ကံကြမ္မာ
Vol. 129 Ch. 1929
“တော်တော်ကြီးကျယ်ခမ်းနားတာပဲ”
လေးထောင့်ကွင်းထဲရှိ မဟူရာအင်မော်တယ်များစွာက တုန်လှုပ်သွားပြီး ကြောင်အ,မှင်တက်နေကြ၏။
မျက်နှာဖုံးတပ်ထားသော ထိုအမျိုးသမီးများသည် နတ်မိမယ်များကဲ့သို့ ချောမောလှပနေ၏။ သူတို့ထဲမှ မည်သူ့ကိုမဆို ပြိုင်စံရှား အချောအလှတစ်ဦးဟု ဆိုနိုင်၏။
ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ထိုအချောအလှအယောက်သုံးထောင်စလုံးသည် ကမ္ဘာမြေအင်မော်တယ်များ ဖြစ်နေ၏။
ထိုအချက်တစ်ချက်ထဲကပင် လေးထောင့်ကွင်းထဲရှိ မဟူရာအင်မော်တယ်များစွာ မယှဉ်နိုင်သည့် တစ်စုံတစ်ရာ ဖြစ်နေ၏။
မရေမတွက်နိုင်သော ပန်းပွင့်များကြားရှိ လူငယ်အမျိုးသားက အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ မင်းသားယွမ်ကျော ဖြစ်ရမည်ကို လူတိုင်းက နားလည်သဘောပေါက်လိုက်ကြ၏။
ထင်မှတ်ထားသည့်အတိုင်းပင်။
လူငယ်အမျိုးသားက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်ပြီး နတ်မိမယ်သုံးထောင်က ရိုကျိုးခယသော အမူအရာများနှင့်အတူ ဒူးထောက်လိုက်ကြ၏။
ပကတိအင်မော်တယ် ကျင်းယွဲ့၊ မြို့တော်အရှင်များနှင့် ဂိုဏ်းချုပ်များက တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ပြီး ဦးညွှတ်ကာ သံပြိုင်နှုတ်ဆက်လိုက်ကြ၏။
“မင်္ဂလာပါ မင်းသား ယွမ်ကျော”
“အဲဒါက ယောက်ျားတစ်ယောက်မှာ ရှိသင့်တဲ့ ပုံစံပဲ”
လူအုပ်ကြီးထဲမှ လီထျန်ဟု အမည်ရသော ဗလတောင့်တောင့် အမျိုးသားက တောက်လောင်ပြင်းပြသော အကြည့်တစ်ခုနှင့်အတူ ရေရွတ်ပြောဆိုပြီး သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ထား၏။
ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်လိုက်ပြီး တစ်စုံတစ်ရာ ထူးဆန်းနေသည်ကို သတိထားမိလိုက်၏။
ကြည့်ရသည်မှာ မင်းသား ယွမ်ကျော၏ အဆင့်အတန်းနှင့် စွမ်းအားက အစိမ်းရောင်တိမ်စိုင်တိုင်းပြည် ဘုရင်ခံ၏ အထက်မှာ သိသိသာသာ ရှိနေ၏။
သို့သော်လည်း မင်းသား ယွမ်ကျော၏ ကျင့်ကြံမှုနယ်ပယ်က မြင့်မားခြင်း မရှိဘဲ သူက ကမ္ဘာမြေအမြုတေနယ်ပယ်မှာသာ ရှိနေ၏။
“ထူးဆန်းတယ်.. မင်းသား ယွမ်ကျောက ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပဲ.. ဒါပေမဲ့ ကောင်းကင်အင်မော်တယ်တွေ.. ပြီးတော့ အစိမ်းရောင်တိမ်စိုင်တိုင်းပြည် ဘုရင်ခံလို ပကတိအင်မော်တယ်ပညာရှင်တွေတောင်မှ သူ့ကို ဦးညွှတ်နေရတယ်”
