အခန်း (၁၈၉)
Vol. 13 Ch. 189
ပဉ္စမအဆင့် အဂ္ဂိရတ်သခင် ဖန်းယုံနျန်က ကျန်းချန်းကို လုံးဝ ယုံကြည်သွားသည်ကို မြင်လျှင် ခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။
အားလုံးက မယုံကြည်နိုင်သည့် အမူအရာဖြင့် ကျန်းချန်းကို ကြည့်နေကြ၏။
သူတို့က ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသည့် အဂ္ဂိရတ်ပါရမီရှင်ကို မည်သို့သော ဆရာက သင်ကြားပေးခဲ့လဲ ဆိုတာကို သိချင်ခဲ့ကြသည်။
"ငါက လင်ယွင်ကျောင်းတော်ကပါ.. ဆရာမရှိပါဘူး.. အဂ္ဂိရတ်ပညာရပ်ကို စိတ်ဝင်စားတာကြောင့် အချိန်နည်းနည်းပါးပါးပေးပြီး ကိုယ့်ဘာသာ လေ့လာထားတာပါ"
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ကျန်းချန်၏ စကားကို ကြားလျှင် ခန်းမထဲရှိ လူတိုင်းသည် ပါးစပ်ရွဲ့မလို့ပင် ဖြစ်သွားကြ၏။
သူတို့က ဟန်ရေးပြသောလူများကို မြင်ဖူးသော်လည်း ကျန်းချန်ထက် ပိုကောင်းအောင် ဟန်ရေးပြနိုင်သည့်သူကို မမြင်ဖူးပေ။
ဤကောင်လေးက အချိန်နည်းနည်းပါးပါး ပေး၍ ကိုယ့်ဘာသာ လေ့လာခဲ့သည်ဟု ပြောခဲ့ပြီး အသက်ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်အရွယ်မှာပင် ပဉ္စမအဆင့် အဂ္ဂိရတ်သခင်နှင့် အဂ္ဂိရတ်ပညာရပ်အကြောင်း ဆွေးနွေးနိုင်ခဲ့၏။
နည်းနည်းပါးပါး လေ့လာရုံက ဤမျှလောက် အံ့သြစရာကောင်းနေလျှင် တခြားလူများအနေဖြင့် အသက်ရှင်စရာပင် မလိုတော့ပေ။
ခန်းမထဲက လူတိုင်းသည် ကျန်းချန်၏ စကားကြောင့် စကားမပြောနိုင် ဖြစ်နေချိန်တွင် ဖန်းယုံနျန်သည် ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားခဲ့သည်။
သူ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွား၏။
သူက ကျန်းချန်ကို ယဉ်ကျေးစွာ ကြည့်၍ မေးလိုက်သည်။
"ဆရာကျန်းနဲ့ ဆရာ ယန်ချင်းရွှယ်တို့က ဘယ်လို ပတ်သက်လဲ သိပါရစေ"
"မင်းက အစ်ကိုယန်အကြောင်း ပြောနေတာလား"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
"အစ်ကိုယန်နဲ့ ငါက ဆက်ဆံရေးကောင်းတွေ ရှိပါတယ်.. သူက ငါ့ကို ညီအကိုလို အလေးထား ဆက်ဆံတဲ့ သူတစ်ယောက်ပါ"
ကျန်းချန်၏ စကားများက ခန်းမတစ်ခုလုံးကို ချက်ချင်း ပေါက်ကွဲသွားစေခဲ့သည်။
"ငါကြားတာ မမှားပါဘူးနော်.. ကျန်းချန်နဲ့ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် ယန်ချင်းရွှယ်က ညီအကိုလို ဆက်ဆံရေးရှိကြတယ်တဲ့"
"ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်ကတောင် သူ့ကို ညီအစ်ကိုလိုသဘောထားတယ် ဆိုတော့ သူ့ရဲ့ အဂ္ဂိရတ် အောင်မြင်မှုတွေက ဒီလောက် နတ်ဆိုးဆန်တာ မထူးဆန်းတော့ပါဘူး"
