စိတ်အာရုံကို ဆွဲဆောင်မိခြင်း
Vol. 129 Ch. 1932
“အို...”
မင်းသားယွမ်ကျောက အံ့အားသင့်စွာဖြင့် မျက်ခုံးအနည်းငယ်ပင့်လိုက်၏။
မည်သို့ပင်ဆိုစေ အဲ့ဒါက ကံကောင်းမှုသက်သက်ဆိုလျှင်တောင် စိတ်ဝိညာဥ်သတ္တုတွင်းကပ်ဘေးတစ်ခုကနေ ရှင်သန်နိုင်သည့် မဟူရာအင်မော်တယ်များက တကယ့်ကိုရှားရှားပါးပါး ဖြစ်၏။
ကျင့်ကြံရေးလောကမှာ ပါရမီနှင့်အလားအလာက အရေးကြီးသော်လည်း ကံကြမ္မာ၊ အခွင့်အလမ်းများနှင့် ကံကောင်းမှုတို့ကိုလည်း လျစ်လျူရှု၍ မရနိုင်ပေ။
ပကတိအင်မော်တယ်ကျင်းယွဲ့က ပြောလိုက်၏။
“အဲ့ဒီကောင်လေးပြောပုံအရဆို... သူက အသက်ရှင်နိုင်ခဲ့တာ ကံကောင်းလို့တဲ့... အဲ့ဒါကြောင့် သူ့ရဲ့ကံက နောက်ဆုံးမှာဘယ်လောက်ထိ ကောင်းနိုင်မလဲသိရအောင် ကျုပ်က သူ့ကို ဒီအမဲလိုက်ကစားပွဲမှာ ဝင်ပါခိုင်းလိုက်တယ်”
ခဏမျှရပ်တန့်ပြီးနောက် သူက အသံနှိမ့်၍ ပြောလိုက်၏။
“အဲ့ဒီကောင်လေးရဲ့ကံက တကယ်ပဲကောင်းပြီး အခြားသာမန်လူတွေနဲ့ မတူဘူးဆိုရင် သူက ခင်ဗျားအတွက်အကူအညီဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်”
“မင်းပြောနေတာ ဘယ်သူလဲ”
မင်းသားယွမ်ကျောက မေးလိုက်၏။
“ဟိုအစိမ်းရောင်ဝတ်ကျင့်ကြံသူပဲ”
ပကတိအင်မော်တယ်ကျင်းယွဲ့က တံလျှပ်ကြေးမုံထဲရှိ ပုံရိပ်တစ်ခုကို လက်ညှိုးထိုးပြလိုက်၏။
ထိုအခိုက်အတန့်မှာ ပကတိတစ်ဆယ်ငရဲတွင် သွေးသံရဲရဲတိုက်ပွဲတစ်ခု ဖြစ်ပွားလာခဲ့ပြီး တိုက်ပွဲနယ်မြေမှာ အလွန်တရာဆိုးဝါးနေခဲ့ပြီဖြစ်၏။
သို့သော်လည်း အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် တိုက်ပွဲနယ်မြေကနေ ထွက်ခွာသွားပြီဖြစ်ကာ အထဲမှာပါဝင်ပတ်သက်နေခြင်း မရှိတော့ပေ။ သူက တံလျှပ်ကြေးမုံထဲမှာ အလွန်တရာထင်ရှားပေါ်လွင်နေ၏။
“ဟီးဟီး”
မင်းသားယွမ်ကျောက ရယ်မောလိုက်၏။
“အဲ့ဒီကောင်လေးက တကယ်ကိုပါးနပ်တာပဲ... သူက တိုက်ပွဲနယ်မြေကနေတောင် ကြိုရှောင်ထားနိုင်တယ်ဆိုတော့”
ပကတိအင်မော်တယ်ကျင်းယွဲ့က တောအုပ်ထဲသို့ဝင်ရောက်လာသည့် နောက်ထပ်ခရမ်းရောင်ပုံရိပ်ကို လက်ညှိုးထိုးပြလိုက်၏။
“အဲ့ဒါက ကောင်းကင်ဘုံကပ်လေးလေးခုကိုဖြတ်ကျော်ပြီးတော့ တက်လှမ်းလာတဲ့ ထျန်ကျစ်ရီဆိုတာပဲ”
ခဏနေပြီးနောက် တံလျှပ်ကြေးမုံကနေတစ်ဆင့် အစိမ်းရောင်ဝတ်ကျင့်ကြံသူက ပစ်မှတ်ထားခံလာရသည်ကို တွေ့မြင်လိုက်ရ၏။
