← Chapters

စစ်မှန်သော နောက်ခံအသံပညာရှင်

Vol. 96 Ch. 1476

စစ်မှန်သော နောက်ခံအသံပညာရှင်

Vol. 96 Ch. 1476

သူတို့သုံးယောက်ကို မှတ်ချက်စကားတစ်ခွန်းဖြင့် ထိတ်လန့်သွားစေလေရာ အားညို၏ စကားပြောစွမ်းရည်က မည်မျှအံ့ဖွယ်ကောင်းကြောင်း မြင်နိုင်ပေသည်။

မည်သို့ဖြစ်ပါစေ တခြားလူများက ဘဝတစ်ခုတည်းမှာသာ သူတို့၏ စကားပြောစွမ်းရည်ကို လေ့ကျင့်နိုင်ကြပြီး အားညိုသည်တော့ သူ၏ စကားပြောစွမ်းရည်ကို ဘဝပေါင်းများစွာမှာ လေ့ကျင့်ထားခဲ့သည်။ သို့ဖြစ်၍ ဤအပိုင်းတွင် သူက ပညာရှင်တစ်ယောက် ဖြစ်သည်။

အကယ်၍ စကားပြောစွမ်းရည်နှင့်ပတ်သက်ပြီး ကျင့်ကြံခြင်းအဆင့်သာ ရှိမည်ဆိုလျှင် အားညိုက သေချာပေါက် အထွတ်အထိပ်သို့ ရောက်ရှိနေလိမ့်မည်။

နတ်ဘုရားသဘာဝဖြင့် လွှမ်းမိုးခံထားရသော ရွှီချင်းသည်ပင် အားညိုကို လှည့်ကြည့်လိုက်သည်။

အားညိုက ဘဝင်မြင့်သွားသည်။ သူက ခေါင်းမော့ ရင်ကော့လိုက်ပြီး ဂုဏ်ယူဝင့်ကြွားသော အမူအရာကို ထုတ်ဖော်လိုက်သည်။

ရုတ်တရက် သူက စိန်ခေါ်မှုအသစ်ကို ရွှီချင်းထံမှ ရှာတွေ့သွားသည်။

‘ ချင်းလေး ငါ့ကို ရိုသေလေးစားလာအောင် လုပ်ဖို့က မခက်ခဲပါဘူး… အဲ့ဒါက အရမ်းလွယ်တယ်… ငါ့မှာရှိတဲ့ အရည်အချင်းတွေကို နတ်ဘုရားသဘာဝရဲ့ လွှမ်းမိုးခံထားရတဲ့ ချင်းလေးသိအောင် လုပ်ပြရုံပဲ… အဲ့ဒါဆိုရင် ငါ့ကို ရိုသေလေးစားရမယ်ဆိုတဲ့ အသိဉာဏ်က သူ့ဆီမှာ ရှိလာလိမ့်မယ်… အဲ့ဒါကမှ တကယ့်အရည်အချင်းပဲ ’

အားညိုက ချောင်းဟန့်လိုက်ပြီး ဆက်လက်ပြောရန် ပြင်လိုက်သည်။

ဤအခိုက်အတန့်မှာ စေတီ၏ အပြင်ဘက်ရှိ အက်ကွဲနေသော ရေခဲပြင်ပေါ်တွင် ယွဲ့တုန်နှင့် တခြားနှစ်ယောက်၏ ဇာတ်လမ်းက အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

ယွဲ့တုန်က လက်မြှောက်လိုက်ပြီး အသိစိတ်ပြန်ရလာသော လန်ယောင်ထံသို့ လက်ညှိုးညွှန်လိုက်သည်။ ထိုအခါ လန်ယောင်၏ စိတ်ခံစားချက်များက နောက်တစ်ကြိမ် ပရမ်းပတာ ဖြစ်သွားသည်။

စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးသည် လန်ယောင်၏ ခန္ဓာကိုယ်ထဲမှ ဆက်တိုက် ထွက်ပေါ်လာပြီး ချည်မျှင်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထိုချည်မျှင်များသည် လန်ယောင်၏ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံလိုက်ရပြီး လုလင်းဇီဆီသို့ ပျံသန်းသွားကြသည်။

လန်ယောင်၏ တစ်ကိုယ်လုံးက တုန်ယင်သွားပြီး သူ၏ မျက်နှာပေါ်မှာ နာကျင်သော အမူအရာ ထွက်ပေါ်လာသည်။ သူက ရုန်းကန်ချင်သော်လည်း မကြာမီ သူ၏ အတွေးများကို စိတ်ခံစားချက်များက ဝါးမျိုသွားသည်။

ယွဲ့တုန်က လန်ယောင်၏ နာကျင်မှုကို လျစ်လျူရှုထားပြီး လုလင်းဇီကို ကြည့်လိုက်သည်။

“ သခင်လု… လန်ယောင်ရဲ့ စိတ်ခံစားချက်ခုနစ်မျိုးနဲ့ လိုအင်ဆန္ဒခြောက်မျိုးကို ငါဆွဲထုတ်လိုက်ပြီ… အဲ့ဒါက သူ့ကို ခုခံနိုင်စွမ်းကင်းမဲ့စေတယ်… အခု သူ့ရဲ့ စိတ်ခံစားချက်တွေက ထွက်ပေါ်လာပြီဖြစ်လို့ လိုအပ်ချက်တွေအားလုံး ပြည့်စုံသွားပြီ ”

“ နင်အောင်မြင်သွားတဲ့အခါကျရင် ငါတို့ကြားက သဘောတူညီမှုကို မမေ့ဖို့ သတိရပါ… ဖုန်းလင်းတောင်ရဲ့ အမွေအနှစ်ကို ငါ့ရဲ့ အင်မော်တယ်အတတ်ပညာထဲမှာ အခွင့်အာဏာအဖြစ် တံဆိပ်ရိုက်ခတ်ချင်တယ်… နင်ကတော့ အဆင့်ချိုးဖြတ်ပြီး အုပ်ချုပ်သူတစ်ပါး ဖြစ်လာလိမ့်မယ် ”

လုလင်းဇီက ယွဲ့တုန်ကို စိုက်ကြည့်လိုက်သည့်အခါ သူ၏ အကြည့်က သိမ်မွေ့နူးညံ့လာသည်။ သူက ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ ဒါပေါ့… မင်းကို ငါမမေ့ပါဘူး… အနာဂတ်မှာ ငါတို့နှစ်ယောက် မဟာတာအိုဆီ အတူလက်တွဲပြီး လျှောက်လှမ်းကြတာပေါ့ ”

ယွဲ့တုန်က တစ်ခဏကြာ နှုတ်ဆိတ်သွားပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ပြီး နောက်တစ်ကြိမ် လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်းဆိုသလို လန်ယောင်၏ မျက်လုံးထဲမှ နောက်ဆုံးလက်ကျန် အသိစိတ်အမျှင်တန်းက ပျောက်ကွယ်သွားသည်။

ထို့နောက် သူ၏ မျက်လုံးထဲတွင် ကျန်နေခဲ့သည်မှာ ဗလာနတ္ထိနှင့် စိတ်ရှုပ်ထွေးမှု ဖြစ်သည်။

သူက ပေါင်းစပ်နိုင်သော အခြေအနေသို့ ရောက်သွားသည်။

လုလင်းဇီက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ မျှော်လင့်သော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက လန်ယောင်ဆီသို့ လျှောက်သွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး လန်ယောင်၏ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးမှ ခြည်မျှင်များကို ထိတွေ့လိုက်သည်။

