← Chapters

ဆက်တိုက်အရှက်ကွဲနေရပြီ

Vol. 14 Ch. 183

ဆက်တိုက်အရှက်ကွဲနေရပြီ

Vol. 14 Ch. 183

လန်ရှန်းသည် ကြမ်းပြင်ထက်တွင် ပုံလျက်သားလဲကျလျက်ရှိ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ယင်နေပြီး ဝိဉာဥ်စွမ်းအင်များပြိုကွဲသွားကာ ကျင့်ကြံဆင့်များအားလုံးလည်း ဖျက်ဆီးဖယ်ရှားခံလိုက်ရလေပြီ။ သွေးများထိုးအန်လျက် ဖုန့်ချန်းကို မီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့် နာကျည်းစွာစိုက်ကြည့်လျက်ရှိသည်။

"မင်း-မင်း ဒီလုပ်ရပ်တွေအတွက် နောင်တရစေရမယ်" လန်ရှန်းက ကွဲအက်နေသောအသံဖြင့် ခြိမ်းခြောက်လာသည်။ "ဒီမှာတင်ပြီးသွားလိမ့်မယ်လို့မင်းထင်လား လန်မိသားစုက မင်းတို့ကိုဒီတိုင်းလွှတ်ထားမှာမဟုတ်ဘူး မင်းရော မင်းမိသားစုတစ်ခုလုံးရော မျိုးဆက်ပြုန်းအောင်ရှင်းပစ်ခံရလိမ့်မယ် မင်းတို့အားလုံး-"

လန်ရှန်းသည် ဆက်လက်ကျိန်ဆဲနေသေးသော်လည်း နှုတ်ခမ်းမှလျှံကျလာသောသွေးများကြောင့် စကားကိုပင် ပီပီသသမပြောနိုင်တော့ချေ။

ဖုန့်ချန်းကတော့ ဗီလိန်အသေးစားတစ်ကောင်လောက်၏ ဖန်တရာတေစကားလုံးများကို စိတ်ကိုဝင်စားမနေတော့ပါ။

ဖုန့်ချန်းက အကြီးအကဲဝေ့ဘက်လှည့်၍ပြောလာသည်။ "ကျွန်တော့်ကို ကြိုးခိုင်ခိုင်တစ်ချောင်းလောက်ယူလာပေးပါဦး"

အကြီးအကဲဝေ့က ချက်ချင်းခေါင်းညိတ်လျက် အမိန့်ကိုထမ်းဆောင်ရန် အမြန်ထွက်ခွာသွားသည်။ မကြာခင်မှာပင် အစေခံများက ကြိုးထူထူခိုင်ခိုင်တစ်ခွေဖြင့် ပြန်ရောက်လာကြတော့၏။

"သူတို့ကိုတုပ်လိုက်" လဲကျနေသော လန်မိသားစုကျင့်ကြံသူများကိုညွှန်ပြလျက် ဖုန့်ချန်းအေးစက်စက်အမိန့်ပေးလိုက်သည်။

သူတို့တိုက်ခိုက်ပြီး ဒဏ်ရာရစေခဲ့သော အစောင့်များမှာတော့ ကြိုးတုပ်ဖို့ကို အားရဝမ်းသာစွာတာဝန်ယူကြတော့‌လေသည်။ အစောင့်များက ကြိုးကိုအမြန်ယူကာ ပြိုလဲနေကြသောအကြီးအကဲများကို ခပ်ပြုံးပြုံးဖြင့် ဝိုင်းဝန်းတုပ်နှောင်ကြတော့၏။ ထိုအကြီးအကဲများမှာ ရုန်းကန်ကျိန်ဆဲနေသေးသော်ငြား ခုခံတွန်းလှန်နိုင်ဖို့ အင်အားလုံးဝမရှိတော့ပေ။ သူတို့၏အခုအခြေအနေတွင် ချီစုဆောင်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကလာသတ်ရင်တောင် ချက်ချင်းအသေခံလိုက်ရတော့မည်သာဖြစ်သည်။

ကြိုးများကို အသားထဲမြုပ်သည်အထိ တင်းတင်းကျပ်ကျပ်တုပ်နှောင်လာကြပြီး တစ်ချက်ချည်နှောင်လိုက်သည်နှင့် သူတို့၏အရှက်သိက္ခာ တစ်ဆင့်ကျသွားရသည့်နှယ် ခံစားရ၏။

