← Chapters

ဝမ်ကျစ်ချင်း

Vol. 14 Ch. 190

ဝမ်ကျစ်ချင်း

Vol. 14 Ch. 190

ဖုန့်ချန်းတစ်ယောက် တိုးညင်းအက်ကွဲကြောင်းမှ ထွက်ခွာရန်ပြန်လှည့်လိုက်ပြီး လွင်တီးခေါင်ချောက်ကမ်းပါးသို့ နောက်ဆုံးအကြိမ်အဖြစ် တစ်ချက်ပြန်ကြည့်လိုက်သည်။

"အမှန်တရားက တစ်နေ့နေ့မှာ ပေါ်ပေါက်လာပါလိမ့်မယ်" သူက ပြတ်သားခိုင်မာစွာ ခပ်တိုးတိုးရေရွတ်လိုက်၏။

နောက်ဆုံးသက်ပြင်းတစ်ကြိမ်ချကာ လေထုထဲသို့ဝှစ်ခနဲပြေးထွက်သွားပြီး သူ့ပုံရိပ်မှာ ချက်ချင်းပျောက်ကွယ်သွားလေတော့သည်။

ရွှမ်း ရွှပ်

တောင်ကြားအခြေရှိ တောနက်တစ်နေရာသို့ သူရောက်ရှိလာသော် တိုက်ပွဲတစ်ခုမှလွင့်ပျံလာသောအသံကို ကြားလိုက်ရ၏။

အော်ဟစ်သံများ၊ ဟိန်းဟောက်သံများအပြင် သံမဏိဓားနှင့် သူ့ထက်ပိုမာကြောသောအရာတို့ တရွှပ်ရွှပ်ရိုက်ခတ်သံပေါ်ထွက်နေပြီး တိုက်ပွဲပြင်းအားကြောင့် သစ်ပင်များပင် ယိမ်းခါလို့နေပေသည်။

ဖုန့်ချန်း မျက်မှောင်ကုတ်သွားသည်။

"တိုက်ပွဲဖြစ်နေကြတာလား"

သူလမ်းကြောင်းပြောင်းပြီး လှုပ်ရှားမှုများဖြစ်ပေါ်ရာနေရာသို့ ဦးတည်လိုက်၏။

ထိုနေရာသို့ ရောက်ရှိသွားသော် မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။

လူတစ်ဒါဇင်ခန့်ရှိမည့် အုပ်စုတစ်စုမှာ အဆင့်၅သားရဲကြီးတစ်ကောင်၏တိုက်ခိုက်မှုကို ရင်ဆိုင်နေကြရတာဖြစ်၏။

သားရဲမှာ သွေးနီဦးချိုဝံပုလွေတစ်ကောင်ဖြစ်ပြီး ကြက်သွေးရောင်တောက်ပသောလည်ဆံမွေးများပါရှိကာ ချွန်ထက်သောဦးချိုကောက်ကောက်များကြောင့် ကြောက်မက်ဖွယ်အသွင်ကိုဆောင်သည်။

ဝတ်ပုံစားပုံအရ ကြေးစားရဲမက်များဖြစ်ဟန်တူသော အုပ်စုမှာ ကာကွယ်ရေးအစီအရင်တစ်ခုကို ခင်းကျင်းလိုက်ကြ၏။

သူတို့အားလုံး တတ်နိုင်သမျှတောင့်ခံထားကြပုံပေါ်သော်လည်း အချို့မှာဒဏ်ရာရထားပြီဖြစ်ပြီး ခပ်ယဲ့ယဲ့သာကျန်တော့လေသည်။ အသက်ရှူသံများမှာလည်း ဟောဟဲလိုက်လျက်။

အုပ်စု၏အလည်တွင် မိန်းကလေးငယ်တစ်ဦးမှာ ကျောက်စိမ်းဆွဲသီးတစ်ခုကိုဆုပ်ကိုင်လျက် ရပ်လို့နေ၏။

အကြောက်တရားကြောင့် မျက်နှာအသွေးအရောင် ဖြူဆုတ်နေပြီဖြစ်သော်ငြား မျက်လုံးများမှာ ခိုင်မာစွာတောက်ပနေဆဲပင်။

ဖုန့်ချန်း ထိုမိန်းကလေးကိုမသိသော်ငြား ဝတ်ပုံစားပုံနှင့် အမူအရာအရ လူကြီးမင်းတစ်ဦးဦး၏ သမီးဖြစ်ဟန်တူသည်။

ကျင့်ကြံဆင့်မှာလည်း ချီအရည်ဖွဲ့ခြင်းအဆင့်ရှိသဖြင့် မဆိုးလှဟုဆိုရပေမည်။

ဒီလိုမိန်းက‌လေးငယ်တစ်ဦးက တောနက်တစ်နေရာကို ဘာကြောင့်‌ရောက်နေရမှန်းလည်း ဖုန့်ချန်းမစဥ်းစားတတ်ပါချေ။

