← Chapters

အမှောင်ရိပ်ထဲမှ ကြွက်များ

Vol. 14 Ch. 192

အမှောင်ရိပ်ထဲမှ ကြွက်များ

Vol. 14 Ch. 192

ဝမ်ကျစ်ချင်း အသာသက်ပြင်းချလိုက်သည်။ အတော်လေးစိတ်လက်ပေါ့ပါးသွားဟန်ပင်။ ဖုန့်ချန်း၏ အစောကချီမွမ်းမှုကြောင့် မျက်နှာထက်ရှက်သွေးဖြန်းနေဟန်တော့ရှိသေး၏။ သူမကိုယ်သူမ တည်ငြိမ်အောင်ပြန်လည်ထိန်းသိမ်းလိုက်ပြီး အသံမှာလည်း မင်းသမီးတစ်ဦး၏မာန်အပြည့်ဖြင့် ပုံမှန်ပြန်ဖြစ်သွားသည်။

"ရဲမက်တွေ ခဏအနားယူပြီးကုသရဦးမယ် ပါလာတဲ့ဆေးလုံးတွေ မျှပေးလိုက်ပါ"

ခေါင်းဆောင်ဟွားက ခေါင်းညိတ်လိုက်ပြီး မဆိုင်းမတွပင် အဆင့်၃ဆေးလုံးများပါသော ဆေးအိတ်တစ်အိတ်ကို ထုတ်ယူလိုက်သည်။

လေ့ကျင့်ထားသလို တိကျသွက်လက်စွာဖြင့် သူတို့နှစ်ဦးသူ ဒဏ်ရာရရဲမက်များကို ဆေးလုံးတစ်လုံးစီတိုက်ကျွေး၍ ပြန်လည်သက်သာအောင် ကူညီပေးနေကြသည်။

ထိခိုက်ဒဏ်ရာအပြည့်ဖြင့် အားနည်းနေဟန်ရသောရဲမက်များမှာ အဆင့်၃ဆေးလုံးများ၏အစွမ်းထက်မှုကြောင့် သိသိသာသာ အဆင်ပြေလာကြဟန်ပင်။

အဆင့်၃‌ဆေးလုံးများကို ရက်ရက်ရောရော တိုက်ကျွေးပေးကမ်းနေသည်အားကြည့်ခြင်းဖြင့် ဝမ်ကျစ်ချင်းမှာ လူကောင်းလူမွန်တစ်ဦးဖြစ်ရုံမက အလွန်ချမ်းသာကြွယ်ဝလောက်မည်မှန်းလည်း ခန့်မှန်းလို့ရပေ၏။

ဖုန့်ချန်းသည် ဝမ်ကျစ်ချင်းကို တိတ်တဆိတ်လေ့လာနေပြီး လက်ပိုက်ကာ သူမဘက်သို့လှည့်လိုက်သည်။

"ခဏလောက်နားနေကြပါဦး ကျွန်တော်တစ်အောင့်နေပြန်ရောက်မယ်" သူကပေါ့ပေါ့ပါးပါး ဆိုလာသည်။

ဝမ်ကျစ်ချင်းက ခေါင်းငဲ့ကြည့်၍ စိတ်ရှုပ်ထွေးဟန်ဖြင့် မျက်မှောင်အသာကြုတ်သွားသည်။

"ဘယ်သွားမလို့လဲရှင့်"

ဖုန့်ချန်းမျက်လုံးများကျဥ်းမြောင်းသွားပြီး အမူအရာမှထွက်လာသောအငွေ့အသက်မှာ တစ်ဖက်လူကို ကျောချမ်းစေ၏။

"မှောင်ရိပ်ခိုနေတဲ့ကြွက်တစ်ကောင်ရှိနေတယ် မင်းနေပြည်တော်ကိုမပြန်ခင် သူတို့ကိုအပြတ်ရှင်းလိုက်တာပိုကောင်းမယ်"

ပဥ္စမမင်းသမီးသည် နားမလည်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရသည်။

(ကြွက်တစ်ကောင်က သူ့လိုလူကို ဘာလုပ်နိုင်မှာမလို့လဲ)

မင်းသမီးမှာ ဖုန့်ချန်းပြောသွားသောအထာကို သ‌ဘောမပေါက်နိုင်ရှာပေ။

"စောင့်နေပါ ကျွန်တော်မကြာခင်ပြန်ရောက်မယ်"

