လန်မိသားစုဆီ အလည်အပတ်
Vol. 14 Ch. 184
မင်းနေပြည်တော်မှာ မားမားမတ်မတ်ရပ်တည်လျက်ရှိသည်။ မိုးထိအောင်မြင့်မားသောမြို့တံတိုင်းများနှင့် ခမ်းနားလှပသောဂိတ်တံခါးမှာ အမြင်အားဖြင့် ဆွဲဆောင်မှုရှိလှပြီး လူမပြတ်တမ်း စည်ကားသိုက်မြိုက်လျက်ရှိ၏။
ပင်မဝင်ပေါက်တွင် စောင့်ကြပ်နေကြသောအစောင့်ရဲမက်များမှာ အာရုံစူးစိုက်စွာဖြင့် မြို့တံခါးနားသို့ချဥ်းကပ်လာသောလူတိုင်းကို စေ့စပ်စွာ စောင့်ကြည့်အကဲခတ်နေကြသည်။
ခရီးသွားဧည့်သည်များ၊ ကုန်သည်များနှင့် အရာရှိအရာခံများမှာ မြို့တော်တံခါးထဲဝင်ဖို့ စီတန်းစောင့်ဆိုင်းလျက်ရှိကြကာ သူတို့၏လှုပ်ရှားမှုမှန်သမျှမှာလည်း တင်းကြပ်စွာစောင့်ကြည့်ခံထားရ၏။
ဖုန့်ချန်းကတော့ တုပ်နှောင်ထားသော လန်အကြီးအကဲအတွဲလိုက်ကြီးဖြင့် သေချာပေါက် စစ်စစ်ပေါက်ပေါက် စစ်မေးခံရတော့မည်မှန်းသိသောကြောင့် မြို့တံခါးမှတစ်ဆင့်ဝင်ရန် စိတ်ကူးမရှိပေ။
ထို့ကြောင့် တစ်ခြားလမ်းမှခိုးဝင်ဖို့သာ ဆုံးဖြတ်ထားသည်။ ညအချိန်လည်းဖြစ်သဖြင့် အစောင့်များသတိမထားမိအောင် တံတိုင်းပေါ်မှခုန်ကျော်ဝင်ဖို့ အချိန်ကောင်းပင်။
ဖုန့်ချန်းသည် ထိုနေရာတစ်ဝိုက်ကို စစ်ဆေးထားပြီးဖြစ်၏။ အင်အားအကြီးဆုံးမှာ ချီအရည်ဖွဲ့ခြင်းကျင့်ကြံဆင့်သာရှိသည်။
သူ့ဘက်က မဖော်ပြသရွေ့ သူ့တည်ရှိမှုကို အာရုံခံနိုင်ကြမည့်သူများမဟုတ်ပေ။
မြင့်မားလှသောတံတိုင်းများကို သူတစ်ချက်ဝေ့ကြည့်လိုက်ပြီး ကြိုးကိုတင်းတင်းကိုင်လျက် တစ်ချက်ပြုံးကာ အရိပ်တစ်ခုကဲ့သို့ လှုပ်ရှားလိုက်သည်။
ဝှစ်
မျက်စိတစ်မှိတ်အတွင်းပင် ဖုန့်ချန်းလေထဲသို့ခုန်တက်သွားပြီး လန်အကြီးအကဲများကိုတွဲလောင်းဆွဲလျက် မြို့တော်တံတိုင်းပေါ်သို့ ပျံတက်လိုက်တော့၏။
ကြိုးမှာ ခါယမ်းလှုပ်ရှားသွားပြီး လန်အကြီးအကဲများမှာတော့ လေထဲတွဲလောင်းဆွဲခံထားရသည့်အသိကြောင့် ကြောက်လန့်စွာအော်ဟစ်ငိုယိုလျက်ရှိကြတော့သည်။ အတောင်ကျိုး၍ အကူအညီမဲ့နေသော စွန်ငှက်များကဲ့သို့ပင်။
