လန်မိသားစု ရှင်သန်နိုင်ခဲ့ပါသလား?
Vol. 14 Ch. 187
နောက်တစ်နေ့တွင် လန်မိသားစုအကြောင်း အတင်းအဖျင်းများမှာ မင်းနေပြည်တော်တစ်ဝှမ်းသို့ ပျံ့နှံ့သွားလေပြီ။
စပ်စုချင်စိတ်ဖြင့် ရွစိတက်နေသော လူအုပ်ကြီးမှာ လန်အိမ်တော်ဂိတ်တံခါးအနီးတွင် တဝဲလည်လည်လုပ်နေရင်း မယုံမကြည်ဖြစ်နေကြသေးဟန်လည်းပေါ်သလို သိချင်စိတ်ပြင်းထန်နေကြပုံလည်းရ၏။
"လန်မိသားစုအကြီးအကဲတွေကို အပြစ်သားတွေလိုကြိုးတုပ်ခေါ်သွားတာ တစ်ယောက်ကမြင်လိုက်တယ်တဲ့ကွ"
"မဖြစ်နိုင်တာဟယ် လန်မိသားစုကမောက်မာတယ်ဆိုပေမယ့် အဟုတ်လည်းအင်အားကြီးတာပဲကို ဘယ်သူကအဲ့လောက်ထိအတင့်ရဲမှာတဲ့လဲ"
"ကျုပ်လည်းမြင်ခဲ့တယ် အဲ့ဒါအမှန်ပဲ" နောက်တစ်ဦးက ဝင်ပြောလာသည်။
"ကျုပ်ညီအစ်ကိုလည်း တစ်နေ့ညကမျက်လုံးနဲ့တပ်အပ်မြင်ခဲ့ရတယ်ပြောတယ် ကြိုးနဲ့ချည်ပြီးပတ်ဆွဲသွားတာများ အပြစ်သားတွေအတိုင်းပါပဲဆို"
စုနားထောင်နေကြသောလူအုပ်မှာ အာမေဋိတ်သံများထွက်လာကြသည်။
"ငါလည်းမနေ့က လန်အိမ်တော်ဘက်ကလွင့်လာတဲ့ ချီစွမ်းအင်လှိုင်းလုံးတွေကို ခံစားမိလိုက်တယ် လုံးဝသာမန်မဟုတ်ဘူး ဝိဉာဥ်သန္ဓေကျင့်ကြံသူတွေတိုက်ပွဲဝင်နေကြတဲ့အတိုင်းပဲ ပြီးတော့အဲ့လိုထင်တာ ငါတစ်ယောက်တည်းလည်းမဟုတ်ဘူး"
နောက်ကျင့်ကြံသူတစ်ဦးက ခေါင်းညိတ်ထောက်ခံသည်။ "အတိအကျပဲ ဒီစွမ်းအင်လှိုင်းပမာဏက လေ့ကျင့်ရေးသက်သက်တော့လုံးဝမဖြစ်နိုင်ဘူး မနေ့ညက လန်အိမ်တော်မှာ တစ်ခုခုကြီးကြီးမားမားဖြစ်သွားခဲ့တာပဲ"
လူအုပ်ကြီးမှာ ခေါင်းတညိတ်ညိတ်ဖြင့်ထောက်ခံလာကြသည်။ ထို့နောက် သူတို့တွေးနိုင်သလောက် ရောက်ရာပေါက်ရာ လျှောက်ခန့်မှန်းကြတော့၏။
တော်ဝင်ရဲမက်တစ်ဖွဲ့သည်လည်း လန်အိမ်တော်ဂိတ်တံခါးသို့ ဆိုက်ရောက်လာကြသည်။
ညီတူညာတူချီတက်လာကြသော ရဲမက်အုပ်စုမှာ အထင်းသားရှိလှသည်။ ရဲမက်ခေါင်းဆောင်ဖြစ်သော ချီအရည်ဖွဲ့ခြင်းကျင့်ကြံသူမှာ ဝင်ခွင့်အမိန့်တော်ကိုအကြောင်းကြားရန် ရှေ့သို့ထွက်လာသည်။
