အခန်း (၁၉၁)
Vol. 13 Ch. 191
ယွဲ့ယန်ကျိုးက စကားဆုံသည်နှင့် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်မ၏ အကြီးအကဲ အဖြစ် သက်သေခံကတ်ပြားကို ကျန်းချန်း၏ လက်ထဲ ထည့်ပေးလိုက်သည်။
"အကိုယန်.. ငါဘယ်လိုကူညီရမလဲသာ ပြောလိုက်ပါ"
ကျန်းချန်က အကြီးအကဲ သက်သေခံ ကတ်ပြားကို ယူပြီး ယွဲ့ယန်ကျိုးကို ပြုံးကာ ပြောလိုက်သည်။
"လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက မကြာသေးခင်က ရှေးဟောင်း အဂ္ဂိရတ်သခင်ရဲ့ ဂူအိမ်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ဂူအိမ်ထဲမှာ ပျောက်ဆုံးနေသည့် ဆေးညွှန်းအနည်းငယ်ကို ရရှိခဲ့တယ်။"
"ဒါပေမဲ့ ကြာမြင့်လွန်းတဲ့ သက်တမ်းကြောင့် ဆေးညွှန်းထဲက ပစ္စည်းအချို့က မရှင်းမလင်း ဖြစ်နေတယ်"
ယွဲ့ယန်ကျိုးက ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
"ညီလေး ကျန်းချန်က အဂ္ဂိရတ်ပညာရပ်မှာ ထူးခြားတဲ့ အောင်မြင်မှုတွေ ရှိတယ်ဆိုတာ ငါသိတယ်.. ဒါကြောင့် ညီလေးကျန်းချန်ဆီ အကူအညီ လာတောင်းတာပါ"
"ပြဿနာမရှိပါဘူး အကိုယွဲ့"
ကျန်းချန်က တိုက်ရိုက် ပြောလိုက်တယ်။
"အကိုယွဲ့အနေနဲ့ ကျွန်တော့်ကို ယုံကြည်ရင် အဲဒီ မပြည့်စုံတဲ့ ဆေးညွှန်းတွေကို ကြည့်ဖို့အတွက် ခေါ်သွားပေးပါ"
မပြည့်စုံသည့် ဆေးညွှန်းကို ဖော်ထုတ်ရန်မှာ သာမန်လူများ အတွက် ပို၍ပင် ခက်ခဲနိုင်သည်။
သို့သော် စနစ်ပါသည့် ကျန်းချန်းအတွက်မူ လေညင်းခံသလောက်ကို လွယ်ကူ၏။
လခြမ်းတံဆိပ် ကုန်သွယ်ရေး ခန်းမဆီက အမြင့်မြတ်ဆုံး ရွှေတံဆပ်ပြားကို လက်ခံရရှိပြီးကတည်းကပင် ကျန်းချန်သည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ ဆီကနေ အကျိုးကျေးဇူး အတော်လေး ရရှိပြီးသား ဖြစ်၏။
ထို့အပြင် ယွဲ့ယန်ကျိုးသည် ရဲရင့်ကာ ဖြောင့်မတ်သော စရိုက်ရှိသည်။
၎င်းက သူ ခင်မင်ရင်းနှီးဖို့ ထိုက်တန်သည့် ညီနောင်ကောင်း တစ်ယောက်လည်း ဖြစ်သည်။
ထို့ကြောင့် ယွဲ့ယန်ကျိုးဘက်က တောင်းဆိုမှုကို ကျန်းချန်သည် ငြင်းဆန်စရာမရှိပေ။
လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အကြီးအကဲ ယွဲ့ယန်ကျိုး၏ ဦးဆောင်မှုအောက်တွင် ကျန်းချန်သည် ဆေးဝါးထုတ်လုပ်သည့် အဂ္ဂိရတ် ခန်းမသို့ ရောက်လာခဲ့၏။
အဂ္ဂိရတ်ခန်းမတွင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အဂ္ဂိရတ်သခင် အမြောက်အမြား ရှိပြီး လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်မအတွက် အထူးဆေးလုံးများကို ပြုလုပ်ပေးကြသည်။
လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကနေ ရောင်းချသော ဆေး၏ ကိုးဆယ်ရာခိုင်နှုန်းနီးပါးသည် ဤအဂ္ဂိရတ်ခန်းမက အဂ္ဂိရတ်သခင်များ၏ လက်ထဲကနေ လာသည်ဟုပင် ပြောနိုင်သည်။
ခန်းမထဲကို လျှောက်ဝင်လာသည့်အခါ ကျန်းချန်သည် အဂ္ဂိရတ် ဆရာ ဆယ့်နှစ်ယောက်က တစ်စုတစ်ဝေးတည်း ရှိနေသည်ကို တွေ့လိုက်ရ၏။