ဖုန့်ချန်းက သူတို့ပါးစပ်များကို ချီစွမ်းအင်ဖြင့်အချိန်မီပိတ်ဆို့ထားနိုင်၍သာတော်ပေတော့၏။ ဒီလူတွေဒီလိုအော်ငိုသည့်အသံနှင့်ဆိုလျှင် သူ ခိုးဝင်တာကို လူမိသွားမည်မလွဲပေ။
အောက်ဘက်ရှိအစောင့်များမှာ လေတစ်ချက်အဝေ့ကိုခံစားမိလိုက်သော်လည်း ဘာမှမမြင်လိုက် မကြားလိုက်ရပေ။
သူတို့ဘေးဘီဝဲယာကို တစ်ချက်ကြည့်လိုက်ကြပေမယ့် သံသယဝင်စရာလည်း တစ်ခုမှမတွေ့မိပါ။
ဖုန့်ချန်းသည် ချောင်ကျသော လမ်းမြှောင်လေးတစ်ခုအတွင်းသို့ အသာသက်ဆင်းလိုက်သည်။
သူဟိုဟိုသည်သည်ပတ်ကြည့်မနေတော့ဘဲ လက်ရှိလုပ်ရမည့်ကိစ္စကိုသာ အာရုံစိုက်ထား၏။
"လန်အိမ်တော်က ဘယ်နားမှာလဲ"
ဖုန့်ချန်းမေးလိုက်သည်။
မင်းနေပြည်တော်တွင် သူသိသောတစ်ခုတည်းသောအိမ်တော်မှာ လင်းအိမ်တော်သာဖြစ်ပြီး လန်မိသားစုအကြောင်းကို ကြားဖူးရုံလောက်သာရှိသောကြောင့် အိမ်တော်နေရာကိုလည်း တစ်ခါမှမသိဖူးပေ။
လန်ရှန်းမဖြေချင်သော်ငြား ယခုလက်ရှိအခြေအနေတွင် သူကြောင်တောင်တောင်သွားလုပ်၍မရကြောင်း ကောင်းစွာသိပါ၏။
ထို့အပြင် လန်အိမ်တော်သို့သာအရောက်သွားနိုင်လျှင် သူတို့အကယ်တင်ခံရပြီး ဖုန့်ချန်းလည်းမုချသေရမည်ဟု သူယုံကြည်နေဆဲရှိသေးသည်။
ထိုသို့တွေးမိသော် ဖုန့်ချန်းလန်အိမ်တော်သို့ မြန်မြန်ရောက်လေ သူတို့လည်းဤဒုက္ခမှ မြန်မြန်လွတ်မြောက်လေဟုသာ တွေးမိလိုက်သည်။
"ဒီဘက်"
လန်ရှန်းလမ်းပြလိုက်ပြီး ဖုန့်ချန်းလည်း သူညွှန်သည့်ဘက်သို့ချက်ချင်းပြေးထွက်သွား၏။
လန်ရှန်းလိမ်ညာမည်ကို သူမစိုးရိမ်ပါ။ သူ့ကိုလှည့်စားပြီး တစ်ခြားနေရာသို့ခေါ်သွားပါက ပိုနှိပ်စက်ခံရမည်မှန်း ထိုသူကောင်းကောင်းသိလောက်ပါပြီ။
ဒီလိုတွဲချည်ခံရတာလည်း ပျော်နေသည့်ပုံမပေါ်သောကြောင့် သူတို့အားလုံးမှာ သူ့ကိုလိမ်ပြီးဆက်ဒုက္ခခံဖို့ အကြောင်းမရှိပါပေ။
မကြာမီပင် လန်အိမ်တော်ကိုလှမ်းမြင်ရသောနေရာသို့ ရောက်လေပြီ။