ယင်းတို့ကို ထိတွေ့လိုက်သည်နှင့်ချက်ချင်း ချည်မျှင်များသည် လုလင်းဇီ၏ လက်ချောင်းများထဲသို့ မြန်ဆန်စွာ တိုးဝင်သွားပြီး သူ၏ အသွေးအသားများနှင့် ပေါင်းစပ်သွားကာ သူ၏ ဝိညာဉ်ထဲသို့ ဝင်ရောက်သွားကြသည်။

နောက်အခိုက်အတန့်မှာ လန်ယောင်က ပိုပြီးပြင်းထန်စွာ တုန်ယင်လာသည်။ သူ၏ အရှိန်အဝါက တဖြည်းဖြည်း အားနည်းလာပြီး စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးမှ ကမ္မချည်မျှင်များက လုလင်းဇီ၏ ခန္ဓာကိုယ်ထဲသို့ ဆက်လက် တိုးဝင်သွားကြသည်။

လန်ယောင်၏ အသွေးအသားများသည်လည်း ထိုချည်မျှင်များမှတဆင့် ဝင်ရောက်လာကြသည်။

သူက မြန်ဆန်စွာ ခန္ဓာကိုယ်ပိန်သွားသည်။

သူ၏ ကျင့်ကြံခြင်းစွမ်းအားသည်လည်း စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုး၏ ချည်မျှင်များမှတဆင့် လုလင်းဇီဆီသို့ တိုးဝင်သွားသည်။

အရေးကြီးဆုံးမှာ မဟာဧကရာဇ်ထံမှ ဆင်းသက်လာသည့် လန်ယောင်၏ သန့်စင်သော မျိုးဆက်သွေးက စတင်လွှဲပြောင်းခံနေရသည်။

လန်ယောင်၏ မျက်လုံးထဲမှ ဗလာနတ္ထိက ပိုပြီးနက်ရှိုင်းလာပြီး သူ၏ စိတ်ရှုပ်ထွေးမှုက ပိုပြီးအားကောင်းလာသည်။ ဝမ်းနည်းသော စိတ်ခံစားမှုက သူ၏ မျက်လုံးထဲမှာ စုဝေးသွားသည်။ နောက်ဆုံးမှာတော့ ယင်းတို့က မျက်ရည်စများအဖြစ် ပြောင်းလဲသွားပြီး သူ၏ ပါးပြင်ပေါ်သို့ စီးကျသွားသည်။

လုလင်းဇီက ထိုမျက်ရည်ကို မြင်သွားသည်။ ထိုအခါ သူက နူးညံ့စွာ သက်ပြင်းချလိုက်ပြီး ပေါင်းစပ်နေခြင်းကို ရပ်တန့်လိုက်သည်။

ဘေးမှ ယွဲ့တုန်သည် ထိုမြင်ကွင်းကို မြင်သွားသောအခါ ရုတ်တရက် ပြောသည်။

“ နင် သူ့ကို မခွဲနိုင်လို့လား ”

လုလင်းဇီက ခေါင်းခါလိုက်သည်။

“ အဲ့ဒီလိုမဟုတ်ဘူး… မင်းတို့နှစ်ယောက် ဘယ်အချိန်မှာ ဇာတ်ကွက်ကို ပြောင်းလဲမှာလဲလို့ ငါစဉ်းစားနေတာပါ ”

“ မျက်ရည်တောင် စီးကျလာတယ်… မသိရင် တကယ့်အစစ်အတိုင်းပဲ ”

“ မဟုတ်မှ ငါစုပ်ယူနေတဲ့အချိန်မှာ ဖြစ်လာမှာလား ”

“ ယွဲ့တုန်… ”

“ လန်ယောင်ရဲ့ စိတ်ခံစားချက်ခုနစ်မျိုးနဲ့ လိုဆင်ဆန္ဒခြောက်မျိုးထဲမှာ နင်ဖုံးကွယ်ထားခဲ့တဲ့ တန်ပြန်အတတ်ပညာက မသိသာဘူးဆိုပေမဲ့… အဲ့ဒါကို ငါအာရုံနိုင်သေးတယ် ”

