ငါ့လက်အောက်က လန်မိသားစု
Vol. 14 Ch. 188
လန်မိသားစုနှင့်ပက်သက်ပြီး ဖုန့်ချန်းလုပ်စရာ များများစားစားမရှိပါ။
လန်မိသားစုက သူ့ထံမှ အမိန့်နည်းနည်းပါးပါးကို နာခံရုံသာလိုအပ်သည်။
လန်မိသားစုအတွင်းမှ မည်သူမဆို ဖုန့်ချန်းနှင့်ဖြစ်ပွားသွားသောကိစ္စကို တစ်လုံးတစ်ပါဒမှသတင်းမပျံ့လေအောင် လျှို့ဝှက်ထိန်းသိမ်းထားရမည်။
ဖုန့်ချန်းကျူးကျော်ဝင်ရောက်လာတာကို မြင်လိုက်သောသူများပင် သူတို့ခေါင်းဆောင်ကအနိုင်ရသွားသည်ဟု ထင်နေကြခြင်းဖြစ်၏။ သို့သော် သူတို့အားလုံးဆင့်ခေါ်ခံလိုက်ရပြီး မနေ့ကအဖြစ်အပျက်များကိုရော ဖုန့်ချန်းရောက်လာသည့်အဖြစ်ကိုပါ လုံးဝမပေါက်ကြားစေရန် လန်ကျင်းက တင်းကျပ်စွာအမိန့်ပေးလာသည်။
လန်ကျင်းမှာ ရှုံးနိမ့်သွားခဲ့ပြီးဖြစ်၏။ ယခုအချိန်တွင် ဖုန့်ချန်းပြောသမျှ သူလိုက်လုပ်ရပေမည်။ မဟုတ်လျှင် အသက်ပေးရမည်။
ဖုန့်ချန်း၏ပထမဆုံးအမိန့်ကတော့ ဖုန့်ယွင်နောက်ထပ်မလိုက်တော့ဖို့ပင်။ တကယ်တမ်းတော့ ထိုအမိန်ကိုပေးနေစရာလည်း မလိုအပ်တော့ပါ။
လန်မိသားစု၏ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူအားလုံး လန်အိမ်တော်ခန်းမတွင်း အစုံအလင်ရှိနေခဲ့ကြသည်ဖြစ်ရာ ဖုန့်ယွင်နောက်လိုက်နေကြသူများမှာ ချီအရည်ဖွဲ့ခြင်းအဆင့်သာရှိပေမည်။ ထိုမျှလောက်ကိုတော့ ဖုန့်ချန်းစိတ်ပူနေစရာမလိုတော့ပါ။ ဖုန့်ယွင်၏အရည်အချင်းနှင့်ဆိုလျှင် အန္တရာယ်ရောက်စရာအကြောင်းမရှိ။
ထို့အပြင် မဟာအကြီးအကဲဖုန့်ကျန်းရှန်နှင့် အခြားအကြီးအကဲများက ဖုန့်ယွင်ကိုကာကွယ်ရန်ထွက်ခွာသွားကြလေပြီ။
ဒုတိယအမိန့်ကတော့ ခြွင်းချက်မရှိနာခံဖို့ပင်။ ဒီအချိန်မှစ၍ လန်မိသားစုတစ်ခုလုံးသည် ဖုန့်ချန်း၏အမိန့်မှန်သမျှကို မေးခွန်းထုတ်ခြင်းအလျဥ်းမရှိ နာခံရပါမည်။ လန်ကျင်းနှင့် အကြီးအကဲများမှာ ဖုန့်ချန်းကိုကြောက်လန့်နေပြီသားဖြစ်သဖြင့် မနာခံမှာကို စိုးရိမ်စရာတော့မရှိပါ။ သူတို့ဘက်က မာန်ဖီဆန့်ကျင်ရဲရင်တော့ ဖုန့်ချန်းအခွင့်အရေးတစ်ခုထပ်မပေးတော့ဘဲ တစ်ခါတည်းအပြတ်ရှင်းရတော့မည်ဖြစ်၏။
ဖုန့်ချန်းအတွက်တော့ လန်မိသားစုဆိုသည်မှာ သားပေါ်ရန်စောင့်ဆိုင်းနေရသောဝက်များနှင့်မခြားပေ။ သူသတ်ချင်စိတ်ရှိလာရင် သတ်လိုက်လို့ရသည်သာ။
အသုံးဝင်သေးလို့သာ အသက်ချမ်းသာရာရထားခြင်းပင်။