ဖုန့်ချန်းထပ်ပြောပြီး လေပြင်းတစ်သုတ်နှင့်အတူ ဝှီးခနဲထွက်ခွာသွားတော့သည်။ သူ့အရှိန်ကြောင့် သစ်ရွက်များပင် ဝဲလည်ကျန်ရစ်ခဲ့လျက်။

ဝမ်ကျစ်ချင်းသည် ဖုန့်ချန်းရပ်နေခဲ့သောနေရာကိုကြည့်ပြီး တွေးဆဆဖြင့်ပြုံးသည်။

ခေါင်းဆောင်ဟွားကလည်း စူးစမ်းလိုဟန်ဖြင့်အနားကပ်လာ၏။

"မင်းသမီးရှင့် ဒီလူကြီးမင်းရဲ့စွမ်းအားက ခန့်မှန်းလို့တောင်မရတဲ့အထိပဲနော်"

"ငါသိတယ်" ဝမ်ကျစ်ချင်းက အဝေးကိုငေးလျက် တိုးတိုးပြန်ဖြေသည်။

ခေါင်းဆောင်ဟွား ဘာကိုတွေးနေမှန်း သူမသေချာပေါက်သိပါ၏။

ဖုန့်ချန်း၏ ပြိုင်ဘက်ကင်းအင်အားသည် လာမည့်တိုက်ပွဲများအတွက် လွန်စွာမှအထောက်အကူဖြစ်ပေမည်။

ရာဇပုလ္လင်မှာ ရိုးရိုးအမွေဆက်ခံခြင်းတစ်မျိုးသာမဟုတ်ဘဲ အစီအစဥ်များ၊ ကောက်ကျစ်မှုများ၊ နောက်ကျောမှဓားများဖြင့် ပြည့်နှက်နေပြီး စွမ်းအားကြီးမဟာမိတ်များစွာကိုလည်း အဆက်မပြတ်ရှာဖွေနေဖို့ လိုအပ်ပေသည်။

ဖုန့်ချန်းလိုလူက ချိန်ခွင်ကို ပြောင်းပြန်လှန်ပေးနိုင်မည့်သူပင်။

ခေါင်းဆောင်ဟွားက ခဏတာမျှတွန့်ဆုတ်နေပြီးနောက် ပြောလာသည်။ "သူ့လိုကျင့်ကြံသူတစ်ဦးသာ မင်းသမီးနားရှိနေမယ်ဆိုရင်တော့ အခြေအနေက..."

ဝမ်ကျစ်ချင်းက လက်တစ်ဖက်ကိုမြှောက်လျက် အသာတားလိုက်၏။

"ငါမင်းဘာတွေးနေလဲသိပါတယ် ဟွား"

သူမအသံမှာ တည်တည်ငြိမ်ငြိမ်ပင်ဖြစ်သော်ငြား တစ်ဖက်လူဆက်မပြောရဲလောက်သည့် အာဏာအငွေ့အသက်တစ်ခုပါဝင်နေသည်။

"သူ့လိုလုပ်ရည်ကိုင်ရည်ရှိတဲ့လူတစ်ယောက် ငါ့ဘက်မှာပါလာရင် အရာအားလုံးပြောင်းလဲသွားနိုင်မှာဟုတ်ပါတယ်.. ဒါပေမယ့် ငါ့လို ရာဇပလ္လင်နဲ့အဝေးဆုံး ဆက်ခံသူကို သူကသစ္စာခံပြီး ထောက်ပံ့ပေးမှာတဲ့လား"

ခေါင်းဆောင်ဟွား မျက်မှောင်အသာကြုတ်သွားသော်ငြား ပြန်တော့မငြင်းဆိုနိုင်ပါ။

မိနစ်အနည်းငယ်အကြာတွင် ဖုန့်ချန်းပြန်ရောက်လာသည်။ ရောက်လာပုံကလည်း ထွက်သွားစဥ်ကအတိုင်း ရုတ်ချည်းနိုင်လှ၏။

ဒီတစ်ကြိမ်တွင်တော့ အနက်ရောင်ခေါင်းစွပ်အုပ်ထားသည့်လူတစ်ယောက်ကို ကြိုးဖြင့်တုပ်လျက်ဆွဲခေါ်လာသည်။

ထိုသူမှာ ရုန်းကန်ငြင်းဆန်ခြင်းမရှိ၊ အတော်လေးကြောက်လန့်နေဟန်လည်းပေါ်၏။

ဖုန့်ချန်းသည် အနက်ရောင်ခေါင်းစွပ်နှင်လူကို မြေပြင်ထက်လှိမ့်ချလိုက်ရာ ဖုန်မှုန့်များပင်လုံးခနဲတက်လာတော့သည်။

