ဆေးဆရာပြိုင်ပွဲ
Vol. 14 Ch. 196
ဖုန့်ချန်းက မင်းနေပြည်တော်တွင်ဖြစ်ခဲ့သောအကြောင်းအရာများအား အကျဥ်းချုံးနောက်ကြောင်းပြန်ပြလိုက်သည်။
သူလန်အိမ်တော်သို့ တိုက်ရိုက်သွားပြီး လန်မိသားစုခေါင်းဆောင်နှင့် လန်အကြီးအကဲများအား ရင်ဆိုင်တိုက်ခိုက်ကာ နောက်ဆုံးတော့အနိုင်ရခဲ့သည် ဟူ၍သာ တိုတိုတုတ်တုတ်ရှင်းပြလိုက်ခြင်းပင်။
အကြီးအကဲများမှာ ပါးစပ်အဟောင်းသားဖြင့်နားထောင်နေကြရင်း အချို့မှာတော့ သူတို့မိသားစုခေါင်းဆောင်၏ လုပ်ရဲကိုင်ရဲစိတ်ကို မယုံကြည်နိုင်ပင်ဖြစ်နေကြရတော့၏။
အင်အားနှင့်လွှမ်းမိုးနိုင်မှုကြောင့် မင်းနေပြည်တော်တွင်နာမည်ကြီးကျော်ကြားသော လန်မိသားစုသည် ပြိုင်ဘက်အား လက်နက်ချအရှုံးပေးခဲ့ရလေပြီ။
ဖုန့်ချန်းမှ လန်မိသားစုခေါင်းဆောင်ကို လွယ်လွယ်ကူကူပင်အနိုင်ယူကာ အညံ့ခံစေခဲ့သောဖြစ်ရပ်မှာ မဖြစ်နိုင်လောက်မည့်လုပ်ရပ်ပင်။ သို့သော် ဖုန့်ချန်းဆိုသူမှာ သူတို့အားလုံးစိတ်ကူးခန့်မှန်းထားသည်ထက် အမြဲသာလွန်အောင်လုပ်ပြနိုင်သော အံ့ဖွယ်လူသားမျိုးပင်မဟုတ်လော။
မဟာအကြီးအကဲဖုန့်ကျန်းရှန်မှာ ဖုန့်ချန်း၏စွမ်းဆောင်ရည်များကို ဂုဏ်ယူစွာတွေးတောရင်း အံ့သြတကြီးဖြင့် ခေါင်းကိုအသာယမ်းမိလေသည်။
"လန်မိသားစုက ဒီလောက်လွယ်လွယ်လေးကျရှုံးသွားလိမ့်မယ်လို့ စိတ်တောင်မကူးခဲ့ဖူးဘူး"
အခြားအကြီးအကဲများကတော့ သိပ်မယုံကြည်ဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက်လှမ်းကြည့်လိုက်ကြသည်။ ဖုန့်ချန်းကတော့ သူတို့၏သံသယအကြည့်များကြောင့် တုန်လှုပ်မသွားပါပေ။ "ကျွန်တော်သူတို့ကို ရွေးချယ်စရာပေးခဲ့တယ် အညံ့ခံမလား နောက်ဆက်တွဲပြစ်ဒဏ်ကိုခံမလားဆိုတော့ သူတို့ဉာဏ်သုံးပြီးရွေးချယ်ခဲ့ကြတယ်လေ"
ဖုန့်ချန်း၏ တည်ငြိမ်နေသောမျက်နှာထားအရ မဖြစ်နိုင်လောက်ပေဟုသူတို့ထင်မြင်နေသောအောင်မြင်မှုကြီးမှာ သူ့အတွက်တော့ အစီအစဥ်ကြီးတစ်ခုထဲက ခြေလှမ်းတစ်လှမ်းစာမျှသာဖြစ်ဟန်ပင်။
