← Chapters

အမဲလိုက် စုဝေးပွဲ

Vol. 129 Ch. 1926

အမဲလိုက် စုဝေးပွဲ

Vol. 129 Ch. 1926

“အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”

လေထဲတွင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားက တုန်လှုပ်သွား၏။

အလွန်တရာ ကြောက်စရာကောင်းသော သတ္တဝါနှစ်ကောင်က သတ္တုတွင်းထဲကနေ ထွက်ပေါ်လာခဲ့ပြီး နှင်းဖြူရောင်လိပ်ပြာက သူ့ကို သတ်ဖြတ်နိုင်ခဲ့လုနီးပါးပင်။

သူ့လိုမျိုး ကောင်းကင်အင်မော်တယ်တစ်ယောက်ပင်လျှင် သတ္တုတွင်းထဲမှာ သေလုမတတ် ဖြစ်ခဲ့ရ၏။ သို့သော်လည်း ဤမဟူရာအင်မော်တယ်က အသက်ရှင်လျက် ထွက်လာနိုင်ခဲ့သည်။

“စိတ်ဝင်စားစရာပဲ”

ပကတိအင်မော်တယ် ကျင်းယွဲ့က ရယ်မောလိုက်၏။

“မင်းရဲ့ နာမည်ကို ပြောစမ်း”

ဖန်သားမြို့တော်၏ မြို့တော်အရှင် လျှိုယွီက လေးနက်သော အသံဖြင့် မေးလိုက်၏။

ဆူဇီမိုသည် ဤကဲ့သို့သော အခြေအနေနှင့် လူတိုင်း၏ ရှေ့မှာ ဤနေရာကနေ ထွက်သွားနိုင်ဖို့က မဖြစ်နိုင်ပေ။ သူက သူ့ကိုယ်သူ ဣန္ဒြေဆည်ပြီး လက်နှစ်ဖက်ကို ယှက်လိုက်၏။

“ကျုပ်က ဆူဇီမိုပါ.. အောက်ဘုံကနေ တက်လှမ်းလာခဲ့တာ… အဆင့်မြင့်အင်မော်တယ်တို့ကို နှုတ်ဆက်ပါတယ်”

“ဆိုတော့ မင်းက နိမ့်ကျသက်ရှိတစ်ကောင်ပေါ့”

ဆူဇီမို၏ စကားကို ကြားသောအခါ များစွာသော ပညာရှင်များက အထင်အမြင်သေးစွာဖြင့် နှုတ်ခမ်းစူလိုက်ကြ၏။

လက်ရှိ အားနည်းသော ကျင့်ကြံသူများမှာ ကမ္ဘာမြေအင်မော်တယ်များ ဖြစ်ကြသည်။

ဆူဇီမိုက အဆင့်ကိုး မဟူရာအင်မော်တယ်တစ်ယောက် ဖြစ်သော်လည်း သူက သူတို့၏ စိတ်အာရုံကို ရရှိဖို့ မထိုက်တန်ပေ။

ဆူဇီမိုက လူတိုင်း၏ တုံ့ပြန်မှုကို တွေ့မြင်လိုက်ရ၏။

အထက်ဘုံ၏ ပတ်ဝန်းကျင်က သူ တွေးထင်ထားသည်ထက်ပင် များစွာပိုမိုခက်ခဲနေ၏။

သူတို့သည် အောက်ဘုံလောကများမှာ မည်သို့သော အောင်မြင်မှုများကို ရရှိထားသည်ဖြစ်စေ.. ကောင်းကင်ဘုံကပ်ဘေး ဘယ်နှစ်ခုကို ဖြတ်ကျော်လာခဲ့သည်ဖြစ်စေ… သူတို့မှာ ပါရမီ အရည်အချင်း ဘယ်လောက်ရှိသည်ဖြစ်စေ… သူတို့သည် အောက်ဘုံမှ တက်လှမ်းလာသူများ ဖြစ်နေသရွေ့ သူတို့က လှောင်ပြောင်ခြင်း၊ ထေ့ငေါ့ခြင်း၊ အရှက်ခွဲခြင်းနှင့် ဤနေရာမှာ ကျွန်ပြုခြင်းကိုပင် ခံရပေလိမ့်မည်။

အထက်ဘုံမှာ ထိုကျင့်ကြံသူများ၏ မျက်လုံးများထဲမှာ သူတို့သည် အောက်ဘုံမှ တက်လှမ်းလာသော ကျင့်ကြံသူများကို လူသားများဟုပင် ရှုမြင်ခြင်း မရှိပေ။

