အခန်း (၂၀၀)
Vol. 14 Ch. 200
ဒေါသတကြီး အော်ဟစ်သံနှင့် အတူ လူတစ်ယောက်က ချက်ချင်းဆိုသလို ကောင်းကင်ကနေ ဆင်းသက်လာပြီး ကျန်းချန်ရှေ့တွင် တိုက်ရိုက် ရပ်လိုက်သည်။
သူက မီးတောက်ကဲ့သို့ အနီရောင် လက်သီးတစ်လုံးကို တုယွီရှန်၏ အပြာရောင်ဧရာမလက်ဝါးဆီသို့ ပစ်သွင်းလိုက်သည်။
"ဝုန်း"
အစိမ်းရောင်လက်ဝါးနှင့် အနီရောင်လက်သီးက လေထဲတွင် ဆုံတွေ့သွားပြီး မြေကြီး တုန်ခါသွားလောက်သည်အထိ ပေါက်ကွဲသံက လေထဲတွင် ချက်ချင်း ထွက်ပေါ်လာခဲ့၏။
မကြာခင်မှာပင် တုယွီရှန်၏ ပုံရိပ်က တုန်ခါသွားသည်ကို တွေ့လိုက်ရသည်။
သူက ပြင်းထန်သည့် လက်သီးချက်ကြောင့် ခန္ဓာကိုယ် တုန်လှုပ်သွားပြီး ခုနစ်လှမ်း ရှစ်လှမ်းခန့် နောက်သို့ ဆုတ်သွားခဲ့သည်။
သူက ရုတ်တရက် ထွက်ပေါ်လာသည့် ပုံရိပ်ကို အာရုံစူးစိုက်၍ ကြည့်လိုက်သည်။
"ယန်စန်းမင်"
ယန်စန်းမင်က မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။
"တုယွီရှန်.. ကျီယွင်ကျောင်းတော်ရဲ့ လက်ထောက် အကြီးအကဲအနေနဲ့ လူငယ်တစ်ယောက်ကို တိုက်ခိုက်တာ မင်းမရှက်ဘူးလား"
"လူသတ်ရင် အသက်နဲ့ ပြန်ပေးဆပ်ရမယ်.. ဒါက တရားမျှတတဲ့လုပ်ရပ်ပဲ"
"ဒီကောင်က ငါ့သမီးကို သတ်ခဲ့တယ်.. ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဒီနေ့သူ ငါ့ကို ရှင်းပြရမယ်"
တူယွီရှန်က မျက်နှာမကြည်မလင်ဖြင့် ပြောလိုက်သည်။
"အဲဒီလိုလား"
ယန်စန်းမင်က ပေါ့ပါးစွာ ပြောလိုက်သည်။
"မင်းက မင်းရဲ့ သမီးကို ကျန်းချန် သတ်တယ်လို့ ပြောတယ်.. ဒါပေမယ့် ဘာသက်သေရှိလို့လဲ"
တုယွီရှန်က အေးစက်စွာ ပြောလိုက်သည်။
"ဒီဖြစ်ရပ်ကို ကျီယွင်ကျောင်းတော်က ငါ့ရဲ့ကျောင်းသား နန်းကုန်းရီ ကိုယ်တိုင် မြင်ခဲ့တာပဲ.. ဘာများမှားနိုင်သေးလို့လဲ"
"ဟားဟား...ဒါက ရယ်စရာကောင်းလိုက်တာ.. ဒါက မင်းကျောင်းသားရဲ့ တစ်ဖက်သတ် ပြောကြားချက်ပဲလေ.. ကျန်းချန်က မင်းရဲ့ သမီးကို သတ်တယ်လို့ ဘာလို့ ထင်နေတာလဲ?"
