← Chapters

ပဥ္စမမင်းသမီးကို ကယ်တင်ခြင်း

Vol. 14 Ch. 191

ပဥ္စမမင်းသမီးကို ကယ်တင်ခြင်း

Vol. 14 Ch. 191

ဝမ်ကျစ်ချင်း။ ထိုအမည်က သူနှင့်စိမ်းသက်နေသည်တော့မဟုတ်။

တော်ဝင်မိသားစုနှင့်ပက်သက်နေသောအမည်ပင်။ ပဥ္စမမင်းသမီးဝမ်ကျစ်ချင်းသည် ကျင့်ကြံဆင့်ပါရမီနှင့် အလှအပကြောင့် နာမည်ကြီးကျော်ကြားသူဖြစ်သည်။

ဤသို့ဆိုလျှင် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကို အစောင့်အကြပ်အဖြစ်ခေါ်လာနိုင်ခြင်းမှာ ဖြစ်သင့်သည်ဟုဆိုရပေမည်။ ထိုသို့အဆင့်မြင့်ကျင့်ကြံသူမျိုးကိုခေါင်းဆောင်တင်ပြီး ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူတစ်အုပ်စုကို နောက်လိုက်အဖြစ်ထည့်ပေးနိုင်တာ တော်ဝင်မိသားစုကလွဲလို့ မည်သူရှိမည်နည်း?

(အဆင့်မြင့်မိသားစုတစ်ခုခုရဲ့ သခင်မလေးများ ကံဆိုးပြီးသားရဲနဲ့တွေ့နေရတယ်ထင်တာ အခုတော့ မိုးပြာကောင်းကင်အင်ပါယာရဲ့ မင်းသမီးလေးဖြစ်နေပါကလား)

တော်ဝင်မိသားစုနှင့် ဖုန့်ချန်းသိပ်ပက်သက်ချင်လှသည်မဟုတ်။ သို့သော် အခုချိန် သူမျက်နှာလွှဲခဲပစ်လုပ်သွားလျှင် မင်းသမီးလေးမှာ အသက်ဆုံးရှုံးရနိုင်ချေ ရှိနေလေ၏။

ထို့အပြင် အဝေးတစ်နေရာမှ စွမ်းအားကြီးတည်ရှိမှုတစ်ခုကို သူအာရုံခံမိနေသည်။

(ဒီကိစ္စတစ်ခုလုံးကို သူကြိုးကိုင်ထားရတာပဲဖြစ်ရမယ် အရိပ်ထဲမှာပုန်းနေတဲ့လူသတ်သမားပေါ့ ဉာဏ်ပြေးသားပဲ)

ထိုစွမ်းအားကြီးတည်ရှိမှုက ဘယ်သူမှန်းတော့ ဖုန့်ချန်းမသိရပေမယ့် မင်းသမီး၏အင်အားကိုကောင်းကောင်းသိသောကြောင့် လူလုံးထွက်ပြမလာသေးဘဲ သားရဲကိုသူတို့အစားရှင်းခိုင်းထားပုံပင်။

ခေါင်းဆောင်နှင့် ရဲမက်များအားလုံး အသက်သေခံပြီး မင်းသမီးကိုသားရဲလက်ကကယ်တင်နိုင်လိုက်လျှင်တောင် ထိုပုန်းကွယ်နေသောလူသတ်သမားများလက်မှတော့ ကယ်တင်ပေးနိုင်တော့မည်မထင်။

ဟူး

"ကဲ သူတော်ကောင်းကြီးလုပ်လိုက်လိုက်ကြသေးတာပေါ့" ဖုန့်ချန်းရေရွတ်လိုက်သည်။

ဖုန့်ချန်းဖျတ်ခနဲလှုပ်ရှားလိုက်ပြီး သစ်ကိုင်းထက်မှဆင်းသက်လာလိုက်သည်။ ရှုပ်ယှက်ခတ်နေသော တိုက်ပွဲကြားသို သူခပ်ဝါးဝါးသဏ္ဍာန်ဖြင့် ဝင်ရောက်လိုက်တော့၏။

