အခန်း (၂၀၃)
Vol. 14 Ch. 203
ကျန်းချန်တို့က အသံလာရာဆီသို့ ကြည့်လိုက်ကြသည်။
ရင်ပြင်၏ ညာဘက်ခြမ်းတွင် အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအဖွဲ့၏ ဝတ်စုံကို ဝတ်ဆင်ထားသည့် လူအနည်းငယ်ငည် စားပွဲအနည်းငယ်ကို မြန်မြန်ဆန်ဆန် ပြင်ဆင်လိုက်ကြသည်။
စားပွဲပေါ်တွင် ကျောင်းတော်၉ခု၏ နံပါတ်တစ် ပါရမီရှင်များ၏ နာမည်နှင့် အလေးသာမှုများကို တင်ထားသည်။
အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအဖွဲ့မှ လူလတ်ပိုင်းအရွယ် ဝဖိုင့်ဖိုင့်လူက အသံကုန်ခြစ်၍ ရင်ပြင်ထဲတွင် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ကဲကဲ အားလုံးပဲ စိတ်ပါရင် လာလောင်းလို့ရပြီနော်"
"အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအဖွဲ့က လောင်းကြေး ဖွင့်လိုက်ပြီဟ.. ငါက ချန်လုံကျောင်းတော်က ယင်ခိုင်ဘက်က လောင်းမယ်.. ဒီတစ်ကြိမ် ဗိုလ်စွဲမဲ့သူက သူပဲဖြစ်ရမယ်"
"ဟောင်ထျန်းကျောင်းတော်က ယဲ့ချမ်ချိုးကလည်း ဗိုလ်စွဲဖို့အတွက် ရေပန်းစားနေတဲ့ ကိုယ်စားလှယ်ပဲ.. သူ့ကို လောင်းရင် ပြန်ရမဲ့ ဆကြေးက ယင်ခိုင်ထက် ပိုမြင့်တယ်.. ငါကတော့ ယဲ့ချမ်ချိုးဘက်ကပဲ လောင်းမယ်"
"..........."
အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအဖွဲ့က လောင်းကြေး စတင် ဖွင့်လိုက်သည်နှင့် ရင်ပြင်တစ်ခုလုံးသည် ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့၏။
အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအဖွဲ့က ယင်ခိုင်၏ အလေးသာမှုကို ၁လေး ၁လေး၊ ယဲ့ချမ်ချိုး၏ အလေးသာမှုကို ၂လေး ၁လေး သတ်မှတ်ထားသည်။
အပေါ်ယံကြည့်လျှင် အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအဖွဲ့၏ လုပ်ဆောင်မှုသည် ယဲ့ချမ်ချိုးဘက်မှ လောင်းမည့်သူများကို ဆကြေးပိုရနိုင်မည့် အခွင့်အရေးပေးသည်ဟု ထင်ရသော်လည်း ကြေးဖွင့်မှုအရ ဗိုလ်စွဲရန်အတွက် ယင်ခိုင်ကို အခွင့်အရေး ပိုများသည်ဟု သတ်မှတ်ထားသည်မှာ ထင်ရှားနေ၏။
ယဲ့ချမ်ချိုးက တည်ငြိမ်အေးဆေးသော မျက်နှာအမူအရာဖြင့် အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအဖွဲ့ ကြေးဖွင့်သည့်နေရာသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။
သူက လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ ဝဖိုင့်ဖိုင့်လူ၏ ရှေ့တွင် အဆင့်နိမ့် မှော်စွမ်းအင်ကျောက်တုံးပုံ တစ်ပုံ ချက်ချင်း ပေါ်လာခဲ့သည်။
"အဆင့်နိမ့် မှော်စွမ်းအင်ကျောက်တုံး တစ်ထောင်.. ငါဟောင်ထျန်းကျောင်းတော်က ယဲ့ချမ်ချိုးဘက်က လောင်းမယ်"
ဝဖိုင့်ဖိုင့်လူက ခဏမျှ အံ့အားသင့်သွားခဲ့သည်။
"သခင်လေး ယဲ့ချမ်ချိုးက ကိုယ့်ကိုယ်ကိုယ် ပြန်လောင်းမလို့လား"
ယဲ့ချမ်ချိုးက အေးဆေးစွာ ပြန်ပြောလိုက်သည်။
"မင်းတို့ အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအဖွဲ့မှာ ကိုယ့်ကိုယ်ကိုယ် ပြန်မလောင်းရတဲ့ စည်းမျဉ်းတော့ မရှိဘူးမလား"
"ဟုတ်ပါတယ်.. ငါတို့ အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအဖွဲ့မှာ ဒီလိုစည်းမျဥ်းမျိုး မရှိပါဘူး.. ဘယ်သူမဆို လောင်းခွင့်ရှိပါတယ်"
လူလတ်ပိုင်းအရွယ် ဝဖိုင့်ဖိုင့်လူက ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး သူ့ဘေးမှ လူကိုပြောလိုက်သည်။
"သခင်လေးယဲ့ရဲ့ လောင်းကြေးကို မြန်မြန်စာရင်းသွင်းလိုက်"