မဟူရာအင်မော်တယ်တစ်ယောက်က တီးတိုးရေရွတ်လိုက်၏။
“ဟမ့်”
နောက်ထပ်လူတစ်ယောက်က လှောင်ရယ်လိုက်၏။
“မင်း ဘာသိလို့လဲ.. မင်းသားပဲဖြစ်ဖြစ်.. မင်းသမီးပဲဖြစ်ဖြစ်.. သူတို့မှာ မြင့်မားတဲ့ ကျင့်ကြံမှုနယ်ပယ် မရှိဘူးဆိုရင်တောင် သူတို့က မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ တော်ဝင်မျိုးနွယ်တွေပဲ.. သူတို့မှာ မဟာကျင်းအင်မော်တယ်ဘုရင်ရဲ့ နောက်ခံရှိတယ်”
“တိုင်းပြည်တစ်ပြည်ရဲ့ ဘုရင်ခံဆိုတာ အလွန်ဆုံး ကြီးကြပ်ရေးမှူးအဆင့်ပဲ… သူက တော်ဝင်မျိုးနွယ်က မျိုးဆက်သွေးကို ပိုင်ဆိုင်ထားတဲ့ မင်းသား၊ မင်းသမီးတွေကို ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ”
ဆူဇီမိုသည် နဂါးအသူရာချောက်နက်မြို့တော်၏ မြို့တော်အရှင် ရှုရှစ် ပြောသည့်စကားကို ပြန်လည်အမှတ်ရသွား၏။
အာဏာပါးကွက်သား အစောင့်တပ်သားများကို ကမ္ဘာမြေအစောင့်တပ်သားများနှင့် ကောင်းကင်အစောင့်တပ်သားများဟုပင် နှစ်မျိုးခွဲခြားထား၏။
ကောင်းကင် အာဏာပါးကွက်သား အစောင့်တပ်သားများကို တော်ဝင်မိသားစုများကသာ ဆင့်ခေါ်နိုင်လေသည်။ တိုင်းပြည်ဘုရင်ခံများပင်လျှင် ထိုသို့ ပြုလုပ်ဖို့ အဆင့်မမီပေ။
သူ့ရှေ့မှ မြင်ကွင်းက ရှုရှစ်၏ စကားများကို ပို၍ခိုင်မာသွားစေ၏။
ထိုသို့ဆိုလျှင်တောင် ဆူဇီမိုက တွေဝေရှုပ်ထွေးနေရဆဲဖြစ်၏။
မင်းသားသည် သူ၏ တော်ဝင်မျိုးဆက်သွေးကြောင့် မြင့်မြတ်သော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားလျှင်တောင် မင်းသား ယွမ်ကျော၏ ကျင့်ကြံမှုအဆင့်က အနည်းငယ် နိမ့်ကျနေဆဲ ဖြစ်ပုံရ၏။
တော်ဝင်မိသားစု၏ မျိုးဆက်သွေးနှင့်အတူ သူ့မှာ အမျိုးမျိုးသော ကျင့်ကြံရေး အရင်းအမြစ်များ သေချာပေါက် ပေါများစွာ ရှိနေမည်ဖြစ်ပြီး ရတနာများနှင့် ကျင့်ကြံရေး နည်းစနစ်များစွာကိုလည်း ပိုင်ဆိုင်ထားပေလိမ့်မည်။ သူတို့ ထိတွေ့ဆက်ဆံခွင့်ရသော လူများကလည်း ပညာရှင်များ ဖြစ်ပေလိမ့်မည်။
မင်းသား ယွမ်ကျောက ငယ်ရွယ်သော်လည်း သူက အသက် နှစ်လေးသောင်းကျော် ရှိသွားခဲ့ပြီဖြစ်၏။ ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ကမ္ဘာမြေအမြုတေနယ်ပယ်အထိ ရောက်ရှိထားသော သူ၏ ကျင့်ကြံမှုကို မြန်ဆန်သည်ဟု မဆိုနိုင်ပေ။
