အောင်မြင်မှုရပြီး အသက်ရှင်လျက် ပြန်လာနိုင်ပါစေ
Vol. 46 Ch. 684
မကြာခင်မှာပင် အချိန်ဇယားကို ပြင်ဆင်ပြီးသွားကာ နောက်လတွင် တရုတ်ဗဟိုရုပ်သံဌာန၏ အဓိက အချိန်၌ ပြသပေတော့မည်။
ချင်ပိုင်ချွမ်းသည်လည်း အလွန်အမင်း စိတ်အားထက်သန်နေ၏။ ဇာတ်လမ်းတွဲနှင့် ဇာတ်လမ်းထဲမှ ကြီးကျယ် ခမ်းနားမှုတို့က လူဖလံလေးများ ပါဝင်ထားသော ဇာတ်လမ်းတွဲနှစ်ခုနှင့် ယှဉ်ပြိုင်ပေတော့မည်။
ဌာနမှူးလျှို တစ်ဦးတည်းသာလျင် အခက်တွေ့နေလေသည်။ သူသည် စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးကို အကဲဖြတ်ခြင်းပင် မလုပ်လိုက်ရဘဲ လူအိုကြီးချင်က ကတိပေးထားသည့်အတိုင်း လုပ်နိုင်ပါစေဟုသာ သူ့စိတ်ထဲ၌ ဆုတောင်းနေရသည်။
ရဲ့လင်းချန်သည် သတင်းကို ရပြီးနောက် အချိန်ကို အတည်ပြုလိုက်သည်။
ယင်းအား အဆက်အသွယ်၏ အကျိုးကျေးဇူးကို သုံးခြင်းဟု ဆိုရပေမည်။ လူအိုကြီးချင်၏ ဂုဏ်သတင်းသည် အခြားအရာအားလုံးထက် ပိုထိရောက်ပြီး မည်သည့် သာမန် ရုပ်သံဇာတ်လမ်းတွဲမဆိုသည် အဓိကအချိန် မဆိုထားနှင့် ညဉ့်နက်အချိန်အတွက်ပင် လပေါင်းများစွာ တန်းစီစောင့်ရပေမည်။ သူတို့တွင် အချိန်ဇယားကို ရွေးချယ်နိုင်သည့် အခွင့်အရေးပင် ရလာမည် မဟုတ်ပေ။
အားလုံး အဆင်သင့် ဖြစ်သွားသောအခါ ရဲ့လင်းချန်သည် လူတိုင်းအတွက် ဂုဏ်ပြုပွဲ ပြင်ဆင်လေသည်။ ၎င်းသည် ဆန်းကြယ်ကျွန်းပေါ်၌ ကျင်းပသော လဟာပြင် ညစာစားပွဲ ဖြစ်သည်။
တောထဲတွင် အစားအသောက် ပေါများပြီး အမိန့်တစ်ချက် ပေးလိုက်သည်နှင့် ရှောင်ချင်နှင့် ရှောင်ဟွေတို့က ဝံပုလွေအုပ်ကို တောအုပ်ထဲသို့ ဦးဆောင်ခေါ်သွားလေသည်။ ရှောင်ဟူသည် ဝံပုလွေများနှင့် ရင်းနှီးနေပြီဖြစ်ကာ ရှောင်ချင်၏ ကျောပေါ်တွင် တက်ထိုင်ကာ နားစွင့်၍ ဝံပုလွေအုပ်နှင့်အတူ တောထဲသို့ လိုက်သွားလေသည်။
…
ညအချိန်၌ လူတစ်စုသည် မြက်ခြင်းပြင်ပေါ် ထိုင်၍ စကားစမြည်ပြောကာ ရယ်မောနေကြသည်။ မဟာဆရာသခင်ဟောင်ပင် ဆောက်လုပ်ရေးဝန်ထမ်းများနှင့်အတူ ပါဝင်ဆင်နွှဲကာ တစ်ကျွန်းလုံး ညစာစားပွဲကို ဆင်နွှဲနေကြလေသည်။
ကြယ်တာရာများက ညကောင်းကင်ယံ၌ တောက်ပစွာ လင်းလက်နေပြီး ဆန်းကြယ်ကျွန်းပေါ် ထွန်းလင်းနေ၏။
ပင်လယ်လေညှင်းက အေးမြပြီး အလွန်အမင်း ချမ်းစိမ့်ခြင်း မရှိသလို အမိုးဖွင့် အသားကင်သည်လည်း အသင့် ဖြစ်နေသည်။ မီးလင်းဖိုမှ ထွက်လာသော မီးရောင်က လူတိုင်းကို ထင်ဟပ်နေပြီး ဝံပုလွေများ၊ ကျားနှင့် မြေခွေးဖြူတို့မှာမူ စိတ်လှုပ်ရှားစွာ ပတ်ပြေးနေကြသည်။ လိပ်အိုကြီးပင် အနီးအနား၌ လှဲလျောင်းနေပြီး လူတိုင်းအား တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်နေသည်။
