← Chapters

လန်မိသားစုဆီ နောက်တစ်ကြိမ်အလည်အပတ်

Vol. 14 Ch. 195

လန်မိသားစုဆီ နောက်တစ်ကြိမ်အလည်အပတ်

Vol. 14 Ch. 195

လန်ကျင်းသည် ရထားလုံးထဲသို့ တွန့်ဆုတ်စွာဖြင့်တက်ခဲ့လိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ပြေးလွှားနေသောကြောက်စိတ်များကို ဖုံးကွယ်ချင်သော်ငြား တောင့်တင်းနေသောကိုယ်နေဟန်ထားက သိသိသာသာအမူအရာပျက်လို့နေ၏။ ဖုန့်ချန်းနှင့် မျက်နှာချင်းဆိုင်ထိုင်နေရင်း မျက်လုံးများက စိတ်လှုပ်ရှားစွာဖြင့် ဟိုဟိုသည်သည်ပြေးလွှားလို့နေသည်။ ထိုသူ၏ခန္ဓာကိုယ်တွင်းမှနတ်ဆိုးက ဘယ်အချိန်မဆိုနိုးထလာနိုင်သည်လေ။

ဖုန့်ချန်းသည် နူးညံ့သောထိုင်ခုံထက် သက်တောင့်သက်သာမှီထိုင်ရင်း တည်ငြိမ်နေသောအကြည့်များက လန်ကျင်းကိုဖောက်ထွင်းတော့မတတ် စူးစိုက်အကဲခတ်လျက်ရှိ၏။

"အေးဆေးပေါ့" ဖုန့်ချန်းကခပ်ပေါ့ပေါ့ပြောလိုက်ပြီး နှုတ်ခမ်းထက်တွင်လည်း မဲ့ပြုံးပါးပါးတွဲခိုနေသည်။ "ငါမင်းကိုတကယ်သတ်ချင်ရင် ဒီလောက်ကြာအောင်စောင့်နေမှာမဟုတ်ဘူး အင်း မင်းဘက်ကသစ္စာမဖောက်မချင်း မသတ်ချင်လောက်ပါဘူး"

လန်ကျင်းသည် တံတွေးကိုခက်ခက်ခဲခဲမျိုချလိုက်ရင်း နဖူးထက်မှချွေးများကိုသပ်ချလိုက်သည်။ "ကျွန်-ကျွန်‌တော့်မှာအဲ့လိုစိတ်ကူးမရှိပါဘူး" လန်ကျင်းက အထစ်ထစ်အငေါ့ငေါ့ဖြင့်ဆို၏။ ဖုန့်ချန်းထံမှ ကောင်းကောင်းဆော်ပလော်တီးခံရပြီးနောက်တွင် သစ္စာဖောက်ရန်ဆိုသည်မှာ သူတွေးပင်မတွေးရဲတော့သည့်ကိစ္စပင်။

ဖုန့်ချန်းကခုံကိုအသာပြန်မှီလိုက်သည်။ သူ့အကြည့်များက လန်ကျင်းထံမှ နည်းနည်းပင်မ‌ရွေ့။ ရထားလုံးထဲမှလေထုက တိတ်ဆိတ်တင်းကျပ်လာပြီး ကျောက်တုံးများပေါ် ရထားလုံးဘီးလှိမ့်သံခပ်တိုးတိုးသာ တစ်ခုတည်းသောအသံအဖြစ် ပျံ့လွင့်နေတော့၏။

"ဒီတော့" ဖုန့်ချန်းကစကားပြန်စသည်။ အသံနိမ့်နိမ့်မှာ ဓားသွားတစ်စင်းလိုပြတ်ရှလျက်။ "မင်းကဘာလို့ဒုတိယမင်းသားနဲ့အတူရှိနေရတာလဲ ပြောတော့ ပထမမင်းသားဆီ သစ္စာခံထားတာပါဆို"