ဆူဇီမိုက အသံတိတ်နေ၏။

သူ၏ လက်ရှိကျင့်ကြံမှုအရ သူ့အနေဖြင့် အခြေအနေကို ပြောင်းလဲဖို့ မပြောနှင့်.. သူ့ကိုယ်သူ ကာကွယ်ဖို့ပင် မဖြစ်နိုင်ပေ။

လျှိုယွီက ထက်ရှသော အကြည့်ဖြင့် ဆူဇီမိုကို စေ့စေ့စပ်စပ် ကြည့်ရှုနေသော်လည်း ထူးခြားမှု တစ်စုံတစ်ရာကို မတွေ့ရပေ။

ဤအဆင့်ကိုး မဟူရာအင်မော်တယ်သည် အလွန်တရာ သာမန်ဆန်ပြီး မော်တယ်လောကမှာ ခြိမ်းခြောက်နိုင်စွမ်း မရှိသော စာပေသမားတစ်ယောက်နှင့် တူနေ၏။

ဆူဇီမိုသည် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးကို ဖုံးကွယ်ထားခဲ့ပြီဖြစ်၏။

နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာတုန်းက သူက အစိမ်းရောင်ကြာပန်း မျိုးဆက်သွေးကို ထုတ်ဖော်မည်ဆိုလျှင်တောင် မည်သူကမှ အဲဒါကို သိရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာတော့ အခြေအနေက မတူတော့ပေ။

ဒါ့အပြင် ဦးဆောင်လာသော မီးခိုးရောင်ဆံပင်နှင့် အမျိုးသားက အံ့မခန်းပုံစံပေါက်ပြီး သူက ဒဏ္ဍာရီလာ အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ ဘုရင်ခံ ဖြစ်ဖို့များလေသည်။

“မင်းလိုမျိုး မဟူရာအင်မော်တယ်တစ်ယောက်က အသက်ရှင်လျက် ဘယ်လိုလုပ်ပြီး ထွက်လာနိုင်ခဲ့တာလဲ”

လျှိုယွီက သူ၏ မျက်လုံးကို မှေးကျဉ်းပြီး အေးစက်စွာ မေးလိုက်၏။

ဆူဇီမိုက မှားယွင်းစွာ ပြန်ဖြေမိလျှင် သူက နောက်ခဏ၌ ထိုသူကို တိုက်ခိုက်တော့မည့်အလား ကောင်းကင်အင်မော်တယ်ပညာရှင်တစ်ယောက်၏ စွမ်းပကားကို သူက ထုတ်ဖော်ထား၏။

ဖန်သားမြို့တော်က အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ အုပ်ချုပ်မှုအောက်တွင် အရေးပါသော မြို့တစ်မြို့ ဖြစ်သည်။

ဖန်သားမြို့တော်၏ မြို့တော်အရှင်ဖြစ်လာနိုင်သူ မည်သူမဆို သတ်ဖြတ်ရာမှာ ပြတ်သားပြီး သူတို့၏ လက်များက သွေးများစွာဖြင့် စွန်းထင်းနေခဲ့ပေလိမ့်မည်။

“အဲဒါက ကံကောင်းသွားလို့ပါ.. ကျုပ်က တိုက်တိုက်ဆိုင်ဆိုင် ကံကောင်းစွာနဲ့ အဲဒီကနေ ရှင်သန်နိုင်ခဲ့တာပါ”

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။

“အစကတော့ ကျုပ်က သွေးနီရောင်ပင့်ကူရဲ့ သတ်ဖြတ်ခြင်း ခံရတော့မလို့ပဲ.. မထင်မှတ်ထားစွာနဲ့ နှင်းဖြူရောင်လိပ်ပြာတစ်ကောင်က ရုတ်တရက် နိုးထလာပြီးတော့ အဲဒီရှေးဟောင်းသတ္တဝါနှစ်ကောင်က တိုက်ခိုက်ခဲ့ကြတယ်…..”