လုလင်းဇီက ပြုံးလိုက်ပြီး ယွဲ့တုန်ကို ကြည့်လိုက်သည်။

ကောင်းကင်ပေါ်မှ စေတီထဲတွင် ရွှီချင်းက ထိုမြင်ကွင်းကို အမူအရာကင်းမဲ့စွာ စိုက်ကြည့်နေသည်။ သူ၏ အဓိက စိတ်အာရုံက လုလင်းဇီထံမှာ ဖြစ်သည်။

သူ၏ ဘေးမှ အားညိုသည်တော့ ဇာတ်လမ်းပေါ်မှာ အာရုံစိုက်နေသည်။ ဇာတ်လမ်း၏ အလှည့်အပြောင်းကို မြင်သွားသောအခါ သူက မျက်လုံးဝင်းလက်သွားပြီး ကျယ်လောင်စွာ အော်ပြောသည်။

“ ဇာတ်ကွက်က ပြောင်းသွားပြီ ”

“ ငါမပြောခဲ့ဘူးလား… ဒီသုံးယောက်က ဘယ်လိုကစားရမလဲဆိုတာ သိပါတယ်လို့ ”

“ ယွဲ့တုန်… နင့်ရဲ့ အစီအစဉ်ကို ငါရှာတွေ့သွားပြီ… ငါ့ကို မြန်မြန် နင်တိုက်ခိုက်မလား ဒါမှမဟုတ် ဒီတစ်ကြိမ်ကို လက်လွှတ်မလား… ဒါပေမဲ့ နောက်တစ်ကြိမ် အောင်မြင်ဖို့ဆိုတာ အရမ်းခက်ခဲသွားလိမ့်မယ် ”

သူက စကားပြောလိုက်သည်နှင့်ချက်ချင်း ယွဲ့တုန်က မျက်မှောင်ကြုတ်လိုက်သည်။ သူက အားညိုကို လျစ်လျူရှုထားပြီး လုလင်းဇီကို ကြည့်လိုက်သည်။

“ လုလင်းဇီ… နင်ဘာပြောတာလဲ ”

လုလင်းဇီက ပြုံးလိုက်သည်။ ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ စေတီထဲက တာအိုရောင်းရင်းပြောတာ မင်းမကြားဘူးလား ”

“ နင်က ဆက်ပြီး သရုပ်ဆောင်ချင်သေးရင်တောင် ငါစိတ်မဝင်စားတော့ဘူး… ငါပြောချင်တာက ဒီပေါင်းစပ်မှုကို ငါမလိုချင်တော့ဘူး ”

လုလင်းဇီသည် ရုတ်တရက် ညာလက်ကို မြှောက်လိုက်ပြီး လန်ယောင်ကို ဖမ်းဆုပ်လိုက်သည်။ မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့်စွမ်းအားက တစ်ဟုန်ထိုး မြှောက်တတ်လာပြီး ကြမ်းတမ်းသော လေမုန်တိုင်းကို ဖွဲ့စည်းလိုက်သည်။

သူက သတိမေ့နေသော လန်ယောင်ကို ချေမွဖျက်ဆီးပစ်ချင်နေဟန် ရ၏။

ယွဲ့တုန်၏ အမူအရာက ချက်ချင်း ပျက်ယွင်းသွားသည်။ လုလင်းဇီ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို သူအာရုံခံနိုင်သည်။ ယင်းက ဟန်ဆောင်နေခြင်း မဟုတ်ပေ။ တကယ့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ဖြစ်သည်။ ထို့ကြောင့် သူက ချိပ်တံဆိပ်လက်သင်္ကေတများကို လက်နှစ်ဖက်စလုံးဖြင့် ဖွဲ့စည်းလိုက်ပြီး အရှေ့သို့ လက်ညှိုးညွှန်လိုက်သည်။

