← Chapters

တကယ်ပဲ အစာကို ဖွက်စားတယ်

Vol. 96 Ch. 1478

တကယ်ပဲ အစာကို ဖွက်စားတယ်

Vol. 96 Ch. 1478

လူသားသဘာဝနှင့် နတ်ဘုရားသဘာဝ၏ လေးနက်သော နားလည်မှုမရှိလျှင် စိတ်ကူးနိုင်စွမ်းနှင့် အတွေးများက ရှင်းလင်းလာလိမ့်မည် မဟုတ်ချေ။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ အားညိုက စကားပြောလိုက်သည်နှင့်ချက်ချင်း ရွှီချင်း၏ အတွေးများက ပရမ်းပတာဖြစ်သွားသည်။

ဤအခိုက်အတန့်မှာ လူသားသဘာဝကို ပြန်လည်ရရှိလာသော သူက ယခင်ကဲ့သို့ အကြွင်းမဲ့ဆင်ခြင်တုံတရား မရှိတော့ပေ။ ထို့ကြောင့် အားညို၏ အံ့ဖွယ်စကားကို ကြားလိုက်ရသည့်အခါ သူ၏ အသိစိတ်က ဝုန်းခနဲ လှုပ်ခတ်သွားသည်။

မည်သို့ဖြစ်ပါစေ ပုံမှန်လူများက ထိုသို့စဉ်းစားကြလိမ့်မည် မဟုတ်ချေ။

ဧကရီ၏ စကားကို မည်သို့နားထောင်ပါစေ ယင်းထဲမှာ စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသည်။ ယခု ဝမ်ကူးကုန်းမြေက ဖရိုဖရဲဖြစ်နေသောကြောင့် သူတို့ကို အန္တရာယ်များသော မည်သည့်အရာကိုမှ မလုပ်ဆောင်ရန် သတိပေးသွားခြင်း ဖြစ်သည်။ အရေးကြီးဆုံးမှာ အေးချမ်းသော နေရာတစ်နေရာကို ရှာဖွေပြီး တံခါးပိတ်ကျင့်ကြံနေရန် သူတို့ကို မှာကြားသွားခဲ့သည်။

သို့သော်လည်း အားညို၏ နားထဲတွင် ထိုစကားများက ထိုသို့အဓိပ္ပာယ်မရပေ။

ရွှီချင်းက သူ့ကို သတိမပေးဘဲ မနေနိုင်ပေ။

“ စီနီယာအကိုကြီး… အသံတိုးတိုးပြောပါ… ဧကရီက မထွက်သွားလောက်သေးဘူး ”

အားညိုက ထိတ်လန့်သွားသည်။ သူက ချက်ချင်း ဘေးဘီကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ ပြောသည်။

“ ဟား ဟား ငါက နောက်နေတာပါဟ… ဖုန်းလင်းတောင်ရဲ့ ဝိညာဉ်ထဲမှာ အမွေအနှစ်တစ်ခုရှိတယ်ဟုတ်လား… အဲ့ဒါက ဘယ်လိုအမွေအနှစ်လဲဆိုတာ ငါတစ်ချက်စစ်ဆေးကြည့်လိုက်ဦးမယ် ”

ထိုသို့ပြောပြီးနောက် အားညိုက ဖုန်းလင်းတောင်၏ ဝိညာဉ်ကို အလျင်စလို ထုတ်လိုက်ပြီး သူ့ကို စူးစိုက်ကြည့်လိုက်သည်။

ဖုန်းလင်းတောင်က တုန်ယင်သွားသည်။ အားညိုနှင့် အကြည့်ချင်း ဖလှယ်ပြီးနောက် သူ၏ နှလုံးသားထဲမှ ထိတ်လန့်မှုက ပိုပြီးပြင်းထန်လာသည်။ အထူးသဖြင့် ယင်းက သူ့ကဲ့သို့ သံသယကြီးသော လူအတွက် ပိုပြီးဆိုးဝါးသည်။ သံသယကြီးသော လူများသည် ပုံမှန်လူများထက် ပိုပြီးစိတ်ကူးနိုင်ကြသည်။

ဤအခိုက်အတန့်မှာ သူ၏ စိတ်ကူးထဲတွင် အမွေအနှစ်ကို စစ်ဆေးမေးမြန်းသည့် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းအမျိုးမျိုးက ထွက်ပေါ်လာကြသည်။ ဥပမာ ဝိညာဉ်ကို ရှာဖွေခြင်း၊ ဝိညာဉ်ကို သန့်စင်ခြင်း၊ ဝိညာဉ်ကို သားရိုင်းကောင်များ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပြီး ညှဉ်းပန်းနှိပ်စက်ခြင်း အစရှိသည်တို့ ဖြစ်ကြသည်။

ထိုအတွေးများက ဆူနာမီလှိုင်းလုံးကြီးတစ်ခုနှယ် သူ၏ ဝိညာဉ်ပင်လယ်ထဲမှာ အဆက်မပြတ် ရိုက်ခတ်နေသည်။ ရလဒ်အနေဖြင့် အားညိုက သူ့ကို စူးစိုက်ကြည့်လာသည့်အခါ တစ်ဖက်လူ ဘာမှမပြောနိုင်ခင် ဖုန်းလင်းတောင်က အရင်ဦးစွာ ပြောလိုက်သည်။

