← Chapters

အစိမ်းရောင်တိမ်စိုင်တိုင်းပြည် ဘုရင်ခံ

Vol. 129 Ch. 1925

အစိမ်းရောင်တိမ်စိုင်တိုင်းပြည် ဘုရင်ခံ

Vol. 129 Ch. 1925

ဆူဇီမို၏ ခြေထောက်ထဲရှိ အဆိပ်များကို ဖယ်ထုတ်ပေးပြီးနောက် နှင်းဖြူရောင်လိပ်ပြာက သူ့ကို အကြိမ်ရေ အနည်းငယ် ထပ်မံလှည့်ပတ်ပြီး တွေဝေတုံ့ဆိုင်းနေပုံရ၏။

နှင်းဖြူရောင်လိပ်ပြာသည် တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသော်လည်း ဆူဇီမိုသည် သူ့ထံမှ စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စကို ခံစားမိနိုင်၏။

ဤလိပ်ပြာက အရမ်းကို သန်မာလွန်းသည်။ ဘယ်အရာက သူ့ကို စိုးရိမ်ပူပန်စေတာပါလဲ။

ဆူဇီမိုသည် ယခင်က သူကြားခဲ့ရသော စကားသံအချို့ကို ပြန်လည်အမှတ်ရသွား​ပြီး ရင်တစ်ချက်ထိတ်သွားသည်။ ဤစိတ်ဝိညာဉ်သတ္တုတွင်း မတော်တဆ ဖြစ်ရပ်အတွက် အစိမ်းရောင်တိမ်စိုင်တိုင်းပြည် ဘုရင်ခံက ဤနေရာသို့ ကိုယ်တိုင်လာနေပြီဟု ဆိုလေသည်။

သူက ပကတိအင်မော်တယ်ပညာရှင်တစ်ယောက် ဖြစ်သည်။

သို့သော်လည်း နှင်းဖြူရောင်လိပ်ပြာသည် ယခုမှ နိုးထလာကာစဖြစ်ပြီး သူ၏ ခွန်အား အပြည့်အဝကို ပြန်လည်မရရှိသေးပေ။ သူက အစိမ်းရောင်တိမ်စိုင်တိုင်းပြည် ဘုရင်ခံကို စိုးရိမ်ပူပန်နေတာ ဖြစ်ကောင်းဖြစ်နိုင်၏။

နှင်းဖြူရောင်လိပ်ပြာက သူ့ဘက်ကနေ ရပ်တည်ဖို့ ဆူဇီမိုက မျှော်လင့်မိသည်။

ဤကဲ့သို့ ရှေးဟောင်းသတ္တဝါတစ်ကောင်ကို အပေါင်းအဖော်အဖြစ် ရရှိထားပါက သူသည် ဖန်သားမြို့တော်ကို မပြောနှင့် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်တစ်ခုလုံးကိုပင် လှည့်ပတ်သွားလာနိုင်လောက်၏။

သို့သော်လည်း ဤနှင်းဖြူရောင်လိပ်ပြာသည် နိုးထလာခဲ့ပြီးနောက် ဘုံရန်သူတစ်ယောက် ဖြစ်လာခဲ့သည်ကို ဆူဇီမိုက ကောင်းကောင်းသိထား၏။

အစိမ်းရောင်တိမ်စိုင်တိုင်းပြည်တစ်ခုလုံး၏ အင်အားက ရောက်ရှိလာပြီး သူ့ကို ဝန်းရံတိုက်ခိုက်လာနိုင်၏။

ထိုအချိန်ကျလျှင် နှင်းဖြူရောင်လိပ်ပြာသာမက သူပင်လျှင် ထိုစွမ်းအားဖြင့် ဖျက်ဆီးခြင်းကို ခံရနိုင်၏။

