သတ္တုတွင်းထဲမှ ပြောင်းလဲမှု
Vol. 129 Ch. 1921
“အနန္တမဟာဧကရာဇ်တဲ့လား”
သိုင်းတာအိုပင်မခန္ဓာက တီးတိုးရေရွတ်လိုက်၏။
သူ၏ စိတ်နေစရိုက်နှင့်ပင်လျှင် ကောင်းကင်ဘုံဝံပုလွေ၏ ဖော်ပြချက်ကို ကြားရသောအခါ သူ၏ မျက်လုံးများက တုန်လှုပ်မှုကို ထုတ်ဖော်လိုက်ရဆဲဖြစ်၏။
နတ်ဆိုးများကို ဖိနှိမ်ဖို့အတွက် လူတစ်ယောက်၏ အသားကို ငရဲဘုံတစ်ခုအဖြစ် သန့်စင်ခဲ့သည့်နည်းလမ်းက ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်သလဲ။
အန္တိမနတ်ဘုရားလက်နက်ကို ဖန်တီးဖို့အတွက် အထွတ်အမြတ်တောကောင်လေးကောင်၏ ဝိညာဥ်များကို ဖမ်းဆီးထည့်သွင်းခဲ့သည့်အချက်ကို ထည့်ပြောစရာပင် မလိုတော့ပေ။
သိုင်းတာအိုပင်မခန္ဓာသည် အထက်ဘုံလောကနှင့်ပတ်သက်၍ များစွာသိရှိမထားလျှင်တောင် အထွတ်အမြတ်တောကောင် လေးကောင်ဖြစ်သော မိုးပြာနဂါး၊ ဟင်္သပဒါးငှက်၊ ကျားဖြူနှင့် မဟူရာကုန်းလိပ်တို့က အထက်ဘုံမှာ အထွတ်အထိပ်တည်ရှိမှုများ သေချာပေါက်ဖြစ်သည်ကို သူက အကြမ်းဖျင်းခန့်မှန်းမိသည်။
သို့သော်လည်း ထိုစွမ်းအားကြီးမားသော အထွတ်အမြတ်တောကောင်များပင်လျှင် အနန္တမဟာဧကရာဇ်၏ ဖိနှိမ်ခြင်းခံခဲ့ရ၏။ သူတို့၏ ဝိညာဥ်များက ဖမ်းဆီးခံခဲ့ရပြီး ငရဲဖိနှိမ်မီးဖိုထဲမှာ ချိပ်ပိတ်ခံခဲ့ရ၏။ ထိုသူက ဘယ်လောက်တောင်စွမ်းအားကြီးမားသလဲ သိသာနေသည်။
ထိုသို့ဆိုလျှင်တောင် ငရဲဖိနှိမ်မီးဖိုက ကြေမွပျက်စီးသွားခဲ့ရဆဲ ဖြစ်၏။
“အနန္တမဟာဧကရာဇ်က အသက်ရှင်နေသေးလား”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
တကယ်တော့... ထိုမေးခွန်းကို မေးလိုက်စဥ်မှာ သိုင်းတာအိုပင်မခန္ဓာသည် အဖြေတစ်ခုကို ရရှိနေခဲ့ပြီဖြစ်၏။
အနန္တမဟာဧကရာဇ်က အသက်ရှင်နေဦးမည်ဆိုလျှင် ငရဲဖိနှိမ်မီးဖိုသည် ဤအခြေအနေထိ ယိုယွင်းပျက်စီးပြီး အောက်ဘုံလောက်ရှိ အပျက်အစီးပုံတစ်ခုထဲမှာ မြှုပ်နှံခံထားခဲ့ရလိမ့်မည် မဟုတ်ပေ။
“သူသေသွားခဲ့တာ အရမ်းကို ကြာသွားခဲ့ပြီ”
ကောင်းကင်ဘုံဝံပုလွေက ပြောလိုက်၏။
