အခန်း (၁၉၃)
Vol. 13 Ch. 193
"တစ်မိနစ်အတွင်း လုပ်နိုင်တယ်တဲ့လား"
ကျန်းချန်၏ အထက်စီးဆန်သော စကားကို ကြားလျှင် ခန်းမထဲရှိ အဂ္ဂိရတ်သခင်များသည် ခဏမျှ မှင်တက်သွားပြီးနောက် မထီမဲ့မြင် ပြုံးရယ်လိုက်ကြသည်။
"ဟက်.. ဒီကောင်လေးက တစ်မိနစ်အတွင်း ဒီတတိယအဆင့် ဆေးညွှန်းကို နားလည်နိုင်တယ်လို့ ပြောနေတာလား"
"ငါတို့နဲ့ ဆရာကျုံး ပူးပေါင်းပြီး အဖြေရှာတာတောင် တစ်ရက်ကျော်ကျော်လောက် အချိန်ပေးခဲ့ရတယ် ဆိုတာ သူမသိဘူးထင်တယ်"
"ရယ်စရာကောင်းလိုက်တာ.. သူ့လို နို့နံ့တောင် မစင်သေးတဲ့ကောင်လေးက ငါတို့ထက် ဘယ်လိုလုပ်ပြီး အဂ္ဂိရတ်အကြောင်းကို ပိုနားလည်နိုင်မှာလဲ"
ကျုံးကျီဟဲက ပြုံးရယ်၍ ကျန်းချန်ကို ကြည့်လိုက်သည်။
"ကောင်လေး.. ဘယ်သူမဆို စကားကြီး စကားကျယ် ပြောနိုင်တာပဲ...မင်းတောင် ပြောနိုင်ရင် ငါလည်း ပြောနိုင်တယ်"
တစ်မိနစ်အတွင်း တတိယအဆင့် ဆေးကို နားလည်ဖို့ဆိုသည်မှာ သူ့လို စတုတ္ထအဆင့် အဂ္ဂိရတ်သခင်တစ်ယောက် မပြောနှင့်၊ ပဉ္စမအဆင့် အဂ္ဂိရတ်သခင်ပင် ထိုစွမ်းရည်မျိုး မရှိနိုင်ပေ။
သို့တိုင် သူ့ရှေ့မှ ကောင်လေးကမူ တစ်မိနစ်အတွင်း မပြည့်စုံသည့် တတိယအဆင့် ဆေးညွှန်းကို နားလည်နိုင်သည်ဟု ထုတ်ပြောခဲ့သည်။
ကျန်းချန်က ကျုံးကျီဟဲနှင့် တခြားသူများ၏ ကဲ့ရဲ့မှုကို လျစ်လျူရှုလိုက်သည်။
လူတိုင်း၏ အကြည့်အောက်မှာပင် သူသည် မပြည့်စုံသည့် တတိယအဆင့် ဆေးညွှန်းကို တိုက်ရိုက် ကောက်ယူလိုက်၏။
"ဒင်.. သင်က မပြည့်စုံတဲ့ တတိယအဆင့် မူလသန္ဓေဆေးကို ကြည့်ပြီး အဆတစ်ရာ နားလည်မှုကို ရရှိပါတယ်"
"ဒင်.. သင်က ပြီးပြည့်စုံတဲ့ တတိယအဆင့် မူလသန္ဓေဆေးညွှန်းကို ရရှိပါတယ်"
သူ့စိတ်ထဲကနေ သတိပေးချက်အသံများ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က စားပွဲပေါ်မှ စုတ်တံကို အလျင်အမြန် ကောက်ယူလိုက်ပြီး လိုအပ်နေသည့် ဆေးဖက်ဝင်ပစ္စည်း အချို့ကို ရေးချလိုက်သည်။
မကြာခင်မှာပင် ကျန်းချန်သည် ဆေးညွှန်းကို ကျုံးကျီဟဲ ရှေ့တွင် တိုက်ရိုက် ချထားလိုက်၏။
သူက ကျုံးကျီဟဲကို ကြည့်ပြီး ပြောလိုက်သည်။
"ဆရာကျုံး.. ဒါက မူလသန္ဓေဆေးညွှန်းမှာ ပျောက်ဆုံးနေတဲ့ ဆေးဖက်ဝင် ပစ္စည်း စာရင်းပါ"
ကျန်းချန် ရေးထားသည့် ဆေးဖက်ဝင်ပစ္စည်းများကို ကျုံးကျီဟဲက ကြည့်လိုက်ရာ မျက်လုံးသူငယ်အိမ်များပင် ရုတ်တရက် ကျုံ့သွားခဲ့သည်။