ဆန်းကြယ်ကျွန်းသည် သုခဘုံကို အရိပ်အမြွက် ပြသနေသည်။ ရဲ့လင်းချန်မှာမူ သူသာ ကြိုသိခဲ့ပါက ကျွန်းအတွက် မီးရှူးမီးပန်းအချို့ ပြင်ဆင်မိမည်ဖြစ်သဖြင့် အနည်းငယ် စိတ်ပျက်နေ၏။ ကျွန်းသည် မြို့နှင့် မတူသဖြင့် မီးရှူးမီးပန်းနှင့် ပတ်သက်၍ ကန့်သတ်ချက် မရှိပေ။
လူတိုင်းက သူတို့ဘာသာသူတို့ စားသောက်နေကြပြီး သူတို့ စားချင်သည့် အသားကို ကင်ခြင်းဖြင့် စိတ်ကျေနပ်နေကြသည်။ သူတို့၏ အားလပ်ချိန်အတွင်း ဖုန်းများထုတ်၍ သတင်းများ ဖတ်နေကြသည်။
[အဆိုတော်များအတွက် နောက်ထပ် သီဆိုဖျော်ဖြေပွဲတစ်ခု လာပြီ၊ Masked Singers ကို ကြိုဆိုပေးကြပါဦး]
[နှလုံးသားမဲ့ ဓားသမား ဇာတ်လမ်းတွဲ ထုတ်လွှင့်ချိန်ကို ရေတွက်နေပြီ]
[ကျန်းထောင်နဲ့ ဟွမ်ရှင်းကြားက သရဖူလုပွဲ]
[Masked Singer နောက်ကွယ်က သဘောတရားက အံ့ဩစရာ ကောင်းနေပြီ]
ရဲ့လင်းချန်သည် လူဖလံလေးများကို ဦးတည်ထားသော သတင်းများစွာ တက်လာသဖြင့် သူတို့နှင့် ပတ်သက်သော အရာများကို သတိထားမိနေသည်။ သို့သော် ရဲ့လင်းချန်သည် ထိုသတင်းများကို လျစ်လျူရှု၍ တခြားပွဲတစ်ခုကိုသာ အာရုံစိုက်နေမိသည်။
“Masked Singers ဆိုပါလား”
ရဲ့လင်းချန် တီးတိုးရေရွတ်မိသည်။ ပရိုဂရမ်သည် စိတ်ဝင်စားဖွယ်ကောင်းပြီး ခေါင်းစဉ်ကလည်း သူ့မျက်နှာကို ပြရန်မလိုဟု ရည်ညွှန်းနေသလိုပင်။
“လင်းချန်၊ ဒီအစီအစဉ်က ရှင့်အတွက် သင့်တော်တယ်လို့ ကျွန်မ ထင်တယ်၊ ဒါက ရှင့်အတွက် ကွက်တိ စီစဉ် ထားသလိုပဲ”
ရှောင်ဖေးဖေးသည် သူ့ဘက်လှည့်လာပြီး ကိုယ်ကိုကိုင်း၍ ရှက်ကိုးရှက်ကန်း ပြောလာသည်။
“ဟမ်”
ရဲ့လင်းချန် သူမကို ပြန်ကြည့်နေမိသည်။
ရှောင်ဖေးဖေးက ပြုံးတုံ့တုံ့ အမူအရာနှင့် ကြည့်နေသည်။ မီးရောင်ကြောင့် သူမ၏ ပါးပြင်လေးက နှင်းဆီရောင် လဲ့နေကာ မခို့တရို့ တီးတိုးပြောလာသည်။
“ရှင်က မိန်းကလေးတွေကြားမှာ နာမည်ကြီးရတာကို တကယ် သဘောကျနေတာ မဟုတ်လား၊ အဆိုတော်ဝိုင်ရဲ့”
*ဟင် …*
ရဲ့လင်းချန် အနေခက်စွာ နှာခေါင်းကို ပွတ်မေိသည်။ ချန်ရှောင်ယန်သည် Gala နွေဦးပွဲတော်၏ စင်နောက်ဘက်၌ ရှိနေချိန်က ရဲ့လင်းချန်၏ နောက်ခံကို သတိပြုမိသွားပြီး ကျောက်လျန့်ရင်သည်လည်း အရူး မဟုတ်သဖြင့် နှစ်ယောက်လုံး အကြောင်းအရာကို ခန့်မှန်းမိခဲ့ပုံရသည်။ သူမက ရှောင်ဖေးဖေးထံ ထိုအဖြစ်ကို ပြောပြခဲ့သည့်ပုံပင်။