“အနန္တမဟာဧကရာဇ်က ခေတ်တစ်ခေတ်ကို တစ်ခါက တည်ထောင်ခဲ့တယ်... ဒါပေမဲ့ အဲ့ဒီခေတ်ကုန်ဆုံးသွားခဲ့တာက နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ပြီ... အဲ့ဒါက နှစ်သန်းပေါင်းရာချီ... ဒါမှမဟုတ် ဘီလျံနှင့်ချီတာတောင် ဖြစ်ကောင်းဖြစ်နိုင်တယ်... အဲ့ဒါက အရမ်းကိုကြာနေပြီ”
“မဟာဧကရာဇ်တောင်မှ ထာဝရမရှင်သန်နိုင်ဘူး”
“ခေတ်တစ်ခေတ်လား”
သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ကောင်းကင်ဘုံဝံပုလွေက ရှင်းပြလိုက်သည်။
“အထက်ဘုံလောကမှာ မဟာဧကရာဇ်တစ်ပါးမွေးဖွားပေါ်ထွက်လာမယ်ဆိုရင် သူက သူ့ကိုယ်ပိုင်ခေတ်တစ်ခေတ်ကို ဖန်တီးလိမ့်မယ်... အဲ့ဒီမဟာဧကရာဇ် သေဆုံးသွားမယ်ဆိုရင်တော့... အဲ့ဒီခေတ်က အဆုံးသတ်သွားပြီလို့ အဓိပ္ပါယ်ရတယ်”
“ခေတ်တစ်ခေတ်ချင်းစီမှာ မဟာဧကရာဇ်တစ်ပါးပဲရှိတယ်လို့ မင်းပြောချင်တာလား”
သိုင်းတာအိုပင်မခန္ဓာက ထပ်မံ၍မေးလိုက်၏။
“ဒါပေါ့”
ကောင်းကင်ဘုံဝံပုလွေက ပြောလိုက်၏။
“အထက်ဘုံက ကမ္ဘာများစွာကြားမှာ ဧကရာဇ်အဆင့် ပညာရှင်တွေအများကြီးရှိတယ်... ဒါပေမဲ့ ခေတ်တစ်ခေတ်ချင်းစီမှာ မဟာဧကရာဇ်တစ်ပါးပဲရှိတယ်... မဟာဧကရာဇ်တွေက တစ်လောကလုံးရဲ့အထက်မှာ ရပ်တည်ပြီး ကမ္ဘာတွေအားလုံးကို အုပ်စိုးဖို့အတွက် ကံကြမ္မာကို စုဆောင်းထားတယ်.. သူက စကြာဝဠာရဲ့ အထွတ်အထိပ်တည်ရှိမှုဖြစ်ပြီးတော့ ဘယ်သူကမှ သူ့အမိန့်ကို မနာခံဘဲ မနေရဲဘူး”
အဲ့ဒီမှာ မဟာဧကရာဇ်တစ်ပါးသာလျှင် ရှိလေသည်။
.........
အထက်ဘုံ၊ ဂမ္ဘီရမိုးကောင်းကင် ကုန်းမြေတိုက်တွင်...။
ဆူဇီမိုသည် ထိုသတင်းအချက်အလက်ကို ရရှိသောအခါ သူ၏ ရင်ထဲရှိ သံသယများစွာက တဖြည်းဖြည်းပြေလည်သွားခဲ့ပြီဖြစ်၏။
စတုရန်းကြေးမီးဖိုသည် အရမ်းကိုသန်မာပြီး ဖျက်ဆီး၍ မရနိုင်သည်မှာ မထူးဆန်းတော့ပေ။ ၎င်းက ယိုယွင်းပျက်စီးနေသော်လည်း မဟူရာတွင်းနက်ကပင်လျှင် အဲ့ဒါကို မဝါးမျိုနိုင်ခဲ့ပေ။
စတုရန်းကြေးမီးဖိုသည် မူလက ဧကရာဇ်လက်နက်တစ်ခုဖြစ်ခဲ့၏။
တကယ်တော့.... ၎င်း၏ ကြေမွပျက်စီးနေသော အခြေအနေအရ ၎င်း၏ ကျင့်ကြံမှုနယ်ပယ်သည် ဧကရာဇ်လက်နက်တစ်ခုအဖြစ်ကနေ လျှောကျသွားခဲ့ပြီဖြစ်ပြီး ၎င်း၏ စွမ်းအားကလည်း ကြီးမားစွာလျော့ကျနေခဲ့ပြီဖြစ်၏။