တကယ်တော့ အဲဒါကို ရှင်းပြဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပေ။
မင်းသား ယွမ်ကျော၏ ပါရမီ အရည်အချင်းက သာမန်သာ ဖြစ်သည်ဆိုပါက သို့မဟုတ် သူသည် မှားယွင်းသော လမ်းကြောင်းကို ရွေးချယ်မိပြီး ကျင့်ကြံရမည့်အစား မိန်းမလှလေးများနှင့် အချိန်ကုန်ဆုံးနေတတ်သည်ဆိုပါက အဲဒါက ဖြစ်နိုင်လေသည်။
ဆူဇီမိုက စဉ်းစားတွေးတောနေစဉ်မှာပင် မင်းသား ယွမ်ကျောက ခန်းမထဲသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
“ဒီအမဲလိုက်စုဝေးပွဲမှာ နောက်ဆုံး အနိုင်ရတဲ့သူတွေက ငါ့နောက်ကို လိုက်ပါဖို့ အခွင့်အရေးတစ်ခု ရမယ်.. မင်းတို့တွေက လုံးဝ သစ္စာရှိပေးတာနဲ့ ငါက မင်းတို့ကို ဆိုးဆိုးဝါးဝါး ဆက်ဆံမှာ မဟုတ်ဘူး”
မင်းသား ယွမ်ကျောက လေးထောင့်ကွင်းထဲရှိ မဟူရာအင်မော်တယ် တစ်သိန်းကို ငုံ့ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
အစက တိတ်ဆိတ်ငြိမ်သက်နေသော လူအုပ်ကြီးက နောက်တစ်ဖန် ဆူညံပွက်လောရိုက်သွား၏။
ယခင်က ပကတိအင်မော်တယ်ကျင်းယွဲ့ကလည်း အဲဒါကို တစ်ခါပြောခဲ့ပြီးပြီဖြစ်၏။ ယခု မင်းသား ယွမ်ကျောက ကိုယ်တိုင်ထုတ်ဖော်ပြောဆိုလိုက်သောအခါ မည်သူကမှ ထိုစကားကို ဆက်လက်၍ သံသယ မရှိတော့ပေ။
တော်ဝင်မျိုးနွယ်၏ မျိုးဆက်တစ်ယောက်အနေဖြင့် မင်းသား ယွမ်ကျောသည် လူတိုင်း၏ ရှေ့မှောက်မှာ သူ၏ စကားကို ပြန်လည်ရုတ်သိမ်းလိမ့်မည် မဟုတ်ပေ။
“ဒီအခွင့်အရေးကို ငါက ကောင်းကောင်းဖမ်းဆုပ်နိုင်ရမယ်”
“သူက တော်ဝင်မိသားစုက မြင့်မြတ်တဲ့ မျိုးနွယ်တစ်ယောက်ဆိုပေမဲ့ သူက အောက်ဘုံကနေ တက်လှမ်းလာတဲ့ ငါတို့ကို မုန်းတီးမှု မရှိဘူးပဲ.. သူက ငါတို့ကို ဒီလိုမျိုး အခွင့်အရေးတစ်ခုတောင် ပေးလိုက်သေးတယ်”
“အမှန်ပဲ.. အဲဒီတစ်ချက်ကတင် ငါ့ရဲ့ အသက်နဲ့ စွန့်စားပြီး သူ့နောက်ကို လိုက်ဖို့ ထိုက်တန်နေပြီ”
လက်ရှိ မဟူရာအင်မော်တယ်များစွာသည် ပြီးခဲ့သည့် နှစ်များအတွင်း အထက်ဘုံမှာ မြောက်များလှစွာသော ဆင်းရဲဒုက္ခများ၊ အေးစက်ခက်ထန်မှုများနှင့် အနိုင်ကျင့်မှုများကို တွေ့ကြုံခံစားခဲ့ရပြီးပြီ ဖြစ်၏။
ယခု မင်းသား ယွမ်ကျော ပေါ်ထွက်လာသောအခါ လူတိုင်းက စိတ်လှုပ်ရှားယိမ်းယိုင်သွားကြ၏။
ဒါ့အပြင် သူတို့၏ ကံကြမ္မာများကို ပြောင်းလဲပြီး သူတို့၏ နိမ့်ကျသော အဆင့်အတန်းကနေ ရုန်းထွက်နိုင်မည့် အခွင့်အရေးကို မည်သူက မတပ်မက်ဘဲ နေပါ့မလဲ။