တတိယမြောက်အမိန့်ကတော့ လန်မိသားစုသည် တစ်ပတ်အတွင်းစုဆောင်းရရှိသောသတင်းအားလုံးကိုတင်ပြရန် ဖုန့်အိမ်တော်အား အထောက်တော်တစ်ယောက် တစ်ပတ်တစ်ခါပို့တောင်ရမည်ဖြစ်သည်။
ဖုန့်ချန်းသည် လန်ကျင်းကို လန်မိသားစုများ ပုလ္လင်လုဖို့ကြံနေသည့်မင်းသားတစ်ပါးပါးကို ထောက်ပံ့နေတာမျိုးရှိသလားဟု စစ်မေးလိုက်သေး၏။
လန်ကျင်းအနည်းငယ်တွန့်ဆုတ်သွားပေသည့် သူဘာကိုမှမဖုံးကွယ်ရဲပါပေ။ ထီးနန်းတက်ရန် အခွင့်အလမ်းအများဆုံးဖြစ်သည့် ပထမမင်းသားကို သူတို့မဟာမိတ်ဖွဲ့ကူညီပေးနေသည့်အကြောင်း ဖွင့်ဟဝန်ခံလာလေသည်။
ပူးပေါင်းမှုကို လျှို့ဝှက်ထားရသည့်အကြောင်းရင်းမှာလည်း ဒုတိယမင်းသားမှာ လှုပ်ရှားမှုများမြန်ဆန်ပြီး ယှဥ်တိုက်ရခက်မည့်ပြိုင်ပွဲဝင်တစ်ဦးအဖြစ် အင်အားကြီးထွားလာသောကြောင့်ပင်။ ပထမမင်းသားကတော့ ဒုတိယမင်းသားနှင့် တတိယမင်းသားလို ရဲရဲတင်းတင်း ပေါ်တင်အင်အားစုဆောင်းတာမျိုးမလုပ်ဘဲ တိတ်တိတ်လေးသာ မဟာမိတ်များကို စုစည်းအားဖြည့်နေခြင်းဖြစ်၏။
ဖုန့်ချန်းကတော့ ထိုအကြောင်းကိုသိပ်ဂရုမစိုက်လှပါ။ နောက်တက်မည့်ဘုရင်ကဘယ်သူဖြစ်ဖြစ် သူနှင့်သက်ဆိုင်လှသည်မဟုတ်။ ပထမမင်းသားကို အရင်ကလိုဆက်ထောက်ပံ့နေပြီး ပူးပေါင်းမှုကိုလည်း လျှို့ဝှက်ချက်အဖြစ်ဆက်လက်ထိန်းသိမ်းထားရန်သာ လန်ကျင်းကိုညွှန်ကြားလိုက်သည်။
လန်ကျင်းသည်လည်း ပထမမင်းသားနှင့်ပြောဆိုဆွေးနွေးပြီး အစီအစဥ်များချမှတ်ရမည့်စကားဝိုင်းမျိုးတွင် ပါဝင်ဖို့လိုနေသေးလေသည်။
ထို့နောက်တွင်တော့ ပျက်ဆီးဆုံးရှုံးမှုများအတွက် လန်မိသားစုကိုလျော်ကြေးတောင်းရန် အချိန်ကျရောက်လာလေပြီ။
လန်ကျင်းလည်း မခံချင်စိတ်ဖြင့် ဘက်မှားနေပြီဖြစ်ကြောင်း ပြန်လည်ငြင်းခုန်လိုလှသည်။ ခေါင်မိုးပွင့်ထွက်သည်အထိ ပြိုကျပျက်စီးသွားရတာက လန်အိမ်တော်ခန်းမကြီးသာဖြစ်သည်လေ။ ဖုန့်ချန်း၏အရှက်မရှိမှုကို လန်ကျင်းစိတ်ထဲမှသာကျိန်ဆဲနိုင်တော့၏။ သူ့ခန်းမကိုပြန်ပြင်ရမည်မှာလည်း ရွေဒင်္ဂါးသိန်းချီကုန်ဦးမည်ပင်။ သို့သော်လည် ရွေးချယ်စရာမရှိဘဲ လျော်ကြေးပေးဖို့ကို လိုက်လျောလိုက်ရတော့သည်။
သူ တုံ့ဆိုင်းစွာခေါင်းညိတ်ရင်း ဖုန့်ချန်းကို မိသားစုဘဏ္ဍာတိုက်ဆီသို့ လမ်းပြခေါ်ဆောင်သွားလိုက်သည်။
