင်မှုတွေက ငါ့ရဲ့ အမြင်တွေကို တကယ်ပဲ ဖွင့်ပေးနိုင်ခဲ့တယ်"
"ဆရာကျန်း ပေးတဲ့အကြံဉာဏ်က နတ်ဘုရားတစ်ပါး ပေးတဲ့ အကြံဉာဏ်လို ပြီးပြည့်စုံနေတာ အံ့သြစရာပဲ.. ဒီအဘိုးကြီး ဒီနေ့ ဆရာကျန်းနဲ့ အဂ္ဂိရတ်ပညာရပ် ဆွေးနွေးခွင့်ရတာ တကယ်ကို သုံးဘဝ ကံကောင်းခြင်းပဲ"
"ဆရာကျန်းအနေနဲ့ ဘယ်ဆရာဆီက သင်ယူခဲ့လဲဆိုတာ သိခွင့်ရှိမလား"
ဖန်းယုံနျန်က အံ့သြတုန်လှုပ်မှုကနေ ပြန်လည် ကောင်းမွန်လာဖို့ အချိန်အတော်ကြာ ယူခဲ့ရသည်။
သူက ကျန်းချန်ကို ယဉ်ကျေးစွာဖြင့် လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။
ဤအချိန်တွင် ဖန်းယုံနျန်သည် ကျန်းချန်ကို လုံးဝ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။
သူ့ရှေ့မှ လူငယ်၏ အဂ္ဂိရတ်လမ်းစဥ်တွင် အောင်မြင်မှုများသည် သူ့လို ပဉ္စမအဆင့် အဂ္ဂိရတ်သခင်ကို အရှက်ရစေရန် လုံးဝ လုံလောက်၏။
အခန်း(၁၈၈) ပြီး၏