“ဟွန့်”
ရှောင်ဖေးဖေးက မကျေနပ်သံ ပြုလာသည်။ ရဲ့လင်းချန်က မိန်းကလေးများကြား၌ နာမည်ကြီးလောက်သည်ဟု သူမ ယခင်ကတည်းက ခန့်မှန်းမိသော်လည်း သူ့အား ထိုမျှ နာမည်ကြီးလိမ့်မည်ဟု သူမ လုံးဝ ထင်မထားမိပေ။ သူ သွားသည့် ဘယ်နေရာမဆို၌ မိန်းမလှလေးများက သူ့အား အရူးအမူး စွဲလမ်းနေသဖြင့် ယင်းက ချစ်စရာကောင်းသည် သူမ ထင်မိသော်လည်း မုန်းစရာကောင်းသည်ဟုလည်း ခံစားမိနေသည်။
သို့သော်လည်း ထိုအတွက် သူမ ရဲ့လင်းချန်ကိုလည်း အပြစ်မတင်နိုင်ပါ။ လူအများက သူ့ကို သဘောကျနေသည့်အချက်က သူ၏ ထူးချွန်မှုကို သက်သေပြနေသည်။ သူ၏ ထူးချွန်မှုကြောင့်ပင် သူမ အစကတည်းက သူ့အပေါ် ချစ်မိသွားခဲ့ခြင်း ဖြစ်သည်။
အမျိုးသမီးများကို မဆွဲဆောင်နိုင်သည့် အမျိုးသားများသည် အစွမ်းအစ မရှိသူများဖြစ်ပြီး အရည်အချင်း အစွမ်းအစ ရှိသည့် အမျိုးသားများမှာမူ အမျိုးသမီးများအား အရူးအမူး ဆွဲဆောင်နိုင်စွမ်း ရှိလေသည်။
“အဲ့ဒါက … ငါတို့ကြားမှာ ဘာမှမရှိပါဘူးလို့ ငါ ပြောနိုင်ပါတယ်”
ရဲ့လင်းချန်က ချက်ချင်း ပြောလိုက်သည်။
သူ ကျဉ်းထဲကျပ်ထဲ ရောက်နေသည်ဟု ခံစားနေရသည်။ သူသည် ဘယ်သောအခါမှ သူ့အနားမှ မိန်းကလေးများကို စတင်၍ မဆွဲဆောင်သလို သူ့တွင် ချစ်သူရှိကြောင်း ပြတ်ပြတ်သားသား ပြသခဲ့သည်။ သို့သော်လည်း ထိုမိန်းကလေးများက သူ့ကို ဖြားယောင်းနိုင်သည်ဟု ယုံကြည်ချက် ရှိနေသဖြင့် ဒုက္ခများရတော့သည်။
တစ်ခဏကြာမှ ရဲ့လင်းချန် သတိပြန်ဝင်လာသည်။
*ငါ ဘာလို့ ရှောင်ဖေးဖေးရှေ့မှာ အပြစ်ရှိသလို ခံစားနေရတာလဲ*
ရှောင်ဖေးဖေးက သတိထား၍ စကားလမ်းကြောင်းလွှဲကာ လေးနက်သော အသံဖြင့် ပြောလာသည်။
“ရှင် တကယ်ပဲ နှလုံးသားမဲ့ ဓားသမားနဲ့ အကောင်းဆုံးအချိန်ကို တစ်ပြိုင်တည်း ယှဉ်မလို့လား၊ ရှင့်အပြင်အဆင်၊ သရုပ်ဆောင်တွေနဲ့ ကျော်ကြားမှုက ရှင့်ပြိုင်ဘက်တွေနဲ့ တစ်ဆင့်တည်းတောင် ရှိတာ မဟုတ်ဘူး၊ ရှင် အဲ့လောက် ယုံကြည်မှု ရှိတာလား”
“အဲ့လောက်နီးနီးပေါ့”
ရဲ့လင်းချန် ပြုံးနေသည်။
ရှောင်ဖေးဖေးက တခစ်ခစ် ရယ်၍ လှပစွာ ပြုံးလာသည်။
“ရှင်က သူတို့ကို နင်းချေချင်နေတာပဲ”
“မတတ်နိုင်ဘူးလေ၊ သန်မာလွန်းနေတဲ့ လူတစ်ယောက်အတွက် ဒီပျင်းစရာကောင်းတဲ့ ဘဝကြီးမှာ ပျော်နိုင်ဖို့က အဲ့ဒါတစ်ခုပဲ ရှိတယ်”
ရဲ့လင်းချန်က မတတ်သာဟန်ဖြင့် ပခုံးတွန့်ပြလိုက်သည်။