တကယ်တော့ အဲဒီမှာ လှုပ်ရှားယိမ်းယိုင်ခြင်း မရှိဘဲ တစ်ချိန်လုံး တည်ငြိမ်နေသည့် မဟူရာအင်မော်တယ်တချို့လည်း ရှိလေသည်။
သူတို့ထဲမှ တစ်ယောက်က ဆူဇီမိုဖြစ်၏။
အခြားတစ်ယောက်ကတော့ သူ့ဘေးမှာ ရှိသော ခရမ်းရောင်ဝတ် အမျိုးသမီး ဖြစ်လေသည်။
ခရမ်းရောင်ဝတ် အမျိုးသမီးက ဤမျှအထိ တည်ငြိမ်နေသည်ကို တွေ့ရသောအခါ ဆူဇီမိုက အံ့အားသင့်သွားခြင်း မရှိပေ။
သူမသည် လုပ်ကြံသတ်ဖြတ်ခြင်းတာအိုကို ကျင့်ကြံထား၏။ သူမ၏ တည်ငြိမ်သော စိတ်နေစရိုက်ကြောင့်သာ မဟုတ်လျှင် သူမက အကြိမ်ပေါင်းများစွာ သေခဲ့ရပေလိမ့်မည်။
ဆူဇီမိုက တည်ငြိမ်နေသည့် အကြောင်းရင်းမှာ သူသည် တစ်စုံတစ်ရာ လွဲမှားနေသည်ကို ခံစားရသောကြောင့် ဖြစ်၏။
မင်းသား ယွမ်ကျောက ဘယ်လိုအဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားသလဲ။
သူက ကမ္ဘာမြေအင်မော်တယ်တစ်ယောက် ဖြစ်သော်လည်း သူသည် ကောင်းကင်အာဏာပါးကွက်သား အစောင့်တပ်သားများကို စိတ်ရှိသလို ဆင့်ခေါ်နိုင်ပြီး အစိမ်းရောင်တိမ်စိုင်တိုင်းပြည် ဘုရင်ခံကပင်လျှင် သူ၏ အမိန့်ကို နာခံရလေသည်။
ဤကဲ့သို့ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ယောက်က သူ့ထံမှာ အလုပ်အကျွေးပြုဖို့အတွက် မဟူရာအင်မော်တယ် တစ်ရာကို ဘာကြောင့် ရွေးချယ်ရမှာလဲ။
အဲဒါက အဓိပ္ပာယ် သိပ်မရှိပေ။
နောက်ထပ်ထူးဆန်းသောအရာမှာ အမဲလိုက်စုဝေးပွဲမှာ ပါဝင်သည့် မဟူရာအင်မော်တယ်များ အားလုံးသည် အောက်ဘုံမှ တက်လှမ်းလာသူများ ဖြစ်ကြ၏။
အခြားသူများ ပြောသည့်အတိုင်းပင်။ အဲဒါက သူတို့၏ ကံကြမ္မာများကို ပြောင်းလဲဖို့အတွက် အောက်ဘုံမှ တက်လှမ်းလာသူတိုင်း၏ မျှတသော အခွင့်အရေးတစ်ခု ဟုတ်နိုင်ပါ့မလား။
ထိုသို့ပြောပြီးနောက် မင်းသား ယွမ်ကျောသည် ပင်မထိုင်ခုံသို့ ရောက်ရှိလာကာ ထိုင်ချလိုက်ပြီဖြစ်၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က ရှေ့သို့ လျှောက်လှမ်းလာပြီး ထုတ်ဖော်ကြေညာလိုက်၏။
“အမဲလိုက်စုဝေးပွဲ စတင်တာနဲ့ အမဲလိုက် အဆင့်သတ်မှတ်ချက်တစ်ခုက ပကတိတစ်ဆယ် ငရဲမှာ ပေါ်လာလိမ့်မယ်.. အဲဒါက ထိပ်ဆုံး အယောက်တစ်ရာကိုပဲ ပြပေးမှာ… အဆင့်သတ်မှတ်ချက်ကိုတော့ မင်းတို့ အမဲလိုက်နိုင်မယ့် လူအရေအတွက်ပေါ်ကို အခြေခံထားတယ်”
