ဒုတိယမင်းသား
Vol. 14 Ch. 194
သူတို့အဖွဲ့ မင်းနေပြည်တော်နားသို့နီးကပ်လာသည်နှင့် ကိုယ်စီအလုပ်ရှုပ်ကာ စည်ကားသိုက်မြိုက်နေကြသောမြင်ကွင်းသို့ တွေ့မြင်ရလာတော့၏။
ကုန်သည်များ၊ ခရီးလှည့်လည်သွားလာသူများနှင့် မြို့သူမြို့သားတို့မှာ လမ်းမတစ်လျှောက် ပျံ့ကျဲလျက်ရှိကြလေသည်။
ကြီးမားခမ်းနာသော မင်းနေပြည်တော်ဂိတ်တံခါးကို အကွာအဝေးတစ်ခုတွင် လှမ်းမြင်နေရပြီဖြစ်သည်။ သံချပ်ကာဝတ်စစ်သည်တော်များက လူတိုင်းလူတိုင်း စစ်စစ်ပေါက်ပေါက်စစ်ဆေးခံရပြီးမှသာ အထဲဝင်ခွင့်ရအောင် သေချာစစ်ဆေးကိုင်တွယ်နေကြ၏။
သူတို့အဖွဲ့လည်း အစဥ်လိုက်တန်းစီနေရင်း အရှေ့နားသို့နီးကပ်လာသော် အစောင့်တစ်ဦးက မြင်းပေါ်မှဆင်းကာ စစ်ဆေးရေးခေါင်းဆောင်ရဲမက်ကို အသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။
"ငါတို့ အရေးကြီးပုဂ္ဂိုလ်တစ်ဦးကို သယ်ဆောင်လာတာ" အစောင့်ကပြောလိုက်ပြီး ရထားလုံးများရှိရာသို့ သိမ်မွေ့စွာတစ်ချက်ကြည့်လိုက်သည်။ "မင်းတို့အထက်အရာရှိကို အခုသတင်းပို့ပေး"
စစ်ဆေးရေးရဲမက်က သံသယစိတ်ဖြင့် မျက်မှောင်ကြုတ်သွားပြီး အစောင့်နှင့် ဘာသယ်လာမှန်းမသိသောရထားလုံးကြား အပြန်အလှန်အကဲခတ်လိုက်၏။
"ဘယ်သူ့ကိုသယ်ဆောင်လာတာလဲ ငါတို့ကဘာကိစ္စယုံပေးရမှာလဲ"
အစောင့်၏မျက်နှာထားကား တည်ငြိမ်ပြတ်သားနေဆဲပင်။
"တော်ဝင်မိသားစုရဲ့ မင်းသမီးဝမ်ကျစ်ချင်း"
စစ်ဆေးရေးရဲမက်မှာ သိသိသာသာလန့်ဖျပ်တုန်လှုပ်သွားပြီး အခြားရဲမက်တစ်ဦးကိုအချက်ပြကာ တာဝန်ကျအရာရှိအား ခေါ်ဆောင်လာစေသည်။
ခဏအကြာတွင် မြို့တော်ရဲမက်တစ်သိုက်ပြန်လည်ရောက်ရှိလာပြီး အရှေ့ဆုံးမှ ခေါင်းဆောင်တစ်ဦး၏အာဏာအငွေ့အသက်ဖြင့် ဦးဆောင်လာသူသည် လွဲမှားစရာမရှိ ရဲမက်အရာရှိဖြစ်၏။
"ဘာကိစ္စလဲ" ရဲမက်အရာရှိကမေးခွန်းထုတ်ရင်း ကုန်သည်အဖွဲ့ဟုယူဆရသော ရထားလုံးတွဲအား စေ့စေ့စပ်စပ်အကဲခတ်လို့နေသည်။
အစောင့်ကအလေးပြုလိုက်ပြီး ဆိုသည်။ "တော်ဝင်မင်းသမီးဝမ်ကျစ်ချင်းကို ခေါ်ဆောင်လာတာပါ လိုအပ်ရင်စစ်ဆေးကြည့်လို့ရပါတယ်"
