ထာဝရမိုးကြိုးမြို့တော်
Vol. 129 Ch. 1927
ဆူဇီမိုသည် ဖန်သားမြို့တော်တွင်... တစ်လကြာအောင်နေထိုင်ခဲ့ရပြီဖြစ်ပြီး သူက အကျဥ်းချမခံထားရသော်လည်း သူ့ကိုစောင့်ကြပ်နေသော ကမ္ဘာမြေအင်မော်တယ် ဆယ်ယောက်ကျော်ရှိကာ သူက လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာနိုင်ခြင်း မရှိပေ။
သူက ဤနေရာမှာ ချုပ်နှောင်ခံထားရခြင်းနှင့် တူနေ၏။
ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း အစိမ်းရောင်တိမ်စိုင်တိုင်းပြည်တစ်ခုလုံးက တည်ငြိမ်အေးချမ်းမှု ရှိမနေခဲ့ပေ။
ကမ္ဘာမြေအင်မော်တယ်များ ပြောဆိုနေသည်ကို နားထောင်ခြင်းဖြင့် အစိမ်းရောင်တိမ်စိုင်တိုင်းပြည် ဘုရင်ခံ ပကတိအင်မော်တယ်ကျင်းယွဲ့သည် ရေခဲလိပ်ပြာ၏ ခြေရာကိုကောက်ပြီး အဲ့ဒါကို လမ်းတစ်လျှောက်ရှာဖွေနေခဲ့၏။ သူက ထိုသတ္တဝါနှင့် တိုက်ခိုက်ခဲ့ပြီး ထိုသတ္တဝါက ဒဏ်ရာအပြင်းအထန်ရရှိကာ ထွက်ပြေးလွတ်မြောက်သွားခဲ့၏။
နောက်ဆုံးမှာတော့ ဤရေခဲလိပ်ပြာသည် အဖွဲ့အစည်းတချို့မှ ပကတိအင်မော်တယ်များကို ဆွဲဆောင်မိခဲ့လေသည်။ ၎င်းသည် ပကတိအင်မော်တယ် ကျင်းယွဲ့နှင့် အကြိတ်အနယ်တိုက်ခိုက်နိုင်ခဲ့ခြင်းက အစိမ်းရောင်တိမ်စိုင်တိုင်းပြည်တစ်ခုလုံးကို လှုပ်ခတ်သွားစေ၏။ ဖန်သားမြို့တော်၏ အဝေးမှာရှိနေသော ကမ္ဘာမြေအင်မော်တယ်များစွာက ထိုတိုက်ပွဲ၏ အသေးစိတ် အချက်အလက်များကို မသိနိုင်ပေ။
ပကတိအင်မော်တယ် ကျင်းယွဲ့က ရေခဲလိပ်ပြာကို နောက်ဆုံးမှာ ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိဟုသာ သူတို့က ကြားသိခဲ့ရ၏။
ဆူဇီမိုသည် ရေခဲလိပ်ပြာနှင့် တစ်ကြိမ်သာတွေ့ခဲ့ရသော်လည်း သူက ၎င်းကို ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် အခြားသူများ၏ လက်ထဲသို့ မကျဆင်းစေလိုပေ။
သွေးနီရောင်ပင့်ကူနှင့် ရေခဲလိပ်ပြာကဲ့သို့ ရှေးဟောင်းသတ္တဝါများအနေဖြင့် သူတို့က ရှာဖွေဖော်ထုတ်ခံရသည်နှင့် ယဥ်ပါးထိန်းသိမ်းခံရခြင်း သို့မဟုတ် ချိုးနှိမ်ခြင်းခံရမည်ဖြစ်ပြီး သူတို့အတွက် ကောင်းမွန်သောရလဒ်က မရှိသလောက်နီးပါးပင်။
သူက ထိုသတင်းကိုကြားသောအခါ.. ပကတိအင်မော်တယ် ကျင်းယွဲ့သည် သိပ်မကြာခင်ပြန်လာပြီး ဖန်သားမြို့တော်ကနေ ထွက်ခွာသွားတော့မည်ဆိုတာကို ဆူဇီမိုက နားလည်သဘောပေါက်လိုက်၏။
တကယ်ပင်...။
တစ်နှစ်ကြာပြီးနောက်... ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် ဖန်သားမြို့တော်၏ မြို့တော်အရှင်က တစ်ချိန်တည်းမှာ ပေါ်ထွက်လာပြီး ဆူဇီမိုကို ခေါ်ထုတ်သွား၏။ သူတို့က ဤနေကနေထွက်ခွာဖို့အတွက် မြို့တော်ထဲရှိ ပို့ဆောင်ရေးဝင်္ကပါကို အသုံးပြုလိုက်သည်။