“ရှင်သန်ကျန်ရစ်ပြီးတော့ အမဲလိုက်အဆင့်သတ်မှတ်ချက်မှာ အဆင့်ဝင်တဲ့ အဲဒီသူတွေက နောက်ဆုံး အနိုင်ရတဲ့သူတွေ ဖြစ်လာမယ်.. ပြီးရင် ပကတိတစ်ဆယ် ငရဲထဲကနေ ပြန်ထွက်နိုင်မယ်”
ထိုစကားကို ကြားသောအခါ လေးထောင့်ကွင်းထဲရှိ ကျင့်ကြံသူအများစုသည် အမဲလိုက်စုဝေးပွဲ၏ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သည့်အလား အံ့အားသင့်သွားခြင်း မရှိပေ။
သို့သော်လည်း ဆူဇီမိုက တိတ်တဆိတ် ထိတ်လန့်သွားပြီး ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာခဲ့၏။
ပကတိအင်မော်တယ်ကျင်းယွဲ့သည် စောစောက သူပြောသည့် စကားများမှာ ‘သတ်’ဆိုသော စကားကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။ သို့သော်လည်း အဲဒါကို စေ့စေ့စပ်စပ် စဉ်းစားကြည့်မည်ဆိုလျှင် သူတို့သည် ထိုစကား၏ နောက်ကွယ်မှာ သွေးဆာမှု၊ ရက်စက်ကြမ်းတမ်းမှုနှင့် မိစ္ဆာဆန်မှုတို့ကို အာရုံခံမိနိုင်ပေလိမ့်မည်။
ပကတိအင်မော်တယ်ကျင်းယွဲ့ ပြောသည့် အမဲလိုက်ခြင်း ဆိုသည်မှာ သတ်ဖြတ်ခြင်းကို ဆိုလိုလေသည်။
တစ်နည်းအားဖြင့်ဆိုလျှင် အမဲလိုက်အဆင့်သတ်မှတ်ချက်ဆိုသည့်အရာမှာ တကယ်တော့ သတ်ဖြတ်ခြင်း အဆင့်သတ်မှတ်ချက်တစ်ခုသာ ဖြစ်၏။
ပို၍ပင် ကြောက်စရာကောင်းသည့် အရာမှာ အမဲလိုက်စုဝေးပွဲ၏ စည်းမျဉ်းစည်းကမ်းများ ဖြစ်၏။
အမဲလိုက်အဆင့်သတ်မှတ်ချက်သည် ထိပ်ဆုံးလူတစ်ယောက်ကိုသာ ပြသပေးမည်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုလျှင် သူတို့သည် အဆင့်သတ်မှတ်ချက်အတွင်း ဝင်ရောက်ချင်ပါက အဆက်မပြတ် တိုက်ခိုက်သတ်ဖြတ်နေရပေလိမ့်မည်။
သူတို့က ရပ်တန့်လိုက်မည်ဆိုလျှင် အခြားသူများက သူတို့ကို ကျော်တက်ပြီး တွန်းဖယ်ကာ အဆင့်သတ်မှတ်ချက်ထဲသို့ အတင်းဝင်ရောက်လာမည့်သဘော ရှိလေသည်။
သူတို့သည် ပကတိတစ်ဆယ် ငရဲသို့ ဝင်ရောက်လိုက်သည်နှင့် သူတို့မှာ ရွေးချယ်စရာ မရှိတော့ပေ။ သူတို့က ကိစ္စများကို ရှောင်လွှဲပြီး မတိုက်ခိုက်ချင်ဘူးဆိုလျှင်တောင် အခြားသူများက သူတို့ကို ရှာဖွေသတ်ဖြတ်ဦးမည် ဖြစ်၏။
အမဲလိုက်စုဝေးပွဲ၏ အဆုံးသတ်မှာ လက်ရှိ မဟူရာအင်မော်တယ် အယောက်တစ်သိန်းထဲမှ တစ်ဆယ်ရာခိုင်နှုန်းပင် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။
