လန်မိသားစု၏ နောက်ဆုံးနေ့
Vol. 14 Ch. 186
ဖုန့်ချန်းသည် တစ်ချက်မှတွန့်ဆုတ်ခြင်းမရှိဘဲ ဓားကိုဝှေ့ယမ်းလိုက်ကာ အရာအားလုံးဖျက်ဆီးပစ်နိုင်စွမ်းရှိသည့်အင်အားဖြင့် ဓားချက်တစ်ချက်ကို လန်အကြီးအကဲများ၏အစီအရင်ထံသို့ချိန်ရွယ်ကာ ပစ်လွှတ်လိုက်တော့၏။
အရံအတားမှာ မီးပွင့်များပင်လွင့်စင်ထွက်ကုန်တော့၏။ ဓားချက်ကိုစုပ်ယူလိုက်သည့် အစီအရင်မျက်နှာပြင်မှာ တုန်ခါလျက်ရှိသည်။ တိုက်ကွက်နှစ်ခုထိပ်တိုက်ဆုံသည့် မီးပွားများနှင့်အတူ ကွဲအက်ရာတစ်ကြောင်းထင်လာပြီး လန်အကြီးအကဲများ၏ စုပေါင်းတောင့်ခံထားမှုကြောင့် ပြန်လည်ပေါင်းစပ်သွားသည်။
ဖုန့်ချန်းမျက်နှာတွင် အံ့သြရိပ်နှင့်တကွ စိတ်ဝင်စားဟန်လည်းထင်ဟပ်လာသည်။ "အို့ ဘယ်ဆိုးလို့လဲ ဒီလိုအသုံးဝင်တဲ့အစီအရင်တော့ရှိသေးတာပဲ ငါလာရတာတန်ပါတယ်"
လန်ကျင်းသည် အောင်နိုင်သူတစ်ယောက်၏အသံဖြင့် အမိန့်များဆက်ပေးနေသည်။ "အရံအတားကို ဆက်အားဖြည့်ထားကြ လန်မိသားစုရဲ့အားအင်ကို ချပြလိုက်ကြစမ်း"
အကြီးအကဲများမှာ အံကြိတ်လျက် ချီစွမ်းအင်များကို အတူတကွပို့လွှတ်နေကြသည်။ အရံအတားမှာ အရောင်တောက်ကာ ပိုခိုင်မာလာပြီး ကွဲအက်ရာများမှာလည်း စုပေါင်းစွမ်းအင်များပို့လွှတ်မှုကြောင့် ပြန်လည်ချောမွေ့သွားတော့၏။
ဖုန့်ချန်းသည် အစီအရင်ကို စေ့စေ့စပ်စပ်လေ့လာကြည့်နေပြီး အသာပြုံးလိုက်သည်။ "ဒီလိုအစီအရင်မျိုးက ကောင်းကောင်းကျွမ်းကျင်သွားရင် အတော်အသုံးဝင်မှာပဲ ဖုန့်မိသားစုဆီယူသွားပြီး သင်ပေးရကောင်းမလား"
ချီအရည်ဖွဲ့ခြင်းကျင့်ကြံသူတစ်အုပ်ဖြင့် သူ့တိုက်ကွက်ကိုခုခံနိုင်သည့်အပေါ် သူအသိအမှတ်ပြုပါပေသည်။
"ဟားဟား ဖုန့်ချန်းရာ လက်နက်ချလိုက်ပါတော့ ငါတို့အရံအတားနဲ့တွေ့ရင် မင်းတိုက်ကွက်တွေလည်း ဘာမှအသုံးဝင်မှာမဟုတ်တော့ဘူး"
လန်ကျင်းက မောက်မာစွာဆိုသည်။ ဖုန့်ချန်း၏ဖြစ်သလိုတိုက်ကွက်လေးတစ်ခုကို အင်အားအကြီးဆုံးတိုက်ကွက်ဟုမှတ်ယူကာ ဖုန့်ချန်းတစ်ယောက် ထိုဓားချက်နှစ်ချက်အပြီး ချီစွမ်းအင်ကုန်ခမ်းမောပန်းနေလောက်ပြီဟု သူတွက်လိုက်တော့သည်။
ဖုန့်ချန်းကတော့ လန်ကျင်းနှင့်ပြိုင်ငြင်းမနေတော့ဘဲ ဓားကိုနောက်တစ်ကြိမ်ဝင့်ကာ အင်အားပိုများများပါသောတိုက်ကွက်တစ်ခုကိုပြင်ဆင်လိုက်သည်။ ကျောချမ်းဖွယ်အရှိန်အဝါတစ်ခုက ဓားသွားတစ်လျှောက်စီးဆင်းလာ၏။ ဓားစိတ်ဆန္ဒဖြင့် အားအင်များစွာထပ်မံဖြည့်သိပ်ထားသောတိုက်ကွက်မှာ ခန်းမတစ်ခုလုံးကို အပူချိန်တိုးစေသည်အထိ သက်ရောက်မှုပြင်းလှဿည်။