ဆူဇီမိုသည် ငရဲဖိနှိမ်မီးဖိုကို ၎င်း၏ အထွတ်အထိပ်ထိ ပြန်လည်ပြုပြင်ပြီး ထိုဧကရာဇ်လက်နက်၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်ချင်သည်ဆိုလျှင် သူ၏ ကျင့်ကြံမှုနယ်ပယ်ကလည်း နိမ့်ကျနေလို့ မရပေ။
ပုံမှန်အခြေအနေမှာဆိုလျှင် အန္တိမဧကရာဇ်လက်နက်တစ်ခုအနေဖြင့် ငရဲဖိနှိမ်မီးဖိုသည် အရမ်းကိုကျော်ကြားပြီး အဲ့ဒါကိုမှတ်မိသိရှိဖို့ အလွန်တရာလွယ်ကူပေလိမ့်မည်။
သို့သော်လည်း အဲ့ဒါက နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီး ငရဲဖိနှိမ်မီးဖိုသည် မှတ်မိနိုင်စွမ်းထက်ကျော်လွန်အောင် ကြေမွပျက်စီးသွားသည့်အတွက် ယခုအချိန်မှာ မည်သူကမှ ၎င်း၏ မူလဇာစ်မြစ်ကို ခွဲခြားဖော်ထုတ်နိုင်တော့မည် မဟုတ်ပေ။
ဆူဇီမို၏ ထင်မြင်ချက်အရ သူက ငရဲဖိနှိမ်မီးဖိုကို ပြီးပြည့်စုံအောင် ပြင်ဆင်နိုင်ခဲ့မည်ဆိုလျှင်တောင် ထိုဧကရာဇ်လက်နက်ကို မှတ်မိသိရှိနိုင်မည့်သူက များစွာရှိလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် သူ့ကိုယ်သူ ဣန္ဒြေဆယ်ပြီး သတ္တုတွင်း၏ အောက်ခြေမှာ ဆက်လက်၍ ကျင့်ကြံလိုက်၏။
သူ၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်-၉ မဟူရာအမြုတေနယ်ပယ်ထိ ရောက်ရှိနေခဲ့ပြီဖြစ်၏။
သတ္တုတွင်းထဲမှာ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများက ပြည့်နှက်နေ၏။
အမှားအယွင်းတစ်စုံတစ်ရာမရှိလျှင် သူသည် အဆင့်-၉ မဟူရာအမြုတေနယ်ပယ်၏ အထွတ်အထိပ်ထိ ရောက်ရှိအောင် ကျင့်ကြံဖို့ ပြင်ဆင်ထား၏။
သူက အခွင့်အရေးရမည်ဆိုရင် ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းပြီး ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်လာအောင်ပင် ကြိုးပမ်းရပေလိမ့်မည်။
တစ်နှစ်ကြာပြီးနောက်...။
ဖန်သားမြို့တော်၏ အပြင်ဘက် ခုနှစ်ခုမြောက်အမြုတေစိတ်ဝိညာဥ်သတ္တုတွင်း၏ အောက်ခြေရှိ သတ္တုတွင်းဥမင်တစ်ခုထဲမှာ ဆူဇီမိုသည် ရုတ်တရက် သူ၏ ကျင့်ကြံရာကနေ နိုးထလာခဲ့၏။ သူ၏ မျက်လုံးများက တဖျတ်ဖျတ်လက်နေပြီး သူ၏ အမူအရာက ထူးဆန်းနေ၏။
စောစောက သူသည် တစ်မူထူးခြားသော ရင်တလှပ်လှပ်ခံစားချက်တစ်ခုကို ရရှိခဲ့၏။