ဖုန့်ချန်းကလည်း မတရားသဖြင့်တော့ လောဘကြီးမနေပါ။ လန်ကျင်းဘက်က သိပ်မပေးချင်လှတာကိုလည်း သူရိပ်မိလောက်ပေမည်။ ထို့ကြောင့် မြေကမ္ဘာအဆင့်မှော်ရတနာသုံးခု ရွေဒင်္ဂါးတစ်သိန်းနှင့် လန်ကျင်းနှင့်အကြီးအကဲများအသုံးပြုခဲ့သော တိုက်ပွဲအစီအရင်ကိုသာ သယ်ထုတ်လာလိုက်တော့၏။
သူတို့မိသားစု၏ လျှိုဝှက်ကျင့်စဥ်ဖြစ်သော မီးတောက်အမြုတေအားဖြည့်ကျင့်စဥ်ကို သူတစ်ချက်ဝေ့ကြည့်လိုက်သေးသော်ငြား အသုံးပြုသူကိုပြန်ထိခိုက်စေမည့် ကျင့်စဥ်မျိုးဖြစ်သောကြောင့် မယူခဲ့လိုက်ပေ။ ထိုကျင့်စဥ်က ကျင့်ကြံဆင့်လျှော့ချတာမျိုးတောင်မဟုတ်ဘဲ ကျင့်ကြံရေးအမြုတေကိုပါ တစ်သက်လုံးစာဖျက်ဆီးပစ်လိုက်ခြင်းပင်။
"ဒါမျိုးနဲ့တူပြီး ဘေးထွက်ဆိုးကျိုးမရှိတာမျိုးလေး စနစ်ဈေးဆိုင်မှာရှာကြည့်ရမယ်" ဖုန့်ချန်းခပ်တိုးတိုးရေရွတ်ပြီး ကျင့်စဥ်ကို ဘဏ္ဍာတိုက်ထဲပြန်ထားလိုက်သည်။
လန်ကျင်းမှာတော့ ထိုင်ငိုတော့မည့်ပုံပင်။ ဖုန့်ချန်းမှာ သူတို့မိသားစု၏တန်ဖိုးအကြီးဆုံးသောကျင့်စဥ်များသာမက တိုက်ပွဲအစီအရင်ကိုရော ရွေဒင်္ဂါးတစ်သိန်းကိုပါ ယူထုတ်သွားလေပြီ။ မိသားစု၏အကြီးမြတ်ဆုံးရတနာဟု သူသတ်မှတ်ထားသော လျှို့ဝှက်ကျင့်စဥ်ကို ချန်ထားပေးသွားသဖြင့် တော်သေးသည်ဟုဆိုရပေမည်။
"အိုး စကားမစပ်" ဖုန့်ချန်းကထပ်ပြောလိုက်သည်။ "လင်းမိသားစုကိုစုံစမ်းပြီး သူတို့မိသားစုခေါင်းဆောင်ဘာဖြစ်နေလဲ သိအောင်လုပ်ခဲ့"
လင်းမိသားစုမှာလည်း မင်းနေပြည်တော်အနီးတွင်တည်ရှိသောကြောင့် လန်မိသားစုကိုတာဝန်ပေးဖို့က အသင့်တော်ဆုံးပင်။
လင်းမေယုနှင့်ဖုန့်ယွင်ကြားက သဘောတူညီချက်ကို သူဝင်မရှုပ်လိုပါ။ သို့ပေမယ့် လင်းမိသားစုခေါင်းဆောင်လင်းကျန်း ဘာဖြစ်နေသလဲသိလိုသည်။ သူ့မိဘများပျောက်ဆုံးသွားသည့်ဖြစ်ရပ်ကို ထိုသူက တစ်ခုခုသိထားလောက်ပေမည်။ လင်းကျန်းမှာ သူ့မိဘများနှင့် အရင်းနှီးဆုံးမိတ်ဆွေဖြစ်၏။ သေချာပေါက် အရေးကြီးသည့်သတင်းအချက်အလက်တစ်ခုခုကိုတော့ သူသိရမည်။
လန်ကျင်း၏အမူအရာမှာလည်း ချက်ချင်းပြောင်းလဲသွားသည်။
လန်မိသားစုနှင့် လင်းမိသားစုကြားမှပြိုင်ဆိုင်မှုမှာ တိုင်းသိပြည်သိပင်။ လန်ကျင်းသည် လင်းမိသားစုကို အရိုးထဲထိလှိုက်နေအောင်မုန်းတီး၏။ သူတို့ဘိုးဘေးသာ မသေဆုံးသွားခဲ့ပါလျှင် လင်းမိသားစုနှင့် သူတို့ရင်ဘောင်တန်းပြိုင်ဆိုင်နိုင်မည်ဖြစ်သည်။ သို့သော် လင်းမိသားစုဘက်မှာ ဝိဉာဥ်သန္ဓေကျင့်ကြံသူရှိနေသောကြောင့် သူတို့လန်မိသားစုကသာ အမြဲတစ်ပန်းရှုံးနေရသည့်အခြေအနေပင်။