ညအချိန်ဖြစ်သောကြောင့် လမ်းပေါ်မှာလူသိပ်မရှုပ်ပေသည့် လူအချို့ကတော့ ဖုန့်ချန်းတစ်ယောက် လန်အကြီးအကဲများအား တရွတ်တိုက်ဆွဲသွားသည်ကို မြင်လိုက်ရသည်သာ။
လန်မိသားစု၏အနီးတစ်ဝိုက်တွင်နေထိုင်သူများဖြစ်တာကြောင့် လန်အကြီးအကဲများအားမှတ်မိရန် သိပ်မခက်ခဲလိုက်ကြပေ။
သူတို့ ဒီတိုင်း လန့်ဖျပ်သွားရုံသာရှိပြီး သူတို့မျက်စိနှင့်တပ်အပ်မြင်လိုက်သောမြင်ကွင်းကို အစစ်ဟုတ်မဟုတ် နှစ်ခါပြန်စစ်ကြရရုံလောက်သာ ဖြစ်ခဲ့ခြင်းပါပင်။
ဖုန့်ချန်းကတော့ ဘေးပတ်ဝန်းကျင်ကို အရေးတောင်မလုပ်ဘဲ လန်အိမ်တော်သို့သာ ဦးတည်ပြီးဆက်သွားနေသည်။
တံခါးမြင့်မြင့်များနောက်ကွယ်က အိမ်တော်ဝင်းကျယ်ကို ဖုန့်ချန်းမြင်လိုက်ရသည်။ တံခါးတွင် သံချပ်ကာဝတ်အစောင့်များ စောင့်ကြပ်လျက်ရှိပြီး သူ့ကိုမြင်လိုက်သည်နှင့် တောင့်တင်းသွားကြဟန်ပေါ်လေ၏။
"ရပ်စမ်း"
အစောင့်တစ်ယောက်ကအော်လိုက်သည်။ အသံကဟိတ်ဟန်ရှိလှပေသည့် မျက်လုံးများကတော့ မတည်ငြိမ်တော့ပေ။
"လန်အိမ်တော်ဆီချဥ်းကပ်လာရဲရအောင် မင်းကဘယ်သူ-"
ဖုန့်ချန်း၏နောက်တွင် တရွတ်ဆွဲခံထားရသောအုပ်စုထံမှ လန်မိသားစုအမှတ်အသားများအားသတိထားမိသော် ထိုသူတုန်လှုပ်ဖြူဖျော့သွားတော့သည်။
ထို့နောက် ကျောရိုးတစ်လျှောက် စိမ့်တက်လာသော ကြက်သီးမွေးညင်းများ။
လန်အကြီးအကဲများမှာတော့ သူတို့အိမ်တော်၏ဂိတ်တံခါးကိုမြင်သည်နှင့် စိတ်ပျက်အားငယ်မှုများဖြင့်ပြည့်နှက်နေသောမျက်လုံးများထဲတွင် မျှော်လင့်ချက်ရောင်ခြည်ရေးရေး ယှက်သန်းလာဟန်ပင်။
"ငါတို့ကိုကယ်ပါဦး မြန်မြန် မိသားစုခေါင်းဆောင်ကိုအကြောင်းကြားလိုက်"
"ငါတို့ချုံခိုတိုက်ခိုက်ခံလိုက်ရတာ ဖုန့်ချန်းကစိတ်မူမမှန်ဘူး သူငါတို့ကိုဒီတိုင်းဆွဲခေါ်လာတယ် ငါတို့ကျင့်ကြံဆင့်တွေကိုလည်း ဖျက်ဆီးပစ်တယ်"
"သူ့ကိုသတ်ကြ အကုန်လုံးကိုခေါ်လိုက် ဒီလူကိုအသက်ရှင်လျက်လွှတ်မပေးနဲ့"
......