"ကြွက်ကိုမိပြီ" ထုံးစံအတိုင်း မထုံတက်သေးဟန်ဖြင့် ဖုန့်ချန်းကပြောလာသည်။

ရဲမက်များက လက်နက်များကိုကိုင်စွဲလျက်ထရပ်ကာ ထိုလူအနီးတွင်ဝန်းရံထားလိုက်ကြ၏။

ခေါင်းဆောင်ဟွားကရှေ့ကိုတိုး၍ ကျူးကျော်သူအား လှံတံဖြင့်ချိန်ထားလိုက်သည်။

"လူကြီးမင်း ဒါဘယ်သူလဲ"

ခေါင်းဆောင်ဟွားကမေးသည်။ သူမအသံကတည်ငြိမ်‌သော်လည်း သတိအပြည့်ဖြင့်ပင်။

ဖုန့်ချန်းက လက်ဖြင့်ဟိုဟိုသည်သည်ဖုန်ခါလျက်ဖြေလာသည်။

"ကိုယ့်ဘာသာမေးကြည့်လိုက်ပါတော့ ဒီအနားတစ်ဝိုက်မှာပတ်နေတာပဲ စောနကသွေးနီဦးချိုဝံပုလွေကို ဒီဘက်ရောက်အောင်လမ်းလှည့်ပေးလိုက်တဲ့သူဖြစ်နိုင်တယ်"

ဝမ်ကျစ်ချင်းနှင့် သူ့လူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ တစ်ခုခုကတော့ မူမမှန်လို့နေပြီ။

တိုက်ဆိုင်စရာအကြောင်းမရှိ။ သူတို့ပစ်မှတ်ထားခံခဲ့ရတာပင်။

ခေါင်းဆောင်ဟွားက မျက်နှာဖုံးနှင့်လူကို ခက်ထန်စွာစိုက်ကြည့်လိုက်သည်။

"မင်းဘယ်သူလဲ ဘာရည်ရွယ်ချက်ရှိနေတာလဲ"

ထိုသူက ပမာမခန့်ဟန်ဖြင့် ဖုန့်ချန်းကိုစိုက်ကြည့်လာသည်။ နှုတ်ခမ်းကိုတော့ တင်းတင်းစေ့ထားလျက်။

"လွယ်လွယ်နဲ့ထုတ်ပြောမယ့်သူမဟုတ်လောက်ဘူး" ဖုန့်ချန်းက ပျင်းတိပျင်းရွဲဖြင့်မှတ်ချက်ချသည်။

"လုပ်ကြံသူအများစုက အဲ့လိုပဲ"

ဝမ်ကျစ်ချင်းက အေးစက်၍ သြဇာမာန်အပြည့်ပါသောမျက်နှာထားဖြင့် ရှေ့တက်လာသည်။

"ငါ့ကိုသတ်ဖို့ နင့်ကိုလွှတ်လိုက်ကြတာပေါ့ ဟုတ်လား"

လေသံမှာ တော်ဝင်မင်းသမီးတစ်ပါး၏ အာဏာအငွေ့အသက်တို့ စီးဝင်လျက်။

ထိုသူမှာ တုတ်တုတ်မျှမလှုပ်။

ဖုန့်ချန်းထိုင်ချလိုက်ပြီး ထိုသူကို ဖောက်ထွင်းတော့မတတ်အကြည့်ဖြင့် စိုက်ကြည့်လာသည်။

"မင်းကိုဘယ်သူပို့လိုက်မှန်းတော့ငါမသိဘူး ဒါပေမယ့် ကိုယ့်အသက်ကိုယ်တန်ဖိုးထားသေးရင် အခုစကားပြော"

ဖုန့်ချန်းသည် ချီစွမ်းအင်အနည်းငယ်ကိုထုတ်လွှတ်ကာ ကြက်သီးထဖွယ်ဖိအားတစ်မျိုးကို ဆောင်ကျဥ်းလာ၏။

လုပ်ကြံသူမှာ တုန်လှုပ်သွားဟန်ပေါ်သော်လည်း ပါးစပ်ပိတ်တင်းခံမြဲပင်။

"ကြည့်ရတာ သင်ခန်းစာနည်းနည်းပေးရတော့မယ်ထင်တယ်"