ရဲမက်အရာရှိမှာ သံသယဝင်သွားဟန်ဖြင့် မျက်မှောင်ကြုတ်သွားသည်။ သူက ရဲမက်နှစ်ဦးကိုအချက်ပြ၍ ရထားလုံးအနီးသို့ချဥ်းကပ်စေသည်။ သို့သော် သူတို့မလှုပ်ရှားရသေးခင်မှာပင် ရထားလုံးတွင်းမှ ရင်းနှီးနေသောအသံတစ်သံက စကားဆိုလာ၏။
"စစ်ဆေးနေစရာမလိုဘူး" ဝမ်ကျစ်ချင်းက ပြတ်သားစွာမိန့်တော်မူသည်။
ရဲမက်အရာရှိမှာ တစ်စုံတစ်ခုကိုမှတ်မိသွားဟန်ဖြင့် မျက်နှာထားပြောင်းသွားသည်။ သို့သော် သူ့သံသယများကိုကင်းရှင်းစေရန် အနားသို့လှမ်းလာပြီး ကိုယ်တိုင်စစ်ဆေးကြည့်ရန်ပြင်ဆင်လိုက်၏။
ဝမ်ကျစ်ချင်းက လိုက်ကာကိုနည်းနည်းလေးသာဆွဲတင်လိုက်ပြီး သူမမျက်နှာကို မှတ်မိစေရုံလောက်လေးသာဖော်ပြလိုက်သည်။
"တော်ဝင်မင်းသမီး" ရဲမက်အရာရှိကလွှတ်ခနဲထွက်သွားကာ ဒူးတစ်ဖက်ကို မြေပြင်ထက်ချက်ချင်းထောက်လျက် အရိုသေပြုလာ၏။ နောက်လိုက်ရဲမက်များလည်း တစ်ပုံစံတည်းအရိုအသေပြုလာကြသည်။ ရဲမက်ခေါင်းဆောင်၏မျက်နှာထက်မှသံသယအလုံးစုံလွင့်စင်သွားကာ လေးစားရိုသေမှုနှင့် သတိကပ်မှုတို့က တစ်ပါတည်းတွဲပါလာကြသည်။
"နှောင့်နှေးသွားရတဲ့အတွက်ခွင့်လွှတ်ပါ မင်းသမီး ရထားလုံးကိုမမှတ်မိနိုင်လိုက်ပါဘူး"
"မမှတ်မိအောင် တမင်လုပ်လာခဲ့တာပါ" ဝမ်ကျစ်ချင်းက တည်ငြိမ်စွာတုံ့ပြန်သည်။ "အခု ငါတို့ဝင်လို့ရပြီလား"
ရဲမက်အရာရှိက အားကြိုးမာန်တက်ခေါင်းညိတ်ပြသည်။ "လမ်းရှင်းကြစမ်း တော်ဝင်မင်းသမီးကို လမ်းဖယ်ပေးကြ"
ရဲမက်များနှင့် ခရီးသွားများမှာ လမ်းဘေးသို့အမြန်ကပ်ပေးကြပြီး တော်ဝင်မိသားစုဝင်တစ်ဦးအား သယ်ဆောင်လာသောရထားလုံး၏သတင်းမှာလည်း အများကြားချက်ချင်းပျံ့နှံ့သွားတော့၏။
တော်ဝင်ရဲမက်များ ဝန်းရံစောင့်ကြပ်ပေးထားသော တော်ဝင်မင်းသမီး၏ ရုပ်ဖျက်ထားသည့်ရထားလုံးသည် မင်းနေပြည်တော်ဂိတ်တံခါးကို ချောမွေ့စွာဖြတ်သန်းလျက် ခရီးဆက်လာတော့သည်။
ရထားလုံးထဲရှိ ဝမ်ကျစ်ချင်းမှာ အသာအယာ သက်မချလိုက်ရ၏။
ဖုန့်ချန်းကတော့ မင်းနေပြည်တော်၏ ရင်းနှီးကျွမ်းဝင်နေသောလမ်းမများအား ငေးမျှော်ကြည့်ရှုလို့နေသည်။ တလောလေးကပဲ သူမင်းနေပြည်တော်ထဲသို့ ခိုးကြောင်ခိုးဝှက်ဝင်ရောက်ထားခဲ့ပြီး ယခုတော့ ပြောင်ပြောင်တင်းတင်း ဝင်ရောက်ခဲ့ရပြီပင်။