ဆူဇီမိုသည် နှင်းဖြူရောင်လိပ်ပြာက သူ့ကို ကုသပေးခဲ့သည့်အချက်ကို ကျော်ပြီး သတ္တုတွင်းအောက်ခြေမှ မြင်ကွင်းများကို​ ပြန်ပြောပြလိုက်၏။

သူ၏ စကားလုံးများမှာ မည်သည့်ဟာကွက်မှ မရှိပေ။ ဆူဇီမိုက အဲဒါကို ပြောဆိုလိုက်သည့်အခါ သတ္တဝါနှစ်ကောင်ကြား တိုက်ပွဲကနေ သူက ကံကောင်းထောက်မစွာဖြင့် အမှန်တကယ် ရှင်သန်နိုင်ခဲ့သည့်ပုံပင်။

“အဓိပ္ပာယ်မရှိတာ”

လျှိုယွီက ရုတ်တရက် အော်ပြောလိုက်၏။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားသည်။

သူက သူ့ကိုယ်သူ အလျင်အမြန် တည်ငြိမ်စေပြီး တည်ငြိမ်သော အမူအရာနှင့်ပင် လျှိုယွီနှင့် အကြည့်ချင်း ဆုံလိုက်၏။

တကယ်တော့ ဆူဇီမို ပြောဆိုသည့် အရာနှင့် ပတ်သက်၍ တစ်စုံတစ်ရာ လွဲမှားနေသည်ဟုသာ လျှိုယွီက ဝိုးတဝါး ခံစားနေရရုံဖြစ်၏။ သို့သော်လည်း ဘယ်နေရာမှာ မှားယွင်းနေသည်ကို သူက ထောက်ပြနိုင်ခြင်း မရှိပေ။

“မင်းလိုမျိုး နိမ့်ကျသက်ရှိက ငါ့ရှေ့မှာ ဘယ်လိုတောင် မရိုးမဖြောင့် ပြောဆိုရဲတာလဲ”

လျှိုယွီက သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး သိပ်သည်းပြင်းထန်သော အမြုတေချီ ပမာဏတစ်ခုကို စုစည်းကာ ဆူဇီမို ဘေးမှာ ချက်ချင်းပင် ရစ်သိုင်း၍ ထိုသူကို ဆွဲယူလိုက်၏။

ကောင်းကင်အင်မော်တယ်တစ်ယောက်၏ စွမ်းအားက အရမ်းကို သန်မာအားကောင်း​ပြီး ဆူဇီမိုက လုံးဝ မခုခံနိုင်ပေ။

“မင်းဝိညာဉ်ရဲ့ မှတ်ဉာဏ်တွေထဲမှာ ဘာတွေရှိမလဲ ကြည့်ရသေးတာပေါ့”

အေးစက်စက် အမူအရာနှင့်အတူ လျှိုယွီက ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ကို ဖမ်းဆီးပြီး ဝိညာဉ်ရှာဖွေခြင်းအတတ်ကို ထုတ်ဖော်ဖို့ ပြင်ဆင်လိုက်၏။

သူသည် လူမှား၍ သတ်ဖြတ်မိမည်ဆိုလျှင်တောင် ထိုသူကို အလွယ်တကူ လက်လွှတ်မပေးလိုပေ။

နိမ့်ကျသက်ရှိဖြစ်သော အဆင့်ကိုး မဟူရာအင်မော်တယ်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်မှာ လျှိုယွီသည် မည်သည့်ဖိအား သို့မဟုတ် မည်သည့်ခုခံမှုမှ မရှိဘဲ ဝိညာဉ်ရှာဖွေခြင်းအတတ်ကို ထုတ်ဖော်နိုင်၏။

ဆူဇီမို၏ အကြည့်က အေးစက်လာခဲ့၏။

သူ၏ ဝိညာဉ်က ရှာဖွေခံရမည်ဆိုလျှင် သူ၏ လျှို့ဝှက်ချက်များ အားလုံးက ဖော်ထုတ်ခံရပေလိမ့်မည်။

ယခုအချိန်တွင် သူလုပ်နိုင်သည့် တစ်ခုတည်း​သော အရာမှာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို ကိုယ်တိုင်ဖောက်ခွဲဖျက်ဆီးဖို့ပင်။

“ထားလိုက်တော့”

ထိုစဉ်မှာပင် ပကတိအင်မော်တယ် ကျင်းယွဲ့က ရုတ်တရက် ပြောလိုက်၏။

“အဲဒီလူကို ငါ့လက်အပ်လိုက်”

လျှိုယွီက အနည်းငယ် မှင်တက်သွား၏။

“တိုင်းပြည်ဘုရင်ခံ.. ဒီကောင်လေး ပြောတာနဲ့ ပတ်သက်ပြီး နည်းနည်းထူးဆန်းနေတယ်လို့ ကျုပ်ခံစားရတယ်.. သူ့မှာ လျှို့ဝှက်ချက်တချို့ ရှိချင်ရှိနေမှာ.. ကျုပ်က သူ့ဝိညာဉ်ကို ရှာဖွေပြီးမှ ခင်ဗျားကို လွှဲပေးမယ်ဆိုရင်ရော”

