ဘာမဟုတ်တဲ့သူလား.. သူရဲကောင်းလား
Vol. 129 Ch. 1933
ပကတိတစ်ဆယ်ငရဲတွင်...
ဆူဇီမို၏ အကြည့်က အေးစက်နေပြီး သူ၏ အမူအရာက သုန်မှုန်နေ၏။
သူသည် ဤနေရာသို့ ဝင်ရောက်လာခဲ့သည်မှာ တစ်နေ့နီးပါးရှိသွားခဲ့လေပြီ။
သူသည် တိုက်ပွဲနယ်မြေကနေ ထွက်ခွာလာခဲ့ပြီး ကျင့်ကြံသူများစွာကို ရှောင်လွှဲနိုင်ခဲ့သော်လည်း ရှေ့မှာရှိသော သူ၏ လမ်းကြောင်းက ချောက်ချားစရာကောင်းနေဆဲဖြစ်ပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။
သူသည် သူ၏ အာရုံခံသတိစိတ်နှင့်အတူ အန္တရာယ်ကို ကြိုတင်အာရုံခံမိနိုင်ခဲ့ခြင်းမရှိလျှင် သူသည် အလွန်တရာအန္တရာယ်များသော အခြေအနေများသို့ ကျဆင်းသွားခဲ့ရပေလိမ့်မည်။
ပြားချပ်နေသော သာမန်ပုံစံမြက်ခင်းတစ်ခင်းက ရုတ်တရက်ရွှံ့ညွန်တောတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဧရာမမိကျောင်းတစ်ကောင်ပေါ်ထွက်လာကာ ကျင့်ကြံသူများစွာကို ဝါးမျိုခဲ့သည်ကို သူ၏ မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရ၏။
ကျင့်ကြံသူအချို့သည် ရှေးဟောင်းသစ်ပင်အချို့ပေါ်မှာ ပုန်းကွယ်နေခဲ့သည်ကိုလည်း သူတွေ့မြင်ခဲ့ရ၏။ သို့သော်လည်း သူတို့သည် မဟူရာနကျယ်ကောင်များ၏ အသိုက်တစ်ခုနှင့်ကြုံတွေ့ခဲ့ရ၏။
ထောင်နှင့်ချီသော မဟူရာနကျယ်ကောင်များက စတင်လှုပ်ရှားလာခဲ့ပြီး ကျင့်ကြံသူအချို့ကို သိပ်သည်းများပြားစွာဖြင့် အုပ်မိုးသွား၏။
တစ်ခဏချင်းမှာပင် သူတို့တချို့သည် အလွန်တရာဆိုးဆိုးဝါးဝါးပုံစံဖြင့် သေဆုံးသွားပြီး သူတို့၏ ခန္ဓာကိုယ်များက မဟူရာနကျယ်ကောင်များ၏ အဆိပ်ဆူးများဖြင့် စကာပေါက်အဖြစ် ထိုးဖောက်ခြင်းခံခဲ့ရ၏။
ရွှံ့ညွန်တောမိကျောင်းဖြစ်စေ၊ မဟူရာနကျယ်ကောင်များဖြစ်စေ သူတို့အားလုံးသည် ကမ္ဘာမြေသားရဲများဖြစ်ပြီး မဟူရာအင်မော်တယ်များ၏ အထက် ကျင့်ကြံမှုအဆင့်ကြီးတစ်ဆင့်လုံးလုံး မြင့်မားနေ၏။
မဟူရာနကျယ်ကောင်တစ်ကောင်က သူ၏ လမ်းတစ်လျှောက်မှာ မဟူရာအင်မော်တယ်များစွာကို သတ်ဖြတ်ပစ်ဖို့ လုံလောက်လေသည်။
