← Chapters

တော်ဝင်နန်းတော်သို့

Vol. 14 Ch. 193

တော်ဝင်နန်းတော်သို့

Vol. 14 Ch. 193

သတိလစ်နေသော လုပ်ကြံသူကို ရဲမက်များဆွဲခေါ်သွားသည်အား ဝမ်ကျစ်ချင်းတိတ်တိတ်လေးရပ်ကြည့်နေသည်။

သူမ၏အတွေးစဥ်များမှာလည်း ရှုပ်ထွေးလို့နေပေ၏။

သူမ၏ဒုတိယအစ်ကိုက ဤလုပ်ကြံမှုတွင်ပါဝင်နေနိုင်သည်ဟူသော ဖြစ်နိုင်ချေကို သူမလက်မခံချင်လှပေ။

သို့ပေမယ့် ယခုအချိန်တွင် ဘုရင်မင်းမြတ်ကနာမကျန်းဖြစ်နေပြီး ရာဇပုလ္လင်လုယူပွဲကလည်း စတင်နေပြီဖြစ်သောကြောင့် လုပ်ကြံမှုမှာလည်း မဖြစ်နိုင်သောကိစ္စတော့ဟုတ်မနေ။

သို့သော် အခြားသူလက်ချက်လည်း ဖြစ်ချင်ဖြစ်နေနိုင်၏။ လုပ်ကြံသူပါးစပ်မှထွက်သော စကားများလောက်ဖြင့် ကောက်ချက်ချဖို့ခက်ခဲပေသည်။

ဖုန့်ချန်းခန့်မှန်းသလို ဒုတိယမင်းသားကိုဆွဲချဖို့သုံးသော လှည့်ကွက်တစ်ခုလည်း ဖြစ်နေနိုင်သည်သာ။

ဒုတိယမင်းသားက သူမကို ညီမလေးတစ်ယောက်ကဲ့သို့ ချစ်ခင်ကြင်နာစွာဆက်ဆံဖူးခြင်းမရှိပေ။ သို့သော် လူလွှတ်ပြီးသတ်ခိုင်းရလောက်သည်အထိ ဆိုးရွားသောအကြောင်းရင်းလည်းရှိမနေပါ။ လောလောဆယ်တော့ သူမ မယုံချင်သေးပေ။

ဖုန့်ချန်းကတော့ သူမအရှေ့တွင် အေးဆေးတည်ငြိမ်စွာ လျှောက်လှမ်းလို့နေသည်။ လက်နှစ်ဖက်ကို နောက်ပစ်လျက် ပေါ့ပေါ့ပါးပါးလမ်းလျှောက်နေဟန်မှာ ဘာဆိုဘာမှမဖြစ်ခဲ့သည့်အလား။

သူ ဝမ်ကျစ်ချင်းကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ မင်းသမီးမှာ လုပ်ကြံသူ၏နောက်ကွယ်ကလူကိုစဥ်းစားရင်း အတွေးများနေဟန်ပေါ်လေ၏။

အင်းလေ သူမနေရာမှာ သူဆိုရင်လည်း ကျိန်းသေပေါက်အတွေးများနေတော့မှာပါပဲ။

လုပ်ကြံသူကို အတိအကျဖော်ထုတ်ပေးနိုင်မည့်နည်းလမ်း ဖုန့်ချန်းမှာရှိသော်ငြား သူ့စနစ်ရမှတ်များကိုအသုံးပြုရပေမည်။ အဖိုးတန်စနစ်ရမှတ်များကို သူစိမ်းတစ်ယောက်အတွက် သုံးပေးစရာအကြောင်းမရှိပေ။

ထို့အပြင် သူကူညီပေးနေသည်မှာလည်း လိုသည်ထက်ပိုနေပြီပင်။

အကယ်၍ ဒီမင်းသမီးက လုပ်ကြံသူတစ်ယောက်ကိုတောင်မကိုင်တွယ်နိုင်ဘဲ နောက်ကွယ်ကလူကိုလည်းမဖော်ထုတ်နိုင်ဘူးဆိုလျှင် မကြာခင်အသတ်ခံရလောက်တော့မည်။