“ ငါ့အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်းအားညို… ငါ့မှာ မင်းကို ကျေးဇူးပြန်ဆပ်ဖို့ ဘာမှမရှိပါဘူး… ဒါကြောင့် ငါ့ရဲ့ အမွေအနှစ်ကို ပေးဖို့ ဆန္ဒရှိပါတယ် ”

“ ငါ့ရဲ့ အမွေအနှစ်က လျောင်ရွှမ်းသူတော်စင်ကုန်းမြေကို တည်ထောင်ခဲ့တဲ့ လျောင်ရွှမ်းမဟာဧကရာဇ်ရဲ့ အမွေအနှစ်ပါ ”

“ အဲ့ဒီအမွေအနှစ်က ပုံရိပ်ယောင်နဲ့ ဆင်တူပေမဲ့ အပြည့်အစုံ မဟုတ်ပါဘူး… အဲ့ဒါက အမှတ်သင်္ကေတတစ်ခုပါ… တစ်စုံတစ်ယောက်က အဲ့ဒါကို ဆင်ခြင်နားလည်နိုင်မယ်ဆိုရင် အဲ့ဒီအမှတ်သင်္ကေတက အခွင့်အာဏာရဲ့ တာအိုအမှတ်အသားအဖြစ် ပြောင်းလဲသွားပါလိမ့်မယ် ”

ဖုန်းလင်းတောင်က ချက်ချင်း ရှင်းပြသည်။

သူက တခြားမည်သည့်အတွေးကိုမှ မတွေးဝံ့ပေ။ ဝမ်ကူးကုန်းမြေဆီသို့ ရောက်ရှိလာပြီးကတည်းက ရွှီချင်းနှင့် အားညိုဖြင့် သူတွေ့ဆုံသည့်အခါတိုင်း သူက ကံဆိုးမိုးမှောင်ကျပြီး သေလုနီးပါးအခြေအနေဖြင့် ရင်ဆိုင်ရလိမ့်မည်။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ သူ၏ တစ်ခုတည်းသော အတွေးက သူ့အသက်ကို ကယ်တင်ရန် ဖြစ်သည်။

သူ၏ ပွင့်လင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုက အားညိုကို မျက်တောင်တဖျပ်ဖျပ် ခတ်သွားစေသည်။ သံသယက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သို့ဖြစ်၍ သူက ရက်စက်ကြမ်းကြုတ်သော မျက်နှာကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်ပြီး ဖုန်းလင်းတောင်၏ ဝိညာဉ်ကို အနည်းငယ် အားထည့်၍ ဖျစ်ညှစ်လိုက်သည်။

ဖုန်းလင်းတောင်၏ ဝိညာဉ်ခန္ဓာကိုယ်က ပြင်းထန်သော နာကျင်မှုကို ခံစားမိသွားပြီး သူက ပိုပြီးစိုးရိမ်ကြောင့်ကြလာသည်။ သူက အလျင်စလို စကားဆက်ပြောသည်။

“ တာအိုရောင်းရင်းအားညို… ဆန္ဒမစောပါနဲ့… ငါ့စကားက မဆုံးသေးပါဘူး ”

“ ဒီအမွေအနှစ်ကို ဖွင့်လှစ်ဖို့အတွက် အထူးအခြေအနေသုံးခုကို လိုအပ်ပါတယ်… ပထမအခြေအနေက အဲ့ဒါကို ပမာဏများပြားတဲ့ သွေးတွေ ဝိညာဉ်တွေနဲ့ အချိန်အကြာကြီး ပျိုးထောင်ပေးရလိမ့်မယ်… အဲ့ဒါကို ဒီနှစ်တွေမှာ ငါလုပ်ဆောင်ခဲ့တယ်… ဒါကြောင့် မင်းတို့နှစ်ယောက်က ဒီဟာကို ဆောင်ရွက်ပေးစရာ မလိုတော့ဘူး ”

“ ဒုတိယအခြေအနေကတော့ အဲ့ဒါကို အရမ်းအေးတဲ့ ဒေသဆီ သယ်ဆောင်သွားရလိမ့်မယ်… ခန္ဓာကိုယ်ထဲမှာ အပူဓာတ် နည်းနည်းလေးတောင် ရှိလို့မရဘူး… ဒီဟာကိုလည်း မင်းတို့နှစ်ယောက်အတွက် ငါပြင်ဆင်ပေးထားပါတယ်… ဒီဧရိယာကို ကျော်လွန်သွားရင် မြောက်ပိုင်းဝမ်ကူးဒေသဆီ ရောက်သွားလိမ့်မယ် ”

“ အဲ့ဒီနေရာမှာ ရေခဲတွေနဲ့ ပြည့်နှက်နေတယ်… တကယ်လို့ ငါတို့က ရေခဲလှိုဏ်ဂူတစ်ခုကို ရှာဖွေပြီး မြေအောက်ထဲကို ဆင်းသွားမယ်ဆိုရင် ဒုတိယအခြေအနေက ပြီးမြောက်သွားလိမ့်မယ် ”