(နယ်စည်းမှာအစောင့်အဖြစ်အလုပ်လုပ်နေတဲ့ ဆွေမျိုးတစ်ယောက်ယောက်များ ရှိနေလို့လား)

ဖုန့်ချန်း ဤမျှသာတွေးနိုင်သည်။ ဒီလူတွေကိုကြည့်ရသည်မှာလည်း နယ်စည်းသို့အလည်အပတ်သွားမည့်ပုံပေါ်သောကြောင့်ပင်။

"မမလေးကို အသက်စွန့်ကာကွယ်ကြ"

ခေါင်းဆောင်ဖြစ်သော အရပ်ရှည်ရှည်နှင့် တိုက်ရည်ခိုက်ရည်ကျွမ်းကျင်ပုံရသည့် အမျိုးသမီးတစ်ဦးက အစောင့်များကိုအမိန့်ပေးလာသည်။

ထိုအမျိုးသမီး၏သံချပ်ကာမှာ ကုတ်ခြစ်ရာများဖြင့် ပွန်းပဲ့နေပြီဖြစ်သော်ငြား လေသံကတော့ သြဇာအာဏာရှိသူတစ်ဦး၏အငွေ့အသက်ကို ဆောင်ကျဥ်းလားနိုင်သေး၏။

ကျစ်ဆံမြီးခိုင်ခိုင်ကျစ်ထားသော သူမ၏အနက်ရောင်ဆံနွယ်မှာ လှုပ်ရှားလိုက်တိုင်းယိမ်းခါလျက်ရှိသည်။

"ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူပါလား ကောင်မလေးရဲ့နောက်ခံက ရိုးရှင်းနေတာတော့မဟုတ်ဘူးပဲ"

ဖုန့်ချန်းကအကဲခတ်ရင်း တိုးတိုးမှတ်ချက်ပြုသည်။

ကြေးစားများလိုဝတ်ဆင်ထားသော ရဲမက်များမှာလည်း လူတွေ၏အမြင်ကိုလှည့်စားဖို့ရန်ဖြစ်ကြောင်း အသိသာကြီးပင်။

ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦးက ကြေးစားအလုပ်လုပ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်သောကိစ္စပါပေ။

ကြေးစားတစ်ဦးအဖြစ် အလုပ်လုပ်နေရင်းမှ ဓာတ်ကြီးသုံးပါးနတ်အဆင့်ထိ တက်သွားနိုင်ပါမူ မိသားစုများစွာက သူတို့ထံဝင်ရောက်အမှုထမ်းဆောင်ရန် အကျိုးအမြတ်များစွာဖြင့် ကမ်းလှမ်းဖိတ်ခေါ်ကြမည်မလွဲပေ။ တော်ဝင်မိသားစုပင် ပါကောင်းပါနိုင်ပေသည်။

"ဘယ်မိသားစုကများ သူတို့သမီးကို မင်းသမီးလေးလိုထားနိုင်တာပါလိမ့် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူခေါင်းဆောင်နဲ့ ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူအများကြီးကို အစောင့်အဖြစ်ထည့်ပေးနိုင်တဲ့အထိအဆင့်မြင့်တာပဲ ဒီသားရဲကတော့ သူတို့ယှဥ်နိုင်မယ့်ပြိုင်ဘက်မဟုတ်လောက်ဘူးထင်ပါ့"

သွေးနီးဦးချိုဝံပုလွေမှာ အဆင့်၅သားရဲများကြားတွင်ပင် စွမ်းအားအကြီးဆုံးအမျိုးအစားများထဲမှတစ်ခုအဖြစ် သတ်မှတ်ခံထားရတာဖြစ်၏။

ဓာတ်ကြီးသုံးပါးနတ်အဆင့် ထိပ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ဦးပင် ထိုသားရဲနှင့်ထိပ်တိုက်တွေဖို့ကို တတ်နိုင်သမျှရှောင်ရှားရမည့်အနေအထားဖြစ်သည်။ ခေါင်းဆောင်ဟွားမှာ ဓာတ်ကြီးသုံးပါးနတ်အဆင့်မှာ အစောပိုင်းအဆင့်သာရှိနေသေးတာဖြစ်၏။

ထို့ကြောင့် အကူအညီဘယ်လောက်ပါသည်ဆိုဆို ဒီလိုသားရဲကို ရင်ဆိုင်ဖို့ကတော့ ခက်ခဲဦးမှာပင်။

အခြေအနေကြည့်ရသလောက်တော့ အတော်လေးရုန်းကန်နေရပုံပင်။ အစောင့်အချို့မှာ သေဆုံးသွားပြီးဖြစ်၏။