ထောင်နှင့်ချီသော မဟူရာနကျယ်ကောင်များကို ဘယ်သူက ခုခံရင်ဆိုင်နိုင်ပါ့မလဲ။
ဆူဇီမိုသည် သတိလက်လွတ်ဖြင့် မဟူရာနကျယ်ကောင်အုပ်ထဲကျဆင်းသွားပါက သူ့အနေဖြင့် အသက်ရှင်လျက်ထွက်လာနိုင်ဖို့ ခဲယဥ်းပေလိမ့်မည်။
ပကတိတစ်ဆယ်ငရဲတွင် အန္တရာယ်များက နေရာတိုင်းမှာ ရှိနေ၏။
ဆူဇီမိုကို ပို၍ပင် သက်တောင့်သက်သာမရှိစေသည့်အရာမှာ သူသည် တစ်ချိန်လုံး စောင့်ကြည့်ခံနေရခြင်းဖြစ်၏။
သူသည် ကောင်းကင်ထက်ရှိ ဧရာမမျက်လုံးကနေတစ်ဆင့် အပြင်ဘက်ရှိအခြေအနေကို မတွေ့မြင်နိုင်သော်လည်း လူတချို့က သူ့ကိုစောင့်ကြည့်နေသည်ကို သူကခံစားမိနေ၏။
ရုတ်တရက်ဆိုသလို...။
ဆူဇီမိုက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
သူသည် တစ်ဖန်ထပ်၍ စောင့်ကြည့်ခြင်းခံနေရသည်ဟု ခံစားလိုက်ရ၏။ အဲ့ဒါက ကောင်းကင်ထက်မှ စောင့်ကြည့်နေသောခံစားချက်နှင့် အနည်းငယ်ကွဲပြားပြီး ခပ်ဖျော့ဖျော့သာဖြစ်လေသည်။
သူ၏ ထက်ရှသော အာရုံခံသတိစိတ်ကြောင့်သာ မဟုတ်လျှင် ထိုနှစ်ခုကြား ကွာဟချက်ကို သူကထောက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် အဲ့ဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောခြင်းမရှိဘဲ သူ၏ လှုပ်ရှားမှုနည်းစနစ်ကို ထုတ်ဖော်ကာ ရပ်တန့်ခြင်းမရှိဘဲ တောအုပ်ထဲမှာ ဆက်လက်ပြေးလွှားနေ၏။
တစ်နာရီကြာပြီးနောက်... ဆူဇီမိုက သူ၏ ခြေလှမ်းကို နောက်တစ်ဖန်ရပ်တန့်လိုက်၏။
ထောက်လှမ်းခံနေရသောခံစားချက်က ပျောက်ကွယ်မသွားသေးပေ။
သူက ပစ်မှတ်ထားခံနေရခြင်းဖြစ်၏။
ခရမ်းရောင်ဝတ်ရုံနှင့် အမူအရာကင်းမဲ့သော အမျိုးသမီး၏ ပုံရိပ်က ဆူဇီမို၏ စိတ်ထဲသို့ ဝင်ရောက်လာ၏။
ထျန်ကျစ်ရီ... ။
စောစောက သူသည် ကောင်းကင်ဘုံခြေလှမ်း၊ ကန့်သတ်မဲ့ရွှေအလင်းနှင့် အခြားသောနတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ခဲ့၏။ သူသည် ပတ်ဝန်းကျင်ကို အသုံးချရင်း သူ၏ ဦးတည်ဘက်ကို အဆက်မပြတ် ပြောင်းလဲခဲ့ကာ အဆင့်တူချင်းတွင် သူ့ကိုလိုက်မီနိုင်မည့်သူက မရှိသလောက်နီးပါးပင်။
သို့သော်လည်း တစ်နာရီကြာပြီးတာတောင်... သူက အဲ့ဒါကို မျက်ခြည်မဖြတ်နိုင်သေးပေ။
