အားညိုရဲ့ စကားက လူသုံးယောက်ကို ထိတ်လန့်သွားစေတယ်
Vol. 96 Ch. 1475
ထိုစကားက ကောင်းကင်ဘုံမိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်သွားပြီး လူတိုင်း၏ နှလုံးသားကို ထိတ်လန့်သွားစေသည်။
ထိုစကားသံ ပဲ့တင်ထပ်သွားသည်နှင့်ချက်ချင်း ယွဲ့တုန်နှင့် လန်ယောင်၏ အရှေ့မှ ရှည်လျားသော ပုံရိပ်က ရွှီချင်းနှင့် အားညိုဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။
သူ၏ ခြေလှမ်းများက မြဲမြံပြီး အားကောင်းသည်။ သူက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပြင်းထန်သော ဖိအားက ထွက်ပေါ်လာလိမ့်မည်။ ဤသည်မှာ သူက တစ်စုံတစ်ယောက်၏ နှလုံးကို တတ်နင်းနေသည့်အလားပင်။
သူက လမ်းလျှောက်နေစဉ် သူ၏ ပခုံးနှစ်ဖက်၊ ရင်ဘက်၊ ဝမ်းဗိုက်၊ ခြေထောက်နှစ်ဖက်နှင့် သူ၏ ဦးခေါင်းပေါ်မှာရှိသော မဟာလောကကိုးခုစလုံးက ထွန်းလင်းတောက်ပသွားကြပြီး အလွန်ကြွယ်ဝသော အသက်ဓာတ်ကို ထုတ်လွှတ်လိုက်ကြသည်။
မဟာလောကကိုးခု၏ စွမ်းအားက ကောင်းကင်၏ အရောင်ကို ပြောင်းလဲသွားစေသည်။
ပြင်းထန်သော ဖိအားက ကောင်းကင်ပေါ်မှ တိုက်ရိုက် ဆင်းသက်လာပြီး မြေပြင်ကို တုန်ယင်သွားစေသည်။
ကြောက်စရာကောင်းသော အရှိန်အဝါနှင့် မုန်တိုင်းကြားတွင် ထိုပုံရိပ်၏ အသွင်သဏ္ဍာန်က ရွှီချင်းနှင့် အားညို၏ မျက်စိထဲမှာ ထင်ရှားစွာ ထွက်ပေါ်လာသည်။
သူ၏ ခန္ဓာကိုယ်က အရပ်ရှစ်ပေကျော်ပြီး ကြွက်သားများဖြင့် တောင့်တင်းသန်မာသည်။ သူက ဖရိုဖရဲစစ်မြေပြင်ပေါ်မှ ခမ်းနားထည်ဝါသော တောင်ကြီးတစ်တောင်နှင့် ဆင်တူသည်။
သူ၏ အသားအရေက နေဒဏ် လေဒဏ်ကြောင့် မွဲပြာနေပြီး ညိုမည်းပုံပေါ်သည်။ ဤသည်မှာ သူက အချိန်ကာလ၏ တိုက်စားခံထားရသော အနက်ရောင်ကျောက်တုံးတစ်တုံးအလားပင်။
သူ၏ မျက်နှာက ခက်ထန်ပြီး ထူထဲသော သူ၏ မျက်ခုံးမွှေးများအောက်မှ မျက်လုံးများက ကြယ်များသဖွယ် လင်းလက်တောက်ပကြသည်။ စူးရှသော အလင်းရောင်နှင့် စိတ်ဓာတ်ပြတ်သားမှုက ထိုမျက်လုံးများထဲမှ ထွက်ပေါ်နေသည်။
သူ၏ အကြည့်က မြင်းအကောင်တစ်ထောင်၏ ဆွဲအားကို သယ်ဆောင်ထားဟန် ရသည်။ ယင်းက တောင်တန်းများနှင့် မြစ်ချောင်းများကို ပြိုကွဲသွားစေနိုင်သည်။
ထိုလူနှင့်ပတ်သက်ပြီး အထင်ရှားဆုံးအရာမှာ သူ၏ စစ်ချပ်ဝတ်ဖြစ်သည်။ ယင်းက နာမည်ကျော်ပန်းပဲပညာရှင်တစ်ဦး၏ လက်ရာဖြစ်ပြီး အလွန်အနုစိတ်သည်။ ယင်းက အေးစက်စက် အရှိန်အဝါနှင့်အတူ ထွန်းလင်းတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။