ရဲမက်များနှင့် ရထားလုံးများတန်းစီစောင့်ဆိုင်းနေသောနေရာသို့ရောက်သော် ရဲမက်တစ်ဦးကရှေ့သို့တက်လာပြီးပြောသည်။ "မင်းသမီးခင်ဗျာ ထွက်ခွာဖို့တော့အကုန်အဆင်သင့်ဖြစ်နေပါပြီ မင်းနေပြည်တော်ကိုပဲ တစ်ခါတည်းဦးတည်သွားတော့မလား"

"သွားမယ်" သူမအသံကတည်ငြိမ်လို့နေသည်။ "လုပ်ကြံသူကို သေချာစောင့်ကြည့်ထားကြ အဲ့လူက ဒီ့ထက်ပိုသိနေနိုင်တယ်"

ရဲမက်ကခေါင်းညိတ်ကာ သတိလစ်နေဆဲဖြစ်သောလုပ်ကြံသူကို ရထားလုံးတစ်ခုအတွင်းသို့ ထည့်လိုက်တော့၏။

"မင်းသမီးရှင့်" ခေါင်းဆောင်ဟွားက စိုးရိမ်တကြီးဖြင့်ပြောလာသည်။ "ကျွန်တော်မျိုးမတို့ မြန်မြန်ထွက်ခွာသင့်ပါတယ် ဒီနေရာမှာကြာကြာနေလေ ပိုအန္တရာယ်များလေပါပဲ"

သူမလည်း ဒဏ်ရာများအလုံးစုံပြန်ကောင်းသေးသည်မဟုတ်သော်ငြား ဒီနေရာမှာဆက်နေရသည်ထက် မြန်မြန်ထွက်ခွာခြင်းက ပိုလို့အန္တရာယ်ကင်းနိုင်ပေမည်။

ထိုလုပ်ကြံသူ၏အပေါင်းအပါများသာ ဒီအနားတစ်ဝိုက်မှာရှိနေသေးလျှင် မင်းသမီး၏တည်နေရာကို သိသွားကြမည်ဖြစ်ရာ နောက်ထပ်သားရဲများ ထပ်မံစေလွှတ်လာနိုင်သည်။

ဝမ်ကျစ်ချင်း ခေါင်းညိတ်လိုက်ပြီး ရထားလုံးအတွင်းသို့ လှမ်းဝင်လိုက်တော့၏။

ခဏတာမျှတုံ့ဆိုင်းနေပြီးနောက် သူမဖုန့်ချန်းကိုပြောလိုက်သည်။ "လူကြီးမင်း ကျွန်မနဲ့အတူရထားလုံးထဲမှာလိုက်မလား အဲ့လိုကပိုအဆင်ပြေမယ်ထင်တယ်"

ဖုန့်ချန်းလည်းခေါင်းတစ်ချက်ဆတ်လိုက်ပြီး ရထားလုံးအတွင်းသို့ ဝင်ထိုင်လိုက်တော့သည်။

ဒီအတိုင်းဆို လမ်းလျှောက်လိုက်သည်ထက် ပိုသက်တောင့်သက်သာရှိပြီး အန္တရာယ်တစ်ခုခုရှိလာပါကလည်း သူမကိုအနီးကပ်ကာကွယ်ပေးလို့ရသည်။

ဝမ်ကျစ်ချင်းလည်း ရထားလုံးတွင်းတွင် နေရာတကျထိုင်လိုက်သော် နူးညံ့သောဆိုဖာထိုင်ခင်းများကြောင့် သက်တောင့်သက်သာဖြစ်သွားရ၏။