လန်အကြီးအကဲများမှာ ရေနစ်သူမှ ကောက်ရိုးတမျှင်ကိုတွေ့သွားသည့်နှယ် အော်ဟစ်လာကြတော့၏။
အော်ဟစ်အကူအညီတောင်းခံနေကြသော အကြီးအကဲများကိုမြင်သော် အစောင့်များမှာကြက်သေသေသွားရသည်။
"မင်း-မင်း ဘာတွေလုပ်ခဲ့တာလဲ"
ဖုန့်ချန်းနှင့်အနီးဆုံးသောအစောင့်တစ်ဦးက မေးလာသည်။ လန်အကြီးအကဲများကို တိုက်ခိုက်လိုက်သည်ဆိုတာက ထားဦး၊ သူတို့ကိုဒီလိုတုပ်နှောင်ပြီး အိမ်တော်အထိဆွဲခေါ်လာတာကိုတော့ သူတို့လည်းနားမလည်နိုင်သေးပါပေ။
"ငါကဖုန့်ချန်း ဖုန့်မိသားစုခေါင်းဆောင်ပဲ"
ဖုန့်ချန်း၏စကားအဆုံးတွင် အစောင့်များ တောင့်ခနဲဖြစ်သွားရတော့၏။
သူတို့မိသားစုနှင့် ဖုန့်မိသားစုကြားကပြဿနာကို မသိသူမရှိပါပေ။
ထို့အပြင် ဖုန့်ချန်းဆိုသည်မှာ သူတို့ဖက်မယှဥ်နိုင်သော စွမ်းအားကြီး ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦးပင်။
"ငါမင်းတို့အကြီးအကဲတွေကို အိမ်ပြန်ခေါ်လာပေးတယ် ငါ့ကို မိသားစုခေါင်းဆောင်ဆီလိုက်ပို့ပေးရင် ပိုကောင်းမယ်"
သူ့အကြည့်များက စူးရှနေပြီး ချီစွမ်းအင်အနည်းငယ်ထုတ်ကာ အစောင့်များကိုရော အနီးအနားရှိလူများကိုပါ ဖိအားပေးလိုက်၏။
အစောင့်များမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဘာဆက်လုပ်ရမှန်းမသိတော့ပါချေ။
သို့သော် သူတို့၏ဂုဏ်သရေရှိအကြီးအကဲများတောင် ဒီလိုအခြေအနေရောက်သွားရပြီဖြစ်သဖြင့် သူတို့လည်း ထိုလူကိုသွားမရှုပ်ဖို့တော့ ဦးနှောက်ရှိပါသေးသည်။
အကြီးအကဲများကိုကယ်ဖို့နေနေသာသာ သူတို့အသက်ကိုတောင် အနိုင်နိုင်ဆယ်ရမည့်အခြေအနေပင်။
"ဒါ-ဒါပေါ့ နောက်ကလိုက်ခဲ့ပါ မိသားစုခေါင်းဆောင်ကို ချက်ချင်းသတင်းပို့ပေးပါ့မယ်"
အစောင့်ကပြောရင်းဆိုရင်း ဖုန့်ချန်းကို အိမ်တော်တွင်းသို့ လမ်းပြခေါ်ဆောင်သွားတော့သည်။
လန်အိမ်တော်ဝင်းအတွင်းမှာတော့ သတင်းများကိုကြားပြီး အုတ်အော်သောင်းနင်းဖြစ်လို့နေလေပြီ။
သတင်းမပြန့်ဘဲနေနိုင်ရိုးလား? ဖုန့်ချန်းဆိုသူက လန်မိသားစု၏ဂုဏ်သတင်းနှင့်အဆင့်အတန်းကို လုံးဝဂရုမစိုက်ပါဘဲ လန်အကြီးအကဲများအား ပြောင်ပြောင်တင်းတင်းပင် တရွတ်တိုက်ဆွဲခေါ်လာသည်မဟုတ်လား?