(ဆန်းကြယ်ချက်ပဲ)
သူတွေးရင်း သူ့တာဝန်ပြီးဆုံးကာနီးလာပြီကို ဝမ်းမြောက်စွာသတိပြုလိုက်မိ၏။ လုပ်ကြံသူများက တော်ဝင်ရဲမက်အစောင့်များကို ထိုးဖောက်ကာဝင်ရောက်နိုင်မည် ဝင်ရောက်ရဲမည် မဟုတ်ပေ။ သူတို့ဝင်ရောက်ရဲလျှင်တောင် ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူဖြစ်သော မင်းနေပြည်တော်စစ်သူကြီးက အသာလေးဖမ်းဆီးပိတ်ပင်လိုက်မည်ပင်။
ရထားလုံးက ဖြည်းဖြည်းမှန်မှန်လိမ့်လျက်ရှိပြီး တော်ဝင်နန်းတော်ကလည်း မြင်ကွင်းထဲသို့ရောက်ရှိလာလေပြီ။ ရွှေရောင်ပန်းကနုတ်များဖြင့် စီခြယ်ထားသော နန်းတော်တံတိုင်းမြင့်ကြီးများမှာ အာဏာအရှိန်နှင့် ဂုဏ်ကျက်သရေကို ဖော်ကျူးလို့နေသည်။
တော်ဝင်နန်းတော်၏ဂိတ်တံခါးကို ရထားလုံးများဖြတ်သန်းဝင်ရောက်စဥ်တွင် အစောင့်ရဲမက်များက အလေးပြုဦးညွှတ်လာကြသည်။ အဝင်မှာ ချောမွေ့ဖြောင့်ဖြူးနေလျက်ပင်။ ကျယ်ပြောသာယာသော ဥယျာဥ်တော်များ၊ ကျောက်တုံးများဖြင့် ခင်းကျင်းအလှဆင်ထားသောလမ်းများ၊ ခမ်းနားလှပသော ရေတံခွန်များဖြင့် နန်းတော်ဝန်းမှာ ငြိမ်သက်အေးချမ်းသည့်အလှတစ်မျိုးကို ဆောင်ကျဥ်းပေးလို့နေ၏။
သူတို့အုပ်စုသည် လေထုကအစ ပေါ့ပေါ့ပါးပါးမရှိလှသော အတွင်းခြံဝန်းတွင် ဆင်းသက်ခဲ့ကြသည်။ နန်းတော်တွင်းမှာရဲမက်များမှာ ပိုလို့သတိကြီးကြပုံပင်။ လူတိုင်း၏လှုပ်ရှားမှုတိုင်းကို လိုက်လံစစ်ဆေးစောင့်ကြပ်လို့နေကြ၏။
ဝမ်ကျစ်ချင်းသည် ရထားလုံးအပြင်သို့ခြေလှမ်းလိုက်ပြီး အပြင်ပတ်ဝန်းကျင်ကို တစ်ချက်မျှဝေ့ကြည့်ရင်းအကဲခတ်လိုက်ကာ သူမဘေးတွင် တစ်လျှောက်လုံးတိတ်ဆိတ်စွာလိုက်ပါလာသောဖုန့်ချန်းကို လှမ်းကြည့်လိုက်သည်။
သူတို့ ရထားလုံးထက်မှဆင်းသက်လိုက်သည်နှင့် အသံတစ်သံကိုကြားလိုက်ရ၏။
"ဝမ်ကျစ်ချင်း"
ထိုသူမှာ ဒုတိယမင်းသားပင်။ မျက်နှာအမူအရာကား ထုံးစံအတိုင်း ခန့်မှန်းလို့မရနိုင်ပေ။ သပ်ရပ်ခံ့ညားသောဝတ်ရုံကိုဝတ်ဆင်ထားပြီး ဖြာထွက်နေသောအထက်စီးဆန်ဆန်အငွေ့အသက်မှာ ထိုသူကို အထင်ကြီးစရာပြယုဂ်တစ်ခုအဖြစ် ပံ့ပိုးပေးနေသည်။