"အကာအကွယ်စ"

ခေါင်းဆောင်ဟွားက အမိန့်ပေးသည်။

ဝံပုလွေကခုန်ဝင်လာပြီး အစောင့်တစ်ဦး၏အကာအကွယ်ကို အသာလေးဆုတ်ဖြဲလိုက်ကာ တစ်ဖက်လူကို သစ်ပင်တစ်ပင်ကိုဆောင့်တိုက်သည်အထိ လွင့်စင်သွားစေ၏။

မည်သို့ပင်ဖြစ်စေ သူတို့အကာအကွယ်စနစ်မှာလည်း ထိုသို့သောစွမ်းအားကြီးသားရဲအတွက် အလုပ်ဖြစ်ပုံမရပေ။ အသက်ရှင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ထွက်ပြေးခြင်းသာပင်။

"သားရဲကသန်မာတယ် နောက်ဆုတ်ပြီး အုပ်စုပြန်ဖွဲ့မယ်"

သူတို့နောက်မဆုတ်ရသေးခင်မှာပင် ဝံပုလွေကဟိန်းဟောက်လာသည်။ ပတ်ပတ်လည်ရှိလေထုမှာ သားရဲ၏ချီစွမ်းအင်ဖြင့် တောက်လောင်လာပြီး သူတို့ကိုဝိုင်းပတ်ကာ ပိတ်ပင်ထားတော့၏။

ခေါင်းဆောင်ဟွားသည် အံကိုတင်းတင်းကြိတ်လျက် ပုဆိန်တပ်လှံတံကို တင်းကျပ်နေအောင်ဆုပ်ကိုင်လိုက်သည်။

စူးရှသောမျက်လုံးများဖြင့် အခြေအနေကိုအကဲခတ်နေပြီး သူတို့မှာရွေးချယ်မှုဘယ်နှစ်ခုကျန်ဦးမလဲဆိုတာကို တွက်ဆနေဟန်ရှိ၏။

ထို့နောက် သူမအယုံကြည်ရဆုံးငယ်သားတစ်ဦးထံလှည့်ကာ အလောတကြီး အမိန့်ပေးလိုက်သည်။

"လျို့ချန်း မင်းသမီးကိုခေါ်ပြီးပြေးတော့ သားရဲကိုငါတို့ကြည့်ရှင်းလိုက်မယ်"

ထက်မြက်သောအသွင်ဖြင့် ခပ်ပိန်ပိန်လူတစ်ဦးဖြစ်သော လျို့ချန်းမှာ တွ့န်ဆုတ်နေဟန်ရှိ၏။

"ခေါင်းဆောင်ဟွား ကျွန်တော်"

"ငြင်းဆန်ခွင့်မရှိဘူး"

‌ခေါင်းဆောင်ဟွားက ပြတ်သားစွာဖြတ်ပြောလိုက်သည်။ ပြန်လည်တွန်းလှန်နိုင်စွမ်းမရှိသော အမိန့်သံပင်။

မိန်းကလေးငယ်ဘက်သို့တစ်ချက်လှမ်းကြည့်လိုက်သော် သူမမျက်လုံးထဲတွင် နူးညံ့ရိပ်အချို့ဖြတ်ပြေးသွားသည်။

"ငါတို့တာဝန်က မင်းသမီးကိုအသက်စွန့်ကာကွယ်ဖို့ပဲ ပြီးတော့မင်းကအပြေးအမြန်ဆုံး အခုခေါ်ပြီးပြေးတော့"

ကျောက်စိမ်းဆွဲသီးကို တင်းကျပ်စွာဆုပ်ကိုင်ထားဆဲဖြစ်သော မိန်းကလေးငယ်က ရှေ့သို့တက်လာပြီးပြောသည်။ အသံမှာတုန်ယင်နေသော်ငြား ပြတ်သားခိုင်ကြည်လျက်။

"ဟင့်အင်း ကျွန်မကရှင်တို့ကိုထားခဲ့ပြီး ထွက်သွားမှာမဟုတ်ဘူး အတူတိုက်ကြမယ်"

ခေါင်းဆောင်ဟွားက အနည်းငယ်ဒူးညွှတ်၍ မိန်းကလေးငယ်ကိုစိုက်ကြည့်လိုက်သည်။ အရှုပ်အထွေးများကြားတွင် သူမအသံမှာတည်ငြိမ်လျက် ကြားရသူကို စိတ်ချယုံကြည်မိစေ၏။

"ဝမ်အာ မင်းအသက်ကငါတို့အားလုံးထက်ပိုအဖိုးတန်တယ် မင်းခဏလောက်လေးထွက်ပြေးနိုင်လိုက်မယ်ဆိုရင်တောင် ငါတို့အသက်ပေးရတာတန်ပြီ"

