← Chapters

အခန်း (၂၀၆)

Vol. 14 Ch. 206

အခန်း (၂၀၆)

Vol. 14 Ch. 206

"ဒေါင်.. ဒေါင်"

လူတိုင်းက ကျန်းချန်ဘက်ကနေ လောင်းကြေးထပ်ရန် စိတ်ဝင်စားနေကြသောအချိန်တွင် ကျယ်လောင်သော ခေါင်းလောင်းသံသည် ရင်ပြင်၏ လေထုထဲတွင် ရုတ်တရက် ပျံ့လွင့်လာခဲ့သည်။

ချက်ချင်းဆိုသလို ရင်ပြင်တစ်ခုလုံးရှိ လေထုသည် ပိုပြီး တိတ်ဆိတ်သွားခဲ့၏။

ယန်စန်းမင်နှင့် ကျောင်းတော်တချို့၏ အကြီးအကဲများသည် ကျောင်းသားများကို ပြိုင်ပွဲဝင်ရမည့် ဧရိယာသို့ အလျင်အမြန် ခေါ်သွားခဲ့သည်။

မကြာခင်မှာပင် ပြိုင်ပွဲဝင်အားလုံး စုရုံး ရောက်ရှိလာခဲ့ကြ၏။

စီရင်စုကိုးခု ပြိုင်ပွဲတွင် ပါဝင်ရန် အခြေအနေသည် အရမ်းကြီးမခက်ခဲပေ။

အသက် ၁၈ နှစ်မတိုင်ခင် ချီကာကွယ်ရေး အဆင့်ကို ရောက်ရှိလျှင် ပါဝင်နိုင်မည် ဖြစ်၏။

အခြေခံအားဖြင့် ကျောင်းတော်၉ခု၏ အတွင်းစည်း တပည့်အားလုံးသည် စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲကို ပါဝင်ရန် အရည်အချင်း ပြည့်မီကြသည်။

ကျန်းချန်က ပတ်ဝန်းကျင်ကို အနည်းငယ် အကဲခတ်ကြည့်လိုက်ရာ ပြိုင်ပွဲဝင် အများအပြားရှိနေသည်ကို တွေ့လိုက်ရ၏။

စုစုပေါင်း လူတစ်ထောင်နီးပါး ရှိသည်။

ထိုအထဲတွင် သူတို့လင်ယွင်ကျောင်းတော်မှ လူက ဒါဇင်ပေါင်းများစွာသာ ရှိသော်လည်း အခြား ကျောင်းတော်များသည် အခြေခံအားဖြင့် လူရာပေါင်းများစွာ ရှိနေခဲ့သည်။

အထူးသဖြင့် အားအကောင်းဆုံး ကျောင်းနှစ်ကျောင်း ဖြစ်သည့် ချန်လုံကျောင်းတော်နှင့် ဟောင်ထျန်းကျောင်းတော်တွင် ပါဝင်သူ တစ်ရာ့ငါးဆယ်ကျော် ရှိ၏။

ထိုလူတွေထဲတွင် ကျန်းချန်နှင့် သဘာဝကျစွာ ရင်းနှီးသည့် လူအချို့ကိုပါ တွေ့ခဲ့ရသည်။

ကျီယွင်ကျောင်းတော်မှ နန်းကုန်းရီနှင့် စန်းလဲ့သိုင်းနန်းတော်မှ လဲ့ချင်း တို့သည်လည်း ဤတစ်ခေါက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ အဖြစ် ပါဝင်ကြမည် ဖြစ်၏။

ပြိုင်ပွဲဝင် လူတစ်ထောင်နီးပါး ထဲတွင် ကျောင်းသား ၆၄ ယောက်သာလျှင် ယန်ဟွမ်ကျောင်းတော်ဆီ ဝင်ရောက်ဖို့ အရည်အချင်း ပြည့်မီမည် ဖြစ်သည်။

ယင်းက စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ဆိုင်မှုက မည်မျှ ပြင်းထန်ကြောင်းကို ပြသနေခဲ့သည်။

"ပြိုင်ပွဲကို တရားဝင် စတင်လိုက်ပါပြီ"

ကျန်းချန်က အခြားကျောင်းတော်မှ ကျောင်းသားများကို ကြည့်နေသည့် အချိန်မှာပင် အသံတစ်သံက ရင်ပြင်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

အသံက ပုံမှန်မဟုတ်ဘဲ ကျယ်လောင်စွာဖြင့် ရင်ပြင်ပေါ်ရှိ လူတိုင်း၏ နားထဲကို ရှင်းရှင်းလင်းလင်း ရောက်သွားခဲ့သည်။

ကျန်းချန်က အသံလာရာ ဆီသို့ ကြည့်လိုက်ရာ ရွှေရောင်ဝတ်ရုံဝတ်ထားသည့် ဆံဖြူ အဘိုးကြီးတစ်ယောက်က ရင်ပြင်အလယ်သို့ ဆင်းသက်လာသည်ကို တွေ့လိုက်ရ၏။