သူက စိုးရိမ်ပူပန်၍ မတိုက်ခိုက်ရဲသည့်အလား အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် တောအုပ်ထဲသို့ လှည့်ဝင်ကာ နေရာကနေ ထွက်ခွာသွား၏။
မင်းသားယွမ်ကျောက ခေါင်းခါလိုက်၏။
“သူကကံကောင်းရုံသက်သက်နဲ့ သူ့မှာတခြားဘာဝှက်ဖဲမှ မရှိဘူးဆိုလျှင် သူက ဒီအမဲလိုက်ကစားပွဲမှာ နောက်ဆုံးရပ်တည်နိုင်ဖို့ မလွယ်ဘူး”
အမဲလိုက်စုဝေးပွဲ၏ စည်းမျဥ်းအရ အဆုံးစွန်တစ်ဆယ်ငရဲကနေ ထိပ်ဆုံးအယောက်တစ်ရာကသာ အသက်ရှင်လျက်ထွက်ခွာနိုင်မည်ဖြစ်၏။
တစ်နည်းအားဖြင့်ဆိုလျှင် အစိမ်းရောင်ဝတ်ကျင့်ကြံသူက နောက်ဆုံးအချိန်ထိ အသက်ရှင်ဖို့ ကံကောင်းနေမည်ဆိုလျှင်တောင် သူက လုံလောက်သည့် သတ်ဖြတ်အရေအတွက်မရှိဘဲ အမဲလိုက်အဆင့်သတ်မှတ်ချက်ထဲသို့ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။
“တကယ်ပဲ ဟုတ်တယ်ဟ... အဲ့ဒီကောင်လေးရဲ့ လှုပ်ရှားမှုနည်းစနစ်က မဆိုးဘူးပဲ”
ပကတိအင်မော်တယ်ကျင်းယွဲ့က တံလျှပ်ကြေးမုံကို စိုက်ကြည့်ပြီး ပြောလိုက်၏။
ဘေးကနေ လျှိုယွီက ပြုံးလိုက်၏။
“တိုင်းပြည်ဘုရင်ခံ... ဒါက ပကတိတစ်ဆယ်ငရဲပဲ... အထဲမှာ သူတို့တွေ စဥ်းစားမကြည့်နိုင်တဲ့ အန္တရာယ်တွေက အများကြီးပဲ... ခင်ဗျားကောင်လေးရဲ့ လှုပ်ရှားမှုနည်းစနစ်က ဘယ်လောက်ပဲကောင်းကောင်း အဲ့ဒါကသုံးစားရမှာ မဟုတ်ဘူး”
သိပ်မကြာခင် မင်းသားယွမ်ကျောက ပြောလိုက်၏။
“အဲ့ဒီလူက သေတော့မှာပဲ”
လူတိုင်း၏ အကြည့်က တောအုပ်ထဲမှာ ဖြတ်သန်းသွားလာနေသည့် အစိမ်းရောင်ဝတ်ကျင့်ကြံသူပေါ်သို့ ရောက်ရှိသွား၏။
ပကတိမိုးကြိုးမြို့တော်၏ မြို့တော်အရှင်က ပြောလိုက်၏။
“အဲ့ဒီကောင်လေးရဲ့ ရှေ့မလှမ်းမကမ်းမှာ အထီးကျန်ရွှံ့ညွန်တော ဧရာမမိကျောင်းရဲ့ ပိုင်နက်နယ်မြေရှိတယ်... သူကအဲ့ဒီနေရာကို ဝင်ရောက်သွားတာနဲ့ ဧရာမိကျောင်းက သေချာပေါက်နိုးထလာလိမ့်မယ်”
“အဲ့ဒီအထီးကျန်ရွှံ့ညွန်တော ဧရာမမိကျောင်းက အဆင့်-၃ ကမ္ဘာမြေသားရဲပဲ... ဒီကောင်လေးက သေတော့မှာ”
လျှိုယွီက ရယ်မောလိုက်၏။
အဲ့ဒီမှာ ဤကဲ့သို့သော အန္တရာယ်များသည့် နေရာပေါင်းများစွာရှိလေသည်။
ထိုသားရဲတောကောင်များကို ဤနေရာမှာရှိသော အဆင့်မြင့်အင်မော်တယ်များစွာက ဖမ်းဆီးလာခဲ့ပြီး ပကတိတစ်ဆယ်ငရဲမှာ တမင်သက်သက် အကျဥ်းချပိတ်လှောင်ထားခြင်းဖြစ်၏။