သူမသည် ‌ဘေးတွင်တိတ်ဆိတ်စွာထိုင်နေသောဖုန့်ချန်းကို တစ်ချက်‌ဝေ့ကြည့်လိုက်သည်။ တစ်ဖက်လူ၏တည်ရှိမှုမှာ တည်ငြိမ်အေးဆေးသလို လျှို့ဝှက်ဆန်းကြယ်မှုများလည်း ရောနှောပါဝင်၏။

စတင်ထွက်ခွာသောအခါ လမ်းမထက်မှကျောက်စရစ်ခဲများပေါ်သို့ ရထားလုံးဘီးလိမ့်နေသော စည်းချက်ကျကျအသံက သူတို့ကြားမှတိတ်ဆိတ်မှုကို ဖြိုခွင်းပေးလိုက်လေသည်။

ခဏအကြာတွင် ဝမ်ကျစ်ချင်းသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ရှူကာ ဟိုဟိုသည်သည်ပြေးလွှားနေသောအတွေးများကိုငြိမ်သက်စေလိုက်ပြီး စကားစသည်။ "ဒီနေ့ကျွန်မကိုကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" သူမလေသံမှာ နူးညံ့ညင်သာလျက် စိတ်ရင်းမှန်လည်းပါဝင်၏။

"လူကြီးမင်းသာမကူညီရင် ကျွန်မတို့ ဝံပုလွေလက်ကလွတ်လာရင်တောင် လုပ်ကြံသူသတ်တာနဲ့သေသွားတော့မှာပဲ"

ဝမ်ကျစ်ချင်းသည် အစောကတည်းက ဖုန့်ချန်းကိုကျေးဇူးတင်စကားပြောချင်ခဲ့သော်ငြား အသက်ဘေးမှသီသီလေးလွတ်လာခဲ့ရသည့်အဖြစ်နှင့် လုပ်ကြံသူမှ ဒုတိယအစ်ကိုအား လူသတ်သမားလို့စွပ်စွဲခံလိုက်ရခြင်းကြောင့် အတွေးတွေ ရုန်းရင်းဆန်ခတ်ဖြစ်နေခဲ့ခြင်းပင်။

သူမကိုယ်သူမ ပြန်လည်တည်ငြိမ်အောင်ထိန်းသိမ်းပြီးမှသာ ကူညီခဲ့သူကို ကျေးဇူးတင်ကြောင်း သေချာထုတ်ဖော်ပြသရတော့၏။

ဖုန့်ချန်းက ခေါင်းတစ်ချက်ညိတ်သည်။ "ရပါတယ်ခင်ဗျာ"

နောက်တစ်ဖန် တိတ်ဆိတ်ခြင်းကြီးစိုးသွားပြန်၏။

ဝမ်ကျစ်ချင်းက ဖုန့်ချန်းအား တစ်ချက်တစ်ချက်ခိုးကြည့်ရင်း ထိုသူ၏အသွင်မှန်ကို အကဲခတ်ရန်ကြိုးစားနေသည်။

ဒီလောက်အင်အားကြီးသောသူသည် သေချာ‌ပေါက် ထင်ရှားအရေးပါသူတစ်ဦးဖြစ်ရပေမည်။ သို့သော် ဤမျှငယ်ရွယ်ပြီးစွမ်းအားကြီးသောသူမျိုး သူမတစ်ခါမှမကြားဖူးခဲ့ပါပေ။

(သူ့အသွင်မှန်က ဘာများဖြစ်မလဲ) ဝမ်ကျစ်ချင်း အသံတိတ်မေးခွန်းထုတ်လို့နေသည်။

ထို့အပြင် သူမကိုမင်းသမီးတစ်ပါးမှန်းသိသွားပြီးတာတောင် သိပ်ပြောင်းလဲမသွားသောအပြုအမူအရ နောက်ခံအင်အားမှာလည်း နယ်နယ်ရရတော့ ဟုတ်မည့်ပုံမပေါ်။