ဆူဇီမိုက စဉ်းစားတွေးတောနေစဉ် နှင်းဖြူရောင်လိပ်ပြာက ၎င်း၏ တောင်ပံများကို ခတ်ပြီး အဝေးတစ်နေရာသို့ ပျံသန်းကာ သိပ်မကြာခင် သတ္တုတွင်းထဲကနေ ပျောက်ကွယ်သွား၏။

ဆူဇီမိုက နှင်းဖြူရောင်လိပ်ပြာ ထွက်ခွာသွားသည်ကို တွေ့ရသောအခါ စိတ်ပျက်မှုတချို့ကို ခံစားလိုက်ရဆဲဖြစ်၏။

တျဲယွဲ့၏ အစစ်အမှန် ပုံစံကလည်း လိပ်ပြာမျိုးနွယ် ဖြစ်သည်။

ထို့ကြောင့် ဆူဇီမိုသည် နှင်းဖြူရောင်လိပ်ပြာအပေါ် ကောင်းမွန်သော ထင်မြင်ချက်တချို့ ရှိနေ၏။

ဒါ့အပြင် နှင်းဖြူရောင်လိပ်ပြာက သူ၏ ဒဏ်ရာကို ကုသပေးခဲ့သည့် အကြောင်းရင်းမှာ ထိုသတ္တဝါသည် သူ့ထံမှ တူညီသော မျိုးနွယ်၏ အော်ရာကို​ အာရုံခံမိခဲ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

“သွားပါ… ဒီကပ်ဘေးကနေ ခင်ဗျား လွတ်မြောက်နိုင်ဖို့ ကျုပ် မျှော်လင့်မိတယ်”

ဆူဇီမိုက နှင်းဖြူရောင်လိပ်ပြာ ထွက်သွားရာဘက်သို့ ကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။

“နောင်တစ်ချိန် ကျုပ်တို့ ပြန်တွေ့နိုင်ဦးမလား”

ထိုတိုက်ပွဲအပြီး၌ သတ္တုတွင်းက အပျက်အစီးပုံဘဝ ကျရောက်သွားပြီး အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲနေ၏။

အလောင်းများကြားမှာ ​ကြေမွနေသော ရေခဲတုံးတချို့ ရှိလေသည်။

ထိုရေခဲတုံးများသည် စောစောက သေဆုံးသွားသော ကမ္ဘာမြေအင်မော်တယ် ရာချီ၏ အလောင်းများ ဖြစ်လေသည်။

နှင်းဖြူရောင်လိပ်ပြာ ထွက်ခွာ၍ အချိန်တစ်ခု ကြာပြီးနော​က် သတ္တုတွင်းထဲရှိ အပူချိန်က ပုံမှန်အတိုင်း ပြန်ဖြစ်လာသော်လည်း ထိုရေခဲတုံးများက အရည်ပျော်ကျမလာခဲ့ပေ။

ဆူဇီမိုက ရေခဲတုံးများကြားမှာ သိုလှောင်အိတ်တချို့ကို တွေ့လိုက်ရ၏။

ကမ္ဘာမြေအင်မော်တယ် ရာချီ၏ သိုလှောင်အိတ်များက သေးငယ်သော ပမာဏ မဟုတ်ပေ။

သို့သော်လည်း အတန်ကြာ စဉ်းစားတွေးတောပြီးနောက် ဆူဇီမိုက ထိုပစ္စည်းများကို မထိဖို့ ဆုံးဖြတ်လိုက်၏။

ဤနေရာက ဖန်သားမြို့တော်နှင့် သိပ်မကွာဝေးပေ။

ပို၍ ပို၍ စွမ်းအားကြီးမားသော ကျင့်ကြံသူများက ဤနေရာသို့ လာနေကြပြီဖြစ်သည်။

သူသည် ဤနေရာကနေ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလား မသိရသေးပေ။

သူသည် ရာနှင့်ချီသော သိုလှောင်အိတ်များကို ယူဆောင်သွားမည်ဆိုလျှင် သူက မထင်မှတ်ထားသော ပြဿနာများနှင့် ကြုံတွေ့ရဖို့ ဖြစ်နိုင်ခြေများသည်။