ရောင်စုံသလင်းကျောက်များကို ထိုစစ်ချပ်ဝတ်ပေါ်မှာ ထည့်သွင်းထားပြီး နေရောင်အောက်မှာ ယင်းတို့က စူးရှတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေကြသည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကြယ်များဖြင့် မွမ်းမံထားသည့်အလားပင်။
ရွှီချင်းက ရုတ်တရက် ရောက်ချလာသော ထိုလူကို အမူအရာကင်းမဲ့စွာ ကြည့်လိုက်သည်။ သူ၏ နှလုံးသားထဲမှာ မည်သည့်လှိုင်းဂယက်မှ မထွက်ပေါ်လာချေ။ မည်သို့ဖြစ်ပါစေ ဤအခိုက်အတန့်မှာ နတ်ဘုရားသဘာဝက သူ၏ ခန္ဓာကိုယ်ကို ကြီးစိုးထားသည်မဟုတ်ပါလော။
အားညိုက တစ်ဖက်လူ၏ စစ်ချပ်ဝတ်ကို အာရုံစိုက်လိုက်သည်။ သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည့်အခါ မနာလိုမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ မင်းကြည့်ရတာ ပြိုင်ဘက်ကင်းပုံရပေမဲ့ စစ်ချပ်ဝတ်ကို ဝတ်ထားတာက လိပ်ကျနေတာပဲ… မင်းနာမည်ကို ပြောစမ်း… ကြီးမြတ်တဲ့ ငါအားညိုက နာမည်မရှိတဲ့ လူကို မသတ်ဘူး ”
ရှည်လျားသော ပုံရိပ်၏ အကြည့်က အေးစက်သွားပြီး သူ၏ အရှိန်အဝါက ပရမ်းပတာ လှုပ်ခတ်သွားသည်။ သူက လမ်းလျှောက်နေရင်း တည်ငြိမ်စွာ ပြောသည်။
“ မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေက မဟာဧကရာဇ်ငရဲမီးတောက်ရဲ့ ဒသမမြောက်တပည့် လုလင်းဇီ ”
သူက စကားပြောလိုက်သည့်အခိုက် ရွှီချင်းနှင့် အားညို၏ အရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။
နောက်အခိုက်အတန့်မှာ လောကတစ်ခုလုံးကို သယ်ဆောင်နိုင်ဟန်ရသော သူ၏ ကြမ်းတမ်းသည့် ညာဘက်လက်က သူတို့နှစ်ယောက်ပေါ်သို့ ဖိချသွားသည်။
နတ်ဘုရားအရင်းအမြစ်သည် ရွှီချင်း၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်လာပြီး နတ်ဘုရားအခွင့်အာဏာများက သူ့ကို လွှမ်းခြုံသွားသည်။ အားညိုသည် အပြာရောင်အလင်းတောက်ပလာပြီး ရေခဲက သူ့ကို ဖုံးလွှမ်းသွားသည်။
နှစ်ဖက်စလုံးက ချက်ချင်း တွေ့ဆုံသွားကြသည်။
ဝုန်းခနဲ မြည်သံများကြားတွင် ရွှီချင်း၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ သူ၏ ရုပ်ခန္ဓာကိုယ်က မည်သည့်ဒဏ်ရာမှ မရသွားသော်လည်း သူက အနောက်သို့ လွင့်စင်သွားသည်။
သို့သော်လည်း သူက နောက်တစ်ကြိမ် ပြေးထွက်လာသည်။ ပယ်ဖျက်ခြင်းအခွင့်အာဏာက ပျံ့နှံ့ထွက်လာပြီး ကံကြမ္မာဆိုးနှင့် ခရမ်းလနတ်ဘုရားအခွင့်အာဏာက တစ်ဖက်လူ၏ အားနည်းချက်ကို ရှာဖွေလိုက်သည်။ တစ်ချိန်တည်းမှာ သူက တားမြစ်အဆိပ်ကို ထုတ်လွှတ်လိုက်သည်။
