အခန်း (၁၉၇)
Vol. 14 Ch. 197
သူက ဘယ်လိုနည်းနှင့်ဖြစ်ဖြစ် ကျန်းချန်ကို ထိုလျှို့ဝှက်ချက် ပြောဆိုရန် အခွင့်အရေးပေး၍ မဖြစ်ပေ။
"ကျန်းချန်.. လူယုတ်မာကောင်.. နောက်ဆုံးတော့ ငါ နန်းကုန်းရီ မင်းနဲ့တွေ့ခွင့်ရပြီ"
"အဲဒီနေ့က ငါတို့တွေ ထျန်းလုံတောင်ကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်.. ဒါပေမယ့် အရေးကြီးတဲ့အချိန်မှာ မင်းက ထျန်းလုံတောင်က ရှန်းထျန်းလုံနဲ့ ပူးပေါင်းပြီး ငါ့ကို တိုက်ခိုက်လာလိမ့်မယ်လို့ မထင်ထားမိဘူး.. အဲဒီအတွက် ငါ့ရဲ့ ဂျူနီယာ နှစ်ယောက် သေဆုံးခဲ့ရတယ်"
"ဒီနေ့ ငါ့ရဲ့ ဂျူနီယာ နှစ်ယောက်အတွက် လက်စားချေဖို့ မင်းလို လူယုတ်မာကို ငါသတ်ပစ်မယ်"
နန်းကုန်းရီ၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။
ထို့နောက်တွင် ကျယ်လောင်သော အော်သံတစ်သံနှင့် အတူ မူလဘူတနယ်ပယ်အဆင့် တိုက်ခိုက်ရေးသမား၏ အရှိန်အဝါက ချက်ချင်း ပေါက်ကွဲထွက်လာခဲ့၏။
တစ်ချိန်တည်းမှာပင် သူက လက်ငါးချောင်းဖြင့် ကျန်းချန်၏ လည်မျိုကို ကုတ်ဆွဲလိုက်သည်။
ပြီးခဲ့သည့်တစ်ခေါက်က ထျန်းလုံတောင်ကနေ ထွက်ပြေးပြီးနောက်တွင် နန်ကုန်းရီသည် အပတ်တကုတ် ကြိုးစားလေ့ကျင့်ခဲ့၏။
တစ်လနီးပါးကြာ ရူးသွပ်စွာ လေ့ကျင့်ပြီးနောက်တွင် အဆုံးသတ်၌ မူလဘူတ နယ်ပယ် အဆင့်ကို ထိုးဖောက်နိုင်ခဲ့သည်။
ယခုအခါ သူက ကျန်းချန်နှင့် တွေ့နေပြီဖြစ်ရာ နန်ကုန်းရီသည် သူ၏ ခွန်အား အလုံးစုံကို ထုတ်ပြရန် တွန့်ဆုတ်မနေခဲ့ပေ။
သူက တစ်ချက်တည်းဖြင့် အသေသတ်ပစ်ရန် ကြံရွယ်ထားပြီး ကျန်းချန်ကို ပြန်လည်ခုခံရန် အခွင့်အရေးပင် မပေးလိုခဲ့ချေ။
သို့သော်လည်း နန်းကုန်းရီ၏ အိပ်မက်သည် အရာအားလုံး ပြည့်စုံနေသော်လည်း လက်တွေ့တွင်မူ အလွန် ခက်ခဲနေ၏။
သူ၏ ယုံကြည်ချက်အပြည့်ဖြင့် ထုတ်သုံးလိုက်သော ကုတ်ဆွဲချက်က ကျန်းချန်၏ လည်မျိုနားသို့ ရောက်သောအချိန်တွင် ကျန်းချန်၏ ပုံရိပ်သည် သူ့ရှေ့မှာပင် တစ္ဆေတစ်ကောင်လို ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ထိုမြင်ကွင်းကြောင့် နန်းကုန်းရီ၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။
သူက ရုတ်တရက် ခေါင်းကိုမော့ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူနှင့်ဆယ်မီတာအကွာတွင် ဘယ်အချိန်ကတည်းကရောက်နေမှန်း မသိသော ကျန်းချန်ကို တွေ့လိုက်ရသည်။
"ဟားဟား...နန်းကုန်းရီ.. မင်းရဲ့ဇာတ်လမ်းက တော်တော်ကောင်းတာပဲ"
"မင်းက ရှန်းထျန်းလုံရဲ့ဓားချက်ကနေ ကိုယ်အသက်ရှင်ဖို့အတွက်နဲ့ အဖော်နှစ်ယောက်ကို စတေးဖို့ တွန့်ဆုတ်မနေခဲ့ဘူး"
"အခု မင်းက ငါ့ကို အရှက်မရှိ လာစွပ်စွဲရဲသေးတယ်.. မင်းမှာ အရှက်တရား နည်းနည်းလေးတောင် မရှိဘူးလား"
ကျန်းချန်ဟာ သူ့ရှေ့မှ နန်းကုန်းရီကို ခပ်ထေ့ထေ့ကြည့်၍ ခနဲ့လိုက်သည်။