"ဒါ့အပြင် ကျန်းချန်က မင်းရဲ့သမီးကို အမှန်တကယ် သတ်ရင်တောင် ဒါက မင်း သမီးရဲ့တာဝန်ပဲ"
"ဒီနေ့ ငါဒီမှာရှိနေတယ်.. ကျန်းချန်ရဲ့ ဆံပင်ကိုတောင် ထိဖို့စိတ်ကူးနဲ့"
ယန်စန်းမင်က ကျယ်လောင်စွာရယ်မောလိုက်သည်။
သူ၏ အထက်စီးဆန်သော လေသံသည် လူတိုင်း၏ နားထဲကို တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။
"ယန်စန်းမင်.. မင်းက ဒီကောင်လေးကို ကာကွယ်ဖို့ သန္နိဋ္ဌာန်ချထားတာလား"
ယန်စန်းမင်၏ အထက်စီးဆန်သော စကားကို ကြားလျှင် တုယွီရှန်၏ မျက်နှာအမူအရာသည် ချက်ချင်းပင် အကျည်းတန်သွားခဲ့သည်။
"အဲဒီတော့ မင်းဘာဖြစ်ချင်လဲ"
ယန်စန်းမင်က မောက်မာစွာ ပြောလိုက်သည်။
"မင်းမကျေနပ်ရင် စမ်းကြည့်လိုက်လေ"
တုယွီရှန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူ၏ဒေါသကို အတင်းအကျပ် ထိန်းချုပ်လိုက်ရသည်။
ကျီယွင်ကျောင်းတော်သည် လင်ယွင်ကျောင်းတော်နှင့် ကပ်လျက် တည်ရှိသည်။
ထို့ကြောင့် တုယွီရှန်သည် လင်ယွင်ကျောင်းတော်၏ ယန်စန်းမင် အကြောင်းကို ကောင်းစွာသိသည်။
ဤအဘိုးကြီးက လင်ယွင်ကျောင်းတော်၏ သက်တမ်းရင့် အကြီးအကဲတစ်ယောက် ဖြစ်ပြီး လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကတည်းကပင် မူလဘူတ နယ်ပယ်အဆင့်၉ ကျင့်ကြံသူ ဖြစ်၏။
ယနေ့အချိန်တွင် ယန်စန်းမင်၏ ခွန်အားသည် ပိုပြီး နက်နဲနေနိုင်သည်။
သူက ထိုအဘိုးကြီးနဲ့ အမှန်တကယ် တိုက်မည်ဆိုလျှင် အားသာချက် အနည်းငယ်မျှပင် မရှိပေ။
"ကျန်းချန်.. ငါ့သမီးကိုသတ်တဲ့ သက်သေကို ငါမတွေ့ဖို့ ဆုတောင်းထားတာ ကောင်းမယ်"
"တွေ့တာနဲ့ ငါမင်းကို လုံးဝ အလွှတ်ပေးမှာမဟုတ်ဘူး"
တုယွီရှန်သည် ယန်စန်းမင် ရှိနေသ၍ သူ့အနေဖြင့် ယနေ့တွင် ကျန်းချန်ကို သတ်ရန် မဖြစ်နိုင်တော့မှန်း သိလိုက်သည်။
သူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်ပြီး ကျီယွင်ကျောင်းတော်မှ ကျောင်းသားများနှင့်အတူ လှည့်ထွက်သွားခဲ့သည်။
"ကောင်လေး.. မင်းနောက်ဆုံးတော့ ရောက်လာပြီပဲ"
"မင်း မကြာခင် ငါတို့နဲ့ပူးပေါင်းဖို့ လာမယ်လို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက အကြီးအကဲယွဲ့သာ မပြောခဲ့ရင် မင်းကိုကိုယ်တိုင်လာရှာဖို့တောင် ငါစီစဉ်ထားပြီးပြီ"
တုယွီရှန်နှင့် အခြားသူများ ထွက်သွားပြီးနောက်တွင် ယန်စန်းမင်က ပြုံး၍ ကျန်းချန်ကို ပြောလိုက်သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"ကျွန်တော် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှာ လေ့ကျင့်နေတာ အချိန်အတော်ကြာသွားခဲ့တယ်. အကြီးအကဲယန်ကို စောင့်ဆိုင်းစေမိပြီ"
"ဟားဟား...ရပါတယ်.. မင်းကို တစ်လကျော် မတွေ့ရတာနဲ့ မင်းရဲ့ခွန်အားက ဒီအဆင့်ထိ ရောက်လာမယ်လို့ မထင်ထားမိဘူး.. မင်းက မူလဘူတ နယ်ပယ်အဆင့်၉ရဲ့ လက်ဝါးရိုက်ချက်ကိုတောင် ကာကွယ်နိုင်ခဲ့တယ် ဆိုတော့ မင်းရဲ့လက်ရှိခွန်အားက ချန်လုံကျောင်းတော်က ယင်ခိုင်နဲ့ ယှဉ်ရင်တောင် နည်းနည်းမှ မလျော့မှာ ငါစိုးရိမ်မိတယ်"
ယန်စန်းမင်၏ ရွှင်လန်းသော ရယ်သံသည် ကျန်းချန်၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
"အနှစ်သုံးဆယ်ကြာပြီးတဲ့နောက်မှာ ငါတို့လင်ယွင်ကျောင်းတော်က နောက်ဆုံးတော့ စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲမှာ ပထမရနိုင်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ရှိလာခဲ့ပြီ"
အခန်း(၂၀၀) ပြီး၏