ပကတိတစ်ဆယ်ငရဲသို့ ဝင်ရောက်လာသော မဟူရာအင်မော်တယ်တစ်သိန်းသည် အခြားသောမဟူရာအင်မော်တယ်များ၏ သတ်ဖြတ်ခြင်းစွမ်းအားနှင့် ရင်ဆိုင်ရမည်သာမက သူတို့သည် ဤကဲ့သို့သော ရုတ်တရက်ဆန်သည့် အန္တရာယ်များနှင့်လည်း ရင်ဆိုင်ရနိုင်၏။
အဲ့ဒါသည် အဆင့်မြင့်အင်မော်တယ်များစွာ၏ စိတ်အပန်းဖြေရာတစ်ခုလည်းဖြစ်လေသည်။
စွမ်းအားကြီးမားသော သားရဲတောကောင်များ ရုတ်တရက်ပေါ်ထွက်လာသည့်အခါ ထိုမဟူရာအင်မော်တယ်များက ကြောက်ရွံ့စွာတုန်ယင်၍ ထိန်လန့်တကြားဖြစ်နေသည်ကို သူတို့က တွေ့မြင်ချင်ကြ၏။
သားရဲတောကောင်များ၏ အမဲလိုက်ခြင်းခံရပြီး ထိုမဟူရာအင်မော်တယ်များက ကူကယ်ရာမဲ့စွာ ရုန်းကန်နေရသည်ကို တွေ့မြင်ရခြင်းက သူတို့အတွက် မတူညီသော စိတ်ကျေနပ်မှုတစ်ခုကို ပေးစွမ်းနိုင်၏။
ထိုအခိုက်အတန့်မှာ တိုက်ပွဲက ပို၍ ပြင်းထန်လာပြီး သွေးထွက်သံယိုဖြစ်မှုများက များပြားလာခဲ့၏။
မဟူရာအင်မော်တယ်များက အချိန်တိုင်းလိုလိုမှာ သေဆုံးနေကြ၏။
အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်ရှိ အမည်များက အဆက်မပြတ် ပြောင်းလဲနေပြီး ထိုအမည်များ၏ နောက်ဘက်မှာ အရေအတွက်ကလည်း ခုန်ပေါက်၍ တိုးလာနေ၏။
သို့သော်လည်း မြို့တော်အရှင်ဂေဟာထဲရှိ အဆင့်မြင့်အင်မော်တယ်တချို့က အစိမ်းရောင်ဝတ်ကျင့်ကြံသူကို သတိထားမိလိုက်ကြ၏။
“ဟိုတစ်ယောက်က ဒီလောက်စောစောစီးစီး ကမ္ဘာမြေသားရဲတစ်ကောင်နဲ့ တွေ့ရတော့မယ်ဆိုတော့... ဟားဟား”
“အဲ့ဒီလူရဲ့ပုံစံက အားနည်းပြီးတော့ စာပေသမားတစ်ယောက်နဲ့တူတယ်... သူက အထီးကျန်ရွှံ့ညွန်တောဧရာမမိကျောင်းကို တွေ့တဲ့အခါ နေရာမှာတင် သတိလစ်သွားမယ်လို့ ငါထင်တယ်”
အဆင့်မြင့်အင်မော်တယ်များစွာက ဟားတိုက်ရယ်မောပြီး အစိမ်းရောင်ဝတ်ကျင့်ကြံသူက မရဏရွှံ့ညွန်တောထဲသို့ ဝင်ရောက်သွားမည်ကို သူတို့က စောင့်ဆိုင်းနေကြ၏။
အချိန်က တဖြည်းဖြည်းကုန်ဆုံးသွား၏။
အဆင့်မြင့်အင်မော်တယ်များစွာ၏ မျက်နှာများပေါ်ရှိအပြုံးများက တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့၏။
ပုံမှန်အခြေအနေမှာဆိုလျှင် အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ လှုပ်ရှားသွားလာပုံလမ်းကြောင်းအရ သူသည် မရဏရွှံ့ညွန်တောထဲသို့ သိပ်မကြာခင်ဝင်ရောက်သွားရမည်ဖြစ်၏။