ကျုံးကျီဟဲတို့သည် ဤမူလသန္ဓေဆေးညွှန်းကို နားလည်ပြီးသား ဖြစ်သည်။
ကျန်းချန် ရေးထားသည့် ဆေးဖက်ဝင်ပစ္စည်းများသည် သူတို့ နားလည်ထားတာနှင့် လုံးဝနီးပါး တူညီနေ၏။
အရေးကြီးဆုံးမှာ ကျန်းချန်သည် သူ၏ ထိုးထွင်းသိမြင်မှုအပေါ် အခြေခံပြီး မတူညီသည့် ဆေးပစ္စည်း တစ်မျိုးကို ထည့်သွင်းထားခြင်းပင်။
ကျုံးကျီဟဲက စိတ်ထဲကနေ တွက်ချက်ကြည့်လိုက်ရာ ကျန်းချန်း ထည့်ထားသည့် ဆေးဖက်ဝင် ပစ္စည်းသည် ဆေးသန့်စင်သည့် အောင်မြင်မှုနှုန်းကို တိုးမြှင့်စေနိုင်မှန်း သိခဲ့သည်။
ကျန်းချန် ထပ်ထည့်ထားသည့် ဤဆေးဖက်ဝင်ပစ္စည်းဖြင့်သာဆိုလျှင် မူလသန္ဓေဆေးညွှန်းသည် လုံးဝ ပြည့်စုံသွားပြီ ဖြစ်၏။
"အံ့သြစရာပဲ... ဒါက ပြီးပြည့်စုံတဲ့ မူလသန္ဓေဆေးညွှန်းပဲ"
"ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ မင်းက မူလသန္ဓေဆေးကို နားလည်လိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး"
"မင်း... မင်း ဘယ်လိုလုပ်တာလဲ"
ကျုံးကျီဟဲက အသက်ခပ်ပြင်းပြင်းရှူလိုက်သည်။
သူက ရုတ်တရက် ခေါင်းမော့ပြီး ကျန်းချန်ကို ကြည့်လိုက်၏။
သူ၏ အိုမင်းသော မျက်လုံးထဲတွင် မကြုံစဖူး ကြောက်လန့်မှုများနှင့် ပြည့်နှက်နေခဲ့သည်။
ကျုံးကျီဟဲက ကျန်းချန်း မူလသန္ဓေဆေးညွှန်း အပြည့်အစုံကို ဖော်ထုတ်နိုင်ခဲ့သည်ကို ကိုယ်တိုင်ကိုယ်ကျ ဝန်ခံသည်ကို ကြားလျှင် ခန်းမထဲရှိ တခြားသော အဂ္ဂိရတ်သခင်များသည် ထိတ်လန့်အံ့သြသော အမူအရာများဖြင့် ကျန်းချန်ကို ကြည့်နေကြ၏။
သူတို့အားလုံးက ဘာပြောရမှန်းပင် မသိတော့ပေ။
တစ်မိနစ်။
ဤကောင်လေးက တစ်မိနစ်ပင် မလိုအပ်ဘဲ မူလသန္ဓေဆေးညွှန်းကို အောင်မြင်စွာ နားလည်နိုင်ခဲ့သည်။
သိထားရမည်မှာ ကျုံးကျီဟဲ၏ ဦးဆောင်မှုအောက်တွင် သူတို့သည် မူလသန္ဓေဆေးလုံးကို နားလည်ရန် အချိန်အတော်ကြာယူခဲ့ရခြင်းပင်။
ထို့အပြင် သူတို့ နားလည်ထားသည့် ဆေးညွှန်းတွင် အားနည်းချက်အချို့ ရှိနေသေး၏။
သို့သော် သူတို့ရှေ့မှကောင်လေးကမူ တစ်ချက်ကြည့်ရုံဖြင့် အပြည့်အဝ ဖြေရှင်းနိုင်ခဲ့သည်။
"အားကောင်းလိုက်တာ"
ဤကောင်လေး၏ အဂ္ဂိရတ်လမ်းစဥ်တွင် အောင်မြင်မှုများက ယခုလောက် ကြောက်မက်ဖွယ်ကောင်းမှန်း မည်သူမှ မထင်ထားကြပေ။
ဆိုရလျှင် ကောင်လေးသည် သူတို့အားလုံးကို အပြည့်အဝ အနိုင်ယူလိုက်ပြီ ဖြစ်သည်။
အခန်း(၁၉၃) ပြီး၏