လုပ်ကြံသတ်ဖြတ်ရာမှာ အထူးကျွမ်းကျင်သည့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်က သူ၏ အော်ရာကို ပြီးပြည့်စုံစွာဖုံးကွယ်ပြီး သူ့နောက်သို့ မျှော့တစ်ကောင်ကဲ့သို့ လိုက်ပါလာနိုင်ကြောင်း သူတွေးမိလိုက်၏။
ဆူဇီမိုက စိတ်ထဲကနေ ကြိတ်၍လှောင်ရယ်လိုက်၏။
ထိုအမျိုးသမီးလုပ်ကြံသတ်ဖြတ်သူက သူ့ကိုတိုက်ခိုက်ဖို့ ရွေးချယ်လာခဲ့လေသည်။
ဆူဇီမိုက အမူအရာကင်းမဲ့စွာဖြင့် ရှေ့သို့ဆက်လျှောက်သွား၏။
မြို့တော်အရှင်၏ဂေဟာ... ခန်းမထဲတွင်။
မင်းသားယွမ်ကျောသည် တံလျှပ်ကြေးမုံထဲရှိ ဆူဇီမိုကို တစ်နေ့လုံးကြာအောင် စောင့်ကြည့်နေခဲ့သော်လည်း သူက ဤလူနှင့်ပတ်သက်၍ ဘာမှမသိရသေးဘဲ ထိုသူ၏ ခွန်အားကိုလည်း မတွေ့မြင်ရသေးပေ။
အစကနေ ယခုအချိန်ထိ ဤလူက မည်သူနှင့်မျှ မတိုက်ခိုက်ခဲ့သောကြောင့်ဖြစ်၏။
မင်းသားယွမ်ကျော၏ မျက်လုံးထဲတွင် စိတ်မရှည်နိုင်မှု တစ်စွန်းတစ်စပေါ်ထွက်လာပြီး အစက သူ၏ စိတ်ဝင်စားမှုကလည်း တဖြည်းဖြည်းလျော့ကျလာခဲ့၏။
“သူက စွမ်းအားကြီးမားတဲ့ နည်းလမ်းတစ်ခုခုကို မပိုင်ဆိုင်ထားဘဲ ဒီတိုင်းပဲ ရှောင်တိမ်းနေနိုင်တာဆိုရင် သိပ်ပြီးသုံးစားလို့ရမှာ မဟုတ်ဘူး”
မင်းသားယွမ်ကျောက သမ်းဝေ၍ မကျေမနပ်ဟန်ဖြင့် နှုတ်ခမ်းစူလိုက်၏။
“ဒီလူက တော်တော်ပျင်းဖို့ကောင်းတာပဲ”
“အဲ့ဒါအမှန်ပဲ”
လျှိုယွီက ပြုံးပြလိုက်၏။
“အရှင်မင်းသား တစ်ရက်ကြာသတ်ဖြတ်ပြီးတဲ့နောက် တကယ်တမ်း အစွမ်းထက်တဲ့ နိမ့်ကျသက်ရှိတွေက ပေါ်ထွက်လာခဲ့ပြီ... ခင်ဗျားက ဘာမဟုတ်တဲ့သူတချို့အပေါ် ခင်ဗျားရဲ့အချိန်တွေကို ဘာလို့ဖြုန်းနေမှာလဲ”
“အရှင်မင်းသား... ကျေးဇူးပြုပြီး တစ်ချက်ကြည့်ပါဦး... ကျုပ်ထင်တားတဲ့အတိုင်းပဲ... လီထျန်က အမဲလိုက်အဆင့်သတ်မှတ်ချက်ရဲ့နံပါတ်တစ်ဖြစ်လာခဲ့ပြီ”
“ကစားပွဲက အခုချိန်ထိမပြီးသေးဘူး... အဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်ဖို့က စောလွန်းသေးတယ်”
ပကတိမိုးကြိုးမြို့တော်၏ မြို့တော်အရှင်က ဘေးကနေပြောလိုက်၏။