ဖုန့်ချန်းသည် စကားပြောနေစဥ်တစ်လျှောက်လုံးတွင်လည်း လန်ကျင်းထံမှအကြည့်တစ်ချက်မခွာ။ အချိန်ကြာလာသည်နှင့်အမျှ တစ်ဖက်လူပိုလို့နေရထိုင်ရခက်လာပြီး ကြောက်ရွံ့လာသည်ကို မျက်စိမလွှဲတမ်းစိုက်ကြည့်သည်။ လန်ကျင်းမှာ တံတွေးကိုသာအကြိမ်ကြိမ်မျိုချနေရတော့၏။ ဖုန့်ချန်းမေးလိုက်သောမေးခွန်းကို သေချာသတိထားဖြေရမည်မှန်း သူနားလည်သည်နှင့်အမျှ ရင်တုန်ပန်းတုန်ဖြစ်လာရသည်။

"ခေါင်းဆောင်ထင်သလိုမဟုတ်ပါဘူး" လန်ကျင်းက အသံတုန်တုန်ဖြင့်ဖြေသည်။ "ပထမမင်းသားနဲ့ဆက်ဆံရေးကလျှို့ဝှက်ချက်ပါ ဒုတိယမင်းသားက အဲ့ကိစ္စကိုမသိထားဘူး"

ဖုန့်ချန်း၏အကြည့်များက ပိုလို့စူးရှလာသည်။ "ဆိုတော့ ဒုတိယမင်းသားက မင်းကို ကြားနေလို့ထင်ပြီး သူ့ဘက်ပါဖို့စည်းရုံးတယ်ပေါ့"

"ဟုတ်တယ် သူက ကျွန်တော့်ကိုကို ဝေခွဲမရဖြစ်နေသေးတယ်လို့ထင်ပြီး ကျွန်တော်နဲ့ပေါင်းဖို့တစ်ချိန်လုံးကြိုးစားနေတာ သူသာအနိုင်ရရင် အင်အားကြီးအောင်မြှောက်စားပေးပြီး အရင်းအမြစ်တွေလည်းချီးမြှင့်မယ်လို့ ကတိတွေပေးကမ်းလှမ်းလာသေးတယ်"

ဖုန့်ချန်းက တစ်ဖက်လူပြောသမျှကို စေ့စေ့စပ်စပ်စဥ်းစားကြည့်ရင်း နောက်ကိုအသာပြန်မှီလိုက်၏။ "အဲ့တော့ မင်းဘာပြန်ပြောခဲ့လဲ"

"ကျွန်တော့်မိသားစုနဲ့ဆွေးနွေးပြီး စဥ်းစားဖို့အချိန်လိုသေးတယ်လို့ ပြန်ပြောလာခဲ့ပါတယ်"

ဖုန့်ချန်း မျက်ခုံးတစ်ချက်ပင့်လိုက်သည်။ "ပထမမင်းသားကရော ဒီကိစ္စကိုသိသလား မင်းသူ့ကိုသတင်းပေးထားပြီးပြီလား"

"ဒီကိုမလာခင်ကတည်းက ပထမမင်းသားကို ကျွန်တော်အကြောင်းကြားခိုင်းထားပြီးသားပါ မင်းသားက တစ်ဖက်လူသံသယမပွားစေဖို့ သွားတွေ့လိုက်လို့ညွှန်ကြားပါတယ်"

ဖုန့်ချန်းမျက်လုံးများထဲရှိ သိချင်စိတ်များမှာ နားလည်သဘောပေါက်ဟန်သို့ပြောင်းလဲသွားတော့၏။ ထို့နောက် သူ့အတွေးများမှာ ဝမ်ကျစ်ချင်းအားလုပ်ကြံလိုသူမှာ မည်သူဖြစ်မည်နည်းဟူသောဖြစ်နိုင်ချေဘက်သို့ ကူးပြောင်းသွာတော့သည်။