ဖန်သားမြို့တော်မှာရှိသော ပို့ဆောင်ရေးဝင်္ကပါက နဂါးအသူရာချောက်နက်ကြယ်ပေါ်က တစ်ခုထက် သိသိသာသာများစွာပိုမိုကောင်းမွန်သည်။ ဝင်္ကပါအင်းကွက်များက ပို၍ရှုပ်ထွေးဆန်းကြယ်ပြီး ပို့ဆောင်ပေးနိုင်သော အကွာအဝေးကလည်း သိသိသာသာပိုတိုးလာ၏။
ပို့ဆောင်ခြင်းဖြစ်စဥ်အတွင်း ဆူဇီမိုသည် သူ၏ မျက်လုံးကို ကောင်းကောင်းမဖွင့်နိုင်ဘဲ သူ၏ အာရုံငါးပါးကို ဆုံးရှုံးခဲ့ရ၏။
အချိန်အတန်ကြာပြီးနောက် ဆူဇီမိုသည် သူ၏ အာရုံများကို ပြန်လည်ရရှိလာပြီး သူက မရင်းနှီးသော နောက်ထပ်ပို့ဆောင်ရေးဝင်္ကပါတစ်ခုထံသို့ ရောက်ရှိနေလေသည်။
“ကျုပ်ဘယ်ကို ရောက်နေတာလဲ”
ဆူဇီမိုက အလိုလိုမေးလိုက်၏။
“ဒါက... အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ရဲ့ ဗဟိုချက် ပကတိမိုးကြိုးမြို့တော်ပဲ”
ကမ္ဘာမြေအင်မော်တယ်တပ်သားတစ်ယောက်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
လူတိုင်းသည် ပို့ဆောင်ရေးခန်းမထဲကနေထွက်ခွာပြီး ရှေးဟောင်းမြို့တော်ထဲသို့ ဝင်ရောက်လာကြ၏။
ဆူဇီမိုက လှည့်ပတ်၍ ကြည့်ရှုလိုက်၏။
ရှေးဟောင်းမြို့တော်သည် ဖန်သားမြို့တော်ထက် ပို၍ခံ့ညားပြီး ပို၍အခိုင်အမာတည်ဆောက်ထားသည့်ပုံပေါ်၏။ မြို့ရိုးများက နက်မှောင်၍ မြင့်မားနေပြီး မြို့တော်၏ ဗိသုကာလက်ရာပုံစံက အမှောင်ထုဘက်ကို ပိုမိုအလေးသာနေ၏။ အဲ့ဒါက ဖန်သားမြို့တော်နှင့် အရမ်းကွာခြားပြီး ရှင်းမပြတတ်သော ဖိအားအငွေ့အသက်တစ်ခုကို ထုတ်ဖော်ပေးနေ၏။
“ဒီမြို့တော်က နဲနဲတော့ ထူးဆန်းတယ်”
ဆူဇီမိုက သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်၏။
မြို့တော်ထဲတွင် အထင်ရှားဆုံးအရာမှာ မြို့တော်၏ ဗဟိုချက်ဖြစ်သည်။ တုတ်ခိုင်၍ ကြီးမားသော ကျောက်တိုင်တစ်တိုင်ကို ကောင်းကင်ထက်ထိ ငွားငွားစွင့်စွင့် စိုက်ထူထားပြီး ၎င်းကို လက်မောင်းလုံးလောက်တုတ်ခိုင်သော ချိန်းကြိုးများဖြင့် ရစ်ပတ်ထား၏။
ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်လေသည်။
သူက အဝေးမှာရှိနေသော်လည်း ကျောက်တိုင်၏ မျက်နှာပြင်ပေါ်တွင် ထူးဆန်းသောစွမ်းအားတစ်ခု ဖြာထွက်နေသည့် သိပ်သည်းများပြားသော ရှေးဟောင်းစာလုံးများကို ခတ်နှိပ်ထားသည်ကို သူက တွေ့မြင်လိုက်ရဆဲ ဖြစ်၏။
“အဲ့ဒီကျောက်တိုင်က ရှေးဟောင်းမြို့တော်နဲ့ တစ်သားတည်းကျနေတာပဲ... အဲ့ဒါမှာ တကယ့်ကိုထူးခြားတဲ့ အော်ရာတစ်ခုရှိတယ်”
ဆူဇီမိုက သာမန်ကာလျှံကာ ချီးကျူးလိုက်၏။
“ဟဲဟဲ...”