“ဟားဟားဟား …”
ထိုစကားက ဝါးလုံးကွဲမတတ် ရယ်သံများ ထွက်ပေါ်လာစေသည်။ စစ်သည်တော်များသည် အစကတည်းက လွတ်လွတ်လပ်လပ် ရှိလှပြီး ထိန်းမရစွာ ရယ်မောလာကြသည်။
တစ်ခဏအကြာတွင် ရဲ့လင်းချန်က ရုတ်တရက် ပြောလာသည်။
“ငါတို့ရဲ့ နှစ်လကြာ ရိုက်ကူးရေးက တရားဝင် ပြီးဆုံးသွားပြီလို့ ငါ ကြေညာချင်တယ်၊ ဒါကို ဒီနေ့ ညစာစားပွဲနဲ့ ဂုဏ်ပြုချင်တဲ့အပြင် လူတိုင်းကိုလဲ ဆုတောင်းပေးချင်တယ်၊ အထူးသဖြင့် ငါတို့ရဲ့ စစ်သည်တော်တွေပဲ၊ သူတို့ရဲ့ ပန်းတိုင်အားလုံးကို ချက်ချင်း အောင်အောင်မြင်မြင် ရောက်နိုင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်၊ သူတို့ အောင်မြင်မှုတို့နဲ့ ပြန်လာနိုင်ပါစေ”
“ကောင်းတယ်ဗျာ၊ နည်းပြုချုပ်ရဲ့၊ ကျွန်တော် ခင်ဗျားအတွက်လဲ ဂုဏ်ပြုချင်ပါတယ်”
“နည်းပြချုပ်ရဲ့၊ ဒီကာလအတောအတွင်း ခင်ဗျားရဲ့ လေ့ကျင့်ရေးအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ အကျိုးအမြတ် အများကြီး ရခဲ့တယ်၊ ဂုဏ်ပြုပါတယ်ဗျာ”
“ကျွန်တော်တို့ သေချာပေါက် နိုင်မှာ”
စစ်သည်တော် ရှစ်ဆယ့်ခြောက်ယောက်လုံးက နီရဲနေသော မျက်နှာများနှင့် မတ်တပ်ထရပ်ကြပြီး ခံစားချက် များနှင့် ပြည့်နှက်နေသည်။ သူတို့သည် ဘာမှထပ်မပြောတော့ဘဲ ဖန်ခွက်ကို တစ်ခါတည်း မော့ချကာ မျက်ရည်များပင် ဝဲလာကြသည်။
စကားများများ ပြောစရာပင် မလိုအပ်ပေ။ သူတို့၏ စိတ်ထဲ၌ အတွေးများစွာနှင့် ပြည့်နှက်နေလေပြီ။
“မင်းတို့ ပြန်လာခဲ့အခါကျရင် ငါ မင်းတို့ ပြန်ရောက်လာတဲ့အတွက် ပိုကြီးတဲ့ စားသောက်ပွဲနဲ့ ဂုဏ်ပြုမယ်၊ မင်းတို့ အသက်ရှင်ကို ရှင်ရမယ်”
ရဲ့လင်းချန်က လေးနက်စွာ ပြောလိုက်သည်။
“ဟုတ်ပြီလေ၊ ကတိနော်”
“ဟားဟားဟား … ခင်ဗျားစကား ခင်ဗျား တည်အောင် ကျွန်တော် သေချာလုပ်ပြမယ်”
“စိတ်မပူပါနဲ့၊ ဒီလို စားသောက်ပွဲမျိုး မစားရဘဲ ငါ မသေဘူး”
“ငါက အသက်ရှည်မှာလို့ ဗေဒင်ဆရာက ပြောထားတယ်၊ ငါက စစ်သည်တော်ဘုရင် ဖြစ်လာမှာ”
ရဲ့လင်းချန်၏ စကားက ဘာကို ဆိုလိုသလဲ ဆိုသည်ကို အခြားသူများက မသိသော်လည်း သူတို့သည်လည်း ခံစားချက် ကူးစက်ကာ ခွက်များကို မြှောက်၍ ဂုဏ်ပြုလာကြသည်။
‘လာ … စားကြစို့”
“မင်း သောက်ချင်လား”
“ဒါပေါ့”
“ချီးယားစ်”
ထိုည၌ အသားကင်များနှင့် သောက်စရာများ အလျှံအပယ် ရှိနေသည်။ လူတိုင်း အားပါးတရ စားသောက်ကာ အချို့က ကျယ်လောင်စွာ ငိုကြွေးကြပြီး အချို့က ပင်လယ်၌ အော်ဟစ်ကြလေသည်။ လူတော်တော်များများ အရက်မူး သွားကြတော့သည်။