ဖြစ်နိုင်ချေရှိသူက တစ်ယောက်နှစ်ယောက်‌တော့မကသော်ငြား ပထမမင်းသားနှင့် ဒုတိယမင်းသားမှာ ဖြစ်နိုင်ချေအရှိဆုံးဟုဆိုရပေမည်။

လုပ်ကြံသူ၏ဝန်ခံမှုအရတော့ ဒုတိယမင်းသားကဖြစ်နိုင်ချေရှိသည်။ ရာဇပလ္လင်လုယက်ပွဲတွင် သွေးထွက်သံယိုဖြစ်ရပ်များမှာ တွဲပါလာတတ်စမြဲဖြစ်တာကြောင့် ထူးဆန်းသည်တော့မဟုတ်ပါ။

သို့ပေမယ့် တည်ငြိမ်ပြီး သွေးအေးဟန်ရှိသော ပထမမင်းသားမှာ ဤလို့ယုတ်မာရက်စက်သောအကြံအစည်မျိုးအတွက် ပိုလို့သံသယဝင်ချင်စရာဇာတ်ရုပ်တစ်ခုဖြစ်နေ၏။ လုပ်ကြံသူမှ ဝမ်ကျစ်ချင်းအားထောင်ချောက်ဆင်သောနည်းလမ်းများမှာ ပထမမင်းသား၏ကွေ့ဝိုက်သောနည်းလမ်းများဖြင့် ခပ်ဆင်ဆင်ဟုဆိုနိုင်သောကြောင့် ဖုန့်ချန်းမှာ ပထမမင်းသားကိုလည်း ထည့်တွက်ရပြန်သည်။

(ဒါပေမယ့် ဘာလို့ဝမ်ကျစ်ချင်းကိုမှလဲ)

ဖုန့်ချန်းစဥ်းစားခန်းဝင်မိသည်။ ရာဇပလ္လင်အတွက် အင်အားအကြီးဆုံးပြိုင်ဘက်များမှာ ပထမမင်းသားနှင့် ဒုတိယမင်းသားဖြစ်ပြီး အနောက်တွင်ကား တတိယမင်းသားကပ်ပါလာပေမည်။

ဝမ်ကျစ်ချင်းကိုမှ လုပ်ကြံသတ်ဖြတ်ချင်ရသည့်ရည်ရွယ်ချက်ကို သူအမှန်တကယ်နားမလည်နိုင်ပေ။ သူမအနေဖြင့် ရာဇပလ္လင်ကို အစ်ကိုတော်တွေနှင့်အပြိုင် တိုက်ခိုက်လုယူချင်သည်ဆိုလျှင်တောင်မှ အနိုင်ရနိုင်သည့်အခွင့်အရေးက လွန်စွာမှသေးငယ်လှသည်ပင်။

(ဖြစ်နိုင်တာကတော့ သူမအသက်ကိုအသုံးချပြီး မင်းသားတစ်ပါးပါးကို တွန်းချပစ်ဖို့ပဲ)

ဖုန့်ချန်းစဥ်းစားကြည့်သလောက်တော့ ဤသည်က အဖြစ်နိုင်ဆုံးအကြောင်းရင်းပင်။

"ဒါဆို ခေါင်းဆောင်ဘယ်ကိုသွားချင်လဲခင်ဗျ" လန်ကျင်းက ဖုန့်ချန်းနှင့်လမ်းမြန်မြန်ခွဲလိုဟန်ဖြင့် အားတက်သရောမေးလာသည်။

ဖုန့်ချန်းက ခပ်ပြုံးပြုံးဖြင့်ဖြေသည်။

"‌သေချာပေါက် လန်အိမ်တော်ကိုပဲပေါ့ ဒီမင်းနေပြည်တော်မှာ ကျုပ်တည်းခိုစရာနေရာ ဘယ်မှာများရှိသေးလို့လဲ မဟုတ်မှ လန်မိသားစုခေါင်းဆောင်မှာ အဆင်မပြေတာများရှိနေသလား"