အားညို၏ ရုပ်ခန္ဓာကိုယ်သည် ရွှီချင်းကဲ့သို့ မသန်မာချေ။ မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့်ထံမှ လက်ဝါးရိုက်ချက်ဖြင့် ရင်ဆိုင်ရသောအခါ သူ၏ ခန္ဓာကိုယ်က တိုက်ရိုက် ပေါက်ကွဲသွားပြီး သွေးမြူအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် သူက ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းလိုက်ပြီး ပြောသည်။
“ မင်းရဲ့ ခွန်အားက မဆိုးဘူးပဲ… ဒါပေမဲ့ စောစောက မင်းရဲ့ စကားက ဘာအဓိပ္ပာယ်လဲ… မင်းက ဘယ်တာအိုလက်တွဲဖော်ကို ပြောနေတာလဲ… အဲ့ဒီကောင်မနှစ်ယောက်စလုံးက မင်းရဲ့ တာအိုလက်တွဲဖော်တွေလား ”
“ ဒါမှမဟုတ် တစ်ယောက်က တာအိုလက်တွဲဖော်ဖြစ်ပြီး တခြားတစ်ယောက်က အစေခံလား ”
အားညိုက စကားဆုံးသွားသည်နှင့် အရှေ့သို့ ခုန်အုပ်လိုက်သည်။ သူက မရေမတွက်နိုင်သော အပြာရောင်ပိုးကောင်များအဖြစ် အသွင်ပြောင်းလဲလိုက်ပြီး အအေးဓာတ်လေကို မှုတ်ထုတ်လိုက်သည်။
သူက ရန်သူကို ရေခဲအဖြစ်ပြောင်းလဲပစ်ရန် ကြိုးစားနေစဉ် ရွှီချင်းက တရစပ် တိုက်ခိုက်လိုက်သည်။
သို့သော်လည်း မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့်သည် ယခင်က ရွှီချင်း ရင်ဆိုင်ခဲ့ဖူးသော နတ်ဘုရားသက်ရှိအားလုံးထက် သာလွန်ပေသည်။
၎င်းက အုပ်ချုပ်သူတစ်ပါးဖြစ်လာရန် ခြေလှမ်းဝက်သာ ဝေးကွာတော့သော တည်ရှိမှုတစ်ခု ဖြစ်သည်။
ရွှီချင်းနှင့် အားညိုက သာမန်မဟုတ်သော်လည်း အဆင့်ကွာခြားမှုက သူတို့၏ နည်းလမ်းအမျိုးမျိုးကို တိုက်ရိုက် ပျက်စီးသွားစေသည်။
လုလင်းဇီသည် သူ၏ နတ်ဘုရားစွမ်းရည်များကို အသုံးမပြုပေ။ သူက မဟာလောကကိုးခု၏ အစွမ်းမြှင့်တင်ပေးမှုကို အသုံးပြု၍ ရုပ်ခန္ဓာကိုယ်သက်သက်ဖြင့်သာ တိုက်ခိုက်နေသည်။
လောကက ဝုန်းခနဲ တုန်လှုပ်သွားသည့်အခါ ရွှီချင်းက အနောက်သို့ လွင့်စင်သွားပြီး အားညိုက နောက်တစ်ကြိမ် ပြိုကွဲသွားသည်။
သို့သော်လည်း အားညို၏ အသံက ဆက်လက် ပဲ့တင်ထပ်နေဆဲပင်။
“ ဒါပေမဲ့ တစ်ခုခုလွဲမှားနေတယ်… မင်းရဲ့ အစေခံက မင်းရဲ့ တာအိုလက်တွဲဖော်ကို ဘာလို့ ရုပ်သေးရုပ်အဖြစ် ပြောင်းလဲလိုက်တာလဲ ”
“ ဟေး ချင်းလေး… လျှို့ဝှက်ချက်တစ်ခုကို ငါရှာတွေ့သွားပြီလို့ ထင်တယ် ”
“ သူတို့သုံးယောက်က ဘယ်လိုကစားရမလဲဆိုတာ ကောင်းကောင်းသိတယ်… စိတ်လှုပ်ရှားစရာပဲ ”
အားညိုက စကားပြောလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်က လှုပ်ရှားသွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး သူ၏ ရင်ဘက်ကို ဆုတ်ဖြဲလိုက်သည်။ ထို့နောက် သူက ရင်ဘက်ထဲသို့ လက်ထည့်လိုက်ပြီး သူ၏ နှလုံးကို အကြင်နာမဲ့စွာ ဖျစ်ညှစ်လိုက်သည်။
သူ၏ နှလုံးက တိုက်ရိုက် ပေါက်ကွဲထွက်သွားသည်။