ထိုအဂ္ဂိရတ်သခင်များက အလွန်တရာ အားကောင်းပြီး အနိမ့်ဆုံး တတိယအဆင့် အဂ္ဂိရတ်သခင်များ ဖြစ်ကြသည်။
ထိုအထဲမှ ခေါင်းဆောင်မှာ အစိမ်းရောင် ဝတ်ရုံဝတ်ထားသည့် ဆံဖြူ အဘိုးအိုတစ်ယောက် ဖြစ်၏။
ဆံဖြူ အဘိုးအို၏ ရင်ဘတ်တွင် စတုတ္ထအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြား တစ်ခုကို အထင်ကြီးလောက်စရာ ချိတ်ဆွဲထားသည်။
လက်ရှိအချိန်တွင် ဆံဖြူ အဘိုးအိုသည် ဤအဂ္ဂိရတ်သခင်များနှင့်အတူ တစ်စုံတစ်ခုကို အလေးအနက် ဆွေးနွေးနေပုံရ၏။
"အကြီးအကဲယွဲ့"
ခန်းမထဲကို လျှောက်ဝင်လာသည့် ယွဲ့ယန်ကျိုးကို မြင်လျှင် ဆံဖြူ အဘိုးအိုက အဂ္ဂိရတ်သခင်များနှင့် ဆွေးနွေးနေသည်ကို ရပ်လိုက်ပြီး ယွဲ့ယန်ကျိုးကို နှုတ်ဆက်လိုက်သည်။
"ရပါတယ်"
ယွဲ့ယန်ကျိုးက ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ဆံဖြူ အဘိုးအိုကို ပြောလိုက်သည်။
"ဆရာကျုံး.. မင်းတို့ ဆွေးနွေးနေတာ အခြေအနေဘယ်လိုရှိလဲ သိပါရစေ"
"အကြီးအကဲယွဲ့.. ဒီဆေးညွှန်းတွေမှာ ပျောက်ဆုံးနေတဲ့ ပစ္စည်းတွေ အများအပြား ရှိနေတယ်.. အဲဒီပစ္စည်းတွေကို ဖော်ထုတ်ဖို့ဆိုရင် အချိန်အနည်းငယ်တော့ ယူမှဖြစ်မယ်"
ဆရာကျုံးဟုခေါ်သည့် ဆံဖြူ အဘိုးအိုက သူ့မုတ်ဆိတ်ကို ပွတ်သပ်၍ ပြောလိုက်သည်။
"ဒါပေမဲ့ အကြီးအကဲယွဲ့.. စိတ်မပူပါနဲ့.. အချိန်သေချာပေးပြီး သုတေသနလုပ်လိုက်ရင် လိုအပ်တဲ့ဆေးပစ္စည်းတွေကို ငါဖော်ထုတ်နိုင်ပါတယ်"
"ဒါနဲ့ ဆရာကျုံး.. မင်းကို မိတ်ဆက်ပေးပါရစေ.. ဒါက ငါတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ဧည့်အကြီးအကဲ ကျန်းချန်းပါ"
ယွဲ့ယန်ကျိုးက သူ့ဘေးမှ ကျန်းချန်းကို ညွှန်ပြပြီး ဆရာကျုံးကို မိတ်ဆက်ပေးလိုက်သည်။
"ညီနောင် ကျန်းချန်က အဂ္ဂိရတ်ပညာရပ်မှာ ထူးခြားတဲ့ အောင်မြင်မှုတွေ ရှိတယ်.. သူက မင်းတို့ကို ဒီမပြည့်စုံတဲ့ ဆေးညွှန်းတွေကို နားလည်ဖို့အတွက် ကူညီပေးနိုင်လိမ့်မယ်"
"သူကလား"
ဆရာကျုံးက ကျန်းချန်းကို တစ်ချက်ကြည့်လိုက်သည်။
သူ၏ အိုမင်းသော မျက်လုံးတွေထဲတွင် မထီမဲ့မြင် အမူအရာက ရုတ်တရက် ပေါ်လာခဲ့၏။
သူက မယုံကြည်နိုင်သော အမူအရာဖြင့် ယွဲ့ယန်ကျိုးကို ကြည့်လိုက်သည်။
"အကြီးအကဲယွဲ့.. မင်း... မင်း တကယ်ပြောနေတာလား"
သူက ဂုဏ်သိက္ခာကြီးမားသည့် စတုတ္ထအဆင့် အဂ္ဂိရတ်သခင် ဖြစ်ပြီး လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ပထမတန်းစား ဧည့်အရာရှိသာ ဖြစ်သည်။
သူ့ရှေ့မှ အသက်ဆယ့်ငါးနှစ်အရွယ် ကောင်လေးသည် ဘယ်လိုလုပ်ပြီး လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ဧည့်အကြီးအကဲ ဖြစ်လာရပါသနည်း။
သူ့ကို မှင်တက်စေသည်မှာ ဤကောင်လေးက သူတို့ကို မပြည့်စုံသည့် ဆေးညွှန်းများအား နားလည်ရန် အကူအညီပေးနိုင်သည်ဟု ယွဲ့ယန်ကျိုးက ပြောနေခြင်းပင်။
ယင်းမှာ နည်းနည်းတော့ လွန်ကဲလွန်းတယ် မဟုတ်ပါလား။
အခန်း(၁၉၁) ပြီး၏