"ကောင်လေး.. မင်းအဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့.. သွားသေလိုက်တော့"
နန်းကုန်းရီက ဒေါသထွက်နေခဲ့၏။
သူက ဘာမှတွန့်ဆုတ်မနေဘဲ သူ၏ ဓားရှည်ကို တိုက်ရိုက်ထုတ်ယူလိုက်ပြီး သူအားအကိုးဆုံး ဓားကွက် ဖြစ်သည့် ကောင်းကင်အေးခဲ ဓားချက်ဖြင့် ကျန်းချန်ကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
ကျန်းချန်၏ မျက်နှာအမူအရာက အေးဆေး တည်ငြိမ်နေခဲ့၏။
သူက စကြဝဠာရွေ့လျားခြင်း ခြေလှမ်းကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
နောက်ထပ် တစ်ခဏတွင် ကျန်းချန်၏ ပုံရိပ်သည် တစ္ဆေတစ်ကောင်လို နေရာမှာတင် ပျောက်ကွယ်သွားခဲ့ပြီး နန်ကုန်းရီ၏ ပြင်းထန်သော ဓားချက်ကို လုံးဝရှောင်ရှားနိုင်ခဲ့သည်။
"ဒီကောင်လေးရဲ့အမြန်နှုန်းက ဘယ်လိုလုပ်ပြီး.ဒီလောက်မြန်ရတာလဲ"
သူ၏ ကောင်းကင်အေးခဲဓားသိုင်း ကျရှုံးသွားသည်ကိုမြင်လျှင် နန်ကုန်းရီသည် ကြောက်လန့်တုန်လှုပ်သွားခဲ့သည်။
သူက ခေါင်းကိုလှည့်၍ ဘယ်အချိန်ကတည်းက သူ့နောက်တွင် ရောက်နေမှန်းမသိသည့် ကျန်းချန်ကို ကြည့်လိုက်သည်။
သူ၏မျက်နှာက ချက်ချင်းပင် ဘဲဥပုပ်ကဲ့သို့ ညစ်ထေးသွားခဲ့၏။
"နန်ကုန်းရီ..မင်းငါ့ကိုသတ်ဖို့ ဒီလောက်ထိတောင် အသည်းအသန်ဖြစ်နေတာလား"
ကျန်းချန်က နန်ကုန်းရီကို ပြုံး၍ ပြောလိုက်သည်။
"ဒါပေမယ့် မင်းရဲ့ခွန်အားနဲ့ဆိုရင် ငါ့ကိုသတ်ဖို့ အရည်အချင်းမပြည့်မီသေးမှာကို ငါစိုးရိမ်မိတယ်"
နန်ကုန်းရီ၏ မျက်နှာက အလွန်ပင် စိမ်းဖန့်နေခဲ့သည်။
သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။
ကျန်းချန်ကို ကြည့်နေသည့် သူ၏မျက်လုံးများသည် မီးဝင်းဝင်း တောက်နေခဲ့သည်။
သူက အနည်းငယ် နောင်တရနေခဲ့၏။
ကျန်းချန်က ဤမျှလောက် အစွမ်းထက်မှန်းသိလျှင် သူက ကျန်းချန်ကို ယခုလောက် အသည်းအသန်ရှာဖွေမည် မဟုတ်ပေ။
ယခုတော့ သူက ကျန်းချန်ကို ဖြေရှင်းဖို့ မအောင်မြင်ရုံတင်မက လူအများရှေ့မှာပင် ရှန်းထျန်းလုံ၏ ဓားချက်ကို ကာကွယ်ရန် ဂျူနီယာနှစ်ယောက်ကို စတေးခဲ့သည့် လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ ကျန်းချန်ကို တောင်းဆိုလိုက်သလို ဖြစ်သွားခဲ့သည်။
နန်ကုန်းရီကို ပိုပြီး ကြောက်လန့်စေသည်မှာ သူစတေးခဲ့သောဂျူနီယာနှစ်ယောက်မှ တစ်ယောက်၏ အဖေသည် ဤတစ်ခေါက်ပြိုင်ပွဲကို ဦးဆောင်လာသည့် လက်ထောက် အကြီးအကဲ ဖြစ်နေသောကြောင့်ပင်။
လက်ထောက် အကြီးအကဲသာ အဖြစ်မှန်ကို သိသွားလျှင် သူတကယ် နားကားပြီ မဟုတ်ပါလော။
"နန်းကုန်းရီ... ဘာတွေဖြစ်နေတာလဲ"
နန်းကုန်းရီ အနည်းငယ် စိတ်လှုပ်ရှားနေသော အချိန်မှာပင် နန်းကုန်းရီ၏ နောက်ကနေ အေးစက်စက် ဒေါသသံတစ်သံက ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
အခန်း(၁၉၇) ပြီး၏