လင်းမိသားစု နာကျင်ခံစားနေရတာလောက် လန်ကျင်းကိုပျော်စေနိုင်သည့်အရာ မရှိပါပေ။
ဖုန့်ချန်းက လင်းမိသားစုကို အနိုင်ယူလိုက်ပါလျှင် လင်းကျန်းဝမ်းသာမဆုံးတပြုံးပြုံးဖြစ်ရပေမည်။ သို့မဟုတ် ဖုန့်ချန်းတစ်ယောက်ရှုံးနိမ့်ပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရတာပဲဖြစ်စေ သေသွားတာပဲဖြစ်စေ လန်ကျင်းကတော့အောင်ပွဲခံနေရမည်သာ။ သူ့ရန်သူနှစ်ဦး အပြန်အလှန်တိုက်ခိုက်နေတာလောက် ပျော်စရာကောင်းသည့်အရာမရှိတော့ပေ။
"ဟုတ်ကဲ့ လင်းမိသားစုနဲ့ပက်သက်တဲ့သတင်းမှန်သမျှ ရှာဖွေစုံစမ်းခဲ့ပါ့မယ်" လန်ကျင်းက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလာသည်။
လန်ကျင်း၏စိတ်အားထက်သန်မှုကို ဖုန့်ချန်းသတိပြုမိလိုက်သော်လည်း အာရုံမရှိပေ။ သူ့စိတ်မှာ တစ်ခြားသို့ရောက်နေခြင်းဖြစ်သည်။
သူ့မိဘများပျောက်ဆုံးသွားသည့်နေရာတစ်ဝိုက်ကို သူအကြာကြီးစုံစမ်းစစ်ဆေးဖူးသော်လည်း ဘာမှမတွေ့ရှိခဲ့ပါ။ ယခုတော့ သူကိုယ်တိုင်လည်း ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးဖြစ်နေပြီး စနစ်လည်းပိုင်ဆိုင်နေပြီဖြစ်သဖြင့် သူ့မိဘများအကြောင်း သဲလွန်စတစ်ခုခုတော့ ရှာတွေ့နိုင်လောက်မည်ပင်။
သူ့မိဘများပျောက်ဆုံးသွားသည့်နေရာမှာ မင်းနေပြည်တော်အနီးတစ်ဝိုက်ပင်။ သူလည်းမင်းနေပြည်တော်ကိုခြေဆန့်နိုင်နေပြီဖြစ်သဖြင့် စုံစမ်းရတာ ပိုလို့လွယ်ကူလာပေလောက်မည်။
"ဟုတ်ပြီ ဒါဆိုပြီးပြီ" ဖုန့်ချန်းပြောလိုက်သည်။
စုံစမ်းစစ်ဆေးလို့ ဘာသတင်းမှမရလာဘူးဆိုရင်တောင် ကြိုးစားထားတာတော့ အကောင်းဆုံးဖြစ်မည်။ ဖုန့်မိသားစု၏ပြဿနာများကိုလည်း ဖြေရှင်းပြီးသားဖြစ်သဖြင့် သူရှိနေရန်မလိုအပ်တော့ပါချေ။
"လန်ကျင်း ဖုန့်မိသားစုဆီစာလွှာပို့ဖို့ တစ်ယောက်ရှာလိုက်" ဖုန့်ချန်းအမိန့်ပေးလိုက်သည်။
ဖုန့်ချန်းစာတစ်စောင်ရေးသည်။ သူရက်အနည်းငယ်လောက် အဝေးရောက်နေဦးမည်ဖြစ်ပြီး လန်မိသားစုပြဿနာကိုလည်း ဖြေရှင်းပြီးသွားကြောင်းပင်။ သူ့အကြီးအကဲများ မင်းနေပြည်တော်သို့ခရီးနှင်လာစရာမလိုတော့ဘဲ ကောင်းကောင်းအနားယူလို့ရပြီဖြစ်ကြောင်း သူသိစေချင်လှ၏။