ဂရုတစိုက် စစ်ဆေးအကဲခတ်၍ ရှေ့မှာ မည်သည့် အန္တရာယ်မှ မရှိသည်ကို သေချာပြီးမှ ဆူဇီမိုက အပြင်ဘက်သို့ ဦးတည်လိုက်၏။

“တိုင်းပြည်ဘုရင်ခံ.. ခင်ဗျားက တော်တော် အစွမ်းထက်တာပဲ.. အဲဒီ သွေးနီရောင်ပင့်ကူက လူပေါင်းသိန်းချီနဲ့ ကျုပ်ရဲ့ ကျင့်ကြံသူ တစ်သောင်းနီးပါးကို သတ်ဖြတ်ခဲ့တယ်… ခင်ဗျားကြောင့်သာ မဟုတ်ရင် နောက်ပိုင်း အကျိုးဆက်တွေက စဉ်းစားကြည့်လို့တောင် ရမှာ မဟုတ်ဘူး”

သတ္တုတွင်း၏ အပြင်ဘက်မှာ ဖန်သားမြို့တော်၏ မြို့တော်အရှင် လျှိုယွီက ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကို အနည်းငယ် ဦးညွှတ်ထား၏။

သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ မီးခိုးရောင် ဆံပင်များ ရှိပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ လေထဲမှာ မလှုပ်မယှက် ရပ်နေ၏။ သူ၏ မျက်လုံးများက နက်ရှိုင်း၍ ခံ့ညားသော အော်ရာတစ်ခုကို ထုတ်ဖော်နေ၏။

သူက အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ ဘုရင်ခံ၊ ပကတိအင်မော်တယ် ကျင်းယွဲ့ ဖြစ်လေသည်။

ပကတိအင်မော်တယ် ကျင်းယွဲ့သည် ဖန်သားမြို့တော်မှာ တစ်စုံတစ်ရာ ဖြစ်ပွားလာသည်ကို ကြားရသောအခါ ပို့ဆောင်ရေး ဝင်္ကပါတစ်ခုကို အသုံးပြုပြီး ဤနေရာသို့ ချက်ချင်းပင် ရောက်လာခဲ့၏။

သူတိုက်ခိုက်လိုက်သည့် အချိန်မှာပင် သူက သွေးနီရောင်ပင့်ကူကို အရှင်ဖမ်းဆီးနိုင်ခဲ့၏။

ပကတိအင်မော်တယ် သတ္တဝါများက ရတနာများဖြင့် ပြည့်နှက်နေ၏။

သူသည် သွေးနီရောင်ပင့်ကူကို မဖိနှိမ်နိုင်ဘူးဆိုလျှင်တောင် သူက ၎င်းကို သတ်ဖြတ်နိုင်ပါက အကျိုးအမြတ်ကြီးမားစွာ ရရှိပေလိမ့်မည်။

ကျင်းယွဲ့က သွေးနီရောင်ပင့်ကူကို ကိုင်တွယ်ဖို့ အလောတကြီး ရှိမနေဘဲ ဤနေရာသို့ ရောက်လာခဲ့၏။

အခြားတစ်ဖက်မှာ နှင်းဖြူရောင်လိပ်ပြာ၏ သတ်ဖြတ်ကွက်ကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့သော ချပ်ဝတ်တန်ဆာဝတ် အမျိုးသားက ဖြူဖပ်ဖြူရော် အမူအရာတစ်ခု ရှိနေပြီး သတ္တုတွင်းထဲမှ မြင်ကွင်းကို ပြန်ပြောပြနေ၏။

“ငါထင်တာ မမှားဘူးဆိုရင် အဲဒါက ရေခဲလိပ်ပြာ ဖြစ်လိမ့်မယ်”