တပည့်သားများနှင့် အစေခံများမှာ သူတောင်းစားသာသာအနေအထားသို့ရောက်နေကြသော သူတို့အကြီးအကဲများကိုကြည့်ရင်း အလန့်တကြားဖြစ်လို့နေကြတော့သည်။
အစောင့်တစ်ဦးက ဖုန့်ချန်းကို ခန်းမကြီးဆီသို့ဦးဆောင်ခေါ်သွားပြီး ကျန်သူများက မိသားစုခေါင်းဆောင်အား အပြေးအလွှားသွားရောက်သတင်းပို့ကြတော့၏။
"အဲ့ဒါတကယ်ပဲငါတို့အကြီးအကဲတွေလား ဘာဖြစ်လာတာပါလိမ့်"
"သူတို့ဖုန့်ယွင်နောက်လိုက်သွားတာမဟုတ်လား လမ်းမှာသားရဲတွေဘာတွေနဲ့များ တွေ့ခဲ့လို့လားမသိဘူး"
"သူတို့ကိုဘာလို့ကြိုးချည်ထားတာလဲဟယ် တစ်ယောက်လောက်သွားဖြည်ပေးလို့မရဘူးလား"
......
သူတို့၏အကြီးအကဲများ ဖုန့်ချန်းဆွဲရာနောက်သို့ပါလာသည်ကိုကြည့်ရင်း မိသားစုဝင်လူငယ်များနှင့် အစေခံတို့ကြား တီးတိုးသံများပျံ့နှံ့လို့နေတော့သည်။
အချို့မှာ ဒေါသအမျက်ချောင်းချောင်းထွက်လျက်ရှိပြီး အချို့ကတော့ ဝင်ရောက်ကူညီချင်ကြလေသည်။ သို့ပေသည့် တစ်ယောက်မှမလှုပ်ရဲကြပါပေ။
သူတို့အတွေးသည်လည်း အစောင့်များနည်းတူပင်။ အကြီးအကဲများအား ဤအခြေအနေထိရောက်အောင်ပညာပေးထားသူအား သူတို့မည်သို့ရင်ဆိုင်နိုင်ပါမည်နည်း?
လန်အကြီးအကဲများမှာတော့ ရှက်လွန်းသဖြင့် ခေါင်းပင်မော့မလာတော့ပါပေ။
ငယ်သားများအားလုံးရှေ့တွင် ဤသို့အမြင်မခံလိုပါသော်ငြား တားဖို့ပင်မမီလိုက်ဘဲ အားလုံးကစုဝေးရောက်ရှိနေကြပြီဖြစ်ပြီး သူတို့ကိုလည်း မှတ်မိသွားကြသည်လေ။
ကယ်တင်ပေးရန် သွေးရူးသွေးတမ်းအော်ဟစ်အကူအညီတောင်းပြီးမှ သူတို့ကိုယ်သူတို့ထိန်းသိမ်းရန်သတိရကြပြီး တတ်နိုင်သလောက်တော့ သိက္ခာလေးပြန်ဆယ်ချင်သေးတာပင်။
မကြာမီပင် ဖုန့်ချန်းလည်း ခန်းမကြီးသို့ရောက်သွားတော့သည်။
"ခဏလောက်စောင့်နေလိုက်ပါ ကျွန်တော်တို့မိသားစုခေါင်းဆောင် မကြာခင်ရောက်လာပါလိမ့်မယ်"
အစောင့်က ထိုသို့ပြောပြီး လှစ်ခနဲပျောက်ကွယ်သွားတော့၏။
ဖုန့်ချန်းလည်း လန်အိမ်တော်၏ စုဝေးခန်းမကြီးအတွင်းသို့ လှမ်းဝင်သွားလိုက်သည်။ မျက်နှာထားမှာတည်ငြိမ်၍ အေးစက်သောအာဏာအငွေ့အသက်ကို ထုတ်လွှတ်နေလျက်။
ယနေ့တွင် လန်မိသားစုထံသို့ မုန်တိုင်းတစ်ခုမွှေနှောက်တိုက်ခတ်ပေတော့မည်။