ခန်းမထဲရှိ လူတိုင်း အံ့အားသင့်နေချိန်တွင် ဖန်းယုံနျန်သည် တုန်လှုပ်မှုကနေ ပြန်လည်ကောင်းမွန်လာရန် အချိန်အတော်ကြာခဲ့၏။
မူလက သူသည် ကျန်းချန်ကို ယန်ချင်းရွှယ်၏ တပည့်ဟု ထင်ခဲ့သည်။
ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် ယန်ချင်းရွှယ်သည် ကျန်းချန်နှင့် ညီအစ်ကိုလို ဆက်ဆံရေးရှိမှန်း မည်သူ သိနိုင်ပါမည်နည်း။
ယင်းမှာ ယန်ချင်းရွှယ်ကပင် ကျန်းချန်ကို သူနှင့် အဆင့်တူအဖြစ် သဘောထားသည်ဟု ဆိုလိုနေသည် မဟုတ်ပါလား။
"ဆရာကျန်းက ဆရာယန်ရဲ့ ညီအကိုလို ခင်မင်ရင်းနှီးမှုနဲ့ ထိုက်တန်ပါတယ်...ဒီနေ့ အဂ္ဂိရတ်ပညာ ဆွေးနွေးပွဲမှာ ဒီအဘိုးကြီးက အရှုံးကို လက်ခံပါတယ်"
ဖန်းယုံနျန်က စကားပြောပြီးသည်နှင့် ခေါင်းလှည့်ပြီး သူ့နောက်က ယန်ဖျင်ကို အော်ငေါက်လိုက်သည်။
"မေဘေးလေး.. ဆရာကျန်းကိုတောင် စော်ကားဖို့ လုပ်ရဲတယ်.. ဆရာကျန်းကို ချက်ချင်း ပြန်တောင်းပန်လိုက်စမ်း"
ယန်ဖျင်က ဖန်းယုံနျန်၏ စကားကို ကြားလျှင် မှင်တက်သွားသည်။
သူက သူ၏ဒေါသကို ဖြေဖျောက်ရန် အတွက် သူ့ဆရာ ဖန်းယုံနျန်ကို ကျန်းချန်ဆီ ခေါ်လာခဲ့သည်။
ဒါပေမဲ့ တခဏလေးအတွင်းမှာပင် အခြေအနေက တုန်လှုပ်စရာ ကောင်းလောက်အောင် ပြောင်းပြန်လှန်သွားမည်ဟု မည်သူသိနိုင်ပါမည်နည်း။
ယခုအခါတွင် သူ့ဆရာသည် ကျန်းချန်ကို ယုံကြည်ရုံသာမက သူ့ကိုပါ ကျန်းချန်ကို တောင်းပန်ခိုင်းနေ၏။
"ဒါ... ဒါက ဘယ်လိုတွေဖြစ်သွားတာလဲ"
ယန်ဖျင်က မယုံကြည်နိုင်သော အမူအရာဖြင့် ဖန်းယုံနျန်ကို ကြည့်လိုက်သည်။
"ဆရာ.. ကျွန်တော်.."
"ဘာကျွန်တော်လဲ"
ယန်ဖျင် စကားမဆုံးခင် ဖန်းယုံနျန်က အေးစက်စက် လေသံဖြင့် စကားဖြတ်ပြောလိုက်သည်။
"ဆရာကျန်းကို တောင်းပန်...မဟုတ်ရင် ငါ မင်းကို တပည့်အဖြစ် အသိအမှတ်မပြုတော့ဘူး"
ယန်ဖျင်က ဖန်းယုံနျန်၏ စကားများကို ကြားလျှင် မျက်နှာတစ်ခုလုံး ချက်ချင်း ဖြူဖျော့သွားခဲ့သည်။
သူ့အနေဖြင့် လက်ရှိ အဆင့်အတန်းနှင့် အောင်မြင်မှုများကို ပိုင်ဆိုင်နိုင်ခြင်းသည် ဖန်းယုံနျန်၏ အထောက်အပံ့နှင့် လုံးဝ ခွဲခြား၍ မရပေ။
ဖန်းယုံနျန်ကို ဆုံးရှုံးလိုက်ရလျှင် တတိယအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်အနေဖြင့် မဟားရှာနိုင်ငံတွင် သူက ဘာမှ မဟုတ်တော့ချေ။
ထိုအကြောင်းကို တွေးမိသည်နှင့် ယန်ဖျင်က စိတ်ထဲတွင် တုန်လှုပ်သွားပြီး ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။
သူက ကျန်းချန်းယရှေ့တွင် ဒူးထောက်ချလိုက်သည်။
"ဆရာကျန်း.. ကျွန်တော် မှားသွားပါတယ်.. ကျွန်တော် မျက်စိကန်းနေလို့ ပြဿနာရှာမိခဲ့တာပါ.. ဆရာကျန်းက ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်"
အခန်း(၁၈၉) ပြီး၏