ပကတိအင်မော်တယ် ကျင်းယွဲ့က လေးနက်သော အသံဖြင့် ပြောလိုက်၏။

“လိပ်ပြာအများစုက အားနည်းပြီးတော့ ခြိမ်းခြောက်နိုင်စွမ်း သိပ်မရှိကြဘူး.. ဒါပေမဲ့ သူတို့ထဲမှာလည်း ပညာရှင်တချို့ ရှိတယ်.. ဧကရာဇ်လိပ်ပြာမျိုးရိုးနဲ့ ရေခဲလိပ်ပြာမျိုးရိုးက အသန်မာဆုံးတွေထဲမှာ ပါတယ်”

“အဲဒီ ရေခဲလိပ်ပြာက ချိပ်ပိတ်မခံထားရခင် ပကတိဧကနယ်ပယ်မှာ ရှိခဲ့လိမ့်မယ်လို့ ငါထင်တယ်”

ပကတိဧကနယ်ပယ်မှ ကျင့်ကြံသူများသည် ပကတိအင်မော်တယ်များ ဖြစ်ကြသည်။

တစ်နည်းအားဖြင့်ဆိုလျှင် ဤရေခဲလိပ်ပြာသည် တစ်ခါက ပကတိအင်မော်တယ်အဆင့် သက်ရှိဖြစ်ခဲ့လေသည်။

လျှိုယွီ၊ ချပ်ဝတ်တန်ဆာဝတ် အမျိုးသားနှင့် အခြားသူများက စိုးရိမ်ထိတ်လန့်သည့်ပုံပေါ်လာ၏။

ပကတိအင်မော်တယ် ကျင်းယွဲ့က ညင်သာစွာ ပြုံးလိုက်၏။

“မင်းတို့တွေ စိုးရိမ်နေစရာ မလိုဘူး.. အဲဒီ ရေခဲလိပ်ပြာကို ချိပ်ပိတ်ထားခဲ့တာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာခဲ့ပြီ… သူက အခုမှ နိုးထလာခါစဆိုတော့ သူ့ရဲ့ အထွတ်အထိပ်ခွန်အားကို ပြန်ရဖို့ အချိန်အများကြီး ယူရဦးမယ်”

“အဲဒီ ရေခဲလိပ်ပြာ ပြသခဲ့တဲ့ နည်းလမ်းအရဆိုရင် သူက ကောင်းကင်အင်မော်တယ်နယ်ပယ်မှာပဲ ရှိနေဦးမယ်.. ဘာမှ ကြောက်စရာ မရှိဘူး”

ပကတိအင်မော်တယ် ကျင်းယွဲ့က လေးနက်သော အသံဖြင့် ပြောလိုက်၏။

“လျှိုယွီ.. ငါ့အမိန့်ကို ဖြန့်ပေးလိုက်.. ဖန်သားမြို့တော်က အစောင့်တပ်သားတွေနဲ့ ကမ္ဘာမြေအာဏာပါးကွက်သား အစောင့်တပ်သားတွေကို စုစည်းပြီး အဲဒီ ရေခဲလိပ်ပြာကို လိုက်ရှာကြ”

“အဲဒီ ရေခဲလိပ်ပြာက သိပ်ဝေးဝေး သွားနိုင်ဦးမှာ မဟုတ်ဘူး.. မင်းတို့ သတင်းတစ်ခုခု ရတာနဲ့ ငါ့ဆီကို တင်ပြကြ”

ပကတိအင်မော်တယ် ကျင်းယွဲ့က မထိုးဖောက်နိုင်သော ထောင်ချောက်တစ်ခုကို အတတ်နိုင်ဆုံး ကြိုးစား၍ ခင်းကျင်းပြီး ရေခဲလိပ်ပြာကို ခြေရာခံလိုက်၏။

အစိမ်းရောင်တိမ်စိုင်တိုင်းပြည်က ကြီးမားသော်လည်း ရေခဲလိပ်ပြာက သိသာထင်ရှားသော ပစ်မှတ်တစ်ခု ဖြစ်နေ၏။