လန်ရှန်းမှာ အခုထိအားရှိသလောက်ရုန်းကန်နေဆဲဖြစ်ပြီး အံကြိတ်ထားသောသွားကြားမှလေသံဖြင့် ပြောလာသေးသည်။ "မင်းကငါတို့ကိုဒီလိုဆက်ဆံရဲတယ်ပေါ့ လန်မိသားစုက-"

ဖြန်း

"ပါးစပ်ပိတ်ထား"

ဖုန့်ချန်းက လက်ပြန်ပါးတစ်ချက်ပိတ်ရိုက်ကာ အသံတိတ်စေလိုက်သည်။ ဖြန်းခနဲအသံမှာ ခန်းမတစ်ခုလုံးကိုတောင် ပဲ့တင်ထပ်သွားစေလျက်။

"မင်းလျှောက်လျှောက်ပြောတဲ့ခြိမ်းခြောက်စကားတွေကို ငါလည်းစိတ်ကုန်နေပြီ" ဖုန့်ချန်းက အေးစက်စွာပြောသည်။ "မင်းတို့ကဒီကို ဖုန့်ယွင်ရှာဖို့လာကြတယ်ဆိုမှတော့ မင်းတို့အိမ်တော်ဆီ အရောက်ပြန်လိုက်ပို့ပေးရသေးတာပေါ့ လမ်း‌ဘေးခွေးတွေလို ကြိုးနဲ့တုပ်ပြီးဆွဲသွားမှ ကိုယ့်အဆင့်အတန်းကိုယ်သိမှာ"

ဖုန့်မိသားစုခန်းမတစ်ခုလုံးတွင် အာမေဋိတ်သံများဖုံးလွှမ်းသွားတော့သည်။ အကြီးအကဲဝေ့ပင် သူ့တူ၏သတ္တိကြောင့် မျက်ခုံးတစ်ဖက်ပင့်သွားရသည်ပင်။ လန်မိသားစုမှာ မင်းနေပြည်တော်တွင် အာဏာရှိအသိုင်းအဝိုင်းတစ်ခုဖြစ်၏။ ဖုန့်ချန်းကတော့ နောက်ဆက်တွဲပြဿနာတွေကို နည်းနည်းမှမကြောက်ဟန်ပင်။

(သူတို့အကုန်လုံးကို အိမ်တော်အထိတရွတ်တိုက်ဆွဲခေါ်သွားမယ်ဆိုရင်တော့ လန်မိသားစုကို ပေါ်တင်စိန်ခေါ်လိုက်တာပဲ အင်း တကယ်တော့အခု‌တောင်စိန်ခေါ်ပြီးနေပါပြီလေ)

လန်အကြီးအကဲတွေရဲ့ ဒန်ထျန်ကိုဖျက်ဆီးပြီးသွားမှာတော့ ပြန်လည်သင့်မြတ်ဖို့အတွက်လည်း နောက်ကျနေပါပြီဟု အကြီးအကဲဝေ့ တွေးလိုက်မိသည်။

ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူနှစ်ဦးကို ဆုံးရှုံးလိုက်ရပြီးနောက် လန်မိသားစုမှာ မင်းနေပြည်တော်၏ ထိပ်ဆုံးမိသားစုကြီး၂၀အတွင်းပင် ဝင်နိုင်တော့မည်မထင်ဟု အကြီးအကဲဝေ့ခန့်မှန်းမိ၏။

အစောင့်များလည်း လန်အကြီးအကဲများကို တုပ်နှောင်လို့ပြီးစီးသွားပြီး သူတို့ကိုအကျဥ်းသားများကဲ့သို့ အတွဲလိုက်ချည်နှောင်ထားလေသည်။ "သူတို့ကိုအပြင်ထုတ်ခဲ့လိုက်" ဖုန့်ချန်းကအမိန့်ပေးလိုက်သည်။

လန်အကြီးအကဲများမှာ အတွဲလိုက်ဆွဲခေါ်ခံရသဖြင့် အလဲလဲအပြိုပြိုနှင့် ကျောက်ကြမ်းပြင်များဖြင့် ထိခိုက်မိသည်အထိပင်။ ဖုန့်မိသားစုတပည့်သားများနှင့် အစေခံများမှာလည်း စပ်စုစွာထွက်ကြည့်နေကြလေရှာ လွန်စွာမှအရှက်ရဖွယ်အဖြစ်ပင်။

တီးတိုးသံများကိုလည်း ကြားနေရသေး၏။

"သူတို့က လန်မိသားစုကမလား ဒီလိုကြီးအဆုံးသတ်သွားတာကတော့..."