ဝမ်ကျစ်ချင်းက ဟန်ဆောင်ပြုံးလေးတစ်ခုကို တပ်ဆင်လိုက်ရသည်။ သူမအစ်ကိုဟာ သူမကိုလုပ်ကြံရန်ခိုင်းစေသူပါဟု နှုတ်ထွက်ခဲ့သော လုပ်ကြံသူ၏စကားကို သူမမမေ့သေးပေ။
မင်းသား၏ဘေးတွင်ရပ်နေသောသူမှာ လန်ကျင်းဖြစ်ပြီး ဖုန့်ချန်းကိုမြင်သည်နှင့် တောင့်တင်းသွားရှာလေ၏။
(ဒီနတ်ဆိုးသခင်က ဘာကိစ္စဒီရောက်နေရပြန်တာလဲ) လန်ကျင်းက ကြောက်စိတ်ကိုဖုံးကွယ်ရန် အနိုင်နိုင်ကြိုးစားရင်း တွေးသည်။
ဒုတိယမင်းသားက လန်ကျင်း၏အမူအရာကိုသတိထားမိသွားပြီး မေးလာသည်။ "လန်မိသားစုခေါင်းဆောင် ဘာပြဿနာများရှိလို့လဲ"
"ဘာ-ဘာမှမဟုတ်ပါဘူးဗျာ" လန်ကျင်းက အထစ်ထစ်အငေါ့ငေါ့ဖြင့်ကာရင်း ဟန်လုပ်ရယ်မောလိုက်သည်။ "ကျွန်တော်က ပဥ္စမမင်းသမီးကို တွေ့လိုက်ရတော့အံ့သြသွားတာ ဘာလို့ဆိုဘေးကလူက ဖု-" ဖုန့်ချန်း၏သတိပေးဟန်အကြည့်ကိုမြင်လိုက်ရ၍ လန်ကျင်းတွန့်သွားရ၏။ တစ်ဖက်လူ၏အကြည့်အရ သူ့နာမည်ကို ထုတ်မပြောစေချင်တာ အရှင်းကြီးပင်။
"ဘေးကလူက ကျွန်တော့်မိတ်ဆွေဖြစ်နေလို့ပါ" လန်ကျင်းသည် စကားလုံးများကို အချိန်မီပြောင်းလဲနိုင်လိုက်ပေသည်။
မင်းသားက မျက်မှောင်ကြုတ်လျက် ဖုန့်ချန်းထံသို့လှမ်းကြည့်သည်။ "မိတ်ဆွေလား"
"ဒီလူကြီးမင်းက ကျွန်မကို သွေးနီးဦးချိုဝံပုလွေလက်ကနေ ကယ်တင်ပေးခဲ့တာပါ" ဝမ်ကျစ်ချင်းက ဝင်ပြောသည်။
"အပြန်လမ်းမှာ အခက်အခဲကြုံခဲ့ရသေးတာလား" ဒုတိယမင်းသားက စိုးရိမ်သွားဟန်ဖြင့် မေးလာ၏။
ဝမ်ကျစ်ချင်းကခေါင်းညိတ်လျက် ဖုန့်ချန်းမှ သူတို့အုပ်စုအားဝင်ရောက်ကယ်တင်ခဲ့ပုံကို အကျဥ်းချုံးကာပြန်လည်ပြောပြလိုက်သည်။ လုပ်ကြံသူအကြောင်းကိုတော့ ဂရုတစိုက်ချန်လှပ်ထားခဲ့လျက်။
ပြောနေစဥ်အချိန်အတွင်း သူမသည် ဒုတိယမင်းသားကိုမသိမသာအကဲခတ်လျက် နောက်ကွယ်မှကြိုးကိုင်သူတစ်ဦး၏ မူမမှန်သောတုံ့ပြန်ချက်မျိုး ရှိလာမလားဟု ရှာဖွေကြည့်မိသည်။
သို့သော် ဒုတိယမင်းသား၏မျက်နှာထားမှာ အစဥ်အမြဲအတိုင်း တည်ငြိမ်လျက်သာပင်။
ဒုတိယမင်းသားသည် ခန့်မှန်းရခက်သောမျက်နှာထားဖြင့် အာရုံစိုက်နားထောင်နေပြီးနောက် ဖုန့်ချန်းဘက်သို့လှည့်လိုက်သည်။