သူသည် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ကနေ မထွက်နိုင်သေးသရွေ့ ရေခဲလိပ်ပြာအနေဖြင့် ပကတိအင်မော်တယ် ကျင်းယွဲ့၏ ထောက်လှမ်းမှုကို ရှောင်လွှဲနိုင်ဖို့ ခက်ခဲပေလိမ့်မည်။

တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား လျှိုယွီက သူ၏ ကိုယ်ရံတော် အစောင့်တပ်သားများထဲမှ တစ်ယောက်ကို ပြောဆိုညွှန်ကြားလိုက်၏။

“သတ္တုတွင်အောက်မှာရှိတဲ့ လူတိုင်းက သေကုန်ကြပြီ.. အဲဒီမှာ ရာနဲ့ချီတဲ့ ကမ္ဘာမြေအင်မော်တယ်တွေလည်း ပါတယ်.. အောက်ကို ဆင်းပြီး တိုက်ပွဲမြေကို ရှင်းလင်းလိုက်.. အရေးကြီးဆုံးကတော့ ကမ္ဘာမြေအင်မော်တယ်တွေရဲ့ သိုလှောင်အိတ်တွေကို ပြန်ယူလာခဲ့”

“နားလည်ပါပြီ”

ကိုယ်ရံတော် အစောင့်တပ်သားက အမိန့်ကို နာခံလိုက်၏။

ပကတိအင်မော်တယ် ကျင်းယွဲ့ကလည်း ထွက်ခွာဖို့ ပြင်ဆင်လိုက်သည်။

ထိုစဉ်မှာပင် သူက သူ၏ ခြေလှမ်းကို ရုတ်တရက် ရပ်တန့်ပြီး ဖြည်းဖြည်ချင်း လှည့်ကြည့်လိုက်၏။ သူက သူ၏ အောက်ဘက် မလှမ်းမကမ်းတွင် ရှိသော သတ္တုတွင်း ဧရိယာကို ကြည့်ပြီး မျက်မှောင် အနည်းငယ်ကြုတ်နေ၏။

“ဘာများဖြစ်လို့လဲ”

လျှိုယွီက ပကတိအင်မော်တယ် ကျင်းယွဲ့၏ ထူးဆန်းသော အမူအရာကို တွေ့မြင်သောအခါ အလောတကြီး မေးမြန်းလိုက်၏။

ပကတိအင်မော်တယ် ကျင်းယွဲ့က မလှမ်းမကမ်းမှာ ရှိသော သတ္တုတွင်းကို လက်ညှိုးထိုးကာ မေးလိုက်သည်။

“အဲဒီ ရေခဲလိပ်ပြာက အဲဒီ သတ္တုတွင်းထဲကနေ ထွက်လာတာလား”

“လုံးဝ အမှန်ပါပဲ”

ချပ်ဝတ်တန်ဆာဝတ် အမျိုးသားက အလောတကြီး ပြောဆိုလိုက်၏။

“အဆင့်ကိုး ကမ္ဘာမြေအင်မော်တယ်တွေ အပါအဝင် ကျုပ်လက်အောက်မှာ ရှိတဲ့ ရာနဲ့ချီတဲ့ ကျင့်ကြံသူတွေက အဲဒီ ရေခဲလိပ်ပြာရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်.. အဲဒါက မှားစရာ လုံးဝ မရှိဘူး”

“အဲ့လိုသာဆိုရင် ဒီသတ္တုတွင်းထဲမှာ အသက်ရှင်ကျန်ရစ်သူ မရှိလောက်တော့ဘူးပေါ့”

ပကတိအင်မော်တယ် ကျင်းယွဲ့က ညင်သာစွာ မေးလိုက်၏။

“သူတို့ အကုန်လုံး သေချာပေါက် သေကုန်ကြပါပြီ”