ထိုသည်ကိုကြားသောအခါ လျှိုယွီက ခနဲ့တဲ့တဲ့ရယ်မောလိုက်၏။
“မဟူရာအင်မော်တယ်... အဲ့ဒီကျောက်တိုင်က ထူးခြားတယ်ဆိုတာကိုပြောနိုင်တယ်ဆိုတော့ မင်းရဲ့အာရုံခံစိတ်က ထက်ရှသားပဲ”
“ငါမင်းကိုပြောပြမယ်.... အဲ့ဒါက ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ပဲ... လွန်ခဲ့တဲ့ နှစ်ပေါင်းသိန်းချီ အချိန်ကာလတစ်ခုက မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ အင်မော်တယ်ဘုရင်က တခြားဂြိုလ်ကနေလာတဲ့ နတ်ဘုရားကျောက်တုံးတစ်တုံးနဲ့ အဲ့ဒါကို ကိုယ်တိုင်ပုံဖော်ခဲ့တာ... အဲ့ဒီပေါ်မှာ ရှေးဟောင်းမှော်စာလုံးများစွာနဲ့ တားမြစ်နည်းစနစ်တွေကို ခတ်နှိပ်ထားတယ်... အဲ့ဒါက ပကတိမိုးကြိုးမြို့တော်ရဲ့ အခြေခံအုတ်မြစ်ပဲ”
“ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ရှိနေသရွေ့.. ဒီရှေးဟောင်းမြို့တော်ထဲမှာ ဘယ်မိုးကြိုးစွမ်းအားကိုမှ ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး... မိုးကြိုးကပ်ဘေးတွေနဲ့ ကောင်းကင်ဘုံကပ်ဘေးတွေတောင်မှ ဒီမြို့တော်ထဲကို ဆင်းသက်လာနိုင်မှာမဟုတ်ဘူး”
“ဘာလို့လဲ”
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီးမေးလိုက်၏။
“မိုးကြိုးက ဒီနေရာကို ဘာလို့ဆင်းသက်မလာနိုင်တာလဲ”
“ဟမ့်..”
လျှိုယွီက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။
သူက ရှင်းပြတော့မည့် ဆဲဆဲမှာပင် ပကတိအင်မော်တယ်ကျင်းယွဲ့က ဆူဇီမိုကို တစ်ချက်ကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်လေသည်။
“တော်လောက်ပြီ... အဲ့ဒါကိုမင်းသိထားမယ်ဆိုရင်တောင် အလကားပဲ”
ဘာ့ကြောင့်ရယ်မသိ အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ ဘုရင်ခံဖြစ်စေ... လျှိုယွီဖြစ်စေ သူတို့ သူ့ကိုကြည့်နေသောပုံစံက ထူးဆန်းနေသည်ဟု ဆူဇီမိုက ခံစားရသည်။
အောက်ဘုံမှတက်လှမ်းလာသူတစ်ယောက်အပေါ် အထင်အမြင်သေးမှုအပြင် အဲ့ဒီမှာ လှောင်ပြောင်သရော်လိုမှုနှင့် ပြက်ရယ်ပြုလိုမှု အငွေ့အသက်တစ်ခုပါဝင်နေ၏။
“မင်္ဂလာပါ တိုင်းပြည်ဘုရင်ခံ”
ထိုစဥ်မှာပင် လူတစ်အုပ်စုက မလှမ်းမကမ်းကနေ ရောက်ရှိလာကြ၏။
သူတို့၏ ခေါင်းဆောင်က စွမ်းအားကြီးမားသောအော်ရာရှိပြီး သံမဏိစေတီတစ်ခုလို တောင့်တင်းခိုင်မာနေ၏။
သူက ပကတိအင်မော်တယ်ကျင်းယွဲ့ရှေ့သို့ ရောက်ရှိလာပြီး ဦးညွှတ်လိုက်လေသည်။
“ဓလေ့ထုံးတမ်းတွေဘာတွေ လုပ်မနေပါနဲ့”
ပကတိအင်မော်တယ်ကျင်းယွဲ့က ခေါင်းညိတ်ပြလိုက်၏။
ထိုလူက လျှိုယွီနှင့် အကြည့်ချင်းဖလှယ်ပြီးနောက် နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