"မင်းတို့ဘယ်လောက်ထိတောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့" ဖုန့်ချန်းက စိတ်ဝင်စားနေဟန်ဖြင့် ရေရွတ်လာသည်။
ဖျတ်လတ်သောလှုပ်ရှားမှုတစ်ခုနှင့်အတူ သူဓားချက်ကိုခုတ်ချလိုက်သည်။ အရင်တစ်ကွက်ထက် ပိုအားပြင်းသောနောက်တစ်ကွက် လာလေပြီ။
ဘန်း
တိုက်ကွက်နှင့်အရံအတားထိခတ်သွားပြီး အစီအရင်မျက်နှာပြင်မှာ ပြင်းထန်စွာတုန်လှုပ်ယိမ်းခါလာတော့သည်။ လန်ကျင်းနှင့် လန်အကြီးအကဲများမှာ များစွာသောချီစွမ်းအင်ပမာဏများကို သွန်းလောင်းသိပ်ထည့်ပြီး အရံအတားမပျက်စေရန် မနည်းတောင့်ခံနေရတော့၏။
"နောက်တစ်ချက်..."
"အားးးးး...."
လန်အကြီးအကဲများမှာ ပြင်းစွာသောဖိအားအောက်တွင် ပါးစပ်ထောင့်များမှသွေးများယိုစီးကျလာသည်အထိ ပြိုင်တူတောင့်ခံနေရတော့သည်။ ဖုန့်ချန်းမှာ စွမ်းအားကြီးတိုက်ကွက်များကို ဆက်တိုက်အသုံးပြုနေသောကြောင့် လန်ကျင်းသည် မျက်နှာထားပြောင်းလာရလေပြီ။
ကွဲအက်ရာများမှာ ကောင်းကင်ထက်မှလျှပ်စီးလက်သကဲ့သို့ အရံအတားတစ်လျှောက် လင်းလက်စွာပေါ်ထွက်လာသည်။
"တောင့်ထား" လန်ကျင်းကအော်သည်။ အသံကပျာယာခတ်နေလေပြီ။ "ဒါကျိုးပျက်သွားလို့မဖြစ်ဘူး"
ဖုန့်ချန်းက သူတို့အစီအရင်ကို တစ်ယောက်တည်းအားဖြင့် ချိုးဖျက်နိုင်လိမ့်မည်ဟု သူလုံးဝမထင်ခဲ့ပေ။
(ဟိုအမှိုက်သရိုက်တွေသာ ဒုက္ခိတဖြစ်မသွားရင် ရလောက်မှာပေါ့)
လန်ကျင်းမကျေမနပ်တွေးလိုက်သည်။ သူနှင့်အတူ အခြားသောဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူသုံးယောက် ထပ်ရှိမည်ဆိုပါလျှင် ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦး၏တိုက်ခိုက်မှုကိုပင် တောင့်ခံနိုင်လိမ့်မည်ဟု သူပြောရဲသည်။ ဖုန့်ချန်းလို ဓာတ်ကြီးသုံးပါးနတ်အဆင့် အထွဋ်အထိပ်ဆင့်တစ်ယောက်လောက်ကိုတော့ စကားထဲပင်ထည့်ပြောနေစရာမလို။
သို့သော် သူအားထားရသောနှစ်ယောက်က ဒီလိုအခြေအနေရောက်သွားရသော် ဖုန့်ချန်းလောက်ကိုတော့ အေးအေးဆေးဆေးလွှမ်းမိုးနိုင်လိမ့်မည်ဟု သူထင်ခဲ့သောကျင့်စဥ်မှာ ထိုမျှအားကောင်းမနေတော့ချေ။
"နောက်တစ်ကြိမ်"
ဖုန့်ချန်းကြုံးဝါးလိုက်ပြီး နောက်တစ်ချက်ထပ်ပစ်သွင်းလိုက်သည်။
ဂျွတ်!