ရုတ်တရတ်ပေါ်လာသောပုဂ္ဂိုလ်ကြောင့် အစောင့်အကြပ်များ‌ရော ဝံပုလွေပါ ခေတ္တမျှကြောင်အအဖြစ်သွားရသည်။

"ဘယ်သူလဲ-" ခေါင်းဆောင်ဟွားက ပုဆိန်တပ်လှံတံကိုဝင့်၍ကာကွယ်ကာ ဖုန့်ချန်းကိုစူးရှစွာစိုက်ကြည်ပြီး မေးလာသည်။

သစ်ပင်ကြားတွင် ပုန်းကွယ်နေသူရှိလိမ့်မည်ဟု သူမလုံးဝထင်မထားပါ။

သူမရှေ့တွင်ရပ်နေသောထိုသူမှာ သာမန်ကျင့်ကြံသူတစ်ဦးလည်းမဟုတ်နိုင်ကြောင်း သူမနားလည်လိုက်သည်။ ဒီအချိန်ထိ ပုန်းကွယ်နေနိုင်သောအစွမ်းအရ သူမကျင့်ကြံဆင့်ထက်သာလွန်သော ကျင့်ကြံသူတစ်ဦးဖြစ်ရပေမည်။

ဖုန့်ချန်းသည် ထိုအုပ်စုကြားဆင်းသက်လိုက်ပြီး တည်ငြိမ်စွာတစ်ချက်ဝေ့ကြည့်လိုက်သည်။

သူမေးခွန်းကို ချက်ချင်းမဖြေဘဲ ကျောက်စိမ်းဆွဲသီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားဆဲဖြစ်သူ ဝမ်ကျစ်ချင်းအား တစ်ချက်ကြည့်လိုက်သည်။

သူမ၏ပြူးကျယ်နေသောမျက်လုံးများတွင် အကြောက်တရားနှင့်မျှော်လင့်ချက်များ ရောယှက်လျက်ရှိ၏။

"လူကြီးမင်း ကျေးဇူးပြုပြီးကျွန်မတို့ကိုကူညီပါ ရှင်ကျွန်မတို့ကိုကယ်ပေးနိုင်ရင် ထိုက်တန်တဲ့ဆုလာဘ်ကိုချီးမြှင့်ခံရပါစေ့မယ်" သူမက အားတက်သရောဆိုလာသည်။

ဝမ်ကျစ်ချင်းက‌တော့ ခေါင်းဆောင်ဟွားလိုမယုံသင်္ကာဟန်မပြဘဲ ဖုန့်ချန်းမှာ သူမကိုလုပ်ကြံရန်လာသူမဟုတ်သလို ထိခိုက်စေသောရည်ရွယ်ချက်လည်းမရှိကြောင်း မြန်ဆန်စွာအကဲဖြတ်နိုင်လိုက်၏။ သူသာ ကြံရာပါဆိုလျှင် ဤသို့ထွက်လာစရာမလိုပေ။ သားရဲကိစ္စရှင်းလို့ပြီးသည်အထိ အေးအေးဆေးဆေး ထိုင်စောင့်လိုက်ရုံသာပင်။

"အင်း ကောင်းပြီလေ" ဖုန့်ချန်းက မထုံတက်သေးဟန်ဖြင့် တုံ့ပြန်လာသည်။

သွေးနီဦးချိုဝံပုလွေမှာ ဖုန့်ချန်းနှင့်ဝမ်ကျစ်ချင်းကို မြဲမြံစွာစိုက်ကြည့်နေရင်း ဒေါသတကြီးဟိန်းဟောက်လိုက်သည်။ သားရဲသည် ခန္ဓာကိုယ်ကိုအသာဝပ်၍ ခုန်အုပ်ရန်ပြင်လိုက်၏။ ချီစွမ်းအင်များမှာ ပြင်းထန်စွာဖြာထွက်လာလျက်။