ထို့နောက် လုပ်လိုက်သည့်အပြုအမူမှာတော့ သူတို့အားလုံးမျှော်လင့်မထားသည့်အရာပင်။

ဖုန့်ချန်း၏ရိုက်ချက်များမှာ ချက်ကောင်းကို ကွင်းကွင်းကွက်ကွက် ထိမိလှ၏။

ခွပ် ခွပ် အွတ်

လုပ်ကြံသူမှာ နာကျင်မှုကြောင့် မသဲမကွဲငြီးတွားငိုယိုကာ အဆက်အပြတ်ကျရောက်နေသောရိုက်နှက်မှုများအောက်တွင် ကူကယ်ရာမဲ့စွာ တွ့န်လိမ်နေတော့သည်။

ရဲမက်များမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လျက် လက်နက်များအား တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်ကြ၏။

ဝမ်ကျစ်ချင်းမှာလည်း အံ့သြမှုကြောင့် ပါးစပ်အနည်းငယ်ပွင့်ဟသွားရသည်။

ရပ်ကြည့်နေသော ရဲမက်များမှာ မရည်ရွယ်ပါပဲ ရန်သူကိုပင်သနားစိတ်ဝင်လာရတော့၏။

(ဒီလူကတော့ အတော်လေးသေချင်နေတာပဲ)

"ငါ-ငါပြောပါ့မယ်"

လုပ်ကြံသူသည် နောက်ဆုံးတော့စကားသံထွက်လာလေပြီ။

ခွပ်

"ဒါဆိုလည်းပြော" ဖုန့်ချန်းက နောက်ဆုံးတစ်ချက်ထိုးပြီးမှ အေးစက်စက်အမိန့်ပေးလာသည်။

"ကျွန်-ကျွန်တော်လည်းအမိန့်ကိုလိုက်နာရတာပါ ဒုတိယမင်းသားရဲ့အမိန့်ပါ"

"ဘာရယ်?"

ဝမ်ကျစ်ချင်းမှာ မထင်မှတ်ထားဟန်ဖြင့် တုန်တုန်ယင်ယင်ရေရွတ်လာသည်။

"မဖြစ်နိုင်တာ"

လုပ်ကြံသူ၏ဝန်ခံမှုအပြီးတွင် ဝမ်ကျစ်ချင်းက မှတ်ချက်ပြုလိုက်သည်။

သူ့အကိုတော်ဖြစ်သော ဒုတိယမင်းသားမှ သူမကိုသတ်ရန်လုပ်ကြံသူစေလွှတ်လိုက်မည်ဆိုတာ လုံးဝမဖြစ်နိုင်ပေ။

"‌အမှန်ကိုပြောနေတာပါ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ"

ဖုန့်ချန်းမျက်ခုံးတစ်ဖက်ပင့်ပြီး နောက်တစ်ချက် အမိအရထပ်ထိုးလိုက်သည်။

ခွပ်

"ငါ့ကိုအရူးများထင်နေလား အမှန်ကိုပြောစမ်း"

"အဲ့ဒါအမှန်ပါပဲ ဒုတိယမင်းသားပါ"

ခွပ် ခွပ်

ဖုန့်ချန်းကတော့ စကားကိုစောင့်မနေဘဲ ဆက်တိုက်သာပညာဆက်ပေးတော့သည်။

နောက်ဆုံးတော့ လုပ်ကြံသူလည်းသတိလစ်သွားသဖြင့် ရပ်လိုက်ရတော့၏။

ဖုန့်ချန်းရိုက်လို့အပြီးကိုစောင့်နေသောဝမ်ကျစ်ချင်းက နောက်ဆုံးတော့မေးလာသည်။

"လူကြီးမင်းပြောပုံအရ ဒီလူရဲ့အဖြေက လိမ်နေတာလို့ဆိုလိုတာလား"

ဖုန့်ချန်းမှ အမှန်ကိုပြောဟုစစ်မေးထားသဖြင့် သူမလည်းအားကိုးတကြီးမေးလို့လာသည်။

ဒုတိယအစ်ကိုက သူမကိုလုပ်ကြံမည်တဲ့လား? ဘယ်လိုတောင်မဖြစ်နိုင်တဲ့စကားလဲ?