အထူးဆန်းဆုံးမှာ လုလင်းဇီ၏ လှုပ်ရှားမှုက ရပ်တန့်သွားသည်။ ဝုန်းခနဲ မြည်သံက သူ၏ နှလုံးသားထံမှ ထွက်ပေါ်လာသည်။ ဤသည်မှာ အားညိုက သူ၏ နှလုံးကို ချေမွပစ်လိုက်သည့်အလားပင်။
“ အဟန့်… မင်းရဲ့ ကစားပွဲထဲမှာ မင်းတို့သုံးယောက်အပြင် တခြားလူလိုသေးလား… ငါလည်း ပါချင်တယ်… ငါ့ရဲ့ နှလုံးကို ကြည့်ပါလား… အရမ်းကြီးပြီး ခမ်းနားထည်ဝါတယ်မဟုတ်လား ”
အားညိုက နှုတ်ခမ်းသပ်လိုက်သည်။ ဤသည်မှာ သူက ထိုကစားပွဲကို အလွန်စိတ်ဝင်စားနေဟန် ရသည်။
တိုက်ပွဲမြေပြင်၏ လေထုကို ဖျက်ဆီးရာတွင် အားညိုက အလွန်ကျွမ်းကျင်သော ပညာရှင်တစ်ဦး ဖြစ်သည်။
အစက လုလင်းဇီ၏ အရှိန်အဝါသည် ကြောက်စရာကောင်းရုံမျှသာ ဖြစ်သည်။ သို့သော်လည်း အားညို၏ စကားများက ထွက်ပေါ်လာသည့်အခါ ယင်းက တခြားစိတ်ခံစားချက်များဖြင့် ရောထွေးသွားသည်။ ယင်းက ယွဲ့တုန်၏ အမူအရာကို အရုပ်ဆိုးသွားစေသည်။
လုလင်းဇီသည်တော့ အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ပိုပြီးသိပ်သည်းလာသည်။ ရုတ်တရက် သူက ဘယ်လက်ကို မြှောက်လိုက်ပြီး နဖူးပေါ်သို့ ဖိလိုက်သည်။
ချက်ချင်းဆိုသလို ဒေါင်လိုက်အက်ကွဲကြောင်းတစ်ခုက သူ၏ နဖူးပေါ်မှာ ထွက်ပေါ်လာပြီး ယင်းထဲမှ အနီရောင်သွေးမျက်လုံးတစ်လုံး ထွက်ပေါ်လာသည်။
ထိုမျက်လုံး ထွက်ပေါ်လာသည်နှင့်ချက်ချင်း အခွင့်အာဏာ၏ အရှိန်အဝါက ရုတ်တရက် မြှောက်တတ်လာသည်။
အနီရောင်သွေးမျက်လုံးထဲမှာ တာအိုအမှတ်အသားများဖြင့် ပြည့်နှက်နေသည်။
ရွှီချင်းတစ်ယောက်တည်း အင်မော်တယ်အခွင့်အာဏာကို ပိုင်ဆိုင်ထားခြင်း မဟုတ်ပေ။ လပူဇော်ဒေသကြီးထဲမှ အိမ်ရှေ့စံမင်းသားနှင့် သူ၏ ညီအကိုမောင်နှမများသည်လည်း အုပ်ချုပ်သူအဆင့်သို့ မရောက်မီ အခွင့်အာဏာကို ပိုင်ဆိုင်ထားကြသည်။
မဟာဧကရာဇ်ငရဲမီးတောက်၏ ဤဒသမတပည့်သည်လည်း ဝိညာဉ်စုစည်းခြင်းအဆင့်မှာကတည်းက အခွင့်အာဏာတစ်ခုကို ပိုင်ဆိုင်ထားသည်။
ဤအခိုက်အတန့်မှာ အနီရောင်သွေးမျက်လုံးက ထွန်းလင်းတောက်ပလာသည့်အခါ သူ၏ ပုံရိပ်က တိုက်ပွဲမြေပြင်ပေါ်၌ ကြမ်းတမ်းသော လေပြင်းတစ်ခုနှယ် ပြောင်းလဲသွားသည်။ တအင့်အင့်ညည်းသံနှင့်အတူ လေကြမ်းက အကြမ်းပတမ်း တိုက်ခတ်လာပြီး အရာအားလုံးကို ဝါးမျိုသွားသည်။ ယင်းက လောကကို အနီရောင်စွန်းထင်သွားစေပြီး ကောင်းကင်နှင့် မြေပြင်ကို မည်းမှောင်သွားစေသည်။
လေသည် ဤနေရာမှ အရာရာဖြစ်လာသည်။
ယင်းက လေအခွင့်အာဏာဖြစ်သည်။