"မမလေး နောက်ဆုတ်ပါ" ခေါင်းဆောင်ဟွားကအော်ပြောလိုက်ပြီး ပုဆိန်တပ်လှံတံကိုဝင့်ကာ သားရဲကိုကြားဖြတ်ဟန့်တားရန် အသင့်ပြင်လိုက်သည်။

ဖုန့်ချန်းကတော့ တည်ငြိမ်စွာဖြင့်သာ အရှေ့တိုးသွားတော့၏။

"ဟေ့လူ ပြန်ဆုတ် အန္တရာယ်များတယ်" ခေါင်းဆောင်ဟွားက သံပြတ်ဖြင့်သတိပေးလာသည်။

ဖုန့်ချန်းတစ်ယောက် ထိုသွေးနီးဦးချိုဝံပုလွေကို ကိုင်တွယ်နိုင်လိမ့်မည်ဟု သူမ မထင်ပေ။ တစ်ဖက်လူကို အထင်သေးတာမဟုတ်ဘဲ လက်တွေ့ကျကျစဥ်းစားခြင်းသာဖြစ်၏။ ထိုသူမှ ဝံပုလွေ၏အင်အားကို လျှော့တွက်မိလိုက်ပါက တစ်ခါတည်းသေပွဲဝင်ရတော့မှာပင်။ ထိုသူသေဆုံးသွားရလျှင် သူတို့အဖွဲ့လည်း ပိုလို့ကူကယ်ရာမဲ့ဖြစ်ရတော့ပေမည်။

"မြန်မြန်လေးလုပ်လိုက်ကြတာပေါ့" ဖုန့်ချန်းပြောလိုက်သည်။ လေသံမှာခပ်တိုးတိုးဖြင့် အေးစက်နေလျက်။

လှုပ်ရှားမှုတစ်ချက်ဖြင့် သူဟုတ်ခနဲပျောက်ကွယ်သွားပြီး ဝံပုလွေ၏အထက်တွင် ပြန်ပေါ်လာလေသည်။

"ကောင်းကင်အင်ပါယာဓားသိုင်း"

တောက်ပသော စွမ်းအင်လှိုင်းတစ်သုတ်က လေထုထဲသို့ပျံ့နှံ့စီးဆင်းသွား၏။ တိကျသောခုတ်ပိုင်းချက်တစ်ချက်ဖြင့် သားရဲ၏ဦးခေါင်းမှာ ခန္ဓာကိုယ်နှင့်အိုးစားကွဲရသွားရလေပြီ။

မြန်ဆန်လွန်းသဖြင့် သားရဲခမျာ သူ့ကိုယ်သူ ခေါင်းပြတ်လို့ပြတ်သွားမှန်းတောင် သတိမမူမိလိုက်ဟန်ပင်။

ဝုန်း

ဧရာမသက်မဲ့ခန္ဓာကိုယ်ကြီးမှာ ဝုန်းခနဲပြိုလဲသွားပြီး မြေပြင်ကိုပင် သိမ့်သိမ့်တုန်နေစေတော့သည်။

ဖုန့်ချန်းတစ်သည် ဓားသွားထက်မှသွေးများကို အေးအေးလူလူသုတ်သင်ပြီးမှ ဓားအိမ်ထဲပြန်ထည့်လိုက်သည်။ ဝမ်ကျစ်ချင်းနှင့် အစောင့်တစ်သိုက်မှာ ပါးစပ်အ‌ဟောင်းသားဖြင့် ငေးမောလျက်။

"ဘာ-ဘယ်လိုဖြစ်-ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ခေါင်းဆောင်ဟွားက ထစ်အထစ်အဖြင့် ရေရွတ်လာသည်။