"လန်မိသားစုကို ထပ်ပြီးစိတ်ပူနေစရာမလိုတော့ဘူး သူတို့ဘက်က သတင်းပို့ဖို့ ရံဖန်ရံခါလောက် လူလွှတ်လာလိမ့်မယ်"
ဖုန့်ချန်းက ဂူပိတ်ကျင့်ကြံရေးဆက်ဝင်မည်ဖြစ်သဖြင့် တစ်ယောက်ယောက်က ထိုသတင်းများကို လက်ခံဖတ်ကြားထားပြီး အရေးကြီးတာတစ်ခုခုရှိပါက သူ့ကိုလာရောက်အသိပေးရမည်ပင်။
"အစ်ကိုဖုန့်ကိုင်နဲ့ သူ့ဇနီးပျောက်တဲ့ကိစ္စကိုရော တူလေးဘာသိခဲ့ရသေးလဲ"
အကြီးအကဲဝေ့က သိချင်စိတ်ပြင်းပြစွာဖြင့်မေးလာသည်။
ဖုန့်ချန်းခေါင်းယမ်းပြလိုက်၏။
"ကျွန်တော်ဒီ့ထက်ပိုသန်မာလာမှ အဲ့ကိစ္စကိုအာရုံစိုက်ရတော့မယ်ထင်ပါတယ်"
အကြီးအကဲများမှာ ဖုန့်ချန်းကိုလည်းကိုယ်ချင်းစာပါသော်ငြား စိတ်ပျက်လက်ပျက်ဖြစ်သွားသောမျက်လုံးများကိုတော့ ဖုံးကွယ်မထားနိုင်ခဲ့ပေ။
"အများကြီးတွေးပူမနေကြပါနဲ့ ကျွန်တော်အမှန်တရားကိုရအောင်ဖော်ထုတ်မှာပါ"
လေထုတစ်ခုလုံး ထိုင်းမှိုင်းသွားသည်ကိုသတိထားမိသဖြင့် ဖုန့်ချန်းထပ်ဖြည့်အားပေးလိုက်ရသည်။
ထို့နောက်တွင်ကား တစ်နှစ်ခန့်အကြာတွင် ကျင်းပတော့မည်ဖြစ်သော နဂါးနှင့်ဖီးနစ်အဆင့်ပြိုင်ပွဲများအကြောင်း ဆက်လက်ဆွေးနွေးကြ၏။
ဖုန့်ယွင်နှင်းလင်းမေယုတို့ စေ့စပ်ပွဲဖျက်သိမ်းခဲ့ကြပြီး နောက်သုံးနှစ်အကြာတွင် ပြန်လည်တိုက်ခိုက်ရန်ကတိကို ထိန်းသိမ်းထားခဲ့ကြသည်မှာ ၂နှစ်ပင်ကြာမြင့်သွားခဲ့လေပြီ။
"ကျုပ်တို့ဖုန့်မိသားစုမှာ ဝင်ပြိုင်ဖို့အရည်အချင်းပြည့်မီတဲ့ပါရမီရှင်တွေ အများကြီးရှိလိမ့်မယ်ထင်တယ်" အကြီးအကဲဝေ့က စိတ်လှုပ်ရှားစွာဆိုလာသည်။
လွန်ခဲ့သော၂နှစ်တုန်းကတော့ သူတို့မိသားစုထဲတွင် နဂါးနှင့်ဖီးနစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်နိုင်မည့်သူ တစ်ဦးမှရှိလာလိမ့်မည်မဟုတ်ဟုသာ သူတို့အားလုံးထင်ခဲ့ကြသည်။ ယခုအချိန်တွင်မူ အတော်များများက အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ချိုးဖျက်တက်ရောက်ထားကြပြီးဖြစ်ရာ အရည်အချင်းပြည့်မီဖို့အတွက် အချိန်အနည်းငယ်လောက်သာလိုအပ်တော့သည့် အနေအထားပင်။