"တကယ်ပဲ ယဲ့ချမ်ချိုးက သူ့ကိုယ်သူ အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး တစ်ထောင်တောင် လောင်းလိုက်တာလား.. သူက ပြိုင်ပွဲရဲ့ပထမနေရာအတွက် အရမ်းယုံကြည်မှု ရှိပုံရတယ်"
"ယဲ့ချန်ချိုးနဲ့ ယင်ခိုင်က ဗိုလ်စွဲဖို့ လူကြိုက်များတဲ့ ကိုယ်စားလှယ်တွေပဲ.. ဒါပေမဲ့ ပြန်ရမဲ့ဆမှာတော့ ယဲ့ချမ်ချိုးက ယင်ခိုင်ထက် နှစ်ဆပိုမြင့်တယ်.. ဒါကြောင့် လူတိုင်းက ယဲ့ချမ်ချိုးဘက်ကနေ လောင်းဖို့ ပိုစိတ်အားသန်လာကြတယ်"
ယဲ့ချမ်ချိုးက သူ့ကိုယ်သူ ပြန်လောင်းလိုက်သည်ကို မြင်လျှင် လူအများအပြားသည် ယဲ့ချမ်ချိုးဘက်ကနေလောင်းရန် ပို၍ပင် စိတ်ထက်သန်လာကြသည်။
"အဆင့်နိမ့် မှော်စွမ်းအင်ကျောက်တုံး တစ်ထောင်.. ဒီကောင်က တော်တော်ချမ်းသာတာပဲ"
ကျန်းချန်က အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး တစ်ထောင်ကို ကြည့်ပြီး စိတ်ထဲကနေ ရေရွတ်လိုက်သည်။
အဆင့်နိမ့်မှော်စွမ်းအင် ကျောက်တုံးသည် မှော်စွမ်းအင်ပါသော ကျောက်တစ်မျိုး ဖြစ်၏။
ချီကာကွယ်ရေးအဆင့် အထက်မှ ကျင့်ကြံသူများသည် မှော်စွမ်းအင်ကျောက်တုံး ထဲမှ စွမ်းအင်ကို စုပ်ယူပြီး လေ့ကျင့်မှု အရှိန်အဟုန်ကို မြှင့်တင်နိုင်ကြသည်။
သို့သော်လည်း မှော်စွမ်းအင်ကျောက်တုံးသည် ကျင့်ကြံသူ အများစုအတွက် အလွန်ရှားပါးသောပစ္စည်း ဖြစ်သည်။
သာမန်ခန္ဓာကိုယ် ပြုပြင်ခြင်းအဆင့်မှ တိုက်ခိုက်ရေးသမားတစ်ယောက်သည် မှော်စွမ်းအင်ကျောက်တုံးကို အနည်းငယ်ရဖို့ပင် ခက်ခဲ၏။
ထို့ကြောင့် ယဲ့ချမ်ချိုးက လောင်းကြေးအဖြစ် အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး တစ်ထောင်ကို အသုံးပြုလိုက်ခြင်းသည် ကြီးမားသော လောင်းကြေးဟု သတ်မှတ်၍ ရပေသည်။
ကျန်းချန်က သူ့ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သည့် တက်ကြွသော ထိုးသားများကို ကြည့်ရင်း တစ်စုံတစ်ခုကို ရုတ်တရက် စဥ်းစားမိလိုက်သည်။
အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအဖွဲ့က သတ်မှတ်ထားသည့် သူ၏ ပြိုင်ပွဲတွင် ဗိုလ်စွဲမည့် ရာနှုန်းသည် ၁၀၀လေး ၁လေး ဖြစ်သည်။
ဤအချိန်တွင် သူက ယဲ့ချမ်ချိုးလို သူ့ကိုယ်သူ ပြန်လောင်းလိုက်လျှင် ငွေအမြောက်အမြားရမည်မှာ သေချာ၏။
ထိုအကြောင်းကို စဉ်းစားမိပြီး ကျန်းချန်က သူ့ဘေးမှ ယန်စန်းမင် ဘက်သို့ လှည့်လိုက်သည်။
"အကြီးအကဲယန်မှာ အဆင့်နိမ့်မှော်စွမ်းအင် ကျောက်တုံး ဘယ်လောက်ရှိလဲ.. ကျွန်တော့်ကို နည်းနည်းလောက် ချေးပေးနိုင်မလား"
"မင်းလည်း လောင်းကြေးထည့်ချင်လို့လား"
ယန်စန်းမင်က ခဏမျှ အံ့အားသင့်သွားပြီးမှ သိုလှောင် လက်စွပ်တစ်ကွင်းကို ထုတ်ပြီး ကျန်းချန်ကို ပေးလိုက်သည်။
"အဲဒီထဲမှာ အဆင့်နိမ့် မှော်ကျောက်တုံး တစ်သောင်းရှိတယ်.. လုံလောက်ရဲ့လား"
"လုံလောက်ပါတယ်.. အကြီးအကဲယန်ကို ကျေးဇူးတင်ပါတယ်"
ကျန်းချန်က သိုလှောင်လက်စွပ်ကို ပြုံးရွှင်စွာ လက်ခံလိုက်ပြီး အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအသင်းမှ လူလတ်ပိုင်းအရွယ် ဝဖိုင့်ဖိုင့်လူ ဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။
ထို့နောက် သူက ဝဖိုင့်ဖိုင့်လူ၏ စားပွဲပေါ်သို့ သိုလှောင်လက်စွပ်ကို ပစ်တင်လိုက်သည်။
သူ၏ အံ့သြစရာကောင်းသော အသံသည် လူတိုင်း၏ နားထဲတွင် ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
"အဆင့်နိမ့် မှော်ကျောက်တုံး တစ်သောင်း.. ငါ လင်ယွင်ကျောင်းတော်က ကျန်းချန်ဘက်က လောင်းမယ်"
အခန်း(၂၀၃) ပြီး၏