ထိုသားရဲမှာ သူမ၏နောက်လိုက်တစ်ချို့ကို သတ်ဖြတ်ထားပြီးဖြစ်ကာ သူမတို့အားလုံးမှာလည်း တစ်ချက်စာလောက်မိသွားလျှင် ပွဲသိမ်းသွားရမည့်အဖြစ်မှ အသည်းအသန်ရှောင်ပြေးနေရတာပင်။

အခြေအနေများက ယုံနိုင်စရာမရှိလောက်အောင် ပြောင်းလဲသွားသော်ငြား ခေါင်းဆောင်ဟွား တစ်ခုကိုတော့နားလည်လိုက်သည်။ သူမတို့အားလုံး ဘေးကင်းသွားလေပြီ။

ခေါင်းဆောင်ဟွား အရှေ့ကိုလှမ်း၍ အလေးအနက်ဦးညွှတ်လိုက်၏။ "ကျေးဇူးတင်ပါတယ် စီနီယာ စီနီယာက ကျွန်မတို့အားလုံးရဲ့အသက်ကိုကယ်တင်လိုက်တာပါ တစ်သက်စာကျေးဇူးကြွေးတင်သွားရပါပြီ"

ဖုန့်ချန်း၏အသွင်အပြင်မှာ သူမထက်ငယ်ရွယ်ပုံပေါက်သော်ငြား ငယ်ရွယ်မှုကိုထိန်းသိမ်းထားသည့် စီနီယာကြီးတစ်ဦးဖြစ်နိုင်သည်ဟု သူမတွက်လိုက်မိသည်။

တုန်ယင်နေဆဲဖြစ်သော မင်းသမီးငယ်လေးမှာလည်း ခါးကိုမတ်ကာ အရှေ့သို့လှမ်းထွက်လာသည်။

"ကျေးဇူးပါ ရှင်ကကျွန်မတို့ရဲ့ကယ်တင်ရှင်ပါပဲ နာမည်လေးများသိလို့ရမလားရှင်" သူမအသံမှာ ကျေးဇူးတင်လိုဟန်သာမက စူးစမ်းချင်စိတ်လည်း ရောပါလို့နေ၏။

မင်းနေပြည်တော်တွင် စွမ်းအားရှင်များစွာကို သူမတွေ့ကြုံဆုံစည်းဖူးသော်ငြား ဒီလူကိုတော့မတွေ့ဖူးကြောင်း သေချာပေသည်။ ဤသို့ထင်းလင်းသောအသွင်အပြင်နှင့် စွမ်းအားအဆင့်အရ တစ်ခါတွေ့ပြီးတာတောင် မေ့လို့ရမည့်သူမျိုးမဟုတ်ပေ။

ခေါင်းဆောင်ဟွားက ဖုန့်ချန်းကိုငယ်ရွယ်ဟန်ဆောင်ထားသည်ဟုတွေးပေသည့် သူမကတော့ ထိုသူ၏ရုပ်ရည်အစစ်အမှန်ဖြစ်မှန်းသိနိုင်၏။ မည်သည့်နည်းပညာသုံးပြီး ဖုံးကွယ်ထားထား သူမ၏ဝိဇ္ဇာမျက်လုံးဖြင့်ဖောက်ထွင်းမမြင်နိုင်သော ရုပ်ရည်မရှိပေ။

"ရပါတယ်ခင်ဗျာ အခုဘေးကင်းသွားပြီဆိုတော့ ခွင့်ပြုပါဦး" ဖုန့်ချန်းထိုသို့သာတုံ့ပြန်လိုက်၏။ ဤနေရာတွင် ဆက်နေဖို့အကြောင်းလည်းမရှိသလို သူ့နာမည်ကိုပြောလိုက်ပါကလည်း ပြဿနာတွေသာ ကြုံရနိုင်ချေရှိလေသည်။

ပုန်းကွယ်နေသောလုပ်ကြံသူကိုတော့ ဖုန့်ချန်းစိတ်ပူမနေတော့ပါ။ တစ်ဖက်လူက ပဥ္စမမင်းသမီးနှင့်အစောင့်အကြပ်များကို တိုက်ရိုက်တိုက်ခိုက်နိုင်စွမ်းသာရှိပါက သွေးနီဦးချိုဝံပုလွေကို အသုံးပြုစရာအကြောင်းမရှိပေ။