မင်းသားယွမ်ကျောက ဆူဇီမိုထံမှ သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်၏။ သူက အခြားတစ်ဘက်သို့ အာရုံစိုက်တော့မည့်ဆဲဆဲမှာပင် ပကတိအင်မော်တယ်ကျင်းယွဲ့က ဘေးကနေ အံ့အားတသင့်ပြောလိုက်၏။
“ဟမ်... အဲ့ဒီကောင်လေးက ပစ်မှတ်ထားခံနေရပြီ”
“ဘာလို့လဲ”
မင်းသားယွမ်ကျောက မေးလိုက်၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က တံလျှပ်ကြေးမုံကို လက်ညှိုးထိုးကာ ပြောလိုက်၏။
“အရှင်မင်းသား... ကျေးဇူးပြုပြီး အနီးကပ်တစ်ချက်ကြည့်ပါဦး... အဲ့ဒီရှေးဟောင်းသစ်ပင်ရဲ့နောက်မှာ ပုံရိပ်တစ်ခုက တကယ်ပဲပုန်းကွယ်နေတယ်”
မင်းသားယွမ်ကျောက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်၏။
တကယ်ပင်...။
ရှေးဟောင်းသစ်ပင်၏ ဘေးလေဟာနယ်ထဲမှာ ခပ်ဖျော့ဖျော့တွန့်လိမ်မှုတစ်ခုရှိနေပြီးအဲ့ဒါက ပုံရိပ်တစ်ခုဆိုတာကို ခပ်ရေးရေးသာမြင်နိုင်၏။
သို့သော်လည်း သူတို့က အာရုံစိုက်ကြီးမကြည့်သရွေ့ အဲ့ဒါကို သတိထားမိနိုင်လိမ့်မဟုတ်ပေ။
“အဲ့ဒါက သာမန် ကိုယ်ဖျောက်ခြင်းနည်းစနစ်ပဲ”
မင်းသားယွမ်ကျောက ခေါင်းအနည်းငယ်ညိတ်၍ ပြောလိုက်၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က ပြုံးပြလိုက်၏။
“ကျုပ်ထင်တာမမှားဘူးဆိုရင် အဲ့ဒါက ကောင်းကင်ဘုံကပ်ဘေးလေးခုကို ဖြတ်ကျော်လာတဲ့ ဟိုအမျိုးသမီး ထျန်ကျစ်ရီပဲ ဖြစ်ရမယ်”
“အို... ဟုတ်လား”
မင်းသားယွမ်ကျော၏ မျက်လုံးက ဝင်းလက်သွား၏။
ထျန်ကျစ်ရီက ဆူဇီမိုကို ပစ်မှတ်ထားလာခဲ့သည်ကို သူက ယခုတင် ရှာဖွေတွေ့ရှိလိုက်ရသောကြောင့်ဖြစ်၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က ညင်သာစွာပြုံးလိုက်၏။
“အဲ့ဒီကောင်လေးက ဘာမဟုတ်တဲ့သူလား... သူရဲကောင်းတစ်ယောက်လားဆိုတာ ကျုပ်တို့မကြာခင်သိရတော့မှာပါ”
မင်းသားယွမ်ကျောက စိတ်လှုပ်ရှားသွားပြီး သူ၏ စိတ်အာရုံက ဆူဇီမိုပေါ်သို့ တစ်ဖန်ကျရောက်လာ၏။ ဘေးဘက်တွင် လျှိုယွီက သူ၏ ခေါင်းကို ခါလိုက်၏။
