← Chapters

ဖုန့်ကိုင်နဲ့ဖုန့်ယွဲ့ ပျောက်ဆုံးခြင်း

Vol. 14 Ch. 189

ဖုန့်ကိုင်နဲ့ဖုန့်ယွဲ့ ပျောက်ဆုံးခြင်း

Vol. 14 Ch. 189

လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက ဖုန့်ကိုင်နှင့်ဖုန့်ယွဲ့မှာ ဖုန့်မိသားစု၏ စွမ်းအားအကြီးဆုံးကျင့်ကြံသူနှစ်ဦး ဖြစ်ခဲ့ကြလေသည်။

ဖုန့်ကိုင်သည် ချီအရည်ဖွဲ့ခြင်း ထိပ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ပြတ်သားသောစရိုက်နှင့် အင်အားကြီးမားမှုကြောင့် မြူခိုးချိုင့်ဝှမ်းမြို့တော်တစ်လွှားတွင် ကျော်ကြားသူတစ်ဦးပင်။

အခြားမိသားစုများနှင့်ယှဥ်လျှင် သူတို့မိသားစုတွင် ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူ နည်းပါးသော်ငြား မိသားစုကြီးများထဲမှ တစ်ခုအပါအဝင်အဖြစ် နေရာကိုဆက်ထိန်းထားနိုင်ခဲ့လေသည်။

ဇနီးဖြစ်သူဖုန့်ယွဲ့မှာ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦးပင်။ သူမကို ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူအဖြစ်သတ်မှတ်ထားသော်ငြား တိုက်ခိုက်ခြင်းရှားပါးလှသည့်အတွက် သူမ၏ကျင့်ကြံဆင့်အမှန်ကို မည်သူမှအတည်ပြုနိုင်ခြင်းမရှိပေ။

ကံကြမ္မာ၏စီရင်မှုဖြင့် တစ်နေ့တွင် ဖုန့်ယွဲ့သည် သူမမိသားစုထံမှဖြစ်ပုံရသော စာတစ်စောင်ကို လက်ခံရရှိခဲ့၏။

ဖုန့်ချန်းသည် သူ့မိခင်ဘက်က ဆွေမျိုးများအကြောင်း များများစားစားမသိပေ။ သူမကလည်း ဆွေမျိုးများအကြောင်းကို ပြောခဲလှသော‌ကြောင့်ပင်။ တစ်ခါမှလည်းမမြင်ဖူးသည့်အတွက် သူ့အမေ၏မိသားစုမှာ ချေမှုန်းသုတ်သင်ခံလိုက်ရသည်များလားဟု သူတွေးမိခဲ့သည်။

သို့သော် မိခင်ဖြစ်သူထံမှ မိသားစုမှစာလွှာပို့လာသည်ဟူသောစကားကို ကြားလိုက်ရသဖြင့် သုတ်သင်ခံထားရတာတော့မဟုတ်ကြောင်း ဖုန့်ချန်းသိလိုက်ရ၏။

စာလွှာလက်ခံရရှိပြီး သူမတက်ကြွပျော်မြူးနေသည်ကိုမြင်လိုက်ရသောကြောင့် မိသားစုနှင့်ဆက်ဆံရေးဆိုးဝါးတာမျိုးလည်း မဖြစ်နိုင်ပေ။

သူ့မိခင်မှာ မိုးပြာကောင်းကင်အင်ပါယာမှ ဇာတိခံပြည်သူမဟုတ်လောက်ဟု သူခန့်မှန်းမိသည်။ ဖခင်ဖြစ်သူနှင့် လက်မထပ်ခင်အထိ သူမကိုသိကျွမ်းသူဟူ၍ တစ်ယောက်မှမရှိခဲ့ဟု သူကြားဖူး၏။

စာလွှာကိုဖတ်ရှုပြီးချိန်မှာတော့ သူ့အမေ၏မျက်နှာမှာ အလေးအနက်ဟန်ဖြစ်သွားကာ အဖေနှင့်အတူတစ်ခုခုကို သီးသန့်ဆွေးနွေးနေခဲ့ကြသည်။

သူတို့နှစ်ဦး တစ်နေရာရာကိုခရီးထွက်ကြမည်ကြားသော် ဖုန့်ချန်းသူတို့နှင့်အတူလိုက်ချင်လွန်း၍ လွန်စွာမှစိတ်အားထက်သန်နေခဲ့၏။ မိခင်ဘက်မှမိသားစုနှင့် တွေ့ခွင့်ရတော့မည်ဖြစ်တာကြောင့် သူလည်းစိတ်လှုပ်ရှားနေကာ ညီငယ်ဖုန့်ယွင်သည်လည်း ကိုကြီးနဲ့အတူသူလည်းလိုက်ချင်ပါသည်ဟု ပူဆာနေခဲ့သေးသည်။

သို့သော် ဖုန့်ကိုင်ရော ဖုန့်ယွဲ့ရောက ခေါ်သွားရန်ငြင်းဆန်ခဲ့ကြ၏။

"အချိန်ကောင်းမဟုတ်သေးဘူး ချန်းအာ" ဖုန့်ကိုင်၏အသံကပျော့ပျောင်းပေသည့် ပြတ်သားခိုင်မာသည်။ "အဖေတို့ပြန်ရောက်လာရင် နောက်တစ်ခေါက်သေချာပေါက်ခေါ်သွားပေးမယ် ဟုတ်ပြီလား အခုတော့ ကျင့်ကြံရေးကိုပဲအာရုံစိုက်ထား ညီလေးကိုလည်းစောင့်ရှောက်ထားနော်"

သူ့မိဘများ၏ဆုံးဖြတ်ချက်ကို ယုံကြည်စွာဖြင့် ဖုန့်ချန်းတွန့်ဆုတ်ဆုတ်ခေါင်းညိတ်လိုက်ရသည်။

ခရီးထွက်သွားသော ဖုန့်ကိုင်နှင့်ဖုန့်ယွဲ့ထံမှ ဘာသတင်းမှမကြားခဲ့ရပေ။ ထို့နောက် ကြောက်စရာသတင်းတစ်ခုက မြို့တော်ဆီသို့ပျံ့လွင့်လာခဲ့သည်။ သူ့မိဘများမှာ အစအနပင်မကျန် ပျောက်ကွယ်သွားသည်တဲ့လေ။

အစပိုင်းတော့ ဖုန့်မိသားစုသည်လည်း လမ်းခရီးနှောင့်နှေးကြန့်ကြာခြင်းဟုသာ ထင်မှတ်ခဲ့ကြသည်။ သို့သော် တစ်ပတ်ခန့်ကုန်လွန်သွားပြီး အရိပ်အယောင်တောင်ပေါ်မလာသောအခါ မိသားစုတစ်ခုလုံး စတင်ပူပန်လာကြလေပြီ။ ဘယ်ကိုသွားမည်ဆိုတာလည်း အတိအကျပြောမသွားခဲ့ကြသဖြင့် ဘယ်အရပ်ကိုလိုက်လို့ရှာရမည်မှန်းတောင် သူတို့မသိခဲ့ကြပါပေ။

ဖုန့်မိသားစုသည် အကြီးအကဲတစ်အုပ်ကိုစေလွှတ်၍ စုံစမ်းစေခဲ့သည်။ သံသယရှိဖွယ်နေရာများကို သူတို့သွားရှာခဲ့ကြသည်။ လမ်းတစ်လျှောက်ရှိကျင့်ကြံသူများကိုလည်း မေးကာမြန်းကာ သဲလွန်စရသမျှကို လိုက်လံစစ်ဆေးခဲ့ကြသည်။ မည်မျှပင်ကြိုးစားသော်ငြား အစအနကိုပင် နောက်ယောင်ခံလို့မရခဲ့ပေ။ ဖုန့်ကိုင်နှင်ဖုန့်ယွဲ့မှာ အမှန်တကယ်ကို အငွေ့ပျံသလိုပျောက်ကွယ်သွားခဲ့လေပြီ။

ဖုန့်ချန်းသည် စိုးရိမ်စိတ်နှင့်အပြစ်ရှိစိတ်တို့ရောယှက်ကာ အိမ်တော်မှထွက်ခွာ၍ ကိုယ်တိုင်သွားရောက်ရှာဖွေချင်လှ၏။ သို့သော် သူမထွက်ခွာနိုင်ခင်မှာပင် မုန်တိုင်းကမွှေလေပြီ။

ကမောက်ကမဖြစ်နေသောအချိန်ကို အခွင့်ကောင်းယူကာ ယန်မိသားစုက ရုတ်တရတ်စတင်တိုက်ခိုက်လာတော့သည်။ ယန်အကြီးအကဲနှစ်ယောက် ရဲတင်းစွာဦးဆောင်ပြီး ဖုန့်မိသားစုကိုအမြစ်ဖြတ်၍ ရတနာအရင်းအမြစ်များကိုသိမ်းယူရန် ရည်ရွယ်ကာ တိုက်ပွဲစခဲ့ကြခြင်းပင်။

ဖုန့်မိသားစုမှာ အရှုပ်အထွေးများအလယ်သို့ ကျရောက်နေလေပြီ။ ထိုသို့ ဘက်ပေါင်းစုံသော အကျပ်အတည်းကြားတွင် ဖုန့်ချန်း၏ထင်ပေါ်ကျော်ကြားမှုက စတင်လွင့်တက်ခဲ့သည်။ ယန်မိသားစုအကြီးအကဲနှစ်ဦးလုံးကို ချေမှုန်းသတ်ဖြတ်လိုက်နိုင်ခြင်းက ဖုန့်မိသားစုကိုသာမက မြူခိုးချိုင့်ဝှမ်းတစ်မြို့တော်လုံးကိုပါ အံ့အားသင့်သွားခဲ့စေ၏။

တိုက်ပွဲအပြီးတွင် အကြီးအကဲများမှာ ကြိုတင်ရည်ရွယ်ထားခြင်းမရှိသော်ငြား ဖုန့်ချန်းကိုသာ ခေါင်းဆောင်အသစ်အဖြစ် တင်မြှောက်လိုက်ကြတော့သည်။

တာဝန်ဝတ္တရားအသစ်များစွာ လက်ဝယ်စုပုံလာသော်ငြား ဖုန့်ချန်းသည် သူ့မိဘများအားရှာဖွေခြင်းကိုတော့ ဘယ်တော့မှလက်မလျှော့ခဲ့ပါချေ။ သတင်းအစအနရသမျှအားလုံးကို ဆက်စပ်စုဆောင်းပါသော်လည်း ပျောက်ဆုံးခြင်းအကြောင်းရင်းကိုမူ ဖမ်းဆုပ်ဖို့မဖြစ်နိုင်သေးပါပေ။ မိခင်ဖြစ်သူ၏နောက်ခံအသိုင်းအဝိုင်းနှင့် သူမလက်ခံရရှိခဲ့သောစာလွှာက ဤပဟေဠိတစ်ခုလုံး၏အဓိကျသော့ချက်အဖြစ် တည်ရှိနေသည်ပင်။

သို့ပေမယ့် သူမိဘများကို နောက်ဆုံးမြင်တွေ့ခဲ့ရသောတည်နေရာကိုတော့ သူသေချာသိထားပါသည်။ တိုးညင်းအက်ကွဲကြောင်း ဟုအမည်ရသော ချောက်ကမ်းပါးတစ်ခုဖြစ်၏။ အိမ်နီးချင်းနယ်မြေဖြစ်သော ကြက်သွေးလမင်းနယ်မြေနှင့် သဘာဝအလျောက် နယ်စည်းပိုင်းခြားပေးထားသော အက်ကွဲကြောင်းတစ်ခုလည်းဖြစ်သည်။

ကြက်သွေးလမင်းနယ်မြေတွင် စွမ်းအားကြီးကျင့်ကြံသူများစွာရှိပြီး အရင်းအမြစ်လည်းပေါကြွယ်ဝသောကြောင့် မိုးပြာကောင်းကင်အင်ပါယာထက် ပို၍အင်အားကြီးသည်ဟု သတ်မှတ်ခံထားရသည်။

စိတ်ဝိဉာဥ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူ ရှိမရှိကိုတော့ အတည်ပြုထားခြင်းမရှိပေသည့် ထိုနယ်မြေတွင် ဝိဉာဥ်သန္ဓေကျင့်ကြံသူ ၁၅ဦးထက်မနည်းရှိသည်ဟု ပါးစပ်ပြောသတင်းများကြားရ၏။

ထိုသို့အင်အားကြီးမားမှုအားကိုးဖြင့် ကြက်သွေးလမင်းနယ်မြေဘက်မှ မိုးပြာကောင်းကင်အင်ပါယာဘက်ကို ရံဖန်ရံခါဆိုသလို ကျူးကျော်လာတတ်ကြရာ နယ်စည်းခြားတိုက်ပွဲများ မကြာမကြာဖြစ်ပွားတတ်သည်။ သို့သော် ကြက်သွေးလမင်းဘက်က စည်းလုံးညီညွှတ်မှုအားနည်းသဖြင့် ကျူးကျော်ရာတွင် တစ်ခါမှအောင်မြင်ခဲ့ခြင်းမရှိပေ။

သူတို့ဘက်က ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူများသာ စည်းစည်းလုံးလုံးဖြင့် တိုက်ကွက်တစ်ကွက်ကို စုပေါင်းပစ်လွှတ်လိုက်ပါကာ မိုးပြာကောင်းကင်အင်ပါယာဘက်မှာ တောင့်ခံနိုင်စရာကိုမရှိပေ။ သို့သော် သူတို့အချင်းချင်းကြားကပြဿနာများနှင့် အပြိုင်အဆိုင်များကြောင့် တိုက်ခိုက်နေစဥ်မှာပင် စည်းလုံးလို့မရနိုင်ကြသည်ဖြစ်ရာ မိုးပြာကောင်းကင်အင်ပါယာသည်လည်း ကျူးကျော်မှုများကို အကြိမ်ကြိမ်ခုခံတွန်းလှန်နိုင်ခဲ့ပေသည်။

ယခုတွင် ဖုန့်ချန်းမှာ တိုးညင်းအက်ကွဲကြောင်း၏အစွန်းတွင်ရပ်လျက်ရှိ၏။ သူ့အရှိန်နှင့်ဆိုလျှင် မင်းနေပြည်တော်မှ ဒီနေရာကိုရောက်ဖို့ နာရီအနည်းငယ်သာအချိန်ယူလိုက်ရသည်ပင်။

သူ့မိဘများကို နောက်ဆုံးမြင်တွေ့ခဲ့ရသော ဤနေရာ။

ပျောက်ဆုံးသွားခြင်းအတွက် ဖြစ်နိုင်ချေရှိသော အကြောင်းရင်းများစွာရှိသည်။ ကြက်သွေးလမင်းနယ်မြေဘက်မှ တစ်စုံတစ်ဦးကများ သူတို့ကိုပြန်‌ပေးဆွဲသွားသည်လား? ဒါမှမဟုတ် လူသိခံလို့မရသော အခြားအကြောင်းရင်းတစ်ခုရှိနေသည်လား?

သူတို့အလိုဆန္ဒအလျောက် ထွက်ခွာသွားကြသည်လားဟူသော ဖြစ်နိုင်ချေကိုတော့ သူဘယ်လိုနည်းနှင့်မှ ထည့်စဥ်းစားလိမ့်မည်မဟုတ်ပါ။ သူ့မိဘများမှာ မိမိတို့၏ရင်သွေးများနှင့် ဖုန့်မိသားစုကို တစ်လုံးတစ်ပါဒမှမမှာကြားဘဲ ရုတ်ချည်းစွန့်ပစ်သွားကြမည့်သူတွေမဟုတ်။ ဒီလိုအကျင့်စရိုက်ရှိသောသူများ လုံးဝမဟုတ်။

သေဆုံးသွားကြသည်ဆိုလျှင်လည်း ရုပ်အလောင်းကိုတွေ့သင့်သည်။ သားရဲတစ်ကောင်ကောင်ဖြင့် ရင်ဆိုင်ခဲ့ရသည်ဆိုလျှင်လည်း တိုက်ပွဲအကြွင်းအကျန်လောက်တော့ ကျန်ရစ်ခဲ့သင့်သည်။

ဖုန့်ချန်းအမြင်မှာ ဖြစ်နိုင်ချေအရှိဆုံးအချက်တစ်ချက်က သူ့ညီဖုန့်ယွင်နှင့်သက်ဆိုင်နေသည်။

ရာနှုန်းပြည့်သေချာနေတာမျိုးတော့မဟုတ်ပါ။ သို့သော် ဖုန့်ယွင်မှာ ဤလောက၏အဓိကဇာတ်လိုက်ဖြစ်၏။ ဖြစ်ရိုးဖြစ်စဥ်အတိုင်းသာဆိုလျှင် သူ့မိဘများ၏ပျောက်ဆုံးမှုမှာ သားရဲတစ်ကောင်နှင့်တိုက်ခိုက်ပြီးသေဆုံးသွားတာလိုမျိုး ခပ်တုံးတုံးဇာတ်ကြောင်းတစ်ခုမဟုတ်လောက်ဘဲ သာမန်မဟုတ်သောအကြောင်းရင်းတစ်ခုခု ပါဝင်ပက်သက်နေမည်ပင်။

ကြီးမြတ်သောဖြစ်တည်မှုဖြင့် အစပြုခဲ့သောသူ့မိဘများမှာ သားရဲတစ်ကောင်၏ရန်ပြုမှုကြောင့်သေဆုံးသွားရဖို့က ဇာတ်ကြောင်းတစ်ခုအဖြစ် မသင့်တော်လှပေ။

သို့သော်လည်း ဖုန့်ချန်း၏အမြင်မှာ ကိုယ်ပိုင်ဆန္ဒများစွာပါဝင်နေသည်ပင်။ သေဆုံးသွားခြင်းမဟုတ်ပါဘဲ ဒီတိုင်းပျောက်ကွယ်သွားပြီး တစ်နေရာရာမှာအသက်ရှင်လျက်ရှိနေသေးဦးမယ်လို့ သူ့နှလုံးသားထဲမှ နက်နက်ရှိုင်းရှိုင်းယုံကြည်ထားဆဲဖြစ်၏။

"ငါ့အမေဘက်က မိသားစုကြောင့်များလား" ဖုန့်ချန်းတိုးတိုးရေရွတ်မိသည်။ "အိမ်ထောင်ရေးကိုသဘောမတူလို့များ အတင်းအကျပ်ပြန်ခေါ်ထားကြတာလား ဒါမှမဟုတ် အမေ့မိသားစုရဲ့ရန်သူတွေကများ ဓားစာခံအဖြစ် ဖမ်းခေါ်သွားကြတာလား"

ဖြစ်နိုင်ချေများစွာက သူ့အတွေးထဲတွင် တဝဲလည်လည်ဖြစ်လို့နေသည်။

"ဘာပဲဖြစ်ဖြစ်ပါ တစ်ခုခုတော့တွေ့အောင်ရှာကြည့်တာပေါ့"

ဖုန့်ချန်းသည် ဝိဉာဥ်အာရုံခံစွမ်းကိုအသက်သွင်းပြီး အပြင်ပတ်ဝန်းကျင်သို့ ဖြန့်ကျက်လိုက်၏။ ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးဖြစ်သဖြင့် ကျယ်ပြန့်ပြီးအသေးစိတ်ကျသော အချက်အလက်များကို သူမြင်နိုင်စွမ်းရှိသည်။ မီတာငါးရာပတ်လည်တွင်ရှိသော မြက်ပင်ဖျားလေးများကအစ ပိုးမွှားကောင်လေးများအဆုံး တိုက်ခတ်လာသောလေညင်းသွဲ့သွဲ့အထိ သူ့စစ်ဆေးမှုမှပြေးမလွတ်နိုင်ပေ။

သူမည်မျှထိ စစ်စစ်ပေါက်ပေါက်ရှာဖွေပါစေ မူမမှန်သောအရာဟူ၍ မြူမှုန်မျှတောင်မတွေ့မိပါချေ။ ဤကျောက်ကြမ်းမြေတစ်လွှားတွင် မည်သည့်အစီအရင်မှမရှိ၊ မည်သည့်တိုက်ပွဲအစအနမှမကျန်၊ ဝိဉာဥ်စွမ်းအင်အကြွင်းအကျန်လေးများတောင် လွင့်ပါလာခြင်းမရှိပေ။

အင်းလေ။ ပျောက်သွားတာတောင်ဆယ်နှစ်ကျော်နေပြီပဲ။ ဘာမှရှာမတွေ့တာ မဆန်းပါဘူး။

သူဝိဉာဥ်အာရုံခံစွမ်းအင်ကို ထပ်အကျယ်ချဲ့ကာ အရည်အသွေးကိုလည်းပိုမြှင့်လိုက်သည်။ သို့သော် ပိုလို့ကြိုးစားရှာလေလေ ဘာအဖြေမှရှိမနေတာ ပိုလို့သေချာလေလေပင် ဖြစ်နေခဲ့လေ၏။

ဒီနေရာမှာပဲပတ်ရှာနေလို့ ဘာမှအကျိုးထူးမှာမဟုတ်ဘူး။

"စနစ်ဈေးဆိုင်"

ဖုန့်ချန်းသည် စနစ်ဈေးဆိုင်ကိုပင်မွှေနှောက်ရှာပြီး သူ့အတွက်အမှန်တရားကို ကူညီဖော်ထုတ်ပေးနိုင်မည့်ပစ္စည်းတစ်ခုခုရှိလေမလားဟု မျှော်လင့်နေမိသည်။

အတိတ်ကိုပြန်လည်စုံစမ်းစစ်ဆေးပေးပြီး ဖုံးကွယ်ထားသည့်အမှန်တရားများကို ဖော်ထုတ်ပေးနိုင်သည့်မှော်ရတနာများ ရှိတော့ရှိပါ၏။

ဒါပေမယ့် စောက်ရမ်းဈေးကြီးတယ်လေ။ စနစ်ရမှတ်သန်းနဲ့ချီပြီးတောင်တန်တာ။

ပိုပြီးဈေးနည်းတာလေးများရနိုင်လေမလားဟု သူထပ်ရှာပါသော်လည်း သူ့လက်ရှိဘက်ဂျက်နှင့်ကိုက်ညီတာ တစ်ခုမှမတွေ့ခဲ့ရပေ။ သက်ပြင်းတစ်ချက်ချကာ သူလက်လျှော့လိုက်တော့၏။ အနာဂတ်တွင် ထိုမှော်ရတနာတစ်ခုလောက် လျှော့ဈေးချသည့်အထဲပါလာဖို့သာ သူမျှော်လင့်နိုင်တော့ပေသည်။

"ကြည့်ရတာ အချိန်ပဲဖြုန်းမိလိုက်တယ်ထင်ပါတယ်" တိုးတက်မှုရှိမလာသည့်အဖြစ်ကြောင့် သူညည်းညူလိုက်သည်။

လောလောဆယ်တော့ သူဆက်ရှာစရာမရှိတော့ပေ။

သူဒီ့ထက်ပိုသန်မာလာလျှင်တော့ တစ်ခုခုကို ရှာတွေ့ကောင်းပေမည်။

သို့မဟုတ် ထိုဈေးကြီးမှော်ရတနာများကို ဝယ်နိုင်ဖို့ကြိုးစားတာပဲဖြစ်ဖြစ်ပေါ့။

မည်သို့ပင်ဖြစ်စေ အမှန်တရားကတော့ တစ်ချိန်မှာ သေချာပေါက်ပေါ်ပေါက်လာရပေမည်။

All Chapters