သို့သော်လည်း ဘာ့ကြောင့်ရယ်မသိ သူသည် မရဏရွှံ့ညွန်တော၏အစပ်သို့ ရောက်ရှိသည့်အခါ အစိမ်းရောင်ဝတ်ကျင့်ကြံသူက သူ၏ခြေလှမ်းကို ထူးဆန်းစွာရပ်တန့်ပြီး ရှေ့သို့ဆက်မသွားတော့ပေ။
အဆင့်မြင့်အင်မော်တယ်များစွာ၏ အကြည့်အောက်မှာ အစိမ်းရောင်ဝတ် ကျင့်ကြံသူက နေရာမှာတင် ခဏမျှရပ်တန့်ပြီးနောက် သူ၏ ဦးတည်ဘက်ကို စတင်ပြောင်းလဲလိုက်၏။
“ထူးဆန်းတယ်... အဲ့ဒီကောင်လေးက မရဏရွှံ့ညွန်တောကို ရှာတွေ့သွားတာများလား”
“မဖြစ်နိုင်ဘူး... ငါတို့က အဲ့ဒီနေရာကို မရဏရွှံ့ညွန်တောလို့ ခေါ်ပေမယ့် အထီးကျန်ရွှံ့ညွန်တောဧရာမမိကျောင်းက ငြိမ်သက်နေတာ... ရွှံ့ညွန်တောရဲ့ မျက်နှာပြင်က သာမန်မြေပြင်နဲ့ကွာတာမဟုတ်ဘူး... အဲ့ဒီကောင်လေးက အဲ့ဒါကိုဘယ်လိုလုပ် သတိထားမိပါ့မလဲ”
“အဲ့ဒါက တိုက်ဆိုင်တာသက်သက်ပဲနေမှာပါ”
အဆင့်မြင့်အင်မော်တယ်များသည် သူတို့တွေးထင်ထားသလို သွေးသံရဲရဲမြင်ကွင်းကို မမြင်တွေ့ရသည့်အခါ မကျေမနပ်ဖြစ်သွားကြ၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က ညင်သာစွာ ပြုံးလိုက်၏။
“ဒီကောင်လေးရဲ့ကံက တကယ်ပဲမဆိုးလှဘူးနဲ့တူတယ်”
ဘေးကနေ လျှိုယွီက မကျေနပ်ဟန်ဖြင့် နှုတ်ခမ်းဆူလိုက်၏။
“အဲ့လိုမျိုး အန္တရာယ်များတဲ့နေရာတွေက နေရာတိုင်းမှာရှိတယ်... အဲ့ဒီကောင်လေးက အချိန်တိုင်းမှာကံကောင်းနေမယ်လို့တော့ ကျုပ်မယုံဘူး”
နှစ်နာရီကြာပြီးနောက် စစချင်း သွေးသံရဲရဲ တိုက်ပွဲက တဖြည်းဖြည်းအဆုံးသတ်လာခဲ့၏။
ကျင့်ကြံသူများစွာက ရုန်းရင်းဆန်ခတ်တိုက်ပွဲနယ်မြေကနေ ထွက်ခွာလာခဲ့ပြီဖြစ်သော်လည်း တိုက်ပွဲနယ်မြေက အလောင်းများ၊ သွေးများဖြင့် ပြည့်နှက်နေဆဲ ဖြစ်၏။ အဲ့ဒါက အရမ်းကိုကြောက်စရာကောင်းနေ၏။
အနည်းဆုံး မဟူရာအင်မော်တယ် အယောက်နှစ်သောင်းလောက်က ထိုတိုက်ပွဲမှာ သေဆုံးသွားကြပြီဖြစ်၏။
သို့သော်လည်း အမဲလိုက်စုဝေးပွဲက အခုမှစတင်ရုံသာဖြစ်၏။
စစ်မီးတောက်များက တဖြည်းဖြည်းငြိမ်းသေသွားစဥ် အဆင့်မြင့်အင်မော်တယ်များစွာ၏ စိတ်အာရုံက ပြန့်ကျဲသွားပြီး သူတို့စိတ်ဝင်စားသော မဟူရာအင်မော်တယ်တချို့အပေါ် အသီးသီးရောက်ရှိသွားကြ၏။ လီထျန်၊ ကျန့်ယွီနှင့် အခြားသူများက စိတ်ဝင်စားခံရမှုအများဆုံးဖြစ်၏။