“ဝိညာဉ်ရှာဖွေခြင်းကို ကြုံတွေ့ပြီးရင် သူက မသေဘူးဆိုရင်တောင်မှ သူ့ရဲ့ အခြေခံအုတ်မြစ်က ချို့ယွင်းသွားလိမ့်မယ်”

ပကတိအင်မော်တယ် ကျင်းယွဲ့က မှင်သေသေဖြင့် ပြောလိုက်၏။

“ဒုက္ခိတတစ်ယောက်ကို ငါက ဘာများသုံးစားလို့ ရမှာလဲ”

“တိုင်းပြည်ဘုရင်ခံ.. ခင်ဗျားက…”

လျှိုယွီက ရင်တစ်ချက်ထိတ်သွားပြီး ပကတိအင်မော်တယ် ကျင်းယွဲ့၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိသွား၏။

ပကတိအင်မော်တယ် ကျင်းယွဲ့က လျှိုယွီကို လျစ်လျူရှုပြီး ဆူဇီမိုကို ကြည့်လိုက်၏။

“မင်းက ဒီလိုသတ္တုတွင်းထဲကနေ အသက်ရှင်လျက် ထွက်လာနိုင်တယ်ဆိုတာ တကယ်ပဲ ကံကောင်းလွန်းတယ်”

“ငါက မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးလိုက်မယ်.. မင်းက ဆက်ပြီးတော့ ကံကောင်းနေဦးမယ်.. အသက်ရှင်နိုင်ဦးမယ်ဆိုရင် ငါက မင်းကို ကြီးမားတဲ့ အခွင့်အလမ်းတစ်ခု ပေးမယ်”

“ကျေးဇူးတင်ပါတယ် တိုင်းပြည်ဘုရင်ခံ”

ဆူဇီမိုက သူ၏ ခေါင်းကို ငုံ့ပြီး ကျေးဇူးတင်စကားပြောလိုက်၏။

တကယ်တော့ သူသည် သူ၏ သတိကို လျှော့ချခြင်း မရှိသလို အစိမ်းရောင်တိမ်စိုင် တိုင်းပြည်ဘုရင်ခံကို သူ၏ ရင်ထဲကနေ အမှန်တကယ် ကျေးဇူးတင်နေခြင်းလည်း မဟုတ်ပေ။

အစိမ်းရောင်တိမ်စိုင် တိုင်းပြည်ဘုရင်ခံက သူ့ကို လောလောဆယ် ကယ်တင်ခဲ့သော်လည်း သူ့မှာ တခြားသော ရည်ရွယ်ချက် ရှိနေသည်မှာ သိသာနေသည်။ အဲဒါက အကောင်းလား.. အဆိုးလား သူ မသိရပေ။

“သူ့ကို အရင်ဆုံး ခေါ်သွားပြီးတော့ စောင့်ကြည့်ထားလိုက်”

ပကတိအင်မော်တယ် ကျင်းယွဲ့က ပြောလိုက်၏။

“ငါက ဟိုရေခဲလိပ်ပြာကို ရှာဖို့အတွက် ဒီနေရာမှာ နောက်ထပ် ရက်အနည်းငယ်လောက် စောင့်ကြည့်ဦးမယ်”

သိပ်မကြာခင် ကမ္ဘာမြေအင်မော်တယ် အစောင့်တပ်သား ၁၀ယောက်ကျော်က ဆူဇီမို ဘေးသို့ ရောက်ရှိလာပြီး သူ့ကို ဖန်သားမြို့တော်သို့ ခေါ်သွားလိုက်၏။

ကမ္ဘာမြေအင်မော်တယ် တပ်သားများက ဆူဇီမို၏ ခြေလက်များကို ချုပ်နှောင်ထားခြင်း မရှိသော်လည်း သူတို့သည် သူ၏ ဘေးကနေ တစ်ချိန်လုံး ထွက်ခွာသွားခြင်း မရှိဘဲ သူ့ကို ထွက်ပြေးဖို့အတွက် မည်သည့် အခွင့်အရေးမှ ပေးမထားပေ။

ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။

အဲဒါက ကမ္ဘာမြေအင်မော်တယ် တစ်ယောက် နှစ်ယောက်သာဆိုလျှင် အဆင်ပြေပေဦးမည်။ သူက နည်းလမ်းတချို့နှင့်အတူ ဤနေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်ပေလိမ့်မည်။

