The Mask Singer ၏ ဖိတ်ကြားမှု
Vol. 46 Ch. 685
ထိုညတွင် လူတိုင်းက သူတို့၏ အတွင်းစိတ်ကို ဖွင့်ဟပြခဲ့ကြသည်။ ညတာ ကောင်းကင်ယံနှင့် ပင်လယ် လေညှင်းအောက်တွင် လူတော်တော်များများ အရက်မူးနေလေသည်။ ရဲ့လင်းချန်က သူတို့ကို အဖော်ပြု၍ တစ်ချိန်လုံး သောက်ပေးနေသဖြင့် လူတိုင်း မူးယစ်ကာ လဲကျလေတော့သည်။ တစ်ဖက်တွင်မူ သူသည် ဘာမှဖြစ်ပုံ မရကာ တည်ငြိမ်၍ အလွန်ပင် တက်ကြွနေလိုက်သေးသည်။ အဆိပ်ပြီးခြင်းက အံ့ဩဖွယ်ကောင်းသော စွမ်းရည်တစ်ခု ဖြစ်သည်ကိုတော့ သူ ဝန်ခံရပေမည်။ အဘယ်ကြောင့်ဆိုသော် အယ်လ်ကိုဟောသည်လည်း အဆိပ်ပုံစံတစ်မျိုး ဖြစ်သောကြောင့်ပင်။
ရှောင်ဖေးဖေး၏ ပါးတောင်မှ နီမြန်းနေပြီး မျက်လုံးများက ပိတ်လုနီးနီး ဖြစ်နေသည်။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးက အိပ်ပျော်နေသော မိန်းမလှလေးတစ်ယောက်၏ ခံစားချက်မျိုး ပေးစွမ်းနေပြီး သူမက ရဲ့လင်းချန်၏ ခန္ဓာကိုယ်ကို မှီထားလေသည်။
ရဲ့လင်းချန် မတတ်သာဘဲ သူမအား အခန်းထဲသို့ ပွေ့ချီ၍ ပြန်ပို့ပေးကာ သူမမျက်နှာကို သစ်ပေးပြီးနောက် ဖိနပ်နှင့် ကုတ်အင်္ကျီကို ချွတ်ပေးပြီးမှ ပြန်ထွက်လာလိုက်သည်။
သူ ထွက်သွားသည်နှင့် ရှောင်ဖေးဖေးက ရုတ်တရက် မျက်လုံးဖွင့်လာပြီးနောက် မကျေနပ်သံပြုကာ အိပ်ရာခင်းအား ရှက်ဒေါသဖြင့် ထုလေသည်။
ရဲ့လင်းချန် သက်ပြင်းချလိုက်မိသည်။ ရှောင်ဖေးဖေး၏ အယ်လ်ကိုဟော ခံနိုင်စွမ်းက ထိုမျှ မဆိုးသည်ကို သူ မှတ်မိပါသည်။ သို့သော်ငြားလည်း သူမက ယနေ့ သစ်သီးဝိုင် တစ်ခွက်သောက်ပြီးသည်နှင့် မူးနေသည်တဲ့လား။ ထို့အပြင် အစောပိုင်းက သူမကို သူ ကုတ်အင်္ကျီချွတ်ပေးချိန်တွင် သူမအသက်ရှူသံက သိသိသာသာ ပြင်းလာခဲ့သည်။ သူမက သူ့ကို စမ်းသပ်နေလေသလား။
သူ စဉ်းစားနေချိန်တွင် ဖုန်းမြည်လာခဲ့ပြီး ဖုန်းခေါ်သူကို မြင်သောအခါ အနည်းငယ် အံ့ဩသွားရသည်။
“လင်း … လင်းချန်လား”
“အင်း”
ရဲ့လင်းချန် တုံ့ဆိုင်းဆိုင်းနှင့် ပြောလိုက်ပြီးနောက် တစ်ခဏအကြာမှ ပြန်ပြောလိုက်သည်။
“မင်းက …”
“ကျွန်မကို ရှောင်ယန်လို့ပဲ ခေါ်ပါ”
ချန်ရှောင်ယန်၏အသံက အနည်းငယ် ကျီစယ်သံ ပေါက်နေသည်။