နားကွဲလောက်အောင်ကျယ်လောင်သော ကျိုးပဲ့သံတစ်ခုနှင့်အတူ အစီအရင်မှာ အစိတ်စိတ်အမွှာမွှာကွဲပျက်သွားပြီး စွမ်းအင်ပေါက်ကွဲမှုကြောင့် ကျင့်ကြံသူများမှာလည်း အနောက်သို့လွင့်ထွက်ကုန်ကြ၏။ သွေးပွက်ပွက်အန်သူကအန်ကုန်ကြပြီး နာကျင်စွာငိုညည်းသံများလည်း ပဲ့တင်ထပ်လျက်ပေါ်လာတော့သည်။ တွန်းကန်အားကြောင့် သူတို့၏ချီစွမ်းအင်လမ်းကြောင်းများ ဖရိုဖရဲဖြစ်ကုန်ရလေပြီ။
"မ..မဖြစ်နိုင်တာ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ယောက်က ငါတို့ရဲ့တိုက်ပွဲအစီအရင်ကို ဘယ်လိုလုပ်ချိုးဖျက်နိုင်မှာလဲ"
လန်ကျင်းသည် တုန်လှုပ်စွာရေရွတ်နေပြီး ခြေကိုပင်ခိုင်ခိုင်မရပ်နိုင်တော့ကာ ချောင်းတဟွတ်ဟွတ်တွင်လည်း သွေးများပါလာတော့သည်။ သူတို့၏ အသန်မာဆုံးအရံအတားကို ယခုလေးတင်ဖျက်ဆီးလိုက်ပါသော ထိုအမျိုးသားအား သူမယုံနိုင်သလို ငေးကြောင်ကြည့်နေမိ၏။
ဖုန့်ချန်းကတော့ ကျေနပ်နေဟန်ဖြင့် ခေါင်းတညိတ်ညိတ်ပင်။ "အထင်ကြီးစရာပါပဲ ကျုပ်ကတော့ နောက်တစ်ချက်များထပ်တောင့်ခံနိုင်ဦးမလားထင်ထားတာ ကျိုးသွားတော့လည်းသနားစရာ"
လန်ကျင်းသည် အံတင်းတင်းကြိတ်လိုက်ပြီး ဒေါသနှင့်ကြောက်စိတ်ရောထွေးကာ ကြိမ်းဝါးလာသည်။ "မင်း...မင်းပြန်ပေးဆပ်ရလိမ့်မယ်"
ဒီလူတွေက ပေးဆပ်ဖို့အကြောင်းတော့တော်တော်ပြောတတ်ကြသားပဲ။
သူခိုးကလူပြန်ဟစ်ဆိုသလိုပဲမဟုတ်လား? သူ့ညီကိုအန္တရာယ်ပေးတဲ့အတွက် သူကအခုလာပြီး ပြန်ပေးဆပ်ခိုင်းနေတာလေ။
သို့ပေမယ့် ဗီလိန်တစ်ဦးနှင့်ပြိုင်ငြင်းနေတော့ ဘာအကျိုးထူးမည်နည်း?