"ကြည့်ရတာ မင်းက တော်ဝင်မိသားစုအပေါ် ကျေးဇူးပြုနိုင်ခဲ့တာပဲ ငါတို့ဆီမှာများ တာဝန်ထမ်းဆောင်လိုစိတ်ရှိသလား"
ဂုဏ်ပြုဆုလာဘ်တစ်ခု ချီးမြှင့်သည့်အနေဖြင့် ဒုတိယမင်းသားက တာဝန်ထမ်းဆောင်ရန်ကမ်းလှမ်းလာသည်။ အမှန်ပင် တော်ဝင်နန်းတော်တွင်း တာဝန်ထမ်းဆောင်ရန်ဆိုသည်မှာ အထက်တန်းစားများသာရနိုင်သော ဂုဏ်သရေရှိအခွင့်အရေးကြီးတစ်ခုဖြစ်၏။ သို့သော် ထိုကမ်းလှမ်းချက်အောက်မှ ရည်ရွယ်ချက်အစစ်အမှန်မှာ ဖုန့်ချန်း၏စွမ်းအားနှင့်နောက်ခံကို ခန့်မှန်းမိ၍ သူ့ဘက်တော်သားအဖြစ် စည်းရုံးစုဆောင်းလိုခြင်းပင်။
"ဒီလိုကမ်းလှမ်းခံရတာ ဂုဏ်ယူစရာပါပဲခင်ဗျာ" ဖုန့်ချန်းက အသာအယာတုံ့ပြန်သည်။ "ဒါပေမယ့်ကျွန်တော့်မှာ ဖြေရှင်းစရာကိစ္စလေးတွေ ရှိနေသေးလို့ပါ"
မင်းသာ၏အပြုံးမှာ ဖျော့တော့သွားပြီး မျက်လုံးများထဲတွင် မကျေနပ်ဟန်ပေါ်လာသော်ငြား သူအမြန်ပြန်လည်ဖုံးအုပ်လိုက်သည်။ "မင်းစဥ်းစားကြည့်သင့်တယ် ဆုံးဖြတ်ချက်ပြောင်းချင်ရင် အချိန်မရွေးဆက်သွယ်လိုက်ပါ"
ဖုန့်ချန်းက ယဥ်ကျေးစွာခေါင်းညိတ်အသိအမှတ်ပြုလိုက်သည်။ လန်ကျင်းနှင့် ဒုတိယမင်းသားကြားမှ စိတ်ဝင်စားဖွယ်ဆက်ဆံရေးအငွေ့အသက်ကိုလည်း သူသတိပြုလိုက်မိ၏။
(လန်ကျင်းက ပထမမင်းသားနဲ့ပေါင်းထားတယ်ဆိုပြီးတော့) သူတွေးမိသည်။
လန်ကျင်းမှာမူ ဖုန့်ချန်းမျက်စိအောက်မှ အမြန်ထွက်ခွာချင်နေပြီး အခွင့်ကောင်းယူကာဆိုလိုက်သည်။ "ဒုတိယမင်းသား ပဥ္စမမင်းသမီး ကျွန်တော်မျိုးကို ခွင့်ပြုပါဦး"
လန်ကျင်းက ပြောလာသည်။
ဖုန့်ချန်းလည်း တစ်စုံတစ်ခုကိုစဥ်းစားမိရင်း လန်ကျင်းကဲ့သို့ သွားခွင့်ပြုဖို့ပြောလာသည်။ ဝမ်ကျစ်ချင်းကတော့ ဖြတ်ပြောလာ၏။ "နေပါဦး ကျွန်မရှင့်အတွက်ပြင်ဆင်ထားတဲ့ဆုလာဘ်ရှိသေးတယ်"
"မလိုပါဘူးခင်ဗျာ" ဖုန့်ချန်းကဆိုသည်။ "မင်းသမီးကျွန်တော့်မိတ်ဆွေဆီ ပို့လိုက်လို့ရပါတယ်" ဖုန့်ချန်းက မသိမသာပြုံးလျက် လန်ကျင်းကိုညွှန်ပြလိုက်၏။ "ကျွန်တော် သူနဲ့အတူလိုက်သွားလိုက်ပါ့မယ်"
လန်ကျင်းလည်း ငြင်းဆိုနိုင်စွမ်းမရှိ။ ကြောက်ကြောက်နှင့် ခေါင်းညိတ်လိုက်ရတော့သည်။