အဆိုတော်ဝိုင်က ရဲ့လင်းချန်ဖြစ်ကြောင်း သိရပြီးနောက် ချန်ရှောင်ယန်၏ စိတ်ပါဝင်စားမှုက ထိုနေ့ကတည်းက တိုးမြင့်လာခဲ့သည်။ ဤအတောအတွင်း သူမသည် ရဲ့လင်းချန်ကို WeChat မှ နေ့တိုင်း စာပို့ခဲ့သည်။ သူမသည် ကလေးမလေးသဖွယ် သူမ၏ လက်ရှိအခြေအနေကို ရဲ့လင်းချန်ကို ပြောပြတတ်ပြီး သူမ၏ ခံစားချက်များကို မျှဝေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမက ဆွဲဆောင်မှုရှိသော ရိုက်ချက်များ၊ selfie များနှင့် ချစ်စရာကောင်းသော ပုံများစွာကိုလည်း ပို့ခဲ့လေသည်။
မိန်းမလှလေးတစ်ယောက်၏ ဓာတ်ပုံများက မယုံနိုင်လောက်အောင် ညှို့ဓာတ်ပြင်းလှပြီး ချန်ရှောင်ယန်က တမင်တကာ ပြသလေသောအခါ သူမ၏ ညှို့ဓာတ်က ပို၍ ပြင်းလာခဲ့သည်။ အကယ်၍ သူမ၏ ပရိသတ်များသာ ဤဓာတ်ပုံများကို မြင်သွားပါက စိတ်လှုပ်ရှားလွန်း၍ ညပေါင်းများစွာ အိပ်မရ ဖြစ်သွားလောက်သည်။
ရဲ့လင်းချန် တည်ငြိမ်စွာ ခေါ်လိုက်သည်။
“ရှောင်ယန်”
“ခစ်ခစ် … ဟို … ရှင်က ရှောင်ဖေးဖေးရဲ့ ကုမ္ပဏီမှာ ပါတာလားဟင်၊ ရှင် ကျွန်မကို ဝင်ခွင့်ပေးလို့ ရနိုင်မလား”
ချန်ရှောင်ယန်က မေးလိုက်သည်။
သူမသည် ယခုအထိ ဘယ်အနုပညာ ကုမ္ပဏီနှင့်မှ မချိတ်ထားဘဲ အမြဲတမ်း တစ်ကိုယ်တော် လှုပ်ရှားနေခဲ့သည်။ ကုမ္ပဏီများစွာက သူမကို မြင့်မားသော ဈေးများနှင့် ကမ်းလှမ်းပါသော်လည်း သူမ အကုန်လုံးကို ပယ်ချခဲ့သည်။ ထို့ကြောင့် သူမတွင် သာမန်ကာလျှံကာ အရင်းအမြစ်များသာ ရှိပြီး ရဲ့လင်းချန် ရေးပေးသော သီချင်းများမှလွဲ၍ အခြား အနုပညာ လှုပ်ရှားမှုများများစားစား မရှိပေ။ သို့ရာတွင် သူမက စိတ်ထဲထားခြင်း မရှိပေ။
“အင်း … ငါ မနက်ဖြန် သူ့ကို ပြောလိုက်မယ်”
ရဲ့လင်းချန် သဘောတူလိုက်ပြီးနောက် ပြန်မေးလိုက်သည်။
“မင်း ငါ့ကို ခေါ်တာ အဲ့ကိစ္စ တစ်ခုတည်းကြောင့်လား”
“တစ်ခု ရှိသေးတယ်၊ Masked Singer အကြောင်းပါ၊ ရှင် ပါဝင်ဖို့ စိတ်ဝင်စားလား”
ချန်ရှောင်ယန်က မေးလာသည်။
“တကယ်တော့ ဒီပွဲရဲ့ အပြင်အဆင်ကို ကျွန်မ အကြံပေးထားတာလေ၊ ကျွန်မ ဒီအကြံ ရလာတာက ဘာကြောင့်လဲဆိုတော့ ရှင်က ရှင့်မျက်နှာကို မပြချင်ဘူးလေ၊ ထုတ်လုပ်ရေးအဖွဲ့က ကျွန်မကို ဒိုင်တွေထဲက တစ်ယောက်အဖြစ် ဖိတ်လောက်တဲ့အထိ ကျွန်မကို အထင်ကြီးလိမ့်မယ်လို့ တစ်ခါမှ ထင်မထားမိဘူး”