ဤအဘိုးကြီးက ရှားတုန်ဟွမ် ဖြစ်ပြီး မဟာရှား နိုင်ငံ၏ တော်ဝင်မိသားစု အကြီးအကဲနှင့် ယန်ဟွမ်ကျောင်းတော်၏ အကြီးအကဲများထဲမှ တစ်ယောက်လည်း ဖြစ်သည်။

သူက သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ရုံ သာမက မဟာရှားနိုင်ငံတော်တွင် အလွန်မြင့်မားသော ဂုဏ်အသရေ ဖြစ်သည့် ပဉ္စမအဆင့် အစီအရင်သခင် တစ်ယောက်လည်း ဖြစ်၏။

ရှားတုန်ဟွမ် ပေါ်လာသည်နှင့် ရင်ပြင်ပေါ်ရှိ အကြည့် အားလုံးက သူ့အပေါ်သို့ ရောက်ရှိသွားကြသည်။

အားလုံးက ပြိုင်ပွဲ၏ စည်းမျဉ်းများကို ရှားတုန်ဟွမ် ကြေညာမည်ကို စောင့်ဆိုင်းနေခဲ့ကြ၏။

စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲကို အခြေခံအားဖြင့် နှစ်ဆင့်ခွဲထားသည်။

ယင်းမှာ ဖယ်ရှားခြင်း နှင့် အဆင့်သတ်မှတ်ခြင်း ဖြစ်သည်။

သို့သော်လည်း ဖယ်ရှားခြင်း ပြိုင်ပွဲ၏ စစ်ဆေးမှုသည် အရင်တစ်ခေါက်နှင့် တူမည် မဟုတ်ပေ။

ထို့ကြောင့် ဖယ်ရှားခြင်းပြိုင်ပွဲနှင့် ပတ်သက်၍ မည်သို့စစ်ဆေးမလဲ ဆိုသည်ကို လူတိုင်းက သိချင်နေကြသည်။

ရှားတုန်းဟွမ်က ပြိုင်ပွဲဝင်များကို တိုက်ရိုက်ကြည့်ကာ ပြောလိုက်သည်

"ပြိုင်ပွဲဝင်အားလုံး ရင်ပြင်အလယ်ကို လာခဲ့ပါ"

ရှားတုန်ဟွမ်၏ စကားတွေကိုကြားသည်နှင့် စီရင်စုကိုးခုမှ ပြိုင်ပွဲဝင်များသည် ရင်ပြင်အလယ်ကို ခပ်သွက်သွက် လျှောက်သွားခဲ့ကြသည်။

အချိန်တိုအတွင်းမှာပင် ပြိုင်ပွဲဝင် ထောင်ပေါင်းများစွာသည် ရင်ပြင်အလယ်သို့ စုရုံး၍ ရောက်ရှိလာခဲ့သည်။

"အားလုံးပဲ.. ဒီတစ်ကြိမ် ဖယ်ရှားခြင်းပြိုင်ပွဲက အရမ်းရိုးရှင်းတယ်.. ငါက စတုတ္ထအဆင့် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်ကို ထုတ်ဖော်မယ်"

"မင်းတို့အားလုံး အစီအရင်ထဲကို အတူတူ ဝင်ရောက်ပြီးရင် ဘယ်လောက် အတိုင်းအတာအထိ ခံနိုင်ရည်ရှိလဲ ဆိုတဲ့အချက်ပေါ် မူတည်ပြီး အဆင့်သတ်မှတ်မယ်"

"အစီအရင်မှာ အချိန်အကြာဆုံး ခံနိုင်ရည်ရှိတဲ့လူ ၆၄ ယောက်က နောက်တစ်ဆင့်ကို ထပ်ပြီး ယှဥ်ပြိုင်နိုင်တယ်"

ရှားတုန်ဟွမ်က ဖယ်ရှားခြင်းပြိုင်ပွဲ၏ စည်းမျဉ်းများကို အတိုချုံး၍ မိတ်ဆက်လိုက်သည်။

ထို့နောက်တွင် သူ့လက်ထဲ၌ ထူးဆန်းသော လျှပ်စီးသဏ္ဌာန်သင်္ကေတတစ်ခု ပေါ်လာခဲ့၏။

"အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်.. အသက်ဝင်လော့"

ရှားတုန်ဟွမ်က သြဇာလွှမ်းမိုးသော အသံဖြင့် အော်ဟစ်လိုက်သည်။

သူ၏ ထိန်းချုပ်မှုအောက်မှာပင် လေထဲ၌ ဧရာမအစီအရင်တစ်ခုက ချက်ချင်းဆိုသလို ဖွဲ့စည်းသွားပြီး ရင်ပြင်အလယ်ရှိ ကျောင်းသားအားလုံးကို လွှမ်းခြုံသွားခဲ့သည်။

အခန်း(၂၀၆) ပြီး၏

All Chapters