"ဘုရင်မင်းမြတ်ရဲ့အမိန့်အရ မနေ့ညကဖြစ်ပွားခဲ့တဲ့ အမှုကိစ္စကို လာရောက်စုံစမ်းခြင်းဖြစ်ပါတယ်" ရဲမက်ခေါင်းဆောင်က ကြေညာသည်။
"လန်မိသားစုအဖမ်းဆီးခံရပြီး လူသိရှင်ကြားအရှက်တကွဲဖြစ်ရတဲ့ ကောလဟလတွေ ကျွန်တော်တို့ကြားသိထားရပါတယ် ဒီအတွက်ဖြေရှင်းချက်လိုအပ်ပါတယ်"
အိမ်တော်အစောင့်များမှာ ရင်တုန်ပန်းတုန်ဖြစ်လျက် မိသားစုခေါင်းဆောင်ကို သွားရောက်အကြောင်းကြားလေ၏။
မကြာမီတွင် လန်ကျင်းပေါ်လာပြီး သူတို့နှုတ်ဆက်လာသည်။ "မင်္ဂလာပါ ဘာကိစ္စရပ်များလဲသိပါရစေ"
လန်ကျင်းက မေးလာသည်။
တစ်ချိန်ကမောက်မာဝင့်ကြွားသော အမူအရာမှာ သိသိသာသာကိုလျော့ကျသွားပြီး အတွင်းဒဏ်ရာများစွာလည်း ရရှိထားသော်ငြား ခြေလှမ်းများကတော့ တည်ငြိမ်နေဆဲပင်။
တော်ဝင်ရဲမက်များမှာ လန်ကျင်းကို မသင်္ကာစွာဖြင့်အကဲခတ်လာသည်။ ထိုသူမှာ မာနထောင်လွှားရာတွင်နာမည်ကြီးပြီး တော်ဝင်ရဲမက်များ၏စုံစမ်းစစ်ဆေးမှုကိုတောင် မထီမဲ့မြင်ဖြင့် လှည့်စားတတ်သည့်အကျင့်ရှိသူပင်။ ယနေ့တော့ အလွန်ပင်နှိမ့်ချရိုကျိုးစွာ ကြိုဆိုနှုတ်ဆက်နေသည်ဖြစ်၍ သူတို့စိတ်ထဲ ထူးဆန်းသွားရ၏။
"အာ အွန်း ဟုတ်ပါပြီ ဘုရင်မင်းမြတ်က လန်အိမ်တော်မှာ အစစအရာရာအဆင်ပြေနေရဲ့လားဆိုတာ စစ်ဆေးစုံစမ်းခိုင်းလိုက်တဲ့အတွက် ကျွန်တော်တို့ဒီရောက်လာရတာဖြစ်ပါတယ်"
ရဲမက်ခေါင်းဆောင်က မေးလိုက်သည်။
လန်ကျင်းက ခေါင်းအသာညွှတ်လျက် တည်ငြိမ်သော်ငြား စိတ်လက်မသာယာသောလေသံဖြင့်ပြန်ဖြေသည်။ "ကျွန်တော်တို့အိမ်တော်ရဲ့မတည်ငြိမ်မှုက ပတ်ဝန်းကျင်ရဲ့အေးချမ်းမှုကိုပါ အနှောင့်အယှက်ဖြစ်သွားစေတဲ့အတွက် တောင်းပန်ပါတယ် ဒါပေမယ့် ဘာပြဿနာမှမရှိဘူးဆိုတာ အာမခံပါတယ် မနေ့ညက လေ့ကျင့်ရေးတွေ နည်းနည်းထိန်းမနိုင်သိမ်းမရဖြစ်သွားပြီး ဖရိုဖရဲဖြစ်သွားရတာပါ စိုးရိမ်စရာမလိုပါဘူးခင်ဗျာ"
