အခန်း (၁၉၆)
Vol. 14 Ch. 196
ကျန်းချန်သည် မူလဘူတ နယ်ပယ် အဆင့်၄ကို ကျော်ဖြတ်ပြီးနောက်တွင် ကျန်ရှိနေသေးတဲ့ ဆေးပြားအချို့ကိုပါ တစ်ခါတည်း စားလိုက်သည်။
ထပ်မံ အဆင့်မြှင့်တင်ရန်အတွက် အတွေ့အကြုံရမှတ် ပိုမိုကုန်ကျလာသောကြောင့် ကျန်းချန်သည် အဆုံးသတ်တွင် မူလဘူတနယ်ပယ် အဆင့်၅ကို မထိုးဖောက်နိုင်ခဲ့ပေ။
သို့သော်လည်း ကျန်းချန်သည် မူလဘူတ နယ်ပယ် အဆင့်၄ကို တစ်ထိုင်တည်း ရောက်ရှိနိုင်ခဲ့သည့်အတွက် အတော်လေး ကျေနပ်အားရခဲ့သည်။
မူလဘူတ နယ်ပယ်အဆင့်၄ ခွန်အားကို သူ၏ ထူးခြားသော တိုက်ခိုက်ရေး စွမ်းအားနှင့် ပေါင်းစပ်လိုက်လျှင် မူလဘူတနယ်ပယ် အဆင့်၇ ကျင့်ကြံသူ အချို့နှင့်ပင် လုံးဝ ယှဉ်ပြိုင်နိုင်လောက်သည်အထိ ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပြီးနောက်တွင် ကျန်းချန်သည် အလျင်စလို ထွက်ခွာဖို့ မလုပ်ခဲ့ပေ။
သူက အချိန်အနည်းငယ် ယူ၍ ကောင်းကင်ဖျက်ဆီးနဂါးလက်သီးကို လေ့ကျင့်ခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက်တွင် ကျန်းချန်သည် ကောင်းကင်ဖျက်ဆီးနဂါးလက်သီးကို နက်နဲမှုအလယ်အလတ် အဆင့်ကနေ နက်နဲမှု အဆင့်မြင့်အထိ မြှင့်တင်နိုင်ခဲ့၏။
မဟာရှားနိုင်ငံ၏ စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲသည် ကျင်းပရန် သုံးရက်ပင် မလိုတော့ပေ။
သူက စီရင်စုကိုးခု ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်မည့် လင်ယွင်ကျောင်းတော်အဖွဲ့သည် အင်ပါယာမြို့တော်ကို ရောက်ရှိနေလောက်ပြီဟု ခန့်မှန်းမိပြီး လင်ယွင်ကျောင်းတော်အဖွဲ့နှင့် သွားရောက် ပူးပေါင်းရန် ဆုံးဖြတ်လိုက်သည်။
အခန်းထဲက ထွက်ပြီးနောက်တွင် ကျန်းချန်သည် ယွဲ့ယန်ကျိုးကို နှုတ်ဆက်ဖို့ သွားခဲ့သည်။
ယွဲ့ယန်ကျိုးက လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ ဌာနချုပ်တွင် ရှိမနေမှန်း သိပြီးနောက်တွင် ကျန်းချန်သည် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကနေ တိုက်ရိုက်ထွက်ခွာလာခဲ့သည်။
မဟာရှားနိုင်ငံ၏ စီရင်စုကိုးခု ကိုယ်ခံပညာပြိုင်ပွဲသည် နှစ်စဉ်ကျင်းပသော ပြိုင်ပွဲတစ်ခု ဖြစ်သည်။
ပြိုင်ပွဲကို တော်ဝင်မိသားစုနှင့် ယန်ဟွမ်ကျောင်းတော်တို့က ပူးတွဲကျင်းပကြ၏။
ပြိုင်ပွဲတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်သူတိုင်းသည် ကြွယ်ဝသော ဆုလာဘ်များကို ရရှိနိုင်ရုံတင်မက ယန်ဟွမ်ကျောင်းတော်သို့ ဝင်ရောက်ဖို့ အခွင့်အရေးကိုပါ ရရှိမည်ဖြစ်သည်။
ခွန်အားဖြစ်စေ၊ ကျင့်ကြံခြင်း အရင်းအမြစ် ဖြစ်စေ၊ ယန်ဟွမ်ကျောင်းတော်သည် စီရင်စုကိုးခုမှ ကျောင်းတော်များထက် အဆများစွာ သာလွန်၏။
ပြောရလျှင် ယန်ဟွမ်ကျောင်းတော်သည် မဟာရှား နိုင်ငံမှ ကိုယ်ခံပညာရှင်အားလုံး၏ အိပ်မက်ဖြစ်သည့် ကိုယ်ခံပညာ နယ်မြေတစ်ခု ဖြစ်သည်။