လေဖြတ်သန်းသွားသည့်နေရာတိုင်း ဟင်းလင်းပြင်က အပိုင်းပိုင်းဆုတ်ဖြဲခံလိုက်ရပြီး ကောင်းကင်ပေါ်မှာ အက်ကွဲကြောင်းများ ထွက်ပေါ်လာကြသည်။ မြေပြင်ပေါ်မှ ရေခဲတုံးများသည်လည်း အပေါ်သို့ မြှောက်တတ်သွားကြသည်။ ရွှီချင်းနှင့် အားညိုသည်တော့ ထိုလေမုန်တိုင်းထဲမှာ ကြိုးပြတ်နေသော စွန်များသဖွယ် အောက်မေ့ရသည်။
အားညို၏ ခန္ဓာကိုယ်က အကြိမ်ကြိမ် ပြိုကွဲသွားပြီး ထပ်ခါထပ်ခါ ပြန်ဖွဲ့စည်းသွားသည်။ သူက ဤအခိုက်အတန့်မှာ အော်ပြောလိုက်သည်။
“ ချင်းလေး… မင်းရဲ့ အန္တိမတိုက်ကွက်ကို အသုံးပြုပါ ”
ထူးဆန်းသော အလင်းရောင်က ရွှီချင်း၏ တည်ငြိမ်သော မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အနောက်ဆုတ်သွားနေရင်း လုလင်းဇီကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်သည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်ပေါ်သို့ လက်ညှိုးညွှန်လိုက်သည်။
ကောင်းကင်၏ အရောင်က ပြောင်းလဲသွားပြီး အလင်းက စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်သွားသည်။ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်က ရုတ်တရက် ဆင်းသက်လာပြီး လေမုန်တိုင်း၏ အပေါ်မှာ ရပ်တန့်လိုက်သည်။ လေမုန်တိုင်းက မည်မျှကြမ်းတမ်းပါစေ စေတီက ၎င်းပေါ်မှာ မြဲမြံစွာ ရပ်နေနိုင်ဆဲပင်။
ရွှီချင်းက စေတီထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။
အားညိုက အံ့ဩသွားသော်လည်း သူ၏ တုံ့ပြန်မှုက အလွန်မြန်ဆန်ဆဲပင်။ သူက စေတီထဲသို့ ချက်ချင်း ပျံသန်းသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ လေမုန်တိုင်းက စေတီကို ဝါးမျိုသွားပြီး ကျယ်လောင်သော မြည်သံကို ထုတ်ဖော်လိုက်သည်။ သို့သော်လည်း စေတီက ကျောက်ဆောင်ကြီးတစ်ခုနှယ် မြဲမြံနေဆဲပင်။
ထိုမြင်ကွင်းက လုလင်းဇီကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေသည်။
စေတီထဲတွင် ရွှီချင်း၏ ဘေးမှ အားညိုက မပြောဘဲ မနေနိုင်ပေ။
“ ချင်းလေး… ငါပြောတဲ့ အန္တိမတိုက်ကွက်ဆိုတာ အဲ့ဒါမဟုတ်ဘူး… ဧကရီရဲ့ ကျောက်စိမ်းပြားကို ပြောတာ ”
ရွှီချင်းက နားကန်းချင်ယောင်ဆောင်လိုက်ပြီး စေတီအပြင်ဘက်မှ လုလင်းဇီကို ကြည့်လိုက်သည်။ သူက အတွေးနက်သွားသည်။
အစောနက မဟာဧကရာဇ်၏ တပည့်နှင့် သူတိုက်ခိုက်ခဲ့စဉ် နတ်ဘုရားမီးတောက်၏ အရှိန်အဝါဖျော့ဖျော့ကို မသဲမကွဲ သူအာရုံခံမိခဲ့သည်။
ထိုအားလှိုင်းအတတ်အကျက အလွန်ပုန်းကွယ်နေသည်။ ပုံမှန်အခြေအနေမျိုးမှာ သူက ယင်းကို အာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။ ရွှီချင်း၏ စိတ်က ယင်းကို အာရုံမခံနိုင်သော်လည်း သူ၏ ရုပ်ခန္ဓာကိုယ်က နတ်ဘုရားမီးတောက်ကို အလိုအလျောက် အာရုံခံနိုင်ပေသည်။