အဲဒါက အမဲလိုက်စုဝေးပွဲတစ်ခု မဟုတ်ဘဲ ဤအဆင့်မြင့်အင်မော်တယ်များ၊ မြို့တော်အရှင်များနှင့် အရေးကြီးပုဂ္ဂိုလ်များကို အသုံးတော်ခံ ဖျော်ဖြေရမည့် သတ်ဖြတ်ပွဲတစ်ခုသာ ဖြစ်၏။
ဆူဇီမိုသည် ခန်းမထဲရှိ အဆင့်မြင့်အင်မော်တယ်များကို မော့ကြည့်လိုက်၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က ထိုစကားကို ပြောသည့်အခါ သူ၏ လေသံက အေးစက်နေပြီး မဟူရာအင်မော်တယ် အယောက်တစ်သိန်း၏ အသက်များကို လုံးဝ အတည်အတံ့မှတ်ယူခြင်း မရှိပေ။
အခြားသော မြို့တော်အရှင်များနှင့် ဂိုဏ်းချုပ်များကလည်း စိတ်လက်ပေါ့ပါးသော အမူအရာများနှင့်အတူ စကားပြောဆိုနေကြ၏။
အမဲလိုက်စုဝေးပွဲကို အကြိမ်ပေါင်းများစွာ ကျင်းပခဲ့ပြီး သူတို့က ဤကဲ့သို့သော မြင်ကွင်းများနှင့် အသားကျနေခဲ့ပြီးလေပြီ။
ဆူဇီမိုက အေးစက်နေသော အကြည့်တစ်ခုနှင့်အတူ သူ၏ ခေါင်းကို အနည်းငယ် ငုံ့လိုက်၏။
အထက်ဘုံလောကအကြောင်း သူ ပို၍ သိလာရလေလေ.. သူတို့၏ ရက်စက်ကြမ်းကြုတ်မှုက ပို၍ ပေါ်လွင်လာလေလေ ဖြစ်၏။
တျဲယွဲ့နှင့် လူသားဧကရာဇ်သည် တူညီသော ကိစ္စများကို သူ့အား ပြောပြခဲ့ကြ၏။ အထက်ဘုံသည် အောက်ဘုံလောကများမှာထက် ပို၍ အန္တရာယ်များပြီး ပို၍ ရက်စက်ကြမ်းတမ်းလေသည်။
အန္တရာယ်များနှင့် ရက်စက်ကြမ်းကြုတ်မှုသည် အင်မော်တယ်နိုင်ငံများ၊ ဂိုဏ်းများ၊ မျိုးနွယ်စုများနှင့် သက်ရှိများအကြား တိုက်ပွဲများကနေသာ လာခြင်း မဟုတ်ပေ။ အဲဒါထက် ၎င်းသည် အောက်ဘုံမှ တက်လှမ်းလာသော သက်ရှိများအပေါ် အထက်ဘုံမှ သက်ရှိများ၏ အထင်အမြင်သေးမှုကနေ လာခြင်းဖြစ်၏။
အထက်ဘုံမှ သက်ရှိများသည် ကျင့်ကြံရေး အရင်းအမြစ်အများစုကို ပိတ်ဆို့ချုပ်ကိုင်ထားပြီး အောက်ဘုံမှ တက်လှမ်းလာသူများက အမြုတေစုဖွဲ့ဆေးလုံးကဲ့သို့ သာမန်ကျင့်ကြံရေး ဆေးလုံးများကိုပင် အလွယ်တကူ မဖော်စပ်နိုင်ကြပေ။
ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ခုမှာ အောက်ဘုံမှ တက်လှမ်းလာသော သက်ရှိများက ပြိုင်ဘက်ကင်း ပါရမီအလားအလာများနှင့် တစ်မူထူးခြားသော အရည်အသွေးများကို ပိုင်ဆိုင်ထားသည်ဆိုလျှင်တောင် သူတို့အနေဖြင့် ဤအဆင့်မြင့်အင်မော်တယ်များကို ကျော်တက်ပြီး သူတို့နေရာကို အစားထိုးဝင်ယူဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။
အဲဒါသည် အထက်ဘုံလောက၏ ရက်စက်ကြမ်းကြုတ်မှုဖြစ်ပြီး အောက်ဘုံလောကမှ သက်ရှိများ၏ ကံကြမ္မာလည်း ဖြစ်၏။