နာရီဝက်ခန့်ကြာပြီးနောက်တွင် ကျန်းချန်သည် မဟာရှားနိုင်ငံ၏ အင်ပါယာနန်းတော်ဘေးတွင် စီရင်စုကိုးခုမှ ကိုယ်ခံပညာရှင်များ အတွက် အထူးပြင်ဆင်ထားသော စံအိမ်ကြီး တစ်လုံးဆီ ရောက်ရှိလာခဲ့သည်။
လင်ယွင်ကျောင်းတော်၏ တပည့် ဖြစ်ကြောင်း အစောင့်ကို သက်သေခံကတ် ပြသပြီးနောက်တွင် ကျန်းချန်သည် အိမ်ကြီးထဲကို ဝင်သွားခဲ့သည်။
လင်ယွင်ကျောင်းတော်မှ လူများ တည်းခိုနေသည့် နေရာကို အနည်းငယ် မေးမြန်းပြီးနောက်တွင် ကျန်းချန်သည် လင်ယွင်ကျောင်းတော်မှ လူများနှင့် တွေ့ရန် သွားတော့မည့် အချိန်တွင် ရုတ်တရက် ဒေါသတကြီး အော်သံတစ်သံကို နားထဲတွင် ကြားလိုက်ရသည်။
"လက်စသတ်တော့ မင်းဖြစ်နေတာကိုး"
ရုတ်တရက် ကြားလိုက်ရသော အသံကြောင့် ကျန်းချန်က အံ့အားသင့်သွားခဲ့သည်။
သူက ခေါင်းကိုမော့ပြီး အသံလာရာဆီသို့ ကြည့်လိုက်သောအခါ ရင်းနှီးသော လူတစ်ယောက်က မထီတရီ မျက်နှာထားဖြင့် သူ့ဆီသို့ လျှောက်လာသည်ကို တွေ့လိုက်ရ၏။
ထိုလူက တခြားသူ မဟုတ်ပေ။
ထျန်းလုံတောင်တွင် သူနှင့် တွေ့ခဲ့ဖူးသည့် နန်းကုန်းရီပင် ဖြစ်သည်။
နန်းကုန်းရီ၏ အနောက်တွင် ဝတ်စုံတူ ဝတ်ဆင်ထားသည့် တိုက်ခိုက်ရေးသမား အများအပြားကိုလည်း ကျန်းချန် တွေ့လိုက်ရ၏။
သံသယဖြစ်စရာ မလိုလောက်အောင်ပင် ထိုလူများသည်စီရင်စုကိုးခု ကိုယ်ခံပညာပြိုင်ပွဲကို လာရောက် ယှဉ်ပြိုင်သည့် ကျီယွင်ကျောင်းတော်မှ လူများပင် ဖြစ်သည်။
ကျန်းချန်က သူ့ဆီသို့ လျှောက်လာသည့် နန်းကုန်းရီကို မြင်လျှင် မဲ့ပြုံးပြုံးလိုက်ပြီး နန်းကုန်းရီကို ကြည့်လိုက်သည်။
"ငါက ဘယ်သူများလဲမှတ်တယ်.. တိရစ္ဆာန်ထက်တောင် အောက်ကျတဲ့ အမှိုက်သရိုက် ဖြစ်နေတာကိုး"
"ကောင်လေး.. မင်းဘာပြောလိုက်တာလဲ...နောက်တစ်ခါ ပြန်ပြောစမ်း"
ကျန်းချန်၏ စကားကိုကြားလျှင် နန်းကုန်းရီ၏ မျက်နှာသည် ရုတ်တရက် အမူအရာ ပြောင်းလဲသွားခဲ့သည်။
သူက ကျန်းချန်ကို သေတော့မည့်လူ တစ်ယောက်ကဲ့သို့ ကြည့်လိုက်သည်။
သူ့တစ်ကိုယ်လုံးတွင် ချက်ချင်းဆိုသလို လူသတ်ချင်စိတ်များဖြစ်ပေါ်လာခဲ့၏။
စင်စစ် နန်းကုန်းရီသည် အလွန် ကြောက်ရွံ့နေခဲ့သည်။
သူ ထျန်းလုံတောင်ကနေ ထွက်ပြေးပြီးနောက်တွင် ကျန်းချန်တစ်ယောက် ရှန်းထျန်းလုံ၏ လက်ထဲတွင် မလွဲမသွေ သေမည်ဟု သူ ထင်ထားခဲ့၏။
ကျန်းချန် သေသွားလျှင် သူအသက်ရှင်ဖို့အတွက် သူငယ်ချင်းနှစ်ယောက်ကို အကာအကွယ်အဖြစ် စတေးခဲ့သည့် လျှို့ဝှက်ချက်ကို မည်သူမှ သိမည် မဟုတ်တော့ပေ။
သို့သော် ယခုအခါတွင် ကျန်းချန်သည် သူ့ရှေ့တွင် အသက်ရှင်လျက် ရပ်နေခဲ့သည်။
သူနှင့်အတူ ထျန်းလုံတောင်ကို သွားခဲ့သည့် လူနှစ်ယောက်တွင် တစ်ယောက်၏ အထောက်အထားသည် သာမန်မဟုတ်ပေ။
ထိုကောင်လေးသာ ထျန်းလုံတောင်မှာ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို အမှန်အတိုင်း ဖော်ထုတ်လိုက်လျှင် သူ့အတွက် အလွန်အန္တရာယ်များသည့် အခြေအနေတစ်ခု ဖြစ်လာမှာ သေချာသည်။
အခန်း(၁၉၆) ပြီး၏