"အပြီးသတ်လိုက်ရအောင်"
ကျန်သောအကြီးအကဲများမှာ ဖုန့်ချန်းဓားကို နောက်တစ်ကြိမ်ပြန်ဝင့်နေသည်အား ကြောက်လန့်တုန်လှုပ်စွာကြည့်နေဖို့ပဲ တတ်နိုင်တော့ပေသည်။ သူတို့၏မောက်မာဝင့်ကြွားသော လန်မိသားစုခေါင်းဆောင်မှာလည်း ချောက်ကမ်းပါးအစွန်းတွင်ရပ်နေရသည့်အခြေအနေသို့ ရောက်ရှိနေလေပြီ။
လန်ကျင်းကကြုံးဝါးအော်ဟစ်လိုက်ကာ သူ့အင်အားအပြည့်အဝကို ဆင့်ခေါ်လိုက်သည်။ "အစီအရင်ပျက်စီးတော့လည်း မင်းကိုငါကိုယ်တိုင်နှိမ်နင်းရသေးတာပေါ့ မင်းကိုယ်မင်းပြိုင်ဘက်ကင်းများထင်နေလား ဖုန့်ချန်း"
လန်ကျင်း၏ချီစွမ်းအင်များဖြာထွက်လာပြီး သူ့ဘေးပတ်လည်တွင် တောက်ပသောစက်ဝိုင်းတစ်ခု ဖြစ်ပေါ်လာစေသည်။ စွမ်းအင်များက အရှိန်အဟုန်ပြင်းစွာဖြင့် ဘေးသို့ပြန့်ကားလာ၏။ လန်မိသားစု၏ တားမြစ်ကျင့်စဥ်ကို သူထုတ်သုံးလိုက်ပြီပင်။ အရှိန်အဝါက အရိုင်းဆန်စွာတွန်းကန်ထွက်လာပြီး ဖိနှိပ်နိုင်စွမ်းကလည်း ကြီးထွားလာတော့သည်။
"မီးတောက်အမြုတေအားဖြည့်ကျင့်စဥ်"
"သေလိုက်စမ်း"
လန်ကျင်းက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ မီးတောက်အမြုတေအားဖြည်းကျင့်စဥ်၏စွမ်းအင်က မြင့်တက်လာကာ ဧရာမမြွေကြီးတစ်ကောင်ကို ပုံဖော်ပေးလိုက်တော့၏။ မြွေကြီး၏ခန္ဓာမှအပူရှိန်က ဘေးပတ်လည်လေထုကိုပင် တဂျွတ်ဂျွတ်သံမြည်နေစေပြီး သတ်ချင်စိတ်ဇောဖြင့် အရှေ့ကိုတွန့်လိမ်စွာပြေးတက်သွားကာ ဖုန့်ချန်းထံသို့ဦးတည်သွားသည်။
ဖုန့်ချန်းကတော့ မတုန်မလှုပ်ပင် အေးစက်စွာစိုက်ကြည့်လျက် အကဲဖြတ်နေသည်။ ကျင့်စဥ်၏ပြင်းအားက သူမျက်မြင်တွေ့နေရသလောက်တော့ အထင်ကြီးစရာမရှိပါ။ သို့သော် တိုက်ကွက်၏စွမ်းအားက ဓာတ်ကြီးသုံးပါးနတ်အဆင့်ကို ကျော်လွန်သည်မှန်းတော့ သူအာရုံခံလို့ရနေ၏။
(အင်း အဟုတ်ပဲ ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်စဦးပိုင်းကျင့်ကြံသူတွေတောင် လန်ကျင်းနဲ့ထိပ်တိုက်တွေ့ရင် အခက်အခဲရှိလိမ့်မယ်ထင်တယ်)
ဖုန့်ချန်းတွေးရင်း တိုက်ကွက်ကိုကြည့်နေလိုက်သည်။ လန်ကျင်းမှာ နဂိုအနေအထားထက် သုံးလေးဆမျှအင်အားပိုကြီးလာကြောင်းတွေ့ရ၏။ လျှို့ဝှက်ကျင့်စဥ် ဖြစ်ထိုက်ပါပေသည်။
"ကြည့်ရတာ ငါလည်းနည်းနည်းတော့ အားထည့်သင့်ပြီထင်တယ်"
ဖုန့်ချန်းရေရွတ်ရင်း ဓားရိုးကို မြဲမြံစွာဆုပ်ထားလိုက်သည်။
"ကောင်းကင်အင်ပါယာဓားသိုင်း" သူတစ်ချက်လှုပ်ရှားကာ ဓားချက်တစ်ချက်ကို ပို့လွှတ်လိုက်သည်။ ဓားချက်က မြွေကြီးထံသို့တည့်တည့်မတ်မတ်ရောက်သွားကာ ပိုင်းချလိုက်သည်။
ရွှမ်း!