"နေ-နေပါဦးရှင့်" ဖုန့်ချန်းထွက်ခွာတော့မည်ကိုမြင်သောကြောင့် ဝမ်ကျစ်ချင်းက အလောတကြီးတားဆီးလာသည်။

"ကျွန်မက ပဥ္စမမင်းသမီး ဝမ်ကျစ်ချင်းပါ လူကြီးမင်းကိုတစ်ခုလောက်တောင်းဆိုလို့ရမလား" သူမကအမြန်ပြောလာသည်။ လေသံမှာ လေးစားသမှုရှိပြီး အရေးတကြီးဟန်လည်းပေါက်၏။

ဖုန့်ချန်းရပ်လိုက်ပြီး တိတ်တိတ်လေးသက်ပြင်းချကာ သူမဘက်သို့ပြန်လှည့်လိုက်သည်"

(ချီးပဲ)

ဖုန့်ချန်းစိတ်ထဲမှညည်းညူလိုက်သည်။ တစ်ဖက်မင်းသမီး၏ ဂုဏ်ပုဒ်ကို သူသတိမထားမိချင်ယောင်ဆောင်ကာ အသာလေးထွက်သွားမည်ပြုသော်ငြား ထိုမင်းသမီးက သူ့ကိုအလွတ်မပေးခဲ့ပေ။

ဖုန့်ချန်းသည် အံ့သြတကြီးဖြစ်သွားဟန်ဖြင့် လက်ခုပ်တစ်ချက်ပါအသာတီးလျက်ဆိုလိုက်သည်။ "အိုး ဆိုတော့ပဥ္စမမင်းသမီးကို ဒီလောက်လှတဲ့မမလေးက ဘယ်အဆင့်အတန်းမြင့်အိမ်‌တော်ကပါလိမ့်လို့တွေးနေတာ ကဲ ကျွန်တော်ဘာများကူညီပေးရမလဲ မင်းသမီးခင်ဗျာ"

"လှ လှတယ်တဲ့လား အဲ့လောက်မဟုတ်ပါဘူး" ဝမ်ကျစ်ချင်းရှက်သွေးဖြာသွားပြီး အထစ်ထစ်အငေါ့ငေါ့ပြန်ပြောလာသည်။

"အဟမ်းး ဝမ်အာ" ခေါင်းဆောင်ဟွားက အရေးကြီးနေသောအခြေအနေကို သတိပေးဟန်ဖြင့် တစ်ချက်ဝင်ပြောလိုက်သည်။

"အာ ဟုတ်သားပဲ" ဝမ်အာချက်ချင်းသတိဝင်သွားသည်။ "လူကြီးမင်း ကျွန်မတို့ကို နန်းတော်အပြန်လမ်းမှာ စောင့်ကြပ်ပေးနိုင်မလား ကျွန်မရဲမက်တွေက ဒဏ်ရာရပြီး ပင်ပန်းနွမ်းနယ်ကုန်ကြပြီ လူကြီးမင်းသာကာကွယ်စောင့်ရှောက်ပေးမယ်ဆိုရင် အရမ်းကိုကျေးဇူးတင်မိမှာပါ ဒီအတွက် ဆုလာဘ်ကိုလည်း ရက်ရက်ရောရောချီးမြှင့်ပေးပါမယ်"

ဖုန့်ချန်း ခဏလောက်တွန့်ခနဲဖြစ်သွားပြီးမှ ကူကယ်ရာမဲ့သည့်ဟန်ပန်ဖြင့် သက်ပြင်းအသာချ၍ပြောလိုက်သည်။ "ဒါပေါ့ခင်ဗျာ မင်းသမီးကိုကူညီရမှာ ကျွန်တော်ဂုဏ်ယူမိပါတယ်"

All Chapters