ဆူဇီမိုက ဘေးကနေ အေးစက်စွာစောင့်ကြည့်နေ၏။
အဲ့ဒါသည် ပကတိမိုးကြိုးမြို့တော်၏ မြို့တော်အရှင်ဖြစ်ရပေမည်။
“အမဲလိုက်စုဝေးပွဲအတွက်... ဘယ်လိုပြင်ဆင်ထားလဲ”
ပကတိအင်မော်တယ်ကျင်းယွဲ့က မေးလိုက်လေသည်။
ပကတိမိုးကြိုးမြို့တော်၏ မြို့တော်အရှင်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“အကုန်လုံးအဆင်သင့်ဖြစ်နေပါပြီ... အဲ့ဒါကို ဧည့်ခံကျင်းပဖို့အတွက် မင်းသား ယွမ်ကျောနဲ့ ခင်ဗျားရောက်အလာကို ကျုပ်တို့ကစောင့်နေကြတာ”
“မြို့တော်အရှင်တွေကလည်း... အမဲလိုက်ပွဲအတွက် ဒီကိုရောက်နေကြပြီ”
အမဲလိုက်စုဝေးပွဲတဲ့လား...။
မင်းသားယွမ်ကျောတဲ့လား..။
သူတို့၏ အပြန်အလှန်စကားပြောဆိုမှုကနေ ထွက်ပေါ်လာသည့် သတင်းအချက်အလက်များက ဆူဇီမိုကို စိတ်ဝင်စားသွားစေ၏။
ယခုအချိန်ထိကို အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ဘုရင်ခံသည် သူ့ကို ပကတိမိုးကြိုးမြို့တော်သို့ ဘာ့ကြောင့်ခေါ်လာခဲ့သလဲ သူက မသိရှိသေးပေ။
အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ဘုရင်ခံပြောခဲ့သည့် သူ့ကို အခွင့်အရေးတစ်ခုပေးမည်ဆိုသည်မှာ အမဲလိုက်စုဝေးပွဲကို ရည်ညွှန်းပြောဆိုနေခြင်းဖြစ်မလား။
မင်းသားယွမ်ကျောကရော ဘယ်သူလဲ။
ပကတိမိုးကြိုးမြို့တော်မှ မြို့တော်အရှင်၏ လေသံအရ မင်းသာယွမ်ကျော၏ အဆင့်အတန်းသည် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ဘုရင်ခံ၏ အထက်မှာ ရှိနေပုံရသည်။
ဤမင်းသားယွမ်ကျောက ဒဏ္ဍာရီလာ အင်မော်တယ်ဘုရင်တစ်ပါးဖြစ်နေမလား။
ပကတိအင်မော်တယ် ကျင်းယွဲ့က ပြောလိုက်သည်။
“မင်းသားယွမ်ကျောက တံခါးပိတ်ကျင့်ကြံနေတယ်... ဒီတစ်ခေါက် သူရောက်လာပါ့မလားဆိုတာ ငါလည်းမပြောတတ်ဘူး”
ဆူဇီမိုက ခဏမျှစဥ်းစားတွေးတောပြီးနောက် မေးလိုက်သည်။
“တိုင်းပြည်ဘုရင်ခံ... ကျုပ်က ဒီနေရာကိုဘာအတွက်ရောက်လာတာလဲဆိုတာ သိလို့ရမလား”
ပကတိမိုးကြိုးမြို့တော်၏ မြို့တော်အရှင်က ဆူဇီမိုကို စေ့စေ့စပ်စပ်ကြည့်ပြီးနောက် လျှိုယွီကို မေးခွန်းထုတ်လိုသောပုံစံဖြင့် ကြည့်လိုက်သည်။
“အမဲလိုက်စုဝေးပွဲမှာ ဝင်ပါခိုင်းမလို့”
လျှိုယွီက သရော်တော်တော်ပြုံး၍ ပြောလိုက်၏။
ပကတိမိုးကြိုးမြို့တော်မှ မြို့တော်အရှင်၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုသော အကြည့်တစ်ခုပေါ်ထွက်လာပြီး သူကလည်း လှောင်ပြုံးပြုံးလိုက်၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က ဆူဇီမိုကို တည်ငြိမ်သော အမူအရာတစ်ခုနှင့်အတူကြည့်လိုက်သည်။