“ဘေးကနေရပ်ကြည့်နေတဲ့သူတွေတောင်မှ ထျန်ကျစ်ရီရဲ့ တည်ရှိမှုကို ထောက်လှမ်းနိုင်ဖို့ခက်ခဲတယ်... အဲ့ဒီကောင်လေးက အဲ့ဒါက ဘာလဲဆိုတာမသိရခင် သေသွားရလိမ့်မယ်ထင်တယ်”
မင်းသားယွမ်ကျောနှင့် ပကတိအင်မော်တယ်ကျင်းယွဲ့က နောက်ထပ်နှစ်နာရီကြာအောင် ဆူဇီမိုကို စောင့်ကြည့်နေခဲ့ကြ၏။
ဤတစ်ခေါက်မှာ ပကတိအင်မော်တယ်ကျင်းယွဲ့ပင်လျှင် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ သူ၏ လက်သီးနှစ်ဖက်ကို အနည်းငယ်ဆုပ်ထား၏။
ဆူဇီမိုသည် အလွန်တရာမြန်ဆန်စွာဖြင့် ပကတိတစ်ဆယ်ငရဲမှာ ဦးတည်ချက်မဲ့စွာ လျှောက်သွားနေ၏။
ထျန်ကျစ်ရီက နောက်ကနေလိုက်ပါလာပြီး သူမက တိုက်ခိုက်ချင်သည်ဆိုလျှင်တောင် တိုက်ခိုက်ဖို့အခွင့်အရေး သူမမှာ မရှိပေ။
ဤကဲ့သို့ မြင့်မားသောအလျင်အဟုန်ဖြင့်သွားလာနေရခြင်းမှာ သူမ၏ အမြုတေစိတ်ဝိညာဥ်၊ သွေးချီနှင့် သက်လုံအားတို့က ကြီးမားစွာကုန်ခန်းလာခဲ့၏။ သူမသည် ဆူဇီမိုကိုတိုက်ခိုက်ဖို့နေနေသာ သူမ၏ သာမန်ကိုယ်ဖျောက်ခြင်းနည်းစနစ်ကို ထိန်းသိမ်းထားရသည်ကပင် သူမ၏ အကန့်အသတ်ဖြစ်နေခဲ့လေပြီ။
ပြီးခဲ့သည့်နှစ်နာရီအတွင်း ဆူဇီမိုက ဘာမှပြောင်းလဲသွားသည့်ပုံမရှိပေ။ သူက မည်သည့်အရာကိုမှ သတိမထားမိသည့်အလားပင်။
သို့သော်လည်း ထျန်ကျစ်ရီက စွမ်းအင်အမြောက်အမြားကို သုံးစွဲခဲ့ရပြီဖြစ်၏။
သူမသည် သာမန်ကိုယ်ဖျောက်ခြင်းနည်းစနစ်ကို ကောင်းကောင်းထိန်းမထားနိုင်တော့ဘဲ ပေါ်ထွက်လုနီးပါးဖြစ်လာခဲ့သည့်အကြိမ်ရေတချို့ပင် ရှိလာခဲ့၏။
မချင့်မရဲ အမူအရာတစ်ခုနှင့်အတူ မင်းသားယွမ်ကျောက စိတ်ဝိညာဥ်လက်ဖက်ရည်များစွာကို အလျင်စလိုမျိုချလိုက်၏။
“ဒီလူက အထဲမှာလျှောက်ပြေးပြီးတော့ ဘာလုပ်ဖို့ကြိုးစားနေတာလဲ... ငါအထဲကိုလိုက်ဝင်ပြီး သူ့ကိုရိုက်သတ်ချင်စိတ်ပေါက်လာပြီ”
ပကတိအင်မော်တယ်ကျင်းယွဲ့က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့ကိုယ်သူ ဣန္ဒြေဆယ်လိုက်၏။
“အရှင်မင်းသား... ကျေးဇူးပြုပြီး စိတ်ကိုလျှော့ထားပါ... နောက်ထပ်နဲနဲလောက် ဆက်ပြီးစောင့်ကြည့်ရအောင်”
ထိုစဥ်မှာပင် ဆူဇီမို၏ အလျင်အဟုန်က နောက်ဆုံးမှာ လျော့ကျလာခဲ့၏။