သူမက ဂုဏ်ယူနေသော အရိပ်အယောင်ပါသည့် အသံဖြင့် ဖိတ်လာသည်။
“ဒါ အံ့ဩစရာ ကောင်းတာပဲ”
ရဲ့လင်းချန် အနည်းငယ် အံ့ဩသွားရသည်။ ပွဲ၏ အစီအစဉ်က သူနှင့် လုံးဝ အံ့ဝင်ခွင်ကျ ဖြစ်နေသည်က အံ့ဩစရာ မဟုတ်တော့ချေ။ ၎င်းက ချန်ရှောင်ယန်၏ အကြံ ဖြစ်နေလေသည်။
Masked Singer အစီအစဉ်ကို ကြေညာလိုက်သည်နှင့် သူ ဖိတ်ကြားခံရလိမ့်မည်ဟု ထင်မထားမိပါ။
“ဘယ်လိုလဲ၊ ရှင် ဝင်ပါဖို့ စိတ်ဝင်စားလား”
ချန်ရှောင်ယန်က မျှော်လင့်တကြီး မေးလာသည်။
“ရှင် ဒီပွဲမှာ ရှင့်မျက်နှာကို လုံးဝ ပြဖို့မလိုဘူး၊ ပြီးတော့ … ရှင်က ဒီလိုစင်မြင့်မျိုးကို ပိုင်ပြီးသားပါ”
ရဲ့လင်းချန် တစ်ခဏမျှ အံ့ဩသွားရသည်။ သူသည် ယခင်က စင်ပေါ်သို့ တစ်ခါမှ မတက်ဖူးဘဲ များသောအားဖြင့် နောက်ကွယ်၌သာ ပါဝင်ခဲ့သည်။
“ကောင်းပြီလေ၊ ဒါဆိုလဲ ငါ ပါမယ်”
ရဲ့လင်းချန် ပြုံး၍ ပြောလိုက်သည်။ သူသည် မကြာသေးခင်က ထိုအတွေးမျိုး ဝင်ခဲ့ပြီး သူ၏ ရေပန်းစားမှုကို တိုးလာနိုင်စေသည့် အခွင့်အရေး ရှိလျင် သူ သေချာပေါက် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်မည် ဖြစ်သည်။
“ဟုတ်ပြီလေ၊ ဒါဆို ကျွန်မ မနက်ဖြန် ပွဲအတွက် ဝတ်စုံနဲ့ မျက်နှာဖုံး ရှင့်ဆီ ပို့လိုက်မယ်၊ ဒါနဲ့ ရှင့်ကိုယ်ရှင်အတွက် အနုပညာနာမည် မြန်မြန် ပေးထားသင့်တယ်နော်”
ချန်ရှောင်ယန်က ပြောလိုက်သည်။
“ဟုတ်တယ်၊ ရှင့်နာမည်အရင်းကို သုံးလို့မရဘူးလေ ဟုတ်တယ်မလား၊ ဝိုင်ဆိုရင်ရော ဘယ်လိုလဲ”
“ငါ ဝိုင်ကို သုံးလို့မဖြစ်လောက်ဘူး၊ ငါ စင်ပေါ်မတက်ခင် လူတွေ ပြုံတိုးလာတာကို ခံရလောက်တယ်”
ရဲ့လင်းချန် အောင့်သက်သက်နှင့် ပြုံးနေမိသည်။ ဝိုင်ဟူသော နာမည်က အလွန် အထိမခံနိုင်ပြီး မသင့်လျော်သော နာမည်ပင်။
တစ်ခဏမျှ စဉ်းစားပြီးနောက် သူ တုံးတိတိ ပြောလိုက်သည်။
“စူပါမန်းလို့ပဲ ခေါ်လိုက်ကြတာပေါ့”
စူပါမန်း။ ၎င်းသည် စိတ်ကြီးဝင်ပုံပေါ်သော်လည်း အသင့်တော်ဆုံးပင်။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုနာမည်နှင့် ထိုက်တန်သည့် သာမန်မဟုတ်သော လူတစ်ယောက် ဖြစ်သောကြောင့်ပင်တည်း။
“ကောင်းပါပြီ”
…