…
တစ်ချိန်တည်းမှာပင် ထူးခြားဆန်းကြယ်သော Masked Singer က သူတို့၏ အစီအစဉ်ကို စတင်လေသည်။
အစီအစဉ်က ဂီတနည်းပြများစွာကို ဖိတ်ကြားပြီး အားလုံးက ဂီတလောက၌ နာမည်ကြီး အဆိုတော်များ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပွဲ၏ သဘောတရားကိုလည်း ကြေညာလေသည်။ ခေါင်းစဉ်လိုပင် ထိုပွဲ၏ အဓိက ခြားနားချက်က မျက်နှာဖုံးပင်။
ယခုအထိ ပါဝင်မည့် ဧည့်သည်များကို အတည်မပြုရသေးချေ။ နည်းပြများနှင့် အစီအစဉ် ဝန်ထမ်းများက ဂီတလောကမှ လူများကို ပါဝင်ရန် ဖိတ်ကြားနေဆဲ ဖြစ်သည်။ ထိုဖိတ်ကြားထားသည့် ဧည့်သည်တော်များက မျက်နှာဖုံးများ တပ်ရမည် ဖြစ်ပြီး သူတို့၏ ပုံံစံအစစ်ကို ဖိတ်ကြားသူသာလျင် သိရှိပြီး အခြားသူတိုင်းက မသိကြပေ။ အဆိုတော်က စင်ပေါ်တက်လာပြီး ကျယ်လောင်စွာ သီဆိုရပေမည်။ ထိုသူ၏ မျက်နှာကို ပြသမည် မဟုတ်ဘဲ သူတို့၏ အဆိုအရည်အချင်း တစ်ခုတည်းနှင့်သာ ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ပရိသတ်များက အဆိုတော်က ဘယ်သူလဲ ဆိုတာကိုလည်း ခန့်မှန်းနိုင်ရပေမည်။
ထူးခြားသည်။ စိတ်ဝင်စားစရာကောင်းသည်။ စိတ်လှုပ်ရှားဖွယ် ကောင်း၏။
အစီအစဉ်၏ သဘောတရားက အလွန် ဆွဲဆောင်မှုရှိပြီး ပရိသတ်၏ စိတ်ကို ဖမ်းစားသွားနိုင်လေသည်။
ထင်ထားသည့်အတိုင်းပင် ယင်းက ထုတ်ပြန်ပြီးသည်နှင့် အင်တာနက်ပေါ်၌ ချက်ချင်း ဆူညံသွားပြီး စိတ်အားထက်သန်စွာ ပြောဆိုကြတော့သည်။
[ဝိုး … ဒီအစီအစဉ်က စိတ်ဝင်စားဖို့ကောင်းတယ်]
[တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းတယ်၊ မျက်နှာဖုံး တပ်ထားသော လူတိုင်း ခန့်မှန်းရတော့မယ်]
[တင်ဆက်သူနဲ့ နည်းပြတွေတောင်မှ အဆိုတော်က ဘယ်သူလဲဆိုတာကို မသိရဘူး၊ ဒီစိတ်ကူးက စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ]
[သူတို့ ပိုထင်ရှားတဲ့ အဆိုတော်တွေ ဖိတ်ပါစေလို့ ငါ မျှော်လင့်တယ်၊ ငါတော့ ဒါကို မျှော်လင့်နေပြီ]
[ကြွားတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါ သိတဲ့အဆိုတော်ဆိုရင် သူတို့ သီချင်းစဆိုတာနဲ့ သေချာပေါက် ငါ ခန့်မှန်းနိုင်တယ်]
[နားလိုက်စမ်းပါ အပေါ်ကလူရာ၊ သူတို့က သူတို့သီချင်းကို ဆိုဖို့ မလိုဘူး၊ ဒီအစီအစဉ်က စိတ်ဝင်စားဖို့ ကောင်းတယ်၊ တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ]
…