← Chapters

အခန်း (၁၉၂)

Vol. 13 Ch. 192

အခန်း (၁၉၂)

Vol. 13 Ch. 192

"ဆရာကျုံး.. ငါက ဒီလိုကိစ္စမျိုးမှာ ဘယ်လိုလုပ် အမှားလုပ်နိုင်မှာလဲ"

ယွဲ့ယန်ကျိုးက လေးနက်စွာ ပြောလိုက်သည်။

"ကျန်းချန်းက တကယ်ပဲ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ အကြီးအကဲပါ.. ဒါက သံသယဖြစ်စရာ မရှိပါဘူး"

"သူက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ အကြီးအကဲ ဖြစ်နေတာကြောင့် ဒီမပြည့်စုံတဲ့ ရှေးဟောင်း ဆေးညွှန်းတွေကို နားလည်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ဆိုလိုရာ ရောက်မနေဘူးလား"

ဆရာကျုံးက မနှစ်မြို့သော အမူအရာဖြင့် ပြောလိုက်သည်။

သူက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ပထမတန်းစား ဧည့်အရာရှိသာ ဖြစ်သော်လည်း ဤကောင်လေးကမူ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ဧည့်အကြီးအကဲ ဖြစ်နေခဲ့သည်။

ထို့ကြောင့် ဤကောင်လေး ခန်းမထဲကို ဝင်လာခြင်းသည် ကောင်လေးထံမှ အမိန့်များကို နာခံရတော့မည့် သဘောသက်ရောက်နေ၏။

သူက စတုတ္ထအဆင့် အဂ္ဂိရတ်သခင်နှင့် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ဧည့်အရာရှိ ဖြစ်ပြီး အင်ပါယာမြို့တော်တွင် နာမည်ကျော်ကြားသူ တစ်ဦးဖြစ်သည်။

သို့တိုင် ယွဲ့ယန်ကျိုးသည် အတောင်ပေါက်ကာစ ကောင်လေးတစ်ယောက်ကို သူ၏ အထက်လူကြီးအဖြစ် ခေါ်လာခဲ့ရာ ကျုံးကျီဟဲ၏ မျက်နှာသည် ရုတ်တရက် ဒေါသထွက်သောအမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ဟုတ်ပါသည်၊ ကျန်းချန်က ဤမပြည့်စုံတဲ့ ရှေးဟောင်း အဂ္ဂိရတ် ဆေးညွှန်းများကို နားလည်ဖို့ အရည်အချင်းပြည့်မီသည်ဟု ကျုံးကျီဟယ်တစ်ယောက်တည်း မယုံကြည်ခြင်း မဟုတ်ပေ။

ပတ်ဝန်းကျင်ရှိ အဂ္ဂိရတ်သခင် ဆယ်ယောက်ကျော်သည် ကျန်းချန်းကို မထီမဲ့မြင်အမူအရာဖြင့် ကြည့်နေခဲ့ကြ၏။

သူတို့ နားလည်သဘောပေါက်ထားတဲ့ ဆေးညွှန်း အနည်းငယ်ထဲတွင် အဆင့်အနိမ့်ဆုံး ဆေးညွှန်းပင် တတိယအဆင့် ရှိသည်။

ဤဆေးညွှန်းများကို သူတို့အနေဖြင့် နားလည်သဘောပေါက်ရန်မှာ အလွန်ခက်ခဲသည်။

ထို့ကြောင့် သူတို့ရှေ့က နို့နံ့ပင် မစင်သေးသည့် ကောင်လေးကို ဆေးညွှန်းအပြည့်အစုံ ဖြစ်အောင် အကူအညီ တောင်းနေခြင်းသည် အဓိပ္ပါယ်မဲ့လွန်းရာ ကျသည် မဟုတ်ပါလော။

ကျုံးကျီဟဲတို့၏ မထီမဲ့မြင်ပြုမှုနှင့် ရင်ဆိုင်ရသောအခါ ကျန်းချန်၏ အမူအရာသည် လုံးဝ မပြောင်းလဲခဲ့ပေ။

သူက ကျုံးကျီဟဲကို ကြည့်ပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ဆရာကျုံး.. ငါက ဒီဆေးညွှန်းတွေကို နားလည်နိုင်စွမ်း မရှိဘူးလို့ ဘာလို့ ထင်နေတာလဲ"

"ဒီဆေးညွှန်းတွေအားလုံးက နှစ်ပေါင်းရာနဲ့ချီ ပျောက်ဆုံးနေတဲ့ ရှေးဟောင်း ဆေးညွှန်းတွေဖြစ်ပြီး အနိမ့်ဆုံးဆေးညွှန်းတောင် တတိယအဆင့်မှာ ရှိတယ်"