ချက်ချင်းဆိုသလို လန်ယောင်၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နေသော စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုး၏ ချည်မျှင်များက ထွန်းလင်းတောက်ပလာကြသည်။ ယင်းတို့က ကျိန်စာတစ်ခုအဖြစ်သို့ အသွင်ပြောင်းလဲသွားပြီး လုလင်းဇီပေါ်သို့ တံဆိပ်ရိုက်ခတ်လိုက်သည်။

လုလင်းဇီ၏ ခန္ဓာကိုယ်ပေါ်တွင် အစောနက သူစုပ်ယူထားခဲ့သော စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးသည်လည်း ဤအခိုက်အတန့်မှာ ကျိန်စာများအဖြစ် ပြောင်းလဲသွားကြပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။

တစ်ချိန်တည်းမှာ စိတ်ရှုပ်ထွေးပြီး အခွံလွတ်ဖြစ်နေသော လန်ယောင်၏ မျက်လုံးထဲမှာ ရုတ်တရက် စိတ်ဝိညာဉ်ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ပြန်လည်လှုပ်ရှားနိုင်သွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး နဖူးပေါ်သို့ ရိုက်ချလိုက်သည့်အခါ သူ၏ မျက်နှာက ပိုပြီးအေးစက်သွားသည်။

ဗုန်းဟူသော ပေါက်ကွဲသံနှင့်အတူ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးသည် ပိုပြီးကြမ်းကြုတ်စွာ ထွက်ပေါ်လာကြသည်။ ယင်းတို့က ကမ္မချည်မျှင်များအဖြစ် ပြောင်းလဲသွားကြပြီး လုလင်းဇီဆီသို့ မြန်ဆန်စွာ တိုးဝင်သွားကြသည်။

အစမှအဆုံးထိ သူက သတိမမေ့ခဲ့ပေ။

အစတွင် ယင်းက သူ့အတွက် အမဲလိုက်ပွဲတော်ဖြစ်သည်။ သို့သော်လည်း ယခုကြည့်ရသည်မှာ သူက သားကောင်မှ မုဆိုးအဖြစ်သို့ ပြောင်းလဲသွားဟန် ရသည်။

ထို့ပြင် သူက ယွဲ့တုန်နှင့် တွဲဖက်ညီစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ရှင်းလင်းစွာပင် သူတို့နှစ်ယောက်က အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့သည်။ ယခု သူတို့က လှုပ်ရှားမှုပြုလုပ်လိုက်သည့်အခါ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးမှ ကျိန်စာများက တစ်ဟုန်ထိုး ထွက်ပေါ်လာကြသည်။

ကျယ်လောင်သော အသံတစ်သံသည်လည်း အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

“ လုလင်းဇီ… အားလုံးက နင့်အစီအစဉ်အတိုင်း ဖြစ်လာတယ်လို့ တကယ် နင်ထင်နေလား… ငါလန်ယောင်က နင့်ရဲ့ အကြံကို မသိဘူးလို့ ထင်နေလား… ငါပြောလိုက်မယ် လုလေး… နင်ဘာလုပ်ခဲ့လဲဆိုတာ ငါကောင်းကောင်း သိတယ် ”

“ ညီမယွဲ့တုန်က ငါ့ကို အားလုံးပြောပြခဲ့တယ်… ငါတို့ရဲ့ အဓိက ပစ်မှတ်က အမြဲတမ်း နင်ပဲ… နင်က ငါ့ရဲ့ သားကောင်ပဲ ”

ထိုစကားကို ပြောလိုက်သူသည် လန်ယောင်မဟုတ်ပေ။

အားညိုဖြစ်သည်။ သူက လန်ယောင်၏ အသံကို တုပလိုက်ပြီး ကျယ်လောင်စွာ အော်ပြောသည်။

ဤအခိုက်အတန့်မှာ လန်ယောင်သော်လည်းကောင်း ယွဲ့တုန်သော်လည်းကောင်း အားညို၏ စကားကို ဂရုစိုက်ရန် သူတို့မှာ အချိန်မရှိပေ။ သူတို့၏ တိုက်ခိုက်မှုများက အလွန်အစွမ်းထက်ပြီး ကျိန်စာများက လုလင်းဇီဆီသို့ ဆက်လက် ကျူးကျော်ဝင်ရောက်သွားကြသည်။