အထူးသဖြင့် လောလောဆယ် နတ်ဘုရားသဘာဝက သူ၏ ရုပ်ခန္ဓာကိုယ်ကို လွှမ်းမိုးနေသည့် အခြေအနေမှာ ဖြစ်သည်။
အကယ်၍ လူသားသဘာဝက သူ၏ ရုပ်ခန္ဓာကိုယ်ကို လွှမ်းမိုးနေသည့် အခြေအနေမှာဆိုလျှင် ယင်းကို သူအာရုံခံမိလိမ့်မည် မဟုတ်ချေ။
သူ၏ ဘေးမှ အားညိုသည်တော့ ရွှီချင်းက သူ့ကို လျစ်လျူရှုထားကြောင်း မြင်သွားသောအခါ သူက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
‘ ချင်းလေးရဲ့ ဒီအခြေအနေကို ငါအမုန်းဆုံးပဲ… နတ်ဘုရားသဘာဝက ဦးဆောင်သွားတဲ့အခါကျရင် စီနီယာကို လေးစားရကောင်းမှန်း သူမသိတော့ဘူး ’
‘ ဒါနဲ့… သူက ဘာလို့ လုလင်းဇီကို စိုက်ကြည့်နေတာလဲ… မဟုတ်မှ လျှို့ဝှက်ချက်တချို့ကို သူရှာတွေ့သွားလို့လား ’
အားညိုက မျက်လုံးမှေးကျဉ်းလိုက်ပြီး လုလင်းဇီကို ကြည့်လိုက်သည်။ သူက ဂရုတစိုက် စစ်ဆေးကြည့်လိုက်ပြီး သဲလွန်စတချို့ကို ရှာဖွေရန် ကြိုးစားလိုက်သည်။
ဤအခိုက်အတန့်မှာ စေတီ၏ ပူဖောင်းအပြင်ဘက်တွင် မဟာဧကရာဇ်၏ တပည့်ဖြစ်သော လုလင်းဇီက လေအခွင့်အာဏာကို အသုံးပြု၍ စေတီကို တရစပ် တိုက်ခိုက်နေသည်။
လေမုန်တိုင်းက တအင့်အင့်ညည်းသံနှင့်အတူ ဝုန်းခနဲ ရိုက်ခတ်သွားသည်။ သို့သော်လည်း စေတီပေါ်တွင်တော့ ယင်းက အနည်းငယ်မျှသာ သက်ရောက်မှုရှိသည်။
ယင်းကို မြင်သောအခါ မဟာဧကရာဇ်၏ တပည့်က ဆက်လက် မတိုက်ခိုက်တော့ပေ။ ယင်းအစား သူက ပူဖောင်းမှတဆင့် ရွှီချင်းကို ကြည့်လိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းဆိုသလို မီးတောက်ပင်လယ်တစ်ခုက လေထဲမှာ ထွက်ပေါ်လာသည်။ လေမုန်တိုင်း၏ အစွမ်းမြှင့်တင်ပေးမှုအောက်မှာ မီးတောက်ပင်လယ်က စေတီကို လွှမ်းခြုံသွားပြီး ၎င်းကို စတင်သန့်စင်လိုက်သည်။
ထိုသို့လုပ်ဆောင်ပြီးနောက် သူက စေတီကို ဆက်ပြီး အာရုံမထားတော့ပေ။ ယင်းအစား သူက အနောက်လှည့်လိုက်ပြီး ယွဲ့တုန်ဆီသို့ ဦးတည်လျှောက်သွားသည်။
သူ၏ ရှည်လျားထွားကြိုင်းသော ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လျှင် ယွဲ့တုန်က အလွန်နူးညံ့သိမ်မွေ့သည်။ သို့သော်လည်း လုလင်းဇီက စကားမပြောခင် ယွဲ့တုန်က ဦးစွာပြောသည်။
“ အဲ့ဒီနှစ်ကောင်ကို အရင်ရှင်းပစ်ပါ ”
လုလင်းဇီက ခေါင်းခါလိုက်သည်။
“ အချိန်မရှိဘူး ”
သူက စကားပြောပြီးနောက် သတိမေ့နေသော လန်ယောင်ကို ကြည့်လိုက်သည်။
“ ငါတို့ကိစ္စကို အရင်ဖြေရှင်းရအောင်… အဲ့ဒီလူသားနှစ်ယောက်ကတော့ သူတို့က ရှေးဟောင်းရတနာတစ်ခုကို အသုံးပြုပြီး ငါ့ရဲ့ လေအခွင့်အာဏာကို ခုခံနေတယ်ဆိုပေမဲ့ ဒီကနေ သူတို့မလွတ်မြောက်နိုင်ဘူး… သူတို့က သေတဲ့အထိ ဒီနေရာမှာ ပိတ်လှောင်ခံရလိမ့်မယ်… သူတို့ကို အချိန်တစ်ခုအထိ အာရုံစိုက်စရာမလိုဘူး ”