ချပ်ဝတ်တန်ဆာဝတ် အမျိုးသား မပြောနိုင်ခင်မှာပင် လျှိုယွီက ပြောလိုက်၏။

“ဒီသတ္တုတွင်းထဲမှာ ရှိတဲ့ လူတွေက မဟူရာအင်မော်တယ်နယ်ပယ်မှာ ရှိတဲ့ နိမ့်ကျသက်ရှိတွေပဲ… ဒီလောက် စွမ်းအားကြီးမားတဲ့ သက်ရှိတွေကို တူးဖော်ထုတ်မိပြီးတဲ့နောက် တစ္ဆေတွေပဲ ကျန်ခဲ့နိုင်လိမ့်မယ်”

“တစ္ဆေလား”

ပကတိအင်မော်တယ် ကျင်းယွဲ့က မလှမ်းမကမ်းတွင် ရှိသော သတ္တုတွင်း ဥမင်တစ်ခုကို ပြုံးစစဖြင့် စိုက်ကြည့်နေ၏။

“တိုင်းပြည်ဘုရင်ခံ.. အဲဒီထဲမှာ တစ်ယောက်ယောက် အသက်ရှင်နေသေးတယ်လို့ ခင်ဗျား ပြောချင်တာလား”

လျှိုယွီက တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုဖြင့် မေးမြန်းလိုက်၏။

သူ့စကား မဆုံးသေးခင်မှာပင် သတ္တုတွင်းထဲကနေ အားအင်ချိနဲ့နေသော လူတစ်ယောက်က ဖက်တက်လာသည်ကို ခပ်ရေးရေး မြင်လိုက်ရ၏။

ဆူဇီမိုသည် လိုဏ်ဂူ၏ ဝင်ပေါက်ဝသို့ ရောက်ရှိလာစဉ် သူက တစ်စုံတစ်ရာ လွဲမှားနေသည်ကို အာရုံခံမိလိုက်၏။

အပြင်ဘက်မှာ စွမ်းအားကြီးမားသော အော်ရာများစွာ ရှိနေ၏။

သို့သော်လည်း တစ်ချိန်တည်းမှာပင် အသန်မာဆုံး​ အော်ရာများထဲမှ တစ်ခုက သူ့ကို မမှိတ်မသုန် စောင့်ကြည့်နေသည်ကို အာရုံခံမိလိုက်၏။

ထိုအခိုက်အတန့်မှာ သူက နောက်ဆုတ်ဖို့အတွက် နောက်ကျလွန်းသွားခဲ့လေပြီ။

ဆူဇီမိုသည် အံကိုသာ တင်းတင်းကြိတ်ပြီး ထွက်လာခဲ့ရ၏။

သတ္တုတွင်း၏ အပြင်ဘက်တွင်…

ပညာရှင်များစွာက လေထဲမှာ မတ်တတ်ရပ်နေကြ၏။ အဲဒီမှာ ကမ္ဘာမြေအင်မော်တယ်များ၊ ကောင်းကင်အင်မော်တယ်များ၊ ထွက်ပြေးလွတ်မြောက်သွားခဲ့သော ချပ်ဝတ်တန်ဆာဝတ် အမျိုးသားနှင့် ဖန်သားမြို့တော်၏ မြို့တော်အရှင် ရှိနေ၏။

ထိုအခိုက်အတန့်မှာ သူတို့အားလုံးသည် ပြူးကျယ်နေသော မျက်လုံးများနှင့်အတူ ဆူဇီမိုကို မယုံကြည်နိုင်စွာ ကြည့်နေကြ၏။

သူတို့က တစ္ဆေတစ်ကောင်ကို မြင်တွေ့နေရသည့်အလားပင်။

ထိုလူများ၏ ရှေ့မှာ မီးခိုးရောင်ဆံပင်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က စိတ်ဝင်စားသော တောက်ပနေသော မျက်လုံးများနှင့်အတူ ဆူဇီမိုကို ကြည့်နေ၏။

All Chapters