ရဲမက်ခေါင်းဆောင်သည် မျက်လုံးများကိုကျဥ်းမြောင်းလိုက်သည်။ သံသယမှ ပိုလို့ကြီးထွားလာလေပြီ။ "မနေ့က ခင်ဗျားမိသားစုအကြီးအကဲတွေအဖမ်းခံရပြီး လမ်းမအလယ်ဒရွတ်တိုက်ဆွဲခေါ်ခံလာရတယ်ဆိုတဲ့သတင်းတွေလည်းကြားထားတယ် ဒါကိုရောဘယ်လိုပြန်ဖြေရှင်းမလဲ"
"ကျွန်တော်တို့မိသားစုကို မကောင်းသတင်းလွှင့်နေကျလူတွေရဲ့လက်ချက်ပဲဖြစ်ပါလိမ့်မယ် ကောလဟလတွေကို အာရုံမထားပါနဲ့ ကျွန်တော်တို့မိသားစုအကြီးအကဲတွေက သူတို့ရဲ့သီးသန့်ဂူခန်းတွေထဲမှာ အေးအေးဆေးဆေးကျင့်ကြံနေကြတာပါ"
ရဲမက်ခေါင်းဆောင်မှာ သူ့လူများနှင့်မျက်စပစ်လိုက်သည်။ သူတို့ထင်ထားသလို ငြင်းဆန်ခုခံဟန် မထီမဲ့မြင်ပြုဟန်မရှိ၊ အတော်လေးရိုကျိုးသိမ်မွေ့နေဟန်ပင်။
သို့သော် အခုချိန်ထိတော့ လန်ကျင်းစကားများမဟုတ်မမှန်ကြောင်း သက်သေလည်းမရှိသေး၊ နောက်ပြီး မိသားစုခေါင်းဆောင်ကိုယ်တိုင် လူလုံးထွက်ပြလာခြင်းကြောင့် ဆက်လက်စုံစမ်းမေးမြန်းနေလို့ မသင့်တော်လေပြီ။
"ကောင်းပါပြီ" ရဲမက်ခေါင်းဆောင်ကဆိုလာသည်။ "ကျွန်တော်တို့ ခေါင်းဆောင်ရဲ့အာမခံချက်ကို တော်ဝင်တရားရုံးဆီ တင်ပြထားလိုက်ပါမယ် တစ်စုံတစ်ခုပြဿနာရှိခဲ့ရင်တော့ ခေါင်းဆောင်ကိုမေးမြန်းဖို့ ဆင့်ခေါ်ရပါလိမ့်မယ်"
"ဒါပေါ့ဗျာ" လန်ကျင်းကနှိမ့်ချစွာတုံ့ပြန်သည်။ "နားလည်ပေးမှုအတွက် ကျေးဇူးပါ"
ရဲမက်များမှာ စိတ်ရှုပ်ရှုပ်ဖြင့်လှည့်ပြန်သွားရတော့သည်။ လန်မိသားစုခေါင်းဆောင် ဘာလို့ဒီလိုယဥ်ယဥ်ကျေးကျေးပြုမူနေမှန်း သူတို့စဥ်းစားလို့မရပါချေ။
"ဒီလောက်ရိုကျိုးနေတော့ သူနဲ့တောင်မတူတော့ဘူး"
"လန်မိသားစုခေါင်းဆောင် မနေ့ကခေါင်းထိသွားတာလားပဲ ရုတ်တရတ်ကြီးလာယဥ်ကျေးပြနေတယ်"
"ဘာပဲဖြစ်ဖြစ် လန်မိသားစုကိုဆက်စိတ်ပူနေစရာမလိုလောက်တော့ပါဘူး" ရဲမက်ခေါင်းဆောင်ကပြောသည်။
လန်ကျင်းမှာ မင်းနေပြည်တော်၏စွမ်းအားအကြီးဆုံးကျင့်ကြံသူများထဲမှ တစ်ဦးအပါအဝင်မဟုတ်ပါလော။ လန်ကျင်းသာသက်ရှိထင်ရှားရှိနေပါလျှင် လန်မိသားစု သေချာပေါက်ဘေးကင်းလောက်ပေမည်ဟု ရဲမက်ခေါင်းဆောင်ကောက်ချက်ချလိုက်သည်။