“ ငါတို့ကိစ္စကို ရှင်းပြီးတဲ့နောက် သူတို့မလွတ်မြောက်နိုင်ပါဘူး ”
“ အခု လန်ယောင်ပေါ်က စိတ်ခံစားချက်မန္တန်ကို ဖြေလွှတ်လိုက်ပါ ”
လုလင်းဇီ၏ လေသံထဲမှာ မေးခွန်းမထုတ်နိုင်သော အမိန်အာဏာဖြင့် ပြည့်နှက်နေသည်။
ယွဲ့တုန်သည် အနည်းငယ် ဆန္ဒမရှိပေ။ သို့သော်လည်း လုလင်းဇီ၏ စိတ်ဓာတ်ပြတ်သားမှုကို အာရုံခံမိပြီးနောက် အင်တင်တင်ဖြင့် သူသဘောမတူခင် အသက်ရှူချိန်အနည်းငယ်ကြာ နှုတ်ဆိတ်သွားသည်။ ထို့နောက် သူက လက်မြှောက်လိုက်ပြီး လန်ယောင်ကို လက်ညှိုးညွှန်လိုက်သည်။
ချက်ချင်းဆိုသလို လန်ယောင်၏ ခန္ဓာကိုယ်ပေါ်တွင် ဖွဲ့စည်းထားသော ယွဲ့တုန်၏ မျက်နှာနှင့် ကမ္မချည်မျှင်များက မြန်ဆန်စွာ မှေးမှိန်သွားပြီး လွင့်ပြယ်သွားသည်။ ယင်းက လန်ယောင်၏ စိတ်ခံစားချက်များကို ပုံမှန်ပြန်ဖြစ်သွားစေသည်။
သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ဖြည်းညင်းစွာ မျက်လုံးပြန်ဖွင့်လိုက်သည်။
အစတွင် သူ၏ တောက်ပသော မျက်ဝန်းက အနည်းငယ် မိန်းမောတွေဝေနေသည်။ သို့သော်လည်း မကြာမီ သူက မြန်ဆန်စွာ သတိပြန်ရလာသည်။ ဤအခိုက်အတန့်မှာ သူ့အရှေ့မှ ယွဲ့တုန်နှင့် လုလင်းဇီကို မြင်သွားသောအခါ သူ၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။ ဝမ်ကူးကုန်းမြေဆီသို့ ဆင်းသက်လာပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့သော ကိစ္စများက သူ၏ စိတ်ထဲမှာ ပုံရိပ်ပြန်ပေါ်လာသည်။
သူ၏ စိတ်ခံစားချက်များက တစ်စုံတစ်ယောက်၏ ထိန်းချုပ်ခံခဲ့ရကြောင်း နားလည်သွားသောအခါ သဲလွန်စတချို့ကို သူရှာတွေ့သွားသည်။ သို့ဖြစ်၍ သူက ယွဲ့တုန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ပြောသည်။
“ ယွဲ့တုန်… ငါတို့စတွေ့ကတည်းက နင့်အပေါ်ကို ကောင်းကောင်းမွန်မွန် ငါဆက်ဆံခဲ့တယ်… နင့်ကို ငါ့ရဲ့ အကောင်းဆုံး မိတ်ဆွေအဖြစ် သဘောထားခဲ့တယ်… ဒါပေမဲ့ နင်ကတော့ ဒီလိုရက်စက်တဲ့ တားမြစ်အတတ်ပညာကို ငါ့အပေါ်မှာ တကယ်အသုံးပြုခဲ့တယ် ”
ယွဲ့တုန်၏ အကြည့်က အေးစက်သွားပြီး သူက တည်ငြိမ်စွာ ပြန်ပြောသည်။
“ နင်နဲ့ ငါက အကောင်းဆုံး မိတ်ဆွေတွေဆိုပေမဲ့ တကယ်လို့ နင်အပြစ်တင်ချင်တယ်ဆိုရင် မဟာဧကရာဇ်ရဲ့ မိသားစုမှာ မွေးဖွားလာပြီး အသန့်စင်ဆုံး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ နင့်ကိုယ်နင်ပဲ အပြစ်တင်ပါ… ငါကတော့ မိသားစုငယ်ထဲမှာ မွေးဖွားလာပြီး အရာအားလုံးကို ငါ့ဘာသာပဲ တိုက်ခိုက်ယူခဲ့ရတယ် ”
