အခန်း (၂၀၄)
Vol. 14 Ch. 204
ကျန်းချန်၏ ဝင့်ကြွားသော စကားများသည် ပတ်ဝန်းကျင်ရှိ ရေတွက်၍ မရနိုင်သည့် အကြည့်များကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့သည်။
"ဒီကောင်လေးက ဘယ်သူလဲ.. ဦးနှောက်ပျက်နေတာတော့ မဟုတ်ဘူးမလား.. သူက တကယ်ပဲ လင်ယွင်ကျောင်းတော်က ကျန်းချန်ကို လောင်းချင်နေတာလား"
"လင်ယွင်ကျောင်းတော်က စီရင်စုကိုးခုက ကျောင်းတော်တွေထဲမှာ ဟိုးအောက်ဆုံးမှာရှိနေတာ.. သူတို့ရဲ့နံပါတ်တစ် ပါရမီရှင်က ထိပ်ဆုံးဆယ်ယောက်ထဲကိုတောင် ဝင်ဖို့မလွယ်ဘူး... ပထမနေရာက သူတို့အတွက် စိတ်ကူးနဲ့တောင် မဖြစ်နိုင်ဘူး"
"ကောင်လေး.. မင်းမှာ မှော်စွမ်းအင်ကျောက်တုံး အရမ်းတွေ ပေါနေလို့ ဒီနေရာမှာ လာဖြုန်းနေတာလား"
"အမှန်ပဲ"
ကျန်းချန်၏ စကားများသည် သူ့ပတ်ဝန်းကျင်မှ လူတိုင်းကို အလွန်အမင်း စကားမပြောနိုင်အောင် ဖြစ်စေခဲ့ရုံတင်မက အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအဖွဲ့၏ လောင်းကစားတာဝန်ခံ လူလတ်ပိုင်းအရွယ် ဝဖိုင့်ဖိုင့်လူကိုပင် အံ့အားသင့်သွားစေခဲ့သည်။
သူက ထူးဆန်းသော အကြည့်ဖြင့် ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။
"ဒီက ညီလေး.. မင်းက လင်ယွင်ကျောင်းတော်က ကျန်းချန်ကို လောင်းချင်တာ သေချာရဲ့လား"
ကျန်းချန်က ခံစားချက်ကင်းမဲ့စွာဖြင့် အေးစက်စက် ပြန်မေးလိုက်သည်။
"ဘာလို့လဲ.. ငါက သူ့ကို လောင်းလို့မရဘူးလား"
"ရပါတယ်.. ငါတို့စာရင်းထဲမှာပါတဲ့ ကျောင်းတော်တွေရဲ့ ကိုယ်စားလှယ် ဖြစ်နေသ၍ မင်းဘယ်သူ့ကိုမဆို လောင်းလို့ရတယ်"
လူလတ်ပိုင်းအရွယ် ဝဖိုင့်ဖိုင့်လူက ပြုံးကာ ပြောလိုက်သည်။
"ညီလေးရဲ့နာမည်ကို ပြောပြလို့ရမလား"
အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး တစ်သောင်း။
ဤသည်မှာ သေးငယ်သည့် ပမာဏမဟုတ်ပေ။
သာမန် မူလဘူတ အဆင့်ကျင့်ကြံသူပင် ထိုပမာဏကို ရရှိရန်အလွန်ခက်ခဲသည်။
ဤကောင်လေးက အလကားနေရင်း မှော်စွမ်းအင် ကျောက်တုံး တစ်သောင်းကို ကိုယ်တိုင်ကိုယ်ကျ လာပေးနေသောကြောင့် သူ့အနေဖြင့် ငြင်းပယ်စရာ အကြောင်းပြချက် မရှိပေ။
ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။
"ငါက လင်ယွင်ကျောင်းတော်က ကျန်းချန်ပါ.. ငါလောင်းချင်တာ ငါ့ကိုယ်ငါပဲ"
"သူက လင်ယွင်ကျောင်းတော်က ကျန်းချန်ဖြစ်နေတာကိုး"
"ဒီကောင်လေးက အရမ်းမာနကြီးတာပဲ.. သူ့ကိုယ်သူ တကယ်ပဲ ပထမနေရာ အနိုင်ရနိုင်တယ်လို့ ထင်နေတာတော့ မဟုတ်ဘူးမလား"
"ဟားဟား... ငါတကယ် ရယ်ချင်လာပြီ.. ဒီတစ်ကြိမ် ပြိုင်ပွဲမှာ သူသာ အနိုင်ရရင် နေက အနောက်ရပ်က ထွက်လာမှာပဲ"
လူတိုင်းက ကျန်းချန် သူ့ကိုယ်သူ ပြန်လောင်းလိုက်သည်ကို သိလျှင် ကျန်းချန်ကို မထီမဲ့မြင်ပြုကာ မလှောင်ပြောင်ဘဲ မနေနိုင်ခဲ့ပေ။