နောက်တစ်နေ့တွင် မနေ့က အရက်နာကျခြင်းက အိပ်မက်သဖွယ် ဖြစ်နေပြီး လူတိုင်းကို များများစားစား သက်ရောက်ခြင်း မရှိချေ။ စစ်သည်တော်ဌာနမှ စစ်သည်တော်များသည် ကမ်းခြေ၌ အသင့် ရပ်နေပြီး ထွက်ခွာရန် အဆင်သင့် ဖြစ်နေကြသည်။
လွန်ခဲ့သော နှစ်လနှင့် ယှဉ်လိုက်လျင် သူတို့၏ ပျင်းရိမှုက လုံးဝ မရှိတော့ချေ။ ထင်းရှူးပင်များနှင့် ကျောက်ပန်းပင်များ ကဲ့သို့ မတ်မတ်ရပ်နေကြပြီး ပင်လယ်လေကပင် သူတို့အား တုတ်တုတ်လှုပ်နိုင်စွမ်း မရှိပေ။
မကြာခင်မှာပင် သူတို့ကို လာခေါ်ရန် သင်္ဘောတစ်စီးက ပင်လယ်ကမ်းရိုးတန်း၌ ပေါ်လာသည်။
ဘယ်သူမှ အဆုံးအထိ စကားမပြောကြချေ။ ရဲ့လင်းချန်သည်လည်း ငြိမ်နေပြီး သူတို့၏ နောက်ကျောကိုသာ စိုက်ကြည့်နေသည်။ သူ့စိတ်ထဲ၌ တစ်ကိုယ်တည်း ရေရွတ်နေ၏။
*ငါလဲ ငရဲတံခါးဆီ လာခဲ့မှာပါ၊ ငါတို့ မကြာခင် ပြန်ဆုံကြတာပေါ့*
နေ့လယ်ခင်းတွင် ရဲ့လင်းချန်နှင့် ရှောင်ဖေးဖေးသည်လည်း ဆန်းကြယ်ကျွန်းမှ ထွက်ခွာလာခဲ့သည်။
ရဲ့လင်းချန်က Masked Singer တွင် ပါဝင်ရန် ဖြစ်ပြီး ရှောင်ဖေးဖေးနှင့် အခြားသူများက စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး၏ နောက်ဆက်တွဲကို ဆောင်ရွက်ရန် ဖြစ်သည်။ ရိုက်ကူးရေး ပြီးသွားချိန်၌ သူတို့ ကျွန်းပေါ်တွင် ဆက်နေရန် မဖြစ်နိုင်တော့ပေ။
လမ်းတစ်လျှောက်၌ ရှောင်ဖေးဖေသည် ရဲ့လင်းချန်က Masked Singer၌ ပါဝင်မည်ကို သိသွားပြီး အလွန် မကျေမချမ်းဖြစ်သော အကြည့်ဖြင့် ကြည့်နေပြီး စိတ်ဆိုးသံပင် ပြုနေလေသည်။ ရဲ့လင်းချန်က ကုမ္ပဏီမှ ချန်ရှောင်ယန်ကို လက်ခံပေးရန် အကြောင်းကို ပြောလာသည်အထိ သူမက စကားတစ်ခွန်းပင် မပြောချေ။
မြို့တော်သို့ ပြန်ရောက်ပြီး တတိယမြောက်နေ့၌ ချန်ရှောင်ယန် ပို့လိုက်သော မျက်နှာဖုံးနှင့် အဝတ်အစားများ ရောက်လာလေသည်။
ကျန်းယွင်ရှီက ဥယျာဉ်ထဲ၌ ပို့ဆောင်သူအား လက်မှတ်ထိုးပေးလိုက်ပြီး အိမ်ထဲ ပြန်ဝင်လာခဲ့သည်။
“လင်းချန်၊ ရှင့်အတွက် ပစ္စည်း ရောက်နေတယ်”
ရဲ့လင်းချန် ပြန်ဖြေလိုက်သည်။
“သိပြီ”
ကျန်းယွင်ရှီက သိချင်စိတ်ဖြင့် မေးလေသည်။
“အဲ့ဒါက ဘာလဲ”
ရဲ့လင်းချန်က သူမကို မျက်စိတစ်ဖက် မှိတ်၍ ပြောလိုက်သည်။
“လျှို့ဝှက်ချက်”
“ပဟေဠိပေါ့လေ ဟုတ်လား”
ကျန်းယွင်ရှီက ဘာမှထပ်မမေးတော့ဘဲ ဝိုင်အလှကုန်ပစ္စည်းဆိုင်သို့ ခပ်သုတ်သုတ် ထွက်သွားလေသည်။