"မ-မရှိပါဘူးခင်ဗျာ အဆင်ပြေပါတယ်" လန်ကျင်းထိုသို့ပြန်ဖြေလိုက်သော်ငြား စိတ်တွင်းမှာတော့ ကျိန်ဆဲနေလျက်။

ဖုန့်ချန်းသည် လန်အိမ်တော်တွင် တစ်ညတာမျှသာတည်းခိုခဲ့ခြင်းဖြစ်၏။ လန်ကျင်းနှင့်လန်အကြီးအကဲများက သူ့ကို အစားအသောက်အပြည့်အစုံနှင့် လိုအပ်သမျှကို ချက်ချင်းဖြည့်ဆည်းပေးကာ တတ်စွမ်းသမျှပြုစုပေးကြလေသည်။ ဧည့်ဝတ်ကျေပွန်လွန်းလှ၍ ဖုန့်ချန်းပြန်ပင်မပြန်လိုတော့ပါဟု ဟာသလုပ်လို့နေသေး၏။

ဖုန့်ချန်းထံမှ ထိုစကားကိုကြားသော် လန်ကျင်းတို့တစ်သိုက်မှာ ဧည့်ဝတ်ကျေပွန်ခဲ့သည်ကိုပင် နောင်တရတော့မလိုဖြစ်ကုန်ကြတော့လေသည်။ ကံကောင်း၍ ဖုန့်ချန်းကတစ်ညသာတည်းခိုပြီး နောက်နေ့မနက်တွင် ပြန်လည်ထွက်ခွာသွားတော့၏။ မြူခိုးချိုင့်ဝှမ်းမြို့‌တော်သို့ပြန်ရောက်ရန် သူအချိန်သိပ်မယူလိုက်ရပါ။

"မိသားစုခေါင်းဆောင် ပြန်လာပြီပဲ" ဖုန့်ချန်း ဖုန့်အိမ်တော်အတွင်းသို့လှမ်းဝင်လာသည်အားမြင်သော် အစေခံတစ်ဦးက လွှတ်ခနဲရေရွတ်လိုက်မိသည်။

ဖုန့်ချန်းက ခေါင်းအသာဆတ်ပြရင်း မေးလိုက်သည်။ "အကြီးအကဲဝေ့ဘယ်မှာလဲ"

"အကြီးအကဲဝေ့က ခန်းမကြီးထဲမှာ အခြားအကြီးအကဲတွေနဲ့ အစည်းအဝေးလုပ်နေပါတယ်ခင်ဗျာ"

အစေခံက ပြန်ဖြေသည်။

"ကျေးဇူးပဲ" ဖုန့်ချန်းထိုသို့တုံ့ပြန်ရင်း ခန်းမကြီးဆီသို့ ဦးတည်‌လျှောက်လှမ်းလာလိုက်တော့၏။

ခန်းမကြီးတံခါးသည် အနည်းငယ်ပွင့်ဟလို့နေပြီး ထိုအဟကြားမှ စုရုံးဆွေးနွေးနေကြသော အကြီးအကဲဝေ့နှင့် အခြားအကြီးအကဲများကို မြင်လိုက်ရသည်။

"မဟာအကြီးအကဲကျန်းရှန်လည်းဒီရောက်နေတာပဲ" ဖုန့်ချန်းရေရွတ်လိုက်သည်။

သူ့ကို ဖုန့်ယွင်အားကာကွယ်ပေးဖို့ စေလွှတ်ထားခဲ့ခြင်းဖြစ်၏။ ယခုတော့ လန်မိသားစုကို ဖုန့်ချန်းကိုယ်တိုင်နှိမ်နင်းခဲ့ပြီးဖြစ်သောကြောင့် မလိုအပ်တော့ပါပေ။