လုလင်းဇီ၏ ခန္ဓာကိုယ်က လှုပ်ယမ်းသွားပြီး သူ၏ အရှိန်အဝါက ဖရိုဖရဲဖြစ်သွားသည်။ အားနည်းသော ခံစားမှုက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ သို့သော်လည်း သူ၏ အမူအရာက အစမှအဆုံးထိ မပြောင်းလဲသွားပေ။ သူက ပြုံးလိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။

ကျယ်လောင်သော အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

“ ယွဲ့တုန်နဲ့ လန်ယောင်… မင်းတို့ခွေးမနှစ်ကောင်က အနိုင်ရပြီလို့ တကယ်ထင်နေတာလား… မဟာဧကရာဇ်ရဲ့ တပည့်တစ်ယောက်အနေနဲ့ ကြီးမြတ်တဲ့ ငါသခင်လုက မင်းတို့ကို ဘယ်တုန်းကမှ မယုံခဲ့ဘူး… ဒီနေ့ ဒီနေရာကို ငါဆင်းသက်လာမှတော့ မင်းတို့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးဖို့ ငါ့ကိုယ်ငါ ယုံကြည်မှုအပြည့်ရှိလို့ပေါ့ ”

ယင်းကို ပြောလိုက်သူသည် အားညိုမှလွဲ၍ တခြားလူမဟုတ်ပေ။

သူက နောက်ခံအသံပြောသူနှင့် ဆင်တူသည်။ သူ၏ စကားများက သူတို့သုံးယောက်၏ ဇာတ်ရုပ်များကို အပြည့်အဝ ရုပ်လုံးပေါ်စေသည်။

ယင်းကို လုလင်းဇီကြားသောအခါ သူ၏ မျက်နှာပေါ်မှ အပြုံးက ပိုပြီးထင်ရှားလာသည်။ ထို့နောက် သူက သူ၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာများကို ဖိနှိပ်လိုက်ပြီး စေတီဆီသို့ မော့ကြည့်လိုက်သည်။

“ တာအိုရောင်းရင်းက ငါ့ရဲ့ အတွေးတွေကို တကယ်ဖတ်နိုင်တာပဲ ”

သူက စကားပြောလိုက်သည်နှင့် စူးရှသော အလင်းက လုလင်းဇီ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ခြေထောက်မြှောက်လိုက်သော်လည်း ယွဲ့တုန်နှင့် လန်ယောင်ဆီသို့ မလျှောက်သွားပေ။ ယင်းအစား သူက လေထဲသို့ ခြေချလိုက်ပြီး ဗလာလေဟာနယ်ဆီသို့ လက်သီးထိုးလွှတ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှ မဟာလောကကိုးခုသည် တစ်ပြိုင်နက် တုန်လှုပ်သွားကြပြီး ကြောက်စရာကောင်းသော စွမ်းအားကို ထပ်ပေါင်းထည့်ပေးလိုက်သည်။ ထိုအခါ သူ၏ လက်သီးက အရာအားလုံးကို ချေမွဖျက်ဆီးပစ်နိုင်သည့်အလား အလွန်ကြောက်စရာကောင်းလာသည်။

လက်သီးက ကျဆင်းလာသည်နှင့်ချက်ချင်း လေဟာနယ်က ရုတ်တရက် ပုံပျက်တွန့်လိမ်သွားသည်။ ပုံရိပ်ခြောက်ခုသည် လေဟာနယ်ထဲမှ ခုန်ထွက်လာကြပြီး လုလင်းဇီ၏ လက်သီးကို ခုခံတားဆီးလိုက်ကြသည်။