သိပ်မကြာခင် သူက လတ်ဆတ်သောသွေးများ၊ အလောင်းများဖြင့် ပြည့်နှက်နေသည့် လိုဏ်ဂူတစ်ခုရှေ့မှာ ရပ်တန့်လိုက်၏။
အဲ့ဒါသည် အဆင့်-၉ ကမ္ဘာမြေသားရဲ ကျားခြင်္သေ့ပျံ ခိုအောင်းရာလိုဏ်ဂူဖြစ်၏။
လွန်ခဲ့သည့် လေးနာရီခန့်က ရာနှင့်ချီသော ကျင့်ကြံသူများသည် ဤနေရာကနေဖြတ်သွားပြီး ထိုတောကောင်ကို နိုးထစေခဲ့၏။
ကျားခြင်္သေ့ပျံက လိုဏ်ဂူထဲကနေထွက်လာပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို ပြုလုပ်ခဲ့၏။ ရာနှင့်ချီသော ကျင့်ကြံသူများက ဤနေရာမှာသေဆုံးခဲ့ပြီး ထိုတောကောင်ထွက်ခွာသွားပြီးနောက် လိုဏ်ဂူက ဗလာကျင်းသွားခဲ့၏။
တံလျှပ်ကြေးမုံကနေတစ်ဆင့် ဆူဇီမိုသည် တစ်စုံတစ်ရာကို အကဲခတ်နေသည့်အလား လိုဏ်ဂူ၏ ဝင်ပေါက်ဝမှာ ခဏကြာရစ်ဝဲနေသည်ကို တွေ့မြင်လိုက်ကြရ၏။
သိပ်မကြာခင် ဆူဇီမိုသည် လိုဏ်ဂူထဲသို့ ဝင်ရောက်သွားပြီး တံလျှပ်ကြေးမုံကနေ ပျောက်ကွယ်သွား၏။
“အမ်...”
မင်းသားယွမ်ကျောနှင့် ပကတိအင်မော်တယ်ကျင်းယွဲ့က ခဏမျှမှင်တက်သွားပြီးနောက် အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ကောင်းကင်ထက်ရှိ ဧရာမတံလျှပ်မျက်လုံးကနေတစ်ဆင့် တံလျှပ်ကြေးမုံသည် ပကတိတစ်ဆယ်ငရဲထဲရှိ အရာရာတိုင်းကို ရောက်ပြန်ဟပ်ပေးနိုင်၏။
သို့သော်လည်း ဤကဲ့သို့ လိုဏ်ဂူတစ်ခုထဲမှာ အရာရာတိုင်းက ဖုံးကွယ်ခံနေရ၏။
တံလျှပ်မျက်လုံးက အဲ့ဒါကိုမတွေ့မြင်နိုင်ဘူးဆိုမှတော့ ၎င်းသည် အဲ့ဒါကို တံလျှပ်ကြေးမုံပေါ်တွင် ပေါ်ထွက်စေလာလိမ့်မည် မဟုတ်ပေ။
တစ်နည်းအားဖြင့်ဆိုလျှင် ဆူဇီမိုသည် အဆင့်မြင့်အင်မော်တယ်များ၏ စောင့်ကြည့်မှုအောက်ကနေ ယာယီအားဖြင့် လွတ်ထွက်သွားခဲ့ပြီဖြစ်၏။
မင်းသားယွမ်ကျောသည် ဆူဇီမိုနှင့် ထျန်ကျစ်ရီအကြား တိုက်ပွဲကိုစောင့်မျှော်နေခဲ့ခြင်းဖြစ်၏။
ယခု ဆူဇီမိုက လိုဏ်ဂူထဲသို့ ဝင်ရောက်သွားပြီး သူတို့က မည်သည့်အရာကိုမှ မတွေ့မြင်နိုင်တော့ပေ။
“ဒီ... ငါ...”
မင်းသားယွမ်ကျောက သူ၏ ပါးစပ်ကိုဖွင့်ဟလိုက်ပြီး ဒေါသထွက်လွန်းသောကြောင့် သတိလစ်မတတ်ပင်ဖြစ်သွားရ၏။