ကျင့်စဥ်နှစ်မျိုး၏ထိပ်တိုက်တွေ့မှုတွင် အသံမှာနားကန်းစေလောက်အောင်ကျယ်လောင်ပြီး မြင်ကွင်းမှာလည်းအံ့မခန်းပင်။ ဝိဉာဥ်သန္ဓေကျင့်ကြံသူနှစ်ဦး ထိပ်တိုက်တွေ့နေသည့်တိုက်ပွဲပြင်းအားနှင့် ဘာမှမကွာပေ။
သိုပေမယ့် ထိပ်တိုက်တွေ့ပြီးချိန်တွင် ဖုန့်ချန်း၏တိုက်ကွက်ပိုသာကြောင်း သိသာသွားတော့၏။
လန်ကျင်းမှာ ဖုန့်ချန်း၏တိုက်ကွက်ကိုချိုးဖျက်ဖို့ကြိုးစားရင်း အနောက်သို့သာ ထပ်ထပ်ဆုတ်လာရတော့သည်။
မကြာမီတွင် ဖုန့်ချန်း၏တိုက်ကွက် လန်ကျင်း၏ကျင့်စဥ်ကို အဆုံးစွန်ထိဖျက်ဆီးလိုက်နိုင်တော့၏။ နောက်ဆက်တွဲခုခံမှုများကိုလည်း ပြင်းစွာသောတန်ခိုးအရှိန်အဝါဖြင့် ဖိအားပေးကျိုးပျက်စေသည်။
ဖုန့်ချန်းကတော့ အနိုင်ယူပြီးရပ်နေပုံမှာ ပုရွက်ဆိတ်ကလေးကိုလက်နှင့်ဖိချေသတ်လိုက်ပြီးသကဲ့သို့ ဘာမှမထူခြားဟန်ပင်။
သူ့အရှေ့ရှိလန်ကျင်းမှာတော့ မြေပြင်ထက်ဒူးထောက်ကျနေရလေပြီ။ ခန္ဓာကိုယ်တစ်ခုလုံး ရစရာမရှိအောင်စုတ်ပြတ်သတ်နေကာ ဒဏ်ရာများမှာလည်း ပြင်းထန်လှ၏။ လက်သီးကိုတင်းတင်းဆုပ်ထားဆဲဖြစ်သော်လည်း မျက်နှာထားမှာတော့ နာကျင်မှုဖြင့် ဖြူရော်တွန့်လိမ်နေလေပြီ။ သူ၏လျှို့ဝှက်စွမ်းအားကြီးမှာလည်း အလုံးစုံပျောက်ကွယ်သွားပြီဖြစ်ပြီး လေထဲရှိမီးခိုးများသာ သက်သေအဖြစ်ကျန်ရစ်ခဲ့တော့သည်။
လန်ကျင်းသည် လေကိုပင်အသည်းအသန်ရှူရှိုက်နေရပြီး ကျင့်စဥ်၏ပြင်းထန်သောနောက်ဆက်တွဲအဖြစ် ခန္ဓာကိုယ်တစ်ခုလုံးတုန်ယင်လို့နေသည်။ ကျင့်ကြံဆင့်အခြေမှာ ကျိုးပျက်သွားပြီဖြစ်ပြီး ဒန်ထျန်မှာလည်း တဲတဲလေးသာကျန်တော့သည့်အနေအထားပင်။ သူ့ကျင့်ကြံဆင့်မှာ အထွဋ်အထိပ်မှထိပ်ပိုင်းအဆင့်အဖြစ် လျှောကျသွားပြီး ဆက်လက်လျှောကျနေသည်ကိုလည်း ခံစားလို့ရနေ၏။
"မင်း...မင်း ငါ့ကျင့်ကြံဆင့်ကိုဖျက်ဆီးလိုက်တယ်" လန်ကျင်းက မျှော်လင့်ချက်မဲ့နေသောအသံဖြင့်ရေရွတ်လာသည်။
ဖုန့်ချန်းကတော့ အမူအရာမပြောင်းလဲစွာ ဓားကိုပြန်သိမ်းလိုက်သည်။ "ခင်ဗျားဘာသာခင်ဗျား ဖျက်ဆီးလိုက်တာ"
ဖုန့်ချန်းက အေးစက်စက်သာတုံ့ပြန်လိုက်သည်။ လန်မိသားစု၏လျှို့ဝှက်ကျင့်စဥ်က စွမ်းအားကြီးကြောင်း သူလက်ခံသော်ငြား ဘေးထွက်ဆိုးကျိုးမှာတော့ ဆက်ပြီးမျှော်လင့်စရာ မရှိတော့သည်အထိပြင်းထန်လှ၏။
ကျန်ရှိသောလန်အကြီးအကဲများမှာ သူတို့မိသားစုခေါင်းဆောင်၏ကျဆုံးခန်းကို ကြောက်ရွံ့စွာစိုက်ကြည့်လို့နေကြသည်။ သူတို့တစ်ချိန်က အားကိုးမှီခိုနိုင်ခဲ့ပါသော ခိုင်မာသည့်ဖြစ်တည်မှုကြီးမှာ အပြီးတိုင်ပြိုလဲသွားရလေပြီ။
သူတို့မိသားစုလည်း အဆုံးသတ်လောက်ပြီထင်ပါ၏။