"ထိုက်တန်တယ် သူတို့ကငါတို့လူတွေကို တိုက်ခိုက်ထားသေးတာ"

"ငါတို့မိသားစုခေါင်းဆောင်ကတော့ အရမ်းအံ့သြစရာကောင်းတာပဲ"

"ဟမ့် အဲ့လန်မိသားစုက အစ်ကိုယွင်ကိုအန္တရာယ်ပြုဖို့မကြိုးစားခင် အကျိုးဆက်တွေကိုထည့်တွေးသင့်တယ်လေ"

.....

လန်မိသားစုဝင်များမှာ အရှက်သိက္ခာကျဆင်းရသည့်အဖြစ်ကို လူအများဝိုင်းအုံကြည့်နေတာလည်း ခံနေရသေး၏။

ထို့နောက် ဖုန့်ချန်းအရှေ့ထွက်လာပြီး တွဲချည်ထားသောအဖွဲ့၏ကြိုး လက်တစ်ဖက်ဖြင့်ဆွဲကာ သူကိုယ်တိုင်ခေါ်သွားတော့သည်။

မညီမညာကြမ်းရှသောမြေပြင်ထက်တွင် ကြိုးနှင့်တရွတ်တိုက်ဆွဲ‌ခေါ်ခံနေရသဖြင့် အကြီးအကဲများမှာ နာကျင်စွာငိုညည်းလျက်ရှိကြလေသည်။ ဖုန့်ချန်းကတော့ တစ်ချက်မှနောက်တွန့်မသွားသော ကြိုးကိုဆက်တိုက်ဆွဲခေါ်လာသည်မှာ အိမ်တော်အပြင် အိမ်ရှေ့လမ်းအထိသို့ပင်။

လမ်းမှဖြတ်သွားဖြတ်လာများလည်း ခိုးကြောင်ခိုးဝှက်အကဲခတ်ကြည့်ကြရင်း အစတော့လန့်ဖျပ်သွားရာ နောက်တော့ ဝတ်ရုံများပေါ်က အမှတ်အသားများအား မှတ်မိသွားကြဟန်ဖြင့် အံ့သြတကြီးဖြစ်ကုန်ကြ၏။

"လန်မိသားစုကလူတွေမလား ဘယ်လိုလုပ် ဒီလိုဖြစ်ကုန်ရတာလဲ"

"ငါကြားတာတော့ သူတို့ဖုန့်ယွင်နောက်လိုက်လာကြတာဆိုပဲ ဘာလို့ဒီလောက်အဖြစ်ဆိုးသွားရတာပါလိမ့်နော်"

"ဖုန့်ချန်းကတော့ တကယ်ကိုဘယ်သူ့မှမကြောက်တာပဲနော် မင်းနေပြည်တော်ကမိသားစုတွေလည်း မညှာဘူး"

"ဖုန့်မိသားစုကတော့ အဟုတ်ကို အရှေ့ပိုင်းစီရင်စုရဲ့ အင်အားအကြီးဆုံးမိသားစုပါပဲ"

..........

မြူခိုးချိုင့်ဝှမ်းမြို့တော်မှလူများမှာ ဖုန့်ချန်းတစ်ယောက် ထိုအကြီးအကဲများကိုဆွဲခေါ်သွားသည်အားမြင်သော် ဖုန့်ချန်း၏စွမ်းအားနှင့်သတ္တိကို မအံ့သြပဲမနေနိုင်တော့ချေ။

သို့သော် ဘယ်သူမှတော့ ဘာမှဝင်ပြောရဲကြသည်မဟုတ်ပေ။

ဖုန့်ချန်းက တီးတိုးသံများကိုလျစ်လျူရှုကာ ကြိုးကိုသာတင်းတင်းဆွဲရင်း လမ်းဆက်လျှောက်လို့နေသည်။ အကြီးအကဲဝေ့ကတော့ စိုးရိမ်တကြီးဖြင့် အနောက်မှတဖားဖားလိုက်သွားလျက်။ ဖုန့်ချန်းပြောလိုက်သည့်စကားများက နောက်ပြောင်တာလား အတည်ပြောတာလား သူလည်းသေချာမသိသေးပါပေ။

"အကြီးအကဲဝေ့ ကျွန်တော်တို့ဆွေးနွေးထားတဲ့အတိုင်းပဲဆက်လုပ်လိုက် လန်မိသားစုကိုတော့ ကျွန်တော်စကားသွားပြောကြည့်လိုက်မယ်"