ဖုန့်ချန်း၏အသွင်မှန်မှာ စဥ်းစားလေလေ ရှုပ်ထွေးလေလေဖြစ်နေသဖြင့် သူမ၏စူးစမ်းချင်စိတ်ကို ထိန်းသိမ်းမထားနိုင်တော့ပါပေ။ ခေါင်းထဲတွင် မေးခွန်းများစွာဝဲလည်လှည့်နေပြီး စိတ်ဝင်စားမှုက ပို၍သာတိုးမြင့်လာသည်။ နောက်ဆုံးတော့ သူမသတ္တိကိုစုစည်းကာ စကားစလိုက်တော့၏။

"စီနီယာ" သူမက မဝံ့မရဲဟန်ဖြင့်ခေါ်သည်။ ပေါင်ပေါ်မှ လက်နှစ်ဖက်ကို အချင်းချင်းတင်းကြပ်စွာဆုပ်ကိုင်ထားလျက်။ "စိတ်မရှိဘူးဆိုရင် ဒီနေရာကိုဘာကြောင့်ရောက်လာသလဲ ပြောပြလို့ရမလားဟင်"

ဖုန့်ချန်း သူမကိုလှည့်ကြည့်လာသည်။

သူကခဏမျှ ငြိမ်သက်စဥ်းစားနေလိုက်ပြီးမှ ပြောလာသည်။ "ကျွန်တော် စုံစမ်းစရာကိစ္စလေးရှိလို့ပါ"

မသဲမကွဲအဖြေဖြစ်သော်ငြား လေသံအရတော့ ထပ်ပြီးရှင်းပြလိုစိတ်ရှိဟန်မပေါ်ပေ။

ဝမ်ကျစ်ချင်းလည်း တစ်ဖက်လူ၏သ‌ဘောထားကိုသဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သော်ငြား သိချင်စိတ်ကပိုလို့သာတိုးလာလေ၏။

ရထားလုံးက တလိမ့်လိမ့်ဆက်သွားနေစဥ်ဝယ် ဖုန့်ချန်းကတော့ သူ့မိဘများအကြောင်း သတင်းတစ်စတောင်မရနိုင်ခဲ့သောကြောင့် မျက်နှာအနည်းငယ်မှုန်ကုပ်လို့နေသည်။

ဝမ်ကျစ်ချင်းထံအကြည့်အရောက်သွားသောအခါ အတွေးတစ်ခုဖျတ်ခနဲပေါ်လာသည်။ တစ်ဖက်လူမှာ တော်ဝင်မင်းသမီးတစ်ပါးဖြစ်၏။ သို့ဆိုလျှင် သူမ၏သတင်းအရင်းအမြစ်နှင့် အဆက်အသွယ်က သူ့ထက်ပိုကျယ်ပြန့်ပေလိမ့်မည်။

(အခွင့်အရေးတော့သိပ်မရှိပေမယ့် သူတစ်ခုခုသိရင်သိနေလောက်မယ်)

ဖုန့်ချန်းတွေးလိုက်သည်။

ထို့နောက် သူမဘက်သို့လှည့်ကာ လေးလေးနက်နက်ရှိသောလေသံဖြင့် ပြောလိုက်သည်။ "မင်းသမီး ကျွန်‌တော်တို့စကားစမြည်ပြောရင်း မေးခွန်းတစ်ခုလောက်မေးလို့ရမလား"

ဝမ်ကျစ်ချင်းခမျာ အနည်းငယ်လန့်ဖျပ်သွားပြီး စိတ်လှုပ်ရှားစွာဖြင့်ပြန်ဖြေသည်။ "ရတာပေါ့ရှင်"

"ဒီနယ်စပ်ဒေသတစ်ဝိုက်မှာ" ဖုန့်ချန်းကစကားလုံးများကို ဂရုတစိုက်ရွေးချယ်လိုက်ပြီး စကားဆက်သည်။ "ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုခုများရှိခဲ့ဘူးလား ဥပမာ လူတွေရုတ်တရတ်ပျောက်ဆုံးသွားပြီး ဘာအထောက်အထားမှမကျန်ခဲ့တာမျိုးပေါ့ တရားရုံးတော်အာရုံစိုက်ရလောက်အောင် မူမမှန်တဲ့ဖြစ်ရပ်တစ်ခုခုရှိခဲ့တယ်လို့ ကြားဖူးပါသလား"