သို့သော်လည်း အဆင့်ကိုး ကမ္ဘာမြေအင်မော်တယ်တစ်ယောက် အပါအဝင် ကမ္ဘာမြေအင်မော်တယ် ဆယ်ယောက်ကျော်၏ စောင့်ကြည့်မှုအောက်ကနေ သူက အသက်ရှင်လျက် ထွက်ပြေးနိုင်စရာ မရှိပေ။

ဆူဇီမိုက ထွက်ခွာသွားပြီးနောက် လျှိုယွီက မေးလိုက်၏။

“တိုင်းပြည်ဘုရင်ခံ.. ခင်ဗျားက အဲဒီကောင်လေးကို ပကတိတစ်ဆယ်ငရဲခန်းထဲ ပစ်ထည့်မလို့လား”

“အင်း”

ပကတိအင်မော်တယ် ကျင်းယွဲ့က ခေါင်းညိတ်၍ ပြုံးလိုက်၏။

“ဒီကောင်လေးက သူ့ကိုယ်သူ ကံကောင်းတယ်လို့ ဆိုမှတော့ သူက ပကတိတစ်ဆယ်ငရဲခန်းထဲမှာ ဘယ်လောက်ထိ ကံကောင်းနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”

“သူ့ရဲ့ ပျော့တိပျော့ဖတ်ပုံစံနဲ့ဆို သူက သိပ်မကြာခင် အထဲမှာ သေသွားလိမ့်မယ် ထင်တယ်”

လျှိုယွီကလည်း ရယ်မောလိုက်၏။

ခဏနေပြီးနောက် သူက ခဏမျှ တွေဝေတုံ့ဆိုင်းကာ ညင်သာစွာ မေးမြန်းလိုက်၏။

“ဒီတစ်ခေါက် အမဲလိုက် စုဝေးပွဲမှာ အတော်လေး ကြီးမားတဲ့ ရုတ်ရုတ်သဲသဲ ကိစ္စတစ်ခု ရှိတယ်လို့ ကျုပ်ကြားတယ်.. မြို့ကြီးတွေက အဆင့်ရှစ်နဲ့ အဆင့်ကိုး မဟူရာအင်မော်တယ်တွေကိုတောင် စုစည်းထားတယ်လို့ ပြောတယ်.. မင်းသား ယွမ်ကျောက အဲဒါကို အပျော်သက်သက် လုပ်နေတာ မဟုတ်ဘူးလို့ ကျုပ်ထင်တယ် ဟုတ်တယ်မလား”

“မင်း ဘာကို ပြောချင်တာလဲ”

ပကတိအင်မော်တယ် ကျင်းယွဲ့က မှင်သေသေဖြင့် မေးလိုက်၏။

လျှိုယွီက အသံကို နှိမ့်၍ ပြောလိုက်သည်။

“ဒီတစ်ခေါက် အမဲလိုက် စုဝေးပွဲက ဗြုန်းစားကြီး ထွက်ပေါ်လာတာ နည်းနည်းထူးဆန်းနေတယ်.. အဲဒါရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေမလား.. တိုင်းပြည်ဘုရင်ခံ.. အဲဒါနဲ့ ပတ်သက်ပြီး ခင်ဗျား ကျုပ်ကို…”

“မင်းသားယွမ်ကျောနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေကို စုံစမ်းမေးမြန်းခြင်း မလုပ်တာ မင်းအတွက် ပိုကောင်းလိမ့်မယ်”

ပကတိအင်မော်တယ် ကျင်းယွဲ့က လျှိုယွီ၏ စကားကို အေးစက်စွာ ဖြတ်ပြောလိုက်၏။

လျှိုယွီက သူ၏ ခေါင်းကို ငုံ့ပြီး ရှက်ကိုးရှက်ကန်းဖြစ်ကာ ဆက်ပြောရဲခြင်း မရှိတော့ပေ။

ခဏမျှ ရပ်တန့်ပြီးနောက် ပကတိအင်မော်တယ် ကျင်းယွဲ့၏ အမူအရာက ပျော့ပြောင်းသွား၏။

“မင်း အဲဒါနဲ့ ပတ်သက်ပြီး အများကြီး​​ လျှောက်တွေးနေစရာ မလိုဘူး.. ခါတိုင်းလိုပဲ အဲဒီ အမဲလိုက်ပွဲကို စောင့်ကြည့်ဖို့အတွက် မြို့တော်အရှင်တွေကို ဖိတ်ခေါ်လိမ့်မယ်”

“မင်း စိတ်ဝင်စားတယ်ဆိုရင် မင်း ငါနဲ့ လိုက်လာခဲ့လို့ ရတယ်”

All Chapters