ဖုန့်ချန်းကတော့ ဆုံးဖြတ်ချက်ချပြီးဟန်ဖြင့် ညွှန်ကြားလာသည်။

ဖုန့်ချန်းကိုယ်တိုင်က အတည်ပေါက်ပြောလာမှတော့ အကြီးအကဲဝေ့လည်း မဖျောင်းဖျနိုင်တော့ပေ။ အကြီးအကဲတစ်ဦးအနေဖြင့် သူ့တာဝန်မှာ အကြံဉာဏ်ပေးဖို့ ကူစဥ်းစားပေးဖို့သာဖြစ်ကာ ဆုံးဖြတ်ချက်ချပိုင်ခွင့်ကတော့ ဖုန့်ချန်းလက်ထဲမှာသာရှိလေသည်။

ထို့အပြင် အခြေအနေတွေက ဒီအထိရောက်ပြီးမှတော့ လှည့်ပြန်စရာလမ်းမရှိတော့ချေ။

ဖုန့်မိသားစုမှာ ရှောင်လွှဲစရာလမ်းမရှိ လန်မိသားစုနှင့် သေချာပေါက်ရင်ဆိုင်ရတော့မည်ပင်။

"စိတ်မပူနဲ့တူလေး ယွင်အာကိုကောင်းကောင်းကာကွယ်ထားပေးမယ် မင်းလည်းမင်းဘာသာမင်းဂရုစိုက်ပြီး အခြေအနေတွေမကောင်းတော့ရင် အမြန်သာပြေးနော် ဦးလေးတို့ကိစ္စတွေပြီးတာနဲ့ လန်အိမ်တော်ဆီတန်းလိုက်လာခဲ့မယ်"

အကြီးအကဲဝေ့က မှာကြားသည်။

"ဟုတ်ပါပြီ"

ဖုန့်ချန်းအလိုက်သင့်ဖြေလိုက်သော်လည်း သူ့ဘက်ကအရင်အပြီးသတ်နိုင်မည်မှန်း ကြိုသိပြီးသားပင်။

သူကလန်အိမ်တော်ကိုသွား၍ ဖုန့်ယွင်အားဖမ်းဆီးရန်ချမှတ်ထားသောအမိန့်များကို ဖိအားပေးရုပ်သိမ်းခိုင်းမည်ဖြစ်၏။

သူတို့က သေချာပေါက် လိမ်လိမ်မာမာနဲ့နားထောင်ကြမည်တော့မဟုတ်ပေ။ အဲ့ဒီတော့လည်း လုပ်စရာရှိတာလုပ်ရတော့မှာပေါ့။ သူတို့အပြစ်နဲ့သူတို့ ခံကြဖို့သာရှိတော့သည်။

ဝှစ်

ဖုန့်ချန်းသည် အကြီးအကဲများကို တရွတ်တိုက်ဆွဲလျက်ပင် ပြေးထွက်သွားလေတော့၏။

သေမျိုးလူသားများအဖြစ်ပြောင်းလဲသွားပြီဖြစ်သော အကြီးအကဲများမှာ လမ်းတစ်လျှောက် ပြင်းထန်စွာခိုက်မိတိုက်မိကုန်ကြပြီး နာကျင်မှုကို တစ်ဖန်ပြန်ခံစားရပြန်တော့သည်။

သေချာပေါက် သူတို့အခြေအနေနှင့်ဆိုလျှင် သေကိုသေရမည့်ဒဏ်ရာများဖြစ်သော်လည်း ဖုန့်ချန်းက သူ့ချီစွမ်းအင်ကိုအသုံးပြုလျက် မသေရုံတမယ်လေးကာကွယ်ထားသေး၏။

မြူခိုးချိုင့်ဝှမ်းမြို့တော်မှ မင်းနေပြည်တော်သို့ခရီးသွားလျှင် ပုံမှန်အားဖြင့် ၃၊ ၄ရက်လောက် ကြာမြင့်မည်ဖြစ်သော်ငြား ဖုန့်ချန်း၏အမြန်နှုန်းနှင့်ဆိုလျှင် နာရီအနည်းငယ်မျှသာပင်။

သို့သော် သူအမြန်နှုန်းကိုအနည်းငယ်လျှော့ချကာ နောက်ကတန်းလန်းပါလာသူများပိုနာကျင်ရလေအောင် တမင်ရည်ရွယ်ထားသည်။

ငါ့မိသားစုကိုမှ လာထိရဲတာကိုး၊ ဒီလောက်က ပါးပါးလေးပဲရှိသေးတယ်။

All Chapters