သို့သော် တစ်ခုခုဖြစ်နေပါလျှင်လည်း သူတို့ကူညီနိုင်မည့်အခြေအနေမဟုတ်ပါ။ တော်ဝင်တရားရုံးကို ပြန်လည်တင်ပြဖို့သာ တတ်နိုင်ပေတော့မည်။
ရဲမက်များထွက်ခွာသွားသည်နှင့် လန်ကျင်းလည်း ဖုန့်ချန်းစောင့်နေသည့် အတွင်းအကျဆုံးသီးသန့်ခန်းထဲသို့ ပြန်လည်ဝင်ရောက်သွားတော့၏။
သူ့ခေါင်းကို နှိမ့်ချစွာငုံ့ထားပြီး ဖုန့်ချန်းရှေ့တွင် ဒူးထောက်ကျသွားသည်။
"ငါမင်းပြောတဲ့အတိုင်းလုပ်ခဲ့ပြီးပြီ" သူ့အသံမှာ ခါးသက်နာကျည်းနေသည်။ "တော်ဝင်ရဲမက်တွေ ဘာကိုမှသံသယဝင်မသွားဘူး အထင်အမြင်လွဲသွားတဲ့ကိစ္စပါလို့ ငါသေချာရှင်းပြခဲ့ပြီးပြီ"
ဖုန့်ချန်းသည် ထိုင်ခုံထက်တွင်ထိုင်နေရင်း တည်ငြိမ်စွာ အကဲခတ်စစ်ဆေးနေဟန်အကြည့်တို့ဖြင့် လန်ကျင်းကိုငုံ့ကြည့်လိုက်သည်။ "ခင်ဗျားကောင်းကောင်းကိုင်တွယ်ခဲ့ပါတယ်" သူ့လေသံက ဘာမှထူးမခြားနားပင်။ "ကျုပ်အခုချိန်ထိတော့ တော်ဝင်မိသားစုအာရုံစိုက်တာမခံချင်သေးဘူး"
လန်ကျင်းလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သော်လည်း ဘာမှတော့ပြောမလာပေ။ သူ၏ပျက်စီးသွားသောကျင့်ကြံရေးကို သူနာကျင်စွာ ခံစားနေရသေးသည်။ သူ့ခန္ဓာကိုယ်ထဲမှ တောက်လောက်နေသော ရှုံးနိမ့်ခြင်းနှင့်အရှက်သိက္ခာကို ခံစားမိနေသော်ငြား သူလက်တုံ့ပြန်ဖို့မရဲပါ။
မနေ့ကထိပ်တိုက်ရင်ဆိုင်မှုအပြီးတွင် လန်မိသားစုတစ်ခုလုံးကိုခေါ်ထုတ်လာလျှင်တောင် ဖုန့်ချန်းလက်ချက်ဖြင့်အကုန်အသက်ပေးလိုက်ရမည်ဖြစ်ကြောင်း သူကောင်းစွာနားလည်လိုက်ပါ၏။
ထို့ကြောင့် လက်တုံ့ပြန်ဖို့အစား ဖုန့်ချန်းကျေနပ်အောင်သာလိုက်နေပေးပြီး သူ့ကိုမသတ်ဘဲလွှတ်ပေးလိုက်ဖို့ မျှော်လင့်မိလေသည်။
ဖုန့်ချန်းထရပ်ပြီး အခန်းတစ်လျှောက်ဝေ့ကြည့်လိုက်သည်။