"ဒါတော့ကျွန်တော်လည်း မသိဘူးလေ" ဖုန့်ချန်းကပြန်ပြောသည်။

"ရှင် ဒါဆိုဘာလို့သူလိမ်နေတယ်ဆိုပြီး ဆက်ရိုက်နေတာလဲ"

ဝမ်ကျစ်ချင်းက ဖုန့်ချန်း၏အဖြေကြောင့် ပိုလို့နားရှုပ်သွားရ၏။

ဖုန့်ချန်းမှ ထိုလုပ်ကြံသူလိမ်ပြောနေသည်ကို သိထား၍သာ ထိုသို့ဆက်ရိုက်နေသည်ဟု သူမထင်ထားခဲ့တာပင်။

"သူကလွယ်လွယ်နဲ့အလျှော့ပေးပြီး ထုတ်ပြောလာလို့လေ လိမ်နေတာပဲဖြစ်မယ် မဟုတ်ရင်တော့ နာမှာတကယ်ကြောက်လို့အမှန်ထုတ်ပြောလာတာဖြစ်မှာပေါ့"

ဖုန့်ချန်းကဖြေလိုက်သည်။

သူပြောတာလည်းမှန်ပေသည်။ ကောင်းစွာလေ့ကျင့်သင်ကြားခံထားရသော လုပ်ကြံသူတစ်ဦးက မိမိအားခိုင်းစေလိုက်သူ၏အမည်ကို လွယ်လွယ်နှင့်ထုတ်ပြောတတ်လေ့မရှိပေ။

ဒီလောက်မြန်မြန်ဖြေလိုက်ပုံ‌ထောက်လျှင်တော့ ဖမ်းမိလျှင် ထိုနာမည်ကိုပြောဖို့ ကြိုတင်မှာကြားခံထားရခြင်းဖြစ်ပေမည်ဟုသာ ဖုန့်ချန်းတွေးမိသည်။

အမှန်ကိုပြောနေခြင်းလည်းဖြစ်နိုင်ပါ၏။ ထိုသို့ဆိုလျှင်တောင် အရိုက်နှက်အထုထောင်းခံရဖို့တန်သည်ဟုသာ ဖုန့်ချန်းသတ်မှတ်ထားသည်။

ဝမ်ကျစ်ချင်းမှာ ဖုန့်ချန်း၏အဖြေကြောင့် အံ့အားသင့်သွားရ၏။

မြန်မြန်ဖြေဖို့ ရိုက်နှက်စစ်ဆေးခံပြီး မြန်မြန်ဖြေတော့လည်း ပိုလို့ပင်အရိုက်ခံရပြန်သည်။

ဒါဘယ်လိုစည်းမျဥ်းကြီးပါလိမ့်?

သူတို့အားလုံးမှာ လုပ်ကြံသူကိုပင် ကရုဏာသက်မိရလေပြီ။

"ဘာပဲဖြစ်ဖြစ်ပါ အခုတော့သူ့ကိုနှိုးပြီး ဆက်စစ်ဆေးရအောင်"

ဖြန်း

ဖုန့်ချန်းက ပါးတစ်ချက်ပိတ်ရိုက်ပြီး သတိလစ်နေသောလုပ်ကြံသူကို နှိုးလိုက်သည်။

"အခုဖြေ မင်းကိုလွှတ်လိုက်တာဘယ်သူလဲ"

"ဒုတိယမင်းသားပါခင်ဗျာ"

ဖြန်း

"ထပ်ဖြေစမ်း"

...........

ရဲမက်များမှာ ပါးရိုက်သံတစ်ချက်ကြားတိုင်း တစ်ချက်တုန်သွားရသည်။ သူတို့ကိုယ်တိုင်ပင် ဖုန့်ချန်းကိုလန့်လာရလေပြီ။

အတော်လေးထပ်ရိုက်ပြီးတော့ လုပ်ကြံသူထပ်ပြီးသတိလစ်သွားပြန်၏။

ဖုန့်ချန်းက လက်ကိုအသာဖုန်ခါလျက် ဝမ်ကျစ်ချင်းအားကြည့်လိုက်သည်။

"ဒီကောင်ကအသုံးမဝင်ဘူး မင်းနေပြည်တော်ကိုပဲခရီးဆက်ရအောင် အဲ့မှာအမှန်တရားကိုဖော်ထုတ်ပေးနိုင်တဲ့သူ ရှိလောက်မယ်"

ဝမ်ကျစ်ချင်းနှင့်သူ့လူများမှာ အပြန်အလှန်အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဒီလူ့နည်းလမ်းများကို မေးခွန်းထုတ်ရမည်လား ကျေးဇူးပဲတင်ရမည်လား သူတို့လည်းသေချာမသိတော့ပါ။

နောက်ဆုံးတော့ အားလုံးတိတ်တိတ်လေးခေါင်းညိတ်ကာ တစ်ချက်မှအထွန့်မတက်တော့ဘဲ ဖုန့်ချန်းဦးဆောင်ရာနောက်သို့ လိုက်ပါသွားကြတော့လေ၏။

All Chapters