ရဲ့လင်းချန် အိပ်ခန်းတံခါးကို ပိတ်၍ အထုပ်ကို ဖြည်ကာ တစ်ခုချင်းစီကို ထုတ်ကြည့်လေသည်။ ၎င်းတွင် ပစ္စည်းများစွာ ပါဝင်ပြီး ခေါင်းမှခြေအဆုံးအထိ ဝတ်စုံကို ပံ့ပိုးပေးထားသည်။
မျက်နှာဖုံးတစ်ခု၊ အင်္ကျီတစ်ထည်၊ ဘောင်းဘီ၊ ဖိနပ်၊ လက်အိတ်။
ရဲ့လင်းချန် မျက်နှာဖုံးကို ယူ၍ တပ်ကြည့်လိုက်သည်။ သူ မှန်ကြည့်လိုက်ပြီးနောက် ကျေနပ်စွာ ပြုံးလိုက်မိသည်။
ရဲ့လင်းချန်က မျက်နှာဖုံးအတွက် သီးသန့် တောင်းဆိုမှု မလုပ်သော်လည်း ချန်ရှောင်ယန်က ဂရုတစိုက် ရွေးပေးထားမှန်း သိသာသည်။ ၎င်းသည် သာမန်လူများ တပ်ကြသည့် မျက်နှာဖုံးများနှင့် သိသိသာသာ ကွဲပြားနေပြီး တစ်ချက် ကြည့်လိုက်ရုံနှင့် ကြောက်စရာမကောင်းဘဲ တစ်မူထူးခြားနေလေသည်။
မျက်နှာဖုံးသည် ထူးခြားမနေဘဲ အဖြူ၊ ခရမ်းနှင့် အနက်ရောင် စသည့် အရောင်သုံးရောင် ပါဝင်သည်။ အဓိက အရောင်က အဖြူရောင်ဖြစ်ပြီး အနက်ရောင်နှင့် ခရမ်းရောင်က အကွန့်အဖြစ်သာ ပါခြင်း ဖြစ်သည်။ ဒီဇိုင်းက ပုံမှန်ပင် ဖြစ်သော်လည်း ရဲ့လင်းချန်နှင့် လိုက်ဖက်သည်။ ယင်းက သူတို့၏ ယခင် သိုင်းဇာတ်လမ်းတွဲများထဲ၌ တပ်ဆင်သော မျက်နှာဖုံးမျိုးနှင့် ဆင်တူသည်။ ၎င်းတွင် တစ်မူထူးခြားသော လက္ခဏာ ပါဝင်နေပြီး လွတ်လပ်၍ အထိန်းအကွပ်မဲ့သော ခံစားချက်မျိုး ပါဝင်နေသည်။ ယင်းတွင် ထူးခြားခမ်းနားမှုများ ပါဝင်နေသလိုပင်။
သူသည် စူပါမန်းဖြစ်ပြီး ထိုမျက်နှာဖုံးက စူပါဟီးရိုးတစ်ယောက်အတွက် လွန်စွာ လိုက်ဖက်နေ၏။ ချန်ရှောင်ယန်က ဒီဇိုင်းနှင့် ပတ်သက်၍ ပါရမီပါပြီး အလွန် အဖိုးတန်သော မိန်းကလေး ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် သူ အံ့ဩသွားခဲ့ရသည်။
ထို့နောက် ရဲ့လင်းချန်က အဝတ်အစားကိုပါ ဝတ်ကြည့်၍ မှန်ထဲ ပြန်ကြည့်လိုက်သည်။
Masked Singerက ပံ့ပိုးသော ဝတ်စုံက အတော်လေး သင့်တော်လှသည်။ ၎င်းက ဝတ်ဆင်သူအား ခေါင်းမှခြေအဆုံး တင်းကြပ်စွာ ရစ်ပတ်ထားသည်။ သို့သော်လည်း ၎င်းကို လမ်းမထက်၌ ဝတ်ပါက လူအများ၏ ထူးဆန်းသော အကြည့်များဖြင့် ကြည့်ခြင်းကို ခံရမည် ဖြစ်သည်။ ယင်းက လူတစ်ယောက်၏ ခန္ဓာကိုယ်မှ သိသာသော လက္ခဏာများကို အပြည့်အဝ ဖုံးကွယ်ထားပေးလေသည်။