"ကျန်းဟောင်အာနဲ့ လျန်အာက ပြိုင်ပွဲမတိုင်ခင် ချီအရည်ဖွဲ့ခြင်းအဆင့်ကို ချိုးဖျက်နိုင်လိမ့်မယ်ထင်တယ် ရှောင်ယုအာ မေ့အာနဲ့ ယွင်အာလည်းအတူတူပဲ ချိုးဖျက်နိုင်ကြလိမ့်မယ် သူတို့အားလုံး အဆင့်ကောင်းကောင်းရနိုင်ကြလောက်တယ်" အကြီးအကဲဝေ့ ထပ်ပေါင်းပြောသည်။
သူနှင့်ပင် ကျင့်ကြံဆင့်အတူတူဖြစ်လာတော့မည် ထိုပါရမီရှင်ငယ်လေးများအကြောင်း သူမစဥ်းစားဘဲမနေနိုင်ပါချေ။ သူလည်း ဒီ့ထက်ပိုတိုးတက်သင့်သည်ဟု ခံစားနေရသော်ငြား ဖုန့်မိသားစုက အသက်၂၅အောက် ချီအရည်ဖွဲ့ခြင်းကျင့်ကြံသူများကို မွေးထုတ်နိုင်မည်ဆိုပါက အင်မတန်မှ အံ့သြဖွယ်ကောင်းပေလိမ့်မည်။
သူတို့မိသားစုသက်တမ်းတစ်လျှောက်လုံးတွင် ဤသို့သောအောင်မြင်မှုမျိုးကို ဆောင်ကျဥ်းလာနိုင်သူမှာ ဖုန့်ချန်းတစ်ယောက်သာရှိခဲ့လေ၏။
"ကောင်းပြီ ဒါဆိုရင် နဂါးနှင့်ဖီးနစ်ပြိုင်ပွဲအတွက် ဖုန့်မိသားစုပြိုင်ပွဲဝင်တွေကို ရွေးချယ်မယ့်စည်းမျဥ်းက ချီအရည်ဖွဲ့ခြင်းကျင့်ကြံဆင့်လို့ သတ်မှတ်လိုက်ကြမယ် အဲ့ဒီကျင့်ကြံဆင့်ကို ပြိုင်ပွဲမတိုင်ခင် ဘယ်အချိန်ဖြစ်ဖြစ် ချိုးဖျက်နိုင်လိုက်ပြီဆိုရင် ပြိုင်ပွဲဝင်လို့ရပြီ" ဖုန့်ချန်း ထိုသို့ဆုံးဖြတ်လိုက်သည်။
လင်းမေယု၏စွမ်းရည်ကိုစဥ်းစားမိသော် ချီအရည်ဖွဲ့ခြင်းကျင့်ကြံဆင့်နဲ့ပင် မလုံလောက်နိုင်သေးဟု ဖုန့်ချန်းခံစားရလေသည်။
အကြီးအကဲအားလုံးလည်း သဘောတူကြ၏။
"ဒါဆို ပြီးပြီလား"
"တူလေး အဲ့ပွဲမတိုင်ခင် တစ်ခြားပြိုင်ပွဲကြီးတစ်ခုလည်းရှိသေးတယ်"
"အိုး ဘာပွဲပါလိမ့်"
"အသက်၃၀အောက် ဆေးဆရာပြိုင်ပွဲတဲ့" အကြီးအကဲဝေ့ကပြောလိုက်သည်။
"ဆေးဆရာပြိုင်ပွဲလား" ဖုန့်ချန်းလည်း စိတ်ဝင်စားသွားရ၏။
ဆေးဆရာအစည်းအရုံးများမှ ဆေးဆရာပြိုင်ပွဲများ ရံဖန်ရံခါပြုလုပ်တတ်သည်ကို သူသိထားပါ၏။ သို့သော် အရင်ကဖုန့်မိသားစုတွင် အဆင့်၁ဆေးဆရာတောင် ရှားပါးလှသည်ဖြစ်၍ ထိုသို့ပြိုင်ပွဲများကို ဂရုမစိုက်အားခဲ့ပါပေ။ အဆင့်၃၊ အဆင့်၄ဆေးလုံးများအထိ ထုတ်လုပ်နိုင်စွမ်းရှိသော ထိုပါရမီရှင်ဆေးဆရာများကို သူတို့မည်သို့ယှဥ်ပြိုင်နိုင်ပါမည်နည်း?
ယခုတော့ အရာအားလုံးပြောင်းလဲသွားလေပြီ။ မိသားစု၏ဆေးပညာအဆင့်အတန်းမှာ သိသိသာသာတိုးတက်လာသည်ဖြစ်၍ အရှေ့ပိုင်းစီရင်စု၏ အကောင်းဆုံးဆေးလုံးထုတ်လုပ်ရေးများထဲမှ တစ်ခုအပါအဝင်ဖြစ် သတ်မှတ်ခံထားရပြီဖြစ်သည်။ သို့သော် ပြိုင်ပွဲဝင်ပါရမီရှင်များနှင့် ယှဥ်နိုင်သည့်အနေအထားမဟုတ်သေးဟု ဖုန့်ချန်းခံစားနေရသေး၏။
"ဝင်ပြိုင်နိုင်လောက်မယ့်သူ တစ်ယောက်မှရှိဦးမယ်မထင်ဘူး" ဖုန့်ချန်းတုံ့ပြန်လိုက်သည်။
သူတို့မိသားစု၏ ဆေးဆရာအများစုမှာ အစောပိုင်းအဆင့်များတွင်သာရှိသေး၏။ ဝင်ရောက်ယှဥ်ပြိုင်ဖို့ အလားအလာအရှိဆုံးသူဟူ၍ အဆင့်၂ဆေးဆရာတစ်ဦးသာရှိသေးလေသည်။ အနိုင်ရဖို့နေနေသာသာ အဆင့်၁၀၀အတွင်းချိတ်ဖို့ကပင် သူတို့အတွက်ခက်ခဲနေဦးမည်သာ။
ဒီနှစ်ပြိုင်ပွဲကိုတော့ ကျော်လိုက်သင့်သည်ဟု ဖုန့်ချန်းထင်၏။ နောက်နှစ်မှာတော့ သူတို့မိသားစုတွင်လည်း ဝင်ရောက်ယှဥ်ပြိုင်ဖို့ အရည်အချင်းပြည့်မီသူတစ်ယောက်လောက် ထွက်လာကောင်းပါရဲ့။
"ဒါပေမယ့် ပြိုင်ပွဲကိုတော့စောင့်ကြည့်ထား ပါရမီရှင်တစ်ယောက်လောက် လှမ်းခေါ်သင့်ခေါ်ရအောင်ပေါ့" ဖုန့်ချန်းညွှန်ကြားလိုက်သည်။
"ခုဏကပြောတာဖျက်လိုက်တော့ အကြီးအကဲဝေ့ ပြိုင်ပွဲပြီးသွားရင် ကျွန်တော့်ကိုသတိပေးဦး အနိုင်ရတဲ့သူက မျှော်လင့်မထားတဲ့သူတစ်ယောက်ယောက် ဖြစ်လာနိုင်တယ်"
ဖုန့်ချန်းအတွေးများက ဖုန့်ယွင်ထံအပြေးရောက်သွားသည်။
(ဖုန့်ယွင်လိုအဓိကဇာတ်လိုက်က ဒီအချိန်လောက်ဆိုတောက်ပသင့်နေပြီပဲ ဒီတစ်ခေါက်ပြိုင်ပွဲရဲ့အောင်နိုင်သူက သူဖြစ်နိုင်လောက်မယ်)
ဖုန့်ချန်းထိုသို့တွေးမိသည်။
အိမ်တော်မှထွက်ခွာသွားစဥ်က ဖုန့်ယွင်သည် အဆင့်၂ဆေးဆရာဖြစ်နေလေပြီ။ အဆင့်၃သို့ ချိုးဖျက်နိုင်လုဆဲဆဲဟု အထင်ရှိလေရာ ကြားထဲတွင်ကုန်လွန်သွားသောအချိန်များကိုတွက်ဆကြည့်ရလျှင် အဆင့်၃ဆေးဆရာလည်း ဖြစ်ကောင်းဖြစ်နေနိုင်လောက်မည်။
"ပြိုင်ပွဲကဘယ်တော့လဲ"
"နောက်လာမယ့်ခြောက်လအတွင်းမှာပါ" အကြီးအကဲဝေ့ကဖြေကြားသည်။
ပြိုင်ပွဲစဖို့ အချိန်လိုသေးသည်ဖြစ်ရာ ကြားထဲတွင် အဆင့်၄ဆေးဆရာဖြစ်သွားဖို့ကလည်း မဖြစ်နိုင်သည့်ကိစ္စတော့မဟုတ်ပေ။ အထူးသဖြင့် ဖုန့်ယွင်လိုအဓိကဇာတ်လိုက်တစ်ဦးအတွက် ဘာမဆိုဖြစ်နိုင်၏။
"ဒါဆို ရလဒ်တွေထွက်လာရင် သုံးလအတွင်း ကျွန်တော့်ကိုအသိပေးပါ"