ဝမ်ကျစ်ချင်းသည် မျက်မှောင်အသာကြုတ်လျက် လေးလေးနက်နက် တွေးတောနေဟန်ရှိသည်။

"ပျောက်ဆုံးသွားတာမျိုးလား" သူမကရေရွတ်သည်။ မှတ်ဉာဏ်များကို ပြန်လည်တူးဖော်စဥ်းစားနေဟန်ပင်။

ခဏအကြာတွင် သူမကခေါင်းကိုဖြည်းဖြည်းခါယမ်းလာ၏။ "ကျွန်မစဥ်းစားကြည့်သလောက်တော့ တစ်ခါမှမကြားဖူးသလိုပါပဲ အဲ့လိုအဖြစ်အပျက်ရှိခဲ့ရင်လည်း မင်းနေပြည်တော်ဆီတင်ပြမယ့်အစား ကိုယ့်နယ်ထဲကိုယ်ဖြေရှင်းလိုက်ကြတာများတယ်"

ဖုန့်ချန်းမှာ တည်တည်ငြိမ်ငြိမ်သာရှိနေသော်လည်း မျက်လုံးအရောင်ကတော့ အနည်းငယ်မှိန်ဖျော့သွားရသည်။ သူဘာကိုမှမျှော်လင့်မထားသော်ငြား သိများသိနိုင်မလားဆိုသည့်စိတ်လေးတော့ ကိန်းအောင်းနေခဲ့သည်သာ။

တစ်ဖက်လူ၏မျက်နှာထား အနည်းငယ်မှိန်‌ဖျော့သွားတာကိုမြင်သော် ဝမ်ကျစ်ချင်းမကူညီနိုင်သည့်အတွက် အနည်းငယ်နောင်တရမိသွားသည်။ သူမခဏလောက်တွေးကြည့်ပြီးနောက် မျက်နှာဝင်းလက်သွားသည်။

"စီနီယာ ဒီကိစ္စကရှင့်အတွက်အရေးကြီးတယ်ဆိုရင်" သူမက တွန့်ဆုတ်စွာစကားစလာသော်လည်း လေသံကိုအခိုင်အမာဖြစ်အောင်ပြောင်းလဲလိုက်သည်။ "ကျွန်မစုံစမ်းပေးနိုင်ပါတယ် လောလောဆယ်တော့ဘာမှမသိရသေးပေမယ့် တော်ဝင်မော်ကွန်းတိုက်မှာ အဲ့လိုကိစ္စနဲ့ပက်သက်တဲ့ဖြစ်ရပ်တွေ ရှိနေလောက်မယ်"

ဖုန့်ချန်းသည် တစ်ဖက်လူ၏ကမ်းလှမ်းချက်ကြောင့်အံ့သြသွားရပြီး အမူအရာကိုအကဲခတ်ကြည့်လိုက်ရာ မိန်းကလေး၏မျက်ဝန်းများထဲမှ ရိုးသားဖြူစင်မှုများကို တွေ့မြင်လိုက်ရသည်။

ခဏအကြာတွင် သူခေါင်းညိတ်လိုက်၏။

"အကူအညီဖြစ်လောက်မယ်ထင်ပါတယ် ကျေးဇူးပါ မင်းသမီး"

ဝမ်ကျစ်ချင်းလည်း ခပ်ဖျော့ဖျော့ပြုံးရင်းဆိုလာသည်။ "ရှင်လုပ်ပေးခဲ့တာတွေအားလုံးအတွက် ဒီလိုပေးဆပ်မှုလေးက အသေးအဖွဲပါပဲ"

All Chapters