“ တတိယအခြေအနေကတော့ လျောင်ရွှမ်းသူတော်စင်အရည်ပါ… အဲ့ဒါကြောင့် အတိတ်မှာ ငါက လျောင်ရွှမ်းဒေသဆီ အရင်ဆုံး သွားရောက်ခဲ့တာပါ ”

“ ဒါကြောင့် တတိယအခြေအနေအတွက်လည်း မင်းတို့နှစ်ယောက်ကို ငါကူညီပေးခဲ့ပြီးပါပြီ… အတိတ်မှာ ငါ့ကို ကူညီပေးခဲ့တဲ့အတွက် မင်းတို့ကို ကျေးဇူးတင်ရဦးမယ် ”

ဖုန်းလင်းတောင်က အားညိုကို မျက်နှာချိုသွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။

ဖုန်းလင်းတောင်က စကားပြောကောင်းသူတစ်ယောက်ဖြစ်ကြောင်း ထင်ရှားပေသည်။ သူက လိုအပ်ချက်များကို ပြီးမြောက်စေရန် သူတို့ကို ကူညီပေးခဲ့ကြောင်း ဆက်တိုက် ပြောနေလေရာ ယင်းက အားညိုကို အလွန်ပျော်ရွှင်စေသည်။ ထို့ပြင် ဖုန်းလင်းတောင်က တကယ် အမှန်ပြောနေကြောင်း သူပြောနိုင်သည်။

ထို့ကြောင့် သူက ချောင်းဟန့်လိုက်သည်။

“ ဖုန်းလေး… ဘာမှမစိုးရိမ်နဲ့… ငါက ရက်စက်ကြမ်းကြုတ်တဲ့လူ မဟုတ်ဘူး… မင်းက ဒီတစ်ကြိမ်မှာ ငါတို့အတွက် ကြီးမားတဲ့ အကျိုးဆောင်မှုကို ပြုလုပ်ပေးခဲ့တယ်… ငါမင်းအတွက် အကျိုးအမြတ်တချို့ ချန်ထားပေးမှာပါ ”

ထိုသို့ပြောပြီးနောက် အားညိုက သူ၏ ညာလက်ကို ဖြေလျော့လိုက်သည်။ ယင်းက ဖုန်းလင်းတောင်၏ ဝိညာဉ်ကို နာကျင်မှုသက်သာသွားစေသည်။ သူက ဖုန်းလင်းတောင်၏ ဝိညာဉ်ကို ညင်သာစွာ ပုတ်ပေးလိုက်သေးသည်။

သူ၏ စကားနှင့် အပြုအမူက ဖုန်းလင်းတောင်၏ ဝိညာဉ်ကို တုန်ယင်သွားစေသည်။ သူက ရင်ထဲထိသွားသော အမူအရာကို ချက်ချင်း ထုတ်ဖော်ပြလိုက်သည်။

တစ်ချိန်တည်းမှာ ရွှီချင်းသည်လည်း သတိမေ့နေသော ယွဲ့တုန်ဆီသို့ လျှောက်သွားသည်။

ရွှီချင်းသည် ဧကရီမထွက်သွားခင် ပြောခဲ့သော အင်မော်တယ်အတတ်ပညာကို ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသည်။ ယင်းက သူ့အပေါ်မှာ သက်ရောက်မှုမရှိသော်လည်း ထိုအင်မော်တယ်အတတ်ပညာက အမှန်တကယ် ထူးဆန်းသည်။

ယင်းက စိတ်ခံစားချက်ရှိသော သက်ရှိရုပ်သေးရုပ်ကို ဖွဲ့စည်းပေးနိုင်သည့်အပြင် စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးကို ကျိန်စာများအဖြစ်လည်း ပြောင်းလဲပေးနိုင်သည်။

ယင်း၏ တိုက်ခိုက်စွမ်းအားသည် မသေးငယ်ပေ။

ဤအင်မော်တယ်အတတ်ပညာသည် အလွန်ထူးခြားသည်။

သို့ဖြစ်၍ ရွှီချင်းက ယွဲ့တုန်၏ အရှေ့မှာ ရပ်လိုက်သည်။ သူက ကျောက်ရှာအလင်းကို ထုတ်လွှတ်လိုက်သည့်အခါ သူ၏ မျက်လုံးထဲတွင် သက်တံ့အလင်းရောင် ထွက်ပေါ်လာသည်။ သူက ကျောက်ရှာအလင်း၏ စွမ်းရည်နှင့်အတူ ထိုအင်မော်တယ်အတတ်ပညာကို တုပလိုက်သည်။

သို့သော်လည်း အင်မော်တယ်အတတ်ပညာ၏ ထူးခြားမှုက ဤအခိုက်အတန့်မှာ ထွက်ပေါ်လာသည်။

ကျောက်ရှာအလင်း၏ တုပမှုက ကျရှုံးသွားသည်