"ကောင်လေး.. မင်းကို စေတနာနဲ့အကြံပေးလိုက်မယ်.. ငါတို့နဲ့ ပထမနေရာ ယှဉ်ပြိုင်ဖို့ အတွက် မင်းမှာ တကယ်ပဲ အရည်အချင်းရှိတယ်လို့ ထင်နေတာလား"
"လိမ်မာပါးနပ်ရင် အဆင့်နိမ့်မှော်စွမ်းအင် ကျောက်တုံး တစ်သောင်းကို မြန်မြန် ပြန်ယူလိုက်ပါ.. မဟုတ်ရင် မင်းမှာ ဝတ်ထားတဲ့ အတွင်းခံတောင် ကျန်မှာမဟုတ်ဘူး"
လင်ယွင်ကျောင်းတော်မှ ကျန်းချန်က သူ့ကိုတုပပြီး သူ့ကိုယ်သူ လောင်းကြေးထပ်နေသည်ကို မြင်လျှင် ယဲ့ချမ်ချိုးသည် ချက်ချင်းပင် မထီမဲ့မြင် ပြုသောအသံဖြင့် ခနဲ့လိုက်သည်။
သို့သော်လည်း ယဲ့ချမ်ချိုး၏ စကားအဆုံးမှာပင် အေးစက်စက် အသံတစ်သံသည် ရင်ပြင်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ကျန်းချန်က ပထမနေရာ အတွက် တိုက်ခိုက်ဖို့ အရည်အချင်းမရှိဘူးလို့ ဘယ်သူပြောလဲ.. မုန့်မိသားစုက မုန့်ချင်းရွှယ်.. အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံးတစ်သောင်း ကျန်းချန်ဘက်ကနေ လောင်းမယ်"
လူတိုင်းက အသံလာရာဆီသို့ ကြည့်လိုက်ရာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် စက်စက်ယိုအောင် ချောမောသော အမျိုးသမီး တစ်ယောက်သည် ကျန်းချန်နှင့် အခြားသူတွေဆီ ဖြည်းဖြည်းချင်းလျှောက်လာသည်ကို တွေ့လိုက်ရ၏။
"ဝိုး.. မုန့်မိသားစုရဲ့ ပါရမီရှင် အလှဘုရင်မလေး မုန့်ချင်းရွှယ်ပါလား.. သူမက တကယ်ကို လင်ယွင်ကျောင်းတော်က ကျန်းချန်ဘက်ကနေ လောင်းနေတာပဲ"
လူတိုင်းက အံ့အားသင့်သွားခဲ့၏။
သို့သော် သူတို့က အံ့အားသင့်မှုကနေ ပြန်လည် မသက်သာခင်မှာပင် ရင်ပြင်ထဲ၌ ရွှင်လန်းသော ရယ်သံတစ်သံ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။
"ဟားဟား... ညီလေးကျန်းချန်ရဲ့ ပါရမီကို ငါမလေးစားဘဲ မနေနိုင်ဘူး.. ငါယွဲ့ယန်ကျိုးက ညီလေးကျန်းချန် ဘက်ကနေ အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး တစ်သိန်း လောင်းမယ်"
လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အကြီးအကဲ ယွဲ့ယန်ကျိုးက ကျန်းချန်ဘက်မှ အဆင့်နိမ့် မှော်စွမ်းအား ကျောက်တုံး တစ်သိန်းကို လောင်းလိုက်သည်။
"နောက်ထပ် အကြီးအကဲ တစ်ယောက်က ကျန်းချန်ဘက်ကနေ လောင်းခဲ့တယ်ဟ"
"ဒါက ဘယ်လိုအခြေအနေကြီးလဲ"
"ဟားဟား... လူတိုင်းက ညီလေးကျန်းချန်ကို အထင်သေးနေကြတဲ့ပုံပဲ.. ငါက အဲဒီလူတွေရဲ့ အမြင်ကို ပြောင်းလဲပစ်မယ်"
"ငါ ယန်ချင်းရွှယ်ကလည်း အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး တစ်သိန်း ညီလေး ကျန်းချန် ဘက်ကနေ လောင်းမယ်"
"ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် ယန်ချင်းရွှယ်ပါလား"
"သူလိုလူကတောင် ကျန်းချန်ဘက်ကနေ ပထမနေရာ အတွက် လောင်းကြေးထပ်သွားတယ်ဟ"
ရင်ပြင်က တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းက သူတို့၏ မျက်လုံးများပင် ကျွတ်ကျလုနီးပါးအထိ အံ့အားသင့်နေခဲ့ကြသည်။
အခန်း(၂၀၄) ပြီး၏