ပေါက်ကွဲသံများက ကောင်းကင်တခွင် ပဲ့တင်ထပ်သွားသည်။

လုလင်းဇီက အမြန်အနောက်ဆုတ်သွားစဉ် သွေးစီးကြောင်းတစ်ခုက သူ၏ ပါးစပ်ထောင့်မှ စီးကျလာသည်။

ပုံရိပ်ခြောက်ခုသည်လည်း သွေးအန်လိုက်ကြပြီး အနောက်ဆုတ်သွားကြသည်။ တစ်ချိန်တည်းမှာ သူတို့၏ အသွင်သဏ္ဍာန်က ထင်ရှားစွာ ထွက်ပေါ်လာသည်။ သူတို့က သက်လတ်ပိုင်းအရွယ် အမျိုးသားများ ဖြစ်ကြသည်။

သူတို့၏ အသွင်သဏ္ဍာန်သည် လန်ယောင်နှင့် အနည်းငယ် ဆင်တူကြသည်။ ဤအခိုက်အတန့်မှာ သူတို့အားလုံးက လုလင်းဇီကို သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် စိုက်ကြည့်နေကြသည်။

“ လန်မိသားစုရဲ့ မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့် အကြီးအကဲခြောက်ယောက်က ဝမ်ကူးကုန်းမြေဆီကို တကယ်ကြီး တိတ်တဆိတ် ဆင်းသက်လာကြတယ် ”

“ ကြည့်ရတာ လန်ယောင်က ငါ့ကို အမဲလိုက်နေတာ မဟုတ်ဘဲ လန်မိသားစုက ငါ့ကို အမဲလိုက်နေတာပဲ ”

“ ဒီလိုဆိုမှတော့ လန်မိသားစုရဲ့ ဘိုးဘေးက ဒီကို ရောက်နေတာတောင် ဘာလို့ မထွက်လာသေးတာလဲ ”

လုလင်းဇီက ဗလာလေဟာနယ်ကို ကြည့်လိုက်သည်။

ဤအခိုက်အတန့်မှာ ထိုလေဟာနယ်က နောက်တစ်ကြိမ် ပုံပျက်တွန့်လိမ်သွားပြီး ခမ်းနားထည်ဝါသော အဝတ်အစားနှင့် အဖိုးအိုတစ်ယောက်က ထွက်ပေါ်လာသည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ ကောင်းကင်၏ အရောင်က ပြောင်းလဲသွားပြီး လေတဟူးဟူး တိုက်ခတ်လာသည်။ အုပ်ချုပ်သူတစ်ပါး၏ စွမ်းအားက ဤလောကပေါ်သို့ သက်ဆင်းလာသည်။

ထိုအဖိုးအို ထွက်ပေါ်လာသည်နှင့်ချက်ချင်း လန်ယောင်နှင့် ယွဲ့တုန်က အကြီးအကဲခြောက်ယောက်နှင့်အတူ သူ့ကို ချက်ချင်း နှုတ်ဆက်လိုက်ကြသည်။

အဖိုးအိုက အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူက လန်ယောင်နှင့် ယွဲ့တုန်ကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက လုလင်းဇီကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ မင်းမှာ မဟာဧကရာဇ်ရဲ့ သွေးမျိုးဆက်မရှိပေမဲ့ နှစ်တစ်သန်းမှာ တစ်ခါပဲ ထွက်ပေါ်လာတဲ့ ရှားပါးတဲ့ ဓမ္မမှော်ဝင်မျက်လုံးကို ပိုင်ဆိုင်ထားတယ်… အဲ့ဒါကြောင့် မဟာဧကရာဇ်က မင်းကို တပည့်အဖြစ် လက်ခံခဲ့ပြီး ငါတို့မိသားစုက မင်းကို သမက်အဖြစ် လက်ခံခဲ့တယ် ”