"ဒါကြောင့် တတိယအဆင့် အဂ္ဂိရတ်သခင်ကပဲ ဒီဆေးညွှန်းတွေကို နားလည်ဖို့ အရည်အချင်း ပြည့်မီတယ်"

ကျုံးကျီဟဲက ကျန်းချန်းကို ပြုံး၍ ကြည့်လိုက်သည်။

"မင်းက တတိယအဆင့် အဂ္ဂိရတ်သခင်လား"

ကျန်းချန်းက အဓိပ္ပာယ်မဲ့ စကားပြောရန် ပျင်းရိ၍ တတိယအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ကျုံးကျီဟဲ ရှေ့တွင် တိုက်ရိုက် ပစ်ချကာ ပြောလိုက်သည်။

"ငါက အခု အရည်အချင်းပြည့်မီပြီလား"

"မင်း.. မင်း"

ကျန်းချန်း ထုတ်ယူလိုက်သည့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ကြည့်ပြီး ကျုံးကျီဟဲက အံ့သြ တုန်လှုပ်သွားခဲ့သည်။

ကျုံးကျီဟဲ ဘေးမှ အဂ္ဂိရတ်သခင်တွေကလည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

သူတို့လည်း ဆရာကျုံးကဲ့သို့ပင် သူတို့ရှေ့မှ လူငယ်က တတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားသည်မှာ ရှင်းနေသည်။

"ကောင်းပြီလေ.. မင်းက ဒီမပြည့်စုံတဲ့ ဆေးညွှန်းတွေကို ဒီလောက် ဖော်ထုတ်ချင်နေရင် ငါမင်းကို အခွင့်အရေးပေးမယ်"

ကျုံးကျီဟဲက တုန်လှုပ်မှုကနေ ပြန်လည် ကောင်းမွန်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

သူက သူ့ရှေ့မှ ဆေးညွှန်းတစ်ခုကို ဆွဲယူ၍ ကျန်းချန်းကို အေးစက်စွာ ပြောလိုက်သည်။

"မင်းကို တစ်ရက်အချိန်ပေးမယ်.. ဒီတစ်ရက်အတွင်း မင်းသာ ဒီတတိယအဆင့် မူလသန္ဓေဆေးကို နားလည်နိုင်မယ်ဆိုရင် မင်းကို ငါယုံကြည်ပေးမယ်"

ကျုံးကျီဟယ်က စိတ်ထဲကနေ ပြုံးရယ်လိုက်သည်။

ဤကောင်လေးက တကယ်ပဲ တတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်နေလျှင်ပင် ဂရုစိုက်စရာ မလိုပေ။

မပြည့်စုံသည့် တတိယအဆင့် ဆေးညွှန်းကို နားလည်ရန်မှာ တတိယအဆင့် ဆေးလုံးကို သန့်စင်သည်ထက်ပင် အဆပေါင်းများစွာ ပို၍ ခက်ခဲသည်။

ဤကောင်လေးက ဆေးညွှန်းကို သူ့ဘာသာ နားလည်နိုင်မည်ဟု သူ တကယ် မယုံကြည်ပေ။

ကျုံးကျီဟဲ၏ စကားများကို ကြားလျှင် ယွဲ့ယန်ကျိုး၏ မျက်လုံးထဲတွင် မနှစ်မြို့သော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။

ဤမပြည့်စုံသည့်ဆေးညွှန်းများကို အနည်းငယ် နားလည်ရန်အတွက်ပင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှ အဂ္ဂိရတ်သခင်များသည် ရက်အနည်းငယ် ကြာခဲ့သည်။

ထို့ကြောင့် ယခု ကျန်းချန်ကို တစ်ရက်အတွင်း နားလည်အောင်လုပ်ရန် အချိန်ပေးနေသည်မှာ တမင်တကာ အရှက်ခွဲလိုသော ရည်ရွယ်ချက်ပင် မဟုတ်ပါလော။

သို့သော် ယွဲ့ယန်ကျိုးက ကျန်းချန်အတွက် စကားပြောတော့မည့်အချိန်တွင် ကျန်းချန်သည် ဆေးညွှန်းအား ယူလိုက်သည်ကို သူတွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်၏ ခပ်ထေ့ထေ့ အသံသည် လူတိုင်း၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။

"ဟားဟား.. ဒါက မပြည့်စုံတဲ့ တတိယအဆင့် ဆေးညွှန်းလေး တစ်ခုပဲ မဟုတ်လား"

"ဒါကို နားလည်ဖို့အတွက် တစ်ရက် မလိုပါဘူး.. တစ်မိနစ်အတွင်း ငါလုပ်နိုင်တယ်"

အခန်း(၁၉၂) ပြီး၏

All Chapters