မနေ့ညက လန်မိသားစု၏ပြိုလဲမှုများကြားတွင် သူရပ်နေရင်း ဆုံးဖြတ်ချက်တစ်ခုကို ချထားလိုက်သည်။ လန်မိသားစုကိုအပြတ်ရှင်းဖို့က လွယ်၏။ သို့သော် ထိုသို့လုပ်စရာအကြောင်းရင်းရှိမနေပေ။
မောက်မာထောင်လွှားသည်ပဲဆိုဆို သူတို့လည်း သူ့နေရာနှင့်သူတော့ အသုံးကျသေးသည်သာ။
လန်ကျင်းနှင့်သူ့မိသားစုကိုသာ ငဲ့ညှာပေးလိုက်မည်ဆိုလျှင် သူ့အတွက် မင်းနေပြည်တော်မှာခြေကုပ်ယူဖို့ နေရာတစ်နေရာစာရသွားမည်ဖြစ်သည်။ မင်းနေပြည်တော်ရဲ့အခြေအနေကို စောင့်ကြည့်သုံးသပ်ပေးဖို့ လန်မိသားစု၏လွှမ်းမိုးမှုနှင့် အချိတ်အဆက်များကို အသုံးပြုလို့ရနိုင်၏။
အထူးသဖြင့် ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် မုန်တိုင်းဝိဉာဥ်နန်းတော်က မင်းနေပြည်တော်အနီးတွင်တည်ရှိသည်ဖြစ်ရာ လန်မိသားစုကတော့ အတော်လေးအသုံးဝင်မည့်ပုံပင်။
မကြာမီတွင် မင်းသားများကြားစစ်တလင်းခင်းပြီး ပုလ္လင်လုမည့်အရေးကိစ္စလည်း ပေါ်လာပေဦးမည်။ ထိုအရေးကိုစောင့်ကြည့်ထားသင့်ကြောင်း ဖုန့်ချန်းခံစားမိသည်။
ထိုသို့အခြေအနေမျိုးအတွက် သူ့လူတွေကိုသုံးမည့်အစား လန်မိသားစုကိုထိန်းချုပ်ထားနိုင်လျှင် ပိုအရာရောက်မည်ပင်။
ထို့အပြင် လန်မိသားစုကိုချေမှုန်းလိုက်လျှင် မလိုလားအပ်သောအာရုံများကို ဆွဲဆောင်လိုက်မိသလိုဖြစ်သွားပေမည်။ အထူးသဖြင့် တော်ဝင်မိသားစု၏အာရုံပင်။
တော်ဝင်မိသားစုကိုကြောက်လို့တော့မဟုတ်ပေသည့် ပြဿနာများကို တတ်နိုင်သလောက်ရှောင်ရှားထားတာ အကောင်းဆုံးဖြစ်မည်။
ဖုန့်ချန်းနှင့်လန်မိသားစုကြားကပြဿနာ သတင်းပျံ့သွားလျှင် ဖုန့်ချန်း၏ရန်သူမိသားစုများ ဂိုဏ်းများမှ လန်မိသားစုကိုကူညီရန် ကမ်းလှမ်းလာကြနိုင်ချေလည်းရှိ၏။
ထို့ကြောင့် လန်မိသားစုကို ရှေ့တင်တော့ဟန်မပျက်နေစေပြီး နောက်ကွယ်ကခိုင်းစေဖို့က ပိုသင့်တော်ပေမည်။
ကောင်းကျိုးဆိုးကျိုးများကိုတွက်ချက်ပြီးနောက် လန်မိသားစုကို လောလောဆယ်အသက်ချမ်းသာပေးထားရန် ဖုန့်ချန်းဆုံးဖြတ်လိုက်တော့သည်။