အခြားသူများနှင့်မတူဘဲ ပကတိအင်မော်တယ်ကျင်းယွဲ့၏ အကြည့်က ဆူဇီမိုအပေါ် တစ်ချိန်လုံးကျရောက်နေ၏။
ရုတ်တရက် မင်းသားယွမ်ကျောက မေးလိုက်၏။
“အဲ့ဒါဘယ်နှစ်ခုရှိသွားပြီလဲ”
“အဲ့ဒါလေးခုမြောက်ဖြစ်သွားပြီ”
ပကတိအင်မော်တယ်ကျင်းယွဲ့က ပြန်ဖြေလိုက်၏။
စစချင်း မရဏရွှံ့ညွန်တောအပါအဝင် အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် တူညီသော အန္တရာယ်များသည့်နေရာလေးခုကို ရှောင်လွှဲခဲ့ပြီးပြီဖြစ်၏။
အစိမ်းရောင်ဝတ်ကျင့်ကြံသူက တစ်ချိန်လုံး မည်သူနှင့်မှ တိုက်ခိုက်ခဲ့ခြင်းမရှိဘဲ ပကတိတစ်ဆယ်ငရဲမှာ လှည့်ပတ်သွားလာနေရုံသာဖြစ်၏။
သို့သော်လည်း သူက အန္တရာယ်များသောနေရာတစ်ခုထဲသို့ ခြေချတော့မည့်ဆဲဆဲမှာ ထိုသူက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ရုတ်တရက်ရပ်တန့်ပြီး သူ၏ ဦးတည်ဘက်ကို ပြောင်းလဲခဲ့၏။
တစ်ကြိမ်က တိုက်ဆိုင်မှုသာဆိုလျှင် လေးကြိမ်ဆက်တိုက်ကတော့ ထည့်သွင်းစဥ်းစားရမည့် တစ်စုံတစ်ရာဖြစ်လာ၏။
“စိတ်ဝင်စားစရာပဲ”
မင်းသားယွမ်ကျောက တီးတိုးရေရွတ်ပြီး သူ၏ မျက်လုံးက တဖြည်းဖြည်း ဝင်းလက်သွား၏။ သူ၏ စိတ်အာရုံအများစုက ဆူဇီမိုပေါ်သို့ ကျရောက်သွား၏။
ထိုအခိုက်အတန့်မှာ မဟူရာအင်မော်တယ် အယောက်သောင်းချီက လူစုကွဲနေကြပြီဖြစ်ပြီး ပကတိတစ်ဆယ်ငရဲ၏ နေရာတိုင်းမှာ ပြန့်ကျဲနေကြ၏။
မဟူရာအင်မော်များစွာက မရဏရွှံ့ညွန်တောထဲသို့ အမှတ်တမဲ့ဝင်ရောက်သွားပြီး အထီးကျန်ရွှံ့ညွန်တောဧရာမမိကျောင်းက နိုးထလာခဲ့၏။
မရဏရွှံ့ညွန်တောက စွမ်းအားကြီးမားသော စုပ်ယူအားတစ်ခုနှင့်အတူ အဆက်မပြတ်လည်ပတ်လာခဲ့၏။
ထိုထဲသို့ ကျဆင်းသွားသော မဟူရာအင်မော်တယ်များစွာက လုံးဝရုန်းမထွက်နိုင်တော့ပေ။
အဲ့ဒီနောက် ပေပေါင်းထောင်ချီရှည်လျားသော ဧရာမမိကျောင်းတစ်ကောင်က ဝဲကတော့၏ အလယ်မှာ ပေါ်ထွက်လာခဲ့၏။
ထိုသတ္တဝါမှာ ကြမ်းကြုတ်ခက်ထန်သောအကြည့်တစ်ခုရှိနေပြီး ကြောက်စရာကောင်းသောအော်ရာတစ်ခုနှင့်အတူ သူ၏ ပါးစပ်ထဲကနေ တံတွေးရည်များက စီးကျနေ၏။
အသက်ဆယ်ရှိုက်စာမပြည့်ခင်မှာပင် မဟူရာအင်မော်တယ်များစွာသည် အထီးကျန်ရွှံ့ညွန်တော ဧရာမမိကျောက်း၏ ဝါးမျိုခြင်းခံလိုက်ရ၏။
ဆင်တူသောဖြစ်ရပ်များက ပကတိတစ်ဆယ်ငရဲ၏ အခြားနေရာများမှာလည်း ထပ်တလဲလဲဖြစ်ပွားနေ၏။
လူတိုင်းက အထဲမှာသားကောင်များဖြစ်လာကြ၏။