“ ဒီလောကထဲမှာ အားနည်းတဲ့လူက သားကောင်ပဲ… ဒါကြောင့် အမြင့်ကိုတတ်ဖို့ ငါကြိုးစားခဲ့တယ် ”
ယင်းကို ကြားသောအခါ လန်ယောင်၏ အသက်ရှူသံက မြန်ဆန်လာသည်။ ထို့နောက် သူက သူ၏ တာအိုလက်တွဲဖော် လုလင်းဇီကို ကြည့်လိုက်သည်။
လန်ယောင်ကို ကြည့်လိုက်သည့်အခါ လုလင်းဇီ၏ အကြည့်က သိမ်မွေ့ညင်သာသွားသည်။ သူက ကြင်နာယုယစွာ ပြောသည်။
“ ဘာမှမစိုးရိမ်နဲ့… မင်းနဲ့ ငါက တာအိုလက်တွဲဖော်တွေပါ… အရာအားလုံးကို ငါရှင်းပြမယ်… ပြီးတော့ မင်းက ဉာဏ်ကောင်းတဲ့ မိန်းကလေးပါ… အဲ့ဒါကို မင်းခန့်မှန်းထားပြီးသား ဖြစ်မှာပါ ”
“ လန်ယောင်… မဟာဧကရာဇ်ရဲ့ တပည့်တစ်ယောက်အနေနဲ့ ငါ့ရဲ့ ပါရမီက တခြားလူတွေထက် အများကြီး သာလွန်တယ်လို့ ငါခံစားမိတယ်… ဒါပေမဲ့ ငါ့ရဲ့ သွေးမျိုးဆက်ကြောင့် အဓိကအမွေအနှစ်ကို ငါနားမလည်နိုင်ဘူး… အုပ်ချုပ်သူအဆင့်ကို မတတ်လှမ်းခင် ငါ့မှာ အချိန်အများကြီး ရှိတယ် ”
“ မင်းရဲ့ သွေးမျိုးဆက်ကို ငါနဲ့ ပေါင်းစပ်ခွင့်ပေးပြီး ငါ့ကို မဟာဧကရာဇ်ရဲ့ အမွေအနှစ်ကို နားလည်နိုင်အောင်လို့ ကူညီပေးနိုင်မလား ”
“ အခု ဆရာက အဲ့ဒီအခြေအနေမှာ ရှိနေတယ်… တကယ်လို့ ဒီကိစ္စကို သူသိသွားရင်တောင် အဲ့ဒါကို သဘောတူလိမ့်မယ်လို့ ငါထင်တယ် ”
“ ဒါပေမဲ့ မင်းရဲ့ မိသားစုက အရမ်းအင်အားကြီးမားတယ်… ဒါကြောင့်မို့လို့ ယွဲ့တုန်ကို မင်းဆီ ချဉ်းကပ်စေပြီး သူတော်စင်ကုန်းမြေကနေ မင်းကို မျှားခေါ်ထုတ်ခဲ့တယ်… ဒီနေရာမှာဆိုရင် သူက မင်းရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်လိမ့်မယ်… ဒီနည်းနဲ့ အခုချိန်မှာ ငါက မင်းနဲ့ ပေါင်းစပ်နိုင်လိမ့်မယ် ”
“ အဲ့ဒါက ပုံပြင်တစ်ပုဒ်လုံးပဲ ”
လုလင်းဇီ၏ စကားဆုံးသွားသည့်အခိုက် လန်ယောင်၏ မျက်လုံးထဲမှ ဒေါသက ပိုပြီးပြင်းထန်လာသည်။ သူ၏ မျက်နှာပေါ်မှာ အသဲကွဲသော အမူအရာဖြင့် ပြည့်နှက်သွားသည်။ သူက တစ်စုံတစ်ခု ပြောတော့မည့်အချိန် ထိုမြင်ကွင်းကို ကြည့်ရှုနေသော အားညိုက မျက်လုံးပြူးကျယ်သွားပြီး သူ၏ ပေါင်ကို ရိုက်ချလိုက်သည်။ သူက အသံကျယ်ကျယ်ဖြင့် အော်မပြောဘဲ မနေနိုင်ပေ။
“ ယီး… သူတော်စင်ကုန်းမြေက လူတွေက အရမ်းသရုပ်ဆောင်ကောင်းတာပဲ ”
ယနေ့ သူက ပိုပြီးအမြင်ကျယ်သွားသည့်အလား အားညို၏ မျက်လုံးက အရောင်တောက်ပလာသည်။
“ ဒါပေမဲ့ ဇာတ်ကွက်က ထပ်ပြီး ပြောင်းတော့မယ်လို့ ဘာလို့ ငါခံစားမိနေတာလဲ ”
အားညိုက စကားပြောလိုက်သည်နှင့်ချက်ချင်း ယွဲ့တုန်၊ လန်ယောင်နှင့် လုလင်းဇီ၏ အမူအရာက မသိမသာ ပျက်ယွင်းသွားကြသည်။