ပြီးခဲ့သည့် နှစ်တစ်ထောင်အတွင်း သတ္တုတွင်းသည် အလွန်တရာတည်ငြိမ်အေးချမ်းနေခဲ့ပြီး မည်သူကမှ သူ့ကို မနှောက်ယှက်ရဲခဲ့ပေ။
သတ္တုတွင်းထဲရှိ ကျင့်ကြံသူများအားလုံးက မဟူရာအင်မော်တယ်များဖြစ်ကြပြီး သူ့ကို မခြိမ်းခြောက်နိုင်ပေ။
သို့သော်လည်း ထိုရင်တလှပ်လှပ်ခံစားချက်သည် အလွန်တရာသိသာထင်ရှားနေပြီး အဲ့ဒါက ထင်ယောင်ထင်မှားခံစားချက်တစ်ခု သေချာပေါက်မဟုတ်ပေ။
“ငါတိတ်တဆိတ်ကျင့်ကြံနေတာကို တစ်ယောက်ယောက်က သတိထားမိသွားတာများလား”
ထိုအတွေးက ဆူဇီမို၏ စိတ်ထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် သူက အဲ့ဒါကို ပယ်ချလိုက်၏။
ဤနှစ်များအတွင်း သူသည် အလွန်တရာသတိထားနေခဲ့ပြီး သူ့ကိုယ်သူ လုံးဝထုတ်ဖော်ခဲ့ခြင်း မရှိပေ။ သတ္တုတွင်းထဲရှိ ကျင့်ကြံသူများပင်လျှင် သတ္တုတွင်းဥမင်၏ အနက်ပိုင်းထဲမှာ သူပြုလုပ်နေသည့်အရာကို သိရှိလိမ့်မည် မဟုတ်ပေ။
“ဖြစ်နိုင်တာက...”
ရုတ်တရက် ဆူဇီမိုက ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွား၏။
“အခြေအနေဆိုးပြီ... ပြေးကြတော့”
“လူတစ်ယောက်က ပြီးပြည့်စုံတဲ့လက်သည်းတစ်ဖက်ကို တူးဖော်ထုတ်မိသွားတယ်... အဲ့နားမှာရှိတဲ့လူတွေအကုန်လုံး သေကုန်ကြပြီ”
ထိုစဥ်မှာပင် စူးစူးဝါးဝါး အော်သံတစ်သံက သတ္တုတွင်းဥမင်၏ အပြင်ဘက်ကနေထွက်ပေါ်လာ၏။
ဆူဇီမို၏ အမူအရာက တည်ကြည်လေးနက်သွား၏။
သူသည် သတ္တုတွင်းထဲသို့ မဝင်ရောက်ခင်က ထိုကဲ့သို့ တူညီသောတစ်စုံတစ်ရာကို နှာခေါင်းမဲ့ကျင့်ကြံသူထံမှာ သူက ကြားဖူးထားခဲ့၏။
“ထိုစဥ်တုန်းက လူတစ်ယောက်သည် သွေးတစ်စက်ကို တူးဖော်ထုတ်မိခဲ့ပြီး ထိုသတ္တုတွင်းထဲမှာ ကျင့်ကြံသူပေါင်းသောင်းချီက မြှုပ်နှံခံခဲ့ရ၏။
အဲ့ဒါက ပြီးပြည့်စုံသော လက်သည်းတစ်ဖက်ကို တူးဖော်ထုတ်မိမည်ဆိုလျှင် နောက်ပိုင်းအကျိုးဆက်များက စဥ်းစားကြည့်၍ မရအောင် ဖြစ်လာပေလိမ့်မည်။
“ဘုရားရေ.... အဲ့ဒါက လက်သည်းတစ်ဖက်မဟုတ်ဘူးပဲ”
ထိုစဥ်မှာပင် တုန်ယင်နေသောအသံတစ်သံထွက်ပေါ်လာ၏။
“အဲ့ဒါက ပြီးပြည့်စုံတဲ့ သတ္တဝါတစ်ကောင်ပဲ... အဲ့ဒါက အသက်ရှင်နေသေးတယ်... အား...”