“အဲ့ဒီအမဲလိုက်စုဝေးပွဲက ငါမင်းကိုပေးမယ်ဆိုတဲ့ အခွင့်အရေးပဲ... အခုချိန်မှာ မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ ထိပ်တန်းမဟူရာအင်မော်တယ် ပညာရှင်တွေက ဒီနေရာမှာ စုဝေးရောက်ရှိနေကြပြီ... သူတို့က အယောက်တစ်သိန်းနီးပါးရှိတယ်...အဲ့ဒီထဲမှာ မင်းလည်းပါလိမ့်မယ်”
“နောက်ဆယ်ရက်နေပြီးရင် မင်းက ပကတိမိုးကြိုးမြို့တော်ရဲ့အောက်မှာရှိတဲ့ အထူးမြေအောက်အကျဥ်းတိုက်တစ်ခုထဲကို ဝင်ရောက်ရလိမ့်မယ်”
“အဲ့ဒါက အကျဥ်းတိုက်တစ်ခုဆိုပေမယ့် အထဲမှာ သူ့ကိုယ်ပိုင်တည်ဆောက်မှုပုံသဏ္ဌာန်တစ်ခုရှိတယ်... စိမ်းစိုလန်းဆန်းတဲ့တောင်တန်းတွေ... ကြည်လင်တဲ့ရေတွေ... ဒေသပေါက်ပင်တွေနဲ့ အဲ့ဒါကအရမ်းကိုကျယ်ပြောပြီးတော့ သတ္တဝါပေါင်းစုံလည်းရှိတယ်... အဲ့ဒီမြေအောက်အကျဥ်းတိုက်ကို ပကတိတစ်ဆယ်ငရဲလို့ခေါ်တယ်”
ဆူဇီမို၏ အမူအရာက မှင်သေသေဖြင့် ရှိနေသော်လည်း သူကတိတ်တဆိတ်ထိတ်လန့်သွားသည်။
အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ဘုရင်ခံက အဲ့ဒါကိုသက်တောင့်သက်သာပြောဆိုနေသော်လည်း ဘာပဲပြောပြော အဲ့ဒါက မြေအောက်အကျဥ်းတိုက်တစ်ခုဖြစ်၏။ ပကတိတစ်ဆယ်ငရဲဟုပင် ခေါ်ဆိုသော မြေအောက်အကျဥ်းတိုက်ဖြစ်လေသည်။
ထိုအမည်ကပင် ကြမ်းကြုတ်ခက်ထန်သောအော်ရာတစ်ခုကို သယ်ဆောင်ထားသည်။
အစိမ်းရောင်တိမ်စိုင်တိုင်းပြည် ဘုရင်ခံက ဆက်ပြောလိုက်၏။
“မင်းတို့တွေနဲ့... ပကတိတစ်ဆယ်ငရဲမှာရှိတဲ့ အခြားသက်ရှိတွေက သားကောင်လည်းဖြစ်သွားနိုင်သလို မုဆိုးလည်းဖြစ်သွားနိုင်တယ်”
“မင်းလုပ်ရမယ့်အရာက တစ်ခုပဲရှိတယ်... အဲ့ဒါကရှင်သန်နိုင်ဖို့ပဲ... အစစ်အမှန် မုဆိုးတွေကပဲ နောက်ဆုံးမှာရှင်သန်နိုင်လိမ့်မယ်”
တကယ်ပင်...။
အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ဘုရင်ခံသည် အရင်ကဆူဇီမိုကို ကယ်တင်ခဲ့ပြီး သူ့ကိုအခွင့်အရေးတစ်ခုပေးချင်သည်ဟု ပြောခဲ့စဥ်က အဲ့ဒါကမရိုးရှင်းကြောင်း ဆူဇီမိုက ခန််မှန်းမိခဲ့ပြီးသားဖြစ်၏။
ကြည့်ရသည်မှာ ပကတိတစ်ဆယ်ငရဲသည် သေချာပေါက်ရင်းနှီးဖော်ရွေသော နေရာတစ်ခုမဟုတ်ဘဲ အဲ့ဒီမှာ အဆုံးမဲ့အန္တရာယ်များနှင့် ပြည့်နှက်နေပေလိမ့်မည်။
ဆူဇီမိုက မှင်သေသေဖြင့်မေးလိုက်၏။
“ကျုပ်ကအထဲမှာ... ဘယ်လောက်ကြာကြာ နေရမှာလဲ... ကျုပ်က ပကတိတစ်ဆယ်ငရဲကနေ ဘယ်လိုပြန်ထွက်လာနိုင်မလဲ”
“အဲ့ဒီမှာ အချိန်ကန့်သတ်ချက်မရှိဘူး... လူတစ်ရာကပဲ အသက်ရှင်လျက်ပြန်ထွက်လာနိုင်မယ်”
အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ဘုရင်ခံက မှင်သေသေဖြင့်ပြောလိုက်၏။
ဆူဇီမိုက တုန်လှုပ်သွားရ၏။
မဟူရာအင်မော်တယ် တစ်သိန်းနီးပါးထဲကမှ အယောက်တစ်ရာကသာ ရှင်သန်နိုင်မည်ဖြစ်သည်။