"အာ တူလေး ပြန်ရောက်ပြီပဲ" ဖုန့်ချန်းဝင်လာသည်ကိုမြင်သော် အကြီးအကဲဝေ့ကနှုတ်ဆက်လိုက်သည်။ အားလုံး၏အာရုံမှာလည်း ဖုန့်ချန်းထံသို့ဦးတည်သွားကြတော့၏။

"မင်းနေပြည်တော်ကိုသွားတာ အခြေအနေဘယ်လိုရှိခဲ့လဲ လန်မိသားစုပြဿကိုဖြေရှင်းပြီးပြီလား သူတို့ဖုန့်ယွင်နောက်ဆက်မလိုက်တော့ဘူးလို့ကြားတယ်"

...........

အခြားအကြီးအကဲများမှာလည်း ဖုန့်ချန်းတစ်ယောက် လန်မိသားစုကိုဘယ်လိုဖြေရှင်းခဲ့မှန်းသိချင်လှ၍ စိတ်အားထက်သန်စွာဖြင့် တစ်ယောက်တစ်ပေါက်ဝိုင်းမေးကြတော့သည်။ တစ်ဖက်မိသားစုမှာ မင်းနေပြည်တော်၏ ထိပ်ဆုံးမိသားစုဆယ်ခုထဲမှ တစ်ခုအပါအဝင်ဖြစ်သည်လေ။

"ဟုတ်ပြီ ဟုတ်ပြီ ကျွန်တော်အားလုံးကိုပြန်ပြောပြပါမယ်နော် အရင်ဆုံး ယွင်အာကိုပြန်ခေါ်နိုင်ခဲ့ပြီလားပြောပါဦး" ဖုန့်ချန်းကမေးလိုက်သည်။

မဟာအကြီးအကဲဖုန့်ကျန်းရှန်နှင့် အခြားသူအားလုံးမှာ တစ်ပြိုင်တည်းခေါင်းယမ်းပြလိုက်ကြတော့၏။

"ချန်းအာရေ ယွင့်အာမှာက ဘာဝှက်ဖဲများရှိနေသလဲမသိဘူးကွ သူ့တည်နေရာအမှန်ကို ငါတို့လုံးဝခြေရာခံလို့မရခဲ့ဘူး" မဟာအကြီးအကဲကျန်းရှန်က ဂုဏ်ယူစွာပြောပြလာသည်။ သူ့လို ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦးအတွက် မာနထိခိုက်စရာကိစ္စဖြစ်နေသော်ငြား သူ့တူလေး၏စွမ်းဆောင်ရည်အတွက် ဂုဏ်ယူရသည်သာပင်။

"ဒါပေမယ့် မပူပါနဲ့ ယွင်အာကသူ‌ဘေးကင်းကင်းနဲ့ခရီးဆက်နေတယ်လို့ ငါတို့ဆီစာပို့လာတယ် ဟိုလန်အကြီးအကဲတွေလည်း သူ့ကိုရှာလို့မရကြတဲ့ပုံပဲ"

"အင်း....." ဖုန့်ချန်း ခေတ္တမျှစဥ်းစားခန်းဝင်နေလိုက်သည်။ ယွင်အာ့လက်စွပ်ထဲရှိ ထိုစွမ်းအားကြီးဝိဉာဥ်က သူ့ကို ထွက်ပြေးလွတ်မြောက်နိုင်မည့်ကျင့်စဥ်ကောင်းတွေ သင်ပြပေးထားလောက်ပုံပင်။

မည်သို့ပင်ဖြစ်စေ ယွင်အာဘေးကင်းဖို့သာလိုပေသည်။

ထို့အပြင် လန်မိသားစုအကြီးအကဲများလည်း သူ့နောက်ဆက်မလိုက်တော့သည်ဖြစ်ရာ စိုးရိမ်စရာမရှိတော့ပေ။

"ဆိုတော့ တစ်ခြားအကြောင်းတွေပြောကြတာပေါ့ ကဲ လန်မိသားစုကနေစလိုက်ရအောင်"

All Chapters