စူးစူးဝါးဝါးအော်သံများက ယတိပြတ်ရပ်တန့်သွား၏။
ဆူဇီမို ရင်တစ်ချက်ထိတ်သွား၏။
အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းထဲကနေ သတ္တဝါတစ်ကောင်းကို တူးဖော်ထုတ်မိခဲ့ပြီဖြစ်သည်။
နှစ်ပေါင်းသိန်းချီကြာပြီးတာတောင် အသားနှင့် အလောင်းတချို့သည် ပုပ်သိုးဆွေးမြည့်ခြင်းမရှိဘဲ ယခုအချိန်ထိ အကောင်းတိုင်းကျန်ရှိနေဆဲ ဖြစ်သည်ဟု နှာခေါင်းမဲ့ကျင့်ကြံသူက တစ်ခါပြောခဲ့ဖူး၏။ ထိုအသားနှင့် အလောင်းများထဲတွင်ပါဝင်သော စွမ်းအားများက ဘယ်လောက်တောင်ကြောက်စရာကောင်းမလဲ စဥ်းစားကြည့်နိုင်၏။
နှစ်ပေါင်းမရေမတွက်နိုင်အောင်ကြာမြင့်ပြီးနောက် အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းအောက်မှာ ရှေးဟောင်းသတ္တဝါတစ်ကောင်က နိုးထလာခဲ့ပြီဖြစ်၏။
ရုတ်တရက် ဆူဇီမိုသည် တစ်စုံတစ်ရာကို အမှတ်ရသွားပြီး အလိုလိုလှမ်းကြည့်လိုက်၏။ သူသည် မလှမ်းမကမ်းတွင်ရှိသော သတ္တုတွင်းဥမင်၏ ကျောက်သားနံရံကို တိတ်တဆိတ်စိုက်ကြည့်လိုက်၏။
လွန်ခဲ့သည့်နှစ်တစ်ရာကျော်က သူသည် ကျောက်သားနံရံတစ်ခုကို တူးဖော်ထုတ်မိခဲ့၏။
သူက ကျောက်စိမ်းဂေါ်ပြားကို အောက်သို့ထိုးစိုက်တော့မည့်ဆဲဆဲမှာပင် ဘာကြောင့်ရယ်မသိ သူ၏ အာရုံခံသတိစိတ်က သူ့ကို ထပ်တလဲလဲသတိပေးလာခဲ့၏။
အဲ့ဒါက အလွန်တရာအန္တရာယ်ရှိသည်ဟု ပြောဆိုနေခဲ့ခြင်းဖြစ်၏။
သူက မဆင်မခြင်ပြုမူရဲခြင်း မရှိခဲ့ပေ။ ထိုအစား သူက တမလွန်မီးရောင်နှင့် မီးပဒေသာမျက်လုံးကို လှည့်ပတ်ခဲ့၏။ သူ၏ ဘယ်ဘက်မျက်လုံးက နက်မှောင်သွားပြီး သူ၏ ညာဘက်မျက်လုံးက ဖြူဖွေးသွားကာ ကျောက်သားနံရံကို စိုက်ကြည့်ခဲ့၏။
ပုံမှန်အခြေအနေမှာဆိုလျှင် သတ္တုတွင်းဧရိယာထဲရှိ ကျောက်သားများ၏ မျက်နှာပြင်ပေါ်မှာ တစ်မူထူးခြားသော ကျောက်သားအရေပြားတစ်ခုရှိလေသည်။
အမြင်အာရုံကို မပြောနှင့် စိတ်ဝိညာဥ်အသိစိတ်ပင်လျှင် အဲ့ဒါကို မထိုးဖောက်နိုင်ပေ။
သို့သော်လည်း ဤနှစ်များအတွင်း ဆူဇီမိုသည် သူ၏ မီးပဒေသာမျက်လုံးနှင့် တမလွန်မီးရောင်မျက်လုံးကို တစ်ချိန်တည်းမှာ လှည့်ပတ်ထားပါက သူသည် ကျောက်သားနံရံအရေပြားကို ထိုးဖောက်၍ အထဲမှာရှိသောအရာများကို ခပ်ရေးရေးမြင်နိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့၏။
ထိုရှာဖွေတွေ့ရှိမှုက သူ့ကို ကျေနပ်သဘောကျသွားစေခဲ့၏။