“ အမဲလိုက်တာကတော့… မင်းက ငါ့မျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို လိုချင်တယ်… ငါ့မျိုးနွယ်က မင်းရဲ့ ဓမ္မမှော်ဝင်မျက်လုံးကို လိုချင်တယ်… အဲ့တော့ နှစ်ဖက်စလုံးက ညီတူညီမျှပဲ ”

ရွှီချင်းက ထိုမြင်ကွင်းကို မြင်သွားသောအခါ စဉ်းစားဆင်ခြင်သော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ့ဘေးမှ အားညိုသည်တော့ ထိုမြင်ကွင်းကို မြင်သွားသောအခါ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။

“ ယီး… ဒီဟာက ကိစ္စကြီးပဲ ”

“ လုလေးမှာ ဘယ်လိုအရံအစီအစဉ်ရှိလဲ ငါသိချင်လိုက်တာ ”

စေတီ၏ အပြင်ဘက်တွင် လုလင်းဇီက လန်မိသားစု၏ ဘိုးဘေးကို ကြည့်လိုက်ပြီး အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။

“ တကယ်ပဲ မျှတပါတယ် ”

“ ဒါကြောင့် မင်းရဲ့ လန်မိသားစုထဲကို လက်ထပ်ဝင်ရောက်ခဲ့ပြီး မဟာဧကရာဇ်ရဲ့ တပည့်ဖြစ်လာကတည်းက ဘယ်သူ့ကိုမှ ငါမယုံခဲ့ဘူး… မင်းကိုရော ငါ့ရဲ့ ဆရာကိုရော ငါမယုံခဲ့ဘူး ”

လုလင်းဇီ၏ တည်ငြိမ်နေသော ပုံစံကို မြင်လိုက်ရသောအခါ လန်ယောင်၊ ယွဲ့တုန်နှင့် လန်မိသားစု၏ ဘိုးဘေးက စိတ်မသက်မသာ ခံစားမိသွားကြသည်။

“ လုလင်းဇီ… မင်းက သာမန်မဟုတ်ဘူးဆိုတာ ဒီအဖိုးကြီး သိတယ်… ဒါကြောင့် ငါမဆင်းသက်လာခင်မှာ လက်ရှိစစ်ပွဲအခြေအနေကို အသုံးချပြီး သူတော်စင်ကုန်းမြေက မင်းရဲ့ အရံအစီအစဉ်တွေအားလုံးကို ချုပ်ထိန်းထားခဲ့တယ် ”

“ အခု မင်းမှာ လွတ်လမ်းမရှိတော့ဘူး ”

လန်မိသားစု၏ ဘိုးဘေးက စကားပြောလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက ဖိအားအဖြစ်သို့ ပြောင်းလဲသွားပြီး ဘေးပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။ အုပ်ချုပ်သူ၏ စွမ်းအားက ရာသီဥတုကို ပြောင်းလဲသွားစေသည်။ ဤဧရိယာတစ်ဝိုက်မှ အရှိန်အဝါအားလုံးက သူ့အပေါ်မှာ စုဝေးသွားကြလေရာ သူက ဤနေရာ၏ အရှင်သခင်ဖြစ်လာသည့်အလားပင်။

သူက လုလင်းဇီဆီသို့ လျှောက်သွားသည်။ သူ၏ ခြေလှမ်းတိုင်းက လောကကို တုန်လှုပ်သွားစေသည်။

သို့သော်လည်း လုလင်းဇီ၏ အမူအရာက တည်ငြိမ်နေဆဲပင်။ ထို့ပြင် သူက ပြုံးလိုက်သေးသည်။

သူက နူးညံ့စွာ ပြောသည်။

“ ငါ့ရဲ့ အရံအစီအစဉ်လား ”

ထိုသို့ပြောပြီးနောက် သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှာ လွင့်မျောနေသည့် ကောင်းကင်ဘုံသူတော်စင်စေတီကို ကြည့်လိုက်သည်။

သူက စေတီထဲမှ အားညိုကို ကြည့်လိုက်သည်။

အားညိုက ဆွံ့အသွားသည်။

All Chapters