မိန်းကလေး၏မျက်လုံးများတွင် မျက်ရည်များပြည့်လျှံလာသော်လည်း သူမကခေါင်းဆောင်ထံမှအကြည့်မလွှဲပေ။

"ဒါပေမယ့်-"

"ဒါပေမယ့်တွေ တော်တော့"

ခေါင်းဆောင်ဟွားက ခပ်ပြတ်ပြတ်ပြောကာ မတ်တပ်ထရပ်လျက် ပုဆိန်တပ်လှံတံကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။

"မင်းအဖေက မင်းကိုငါ့လက်ထဲ ယုံယုံကြည်ကြည်အပ်နှံလိုက်တာ ငါကလည်း မင်းကိုအသက်ပေးကာကွယ်ဖို့ ကျိန်ဆိုခဲ့တယ် ငါ့ကတိကိုတည်ပါရစေ"

လျို့ချန်းက မိန်းကလေး၏ပုခုံးကို မြဲမြံစွာဆုပ်ကိုင်လိုက်သည်။

"ခေါင်းဆောင်ပြောတာမှန်တယ် အနည်းဆုံးတော့ မင်းကိုလုံခြုံအောင်ထားရမယ်"

မိန်းကလေးသည် ကျောက်စိမ်းဆွဲသီးလေးကိုသာ တင်းတင်းဆုပ်ထားပြီး ခဏတာမျှတွန့်ဆုတ်နေသော်ပြီး နောက်တော့အကြည့်လွှဲလိုက်တော့၏။

သူမမျက်လုံးများက သစ်ပင်ကြားမှစောင့်ကြည့်နေသောအမျိုးသားတစ်ဦးထံသို့ ဆိုက်ရောက်သွားသည်။

"နေပါဦး"

သူမ၏အော်သံက အရှုပ်အထွေးများကြား ဖြတ်ပေါ်လာသည်။

"တစ်ယောက်ယောက်ရှိနေတာပဲ"

ခေါင်းဆောင်ဟွားက ခေါင်းကိုလှည့်ပြီး ဝမ်အာပြသည့်နေရာကိုကြည့်လိုက်သော်ငြား ဘာကိုမှမတွေ့ရပေ။

"ဝမ်အာ ဘာတွေပြောနေတာလဲ"

ခေါင်းဆောင်ဟွား၏အသံက စိတ်ရှုပ်နေဟန်ဖြင့် အလောတကြီးလည်းနိုင်၏။

"ကျွန်မမြင်ပါတယ်ဆို" ဝမ်အာက အသံတုန်တုန်ဖြင့်ပြန်ပြောသည်။

"လူတစ်ယောက်အဲ့နားမှာ ကျွန်မတို့ကိုကြည့်နေတာ"

ဖုန့်ချန်းလည်း သဘောပေါက်ပြီး မျက်မှောင်ကြုတ်သွားရသည်။

(သူကငါ့ကိုဘယ်လိုသတိထားမိသွားတာလဲ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတောင် ငါဖုံးထားချင်ရင် သိနိုင်တာမဟုတ်ဘူး သူ့လိုချီအရည်ဖွဲ့ခြင်းအဆင့်က ဘယ်လိုသိတာလဲ တစ်ခုခုတော့ထူးဆန်းနေပြီ)

"နတ်ဘုရားမျက်လုံးပွင့်စမ်း"

*****************

အမည် - ဝမ်ကျစ်ချင်း

ကျင့်ကြံဆင့် - ချီအရည်ဖွဲ့ခြင်း ထိပ်ပိုင်းအဆင့်

ပါရမီဆင့် - သာမန်ထက်လွန်ကဲသော

ခန္ဓာ - ဝိဇ္ဇာမျက်လုံးများ

********************

ဝိဇ္ဇာမျက်လုံးသည် ရှားပါးထူးကဲသောခန္ဓာတစ်မျိုးဖြစ်ပြီး ဖုံးကွယ်ထားသော၊ သာမန်မျက်စိဖြင့်မမြင်နိုင်သော အရာများကို ထွင်းဖောက်မြင်နိုင်သည့် ပြိုင်ဘက်ကင်းစွမ်းရည်မျိုးပင်။

"ဒီလိုကိုး"

သူမ၏အထူးစွမ်းရည်ကြောင့် သူ့ကိုမြင်နိုင်ခြင်းဖြစ်ကြောင်း ဖုန့်ချန်းသ‌ဘောပေါက်သွား၏။

သို့သော် သူမ၏ခန္ဓာထက် နာမည်က သူ့အာရုံကိုပိုဖမ်းစားသွားသည်။

"ဝမ်ကျစ်ချင်းတဲ့လား"

All Chapters