ထိုသို့ဖြင့် သူသည် သတ္တုတွင်းဥမင်ထဲရှိ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများရှိရာနေရာကို အလွယ်တကူတွေ့မြင်နိုင်ပြီး သူတို့ကို တူးဖော်ထုတ်ကာ သူ့ကိုအချိန်များစွာသက်သာစေခဲ့၏။
ထိုအချိန်တုန်းက သူသည် သူ၏ တမလွန်မီးရောင်မျက်လုံးနှင့် မီးပဒေသာမျက်လုံးကိုအသုံးချကာ ကျောက်သားနံရံကို စိုက်ကြည့်ခဲ့၏။
ကျောက်သားအရေပြားကနေတစ်ဆင့် သူသည် အထဲမှာရှိသော ခပ်ရေးရေးအဖြူရောင်အရိပ်တစ်ခုကို တွေ့မြင်ခဲ့၏။ အဲ့ဒါက ဆယ်ပေကျယ်ပြီး အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများနှင့် မတူပေ။
သတိထားသည့်အနေဖြင့် ဆူဇီမိုသည် ထိုကျောက်သားနံရံကို ဆက်လက်၍ တူးဖော်ထုတ်ခြင်း မပြုလုပ်ခဲ့ပေ။ ထိုအစား သူက ဦးတည်ဘက်ကို ပြောင်းလဲပြီး အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို စုဆောင်းကာ ဆက်လက်၍ ကျင့်ကြံနေခဲ့၏။
သို့သော်ယခု... သတ္တုတွင်း၏ အောက်ခြေမှာ ကပ်ဘေးတစ်ခုက ဖြစ်ပွားလာခဲ့ပြီး ဆူဇီမိုက ထိုကိစ္စကို ပြန်လည်အမှတ်ရသွား၏။
အပြင်ဘက်ရှိ ကြောက်စရာကောင်းသော အော်ဟစ်သံများက တဖြည်းဖြည်းစဲသွားပြီ သိပ်မကြာခင် တိတ်ဆိတ်ငြိမ်သက်သွား၏။
ဆူဇီမို၏ အာရုံငါးပါးက ထက်ရှပြီး သန်မာအားကောင်းသောသွေးနံ့ကိုပင် သူက ရရှိလိုက်ပြီဖြစ်၏။
သူက မဆင်မခြင်ပြုမူရဲခြင်း မရှိပေ။ ထိုအစား သူ၏ အော်ရာကို ရုပ်သိမ်းပြီး သူက အသက်အောင့်ထား၏။ သူ၏ နှလုံးခုန်သံကို ၎င်း၏ အကန့်အသတ်ထိ လျှော့ချပြီး သူ၏ မျိုးဆက်သွေးစီးဆင်းမှုကိုလည်း အလွန်တရာနှေးကွေးသွားစေ၏။
သူသည် သတ္တုတွင်းဥမင်အနက်ပိုင်းထဲမှာ သက်မဲ့ကျောက်တုံးတစ်တုံးကဲ့သို့ မလှုပ်မယှက်ပုန်းကွယ်နေ၏။
ဆူဇီမိုက စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေခဲ့၏။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။
တစ်နာရီကြာသွားခဲ့၏။
ထိုရှေးဟောင်းသတ္တဝါက ထွက်ခွာသွားလောက်ပြီဟု ဆူဇီမိုက အကဲဖြတ်လိုက်၏။
သတိထားသည့်အနေဖြင့် သူက မလှုပ်မယှက်ရပ်နေပြီး တိတ်တဆိတ်ဖြင့် ဆက်လက်စောင့်ဆိုင်းနေ၏။
နှစ်နာရီကြာပြီးနောက် မည်သည့်ပြုမူလှုပ်ရှားမှုမှ ရှိမလာသောအခါ ဆူဇီမိုသည် သက်ပြင်းရှည်တစ်ချက်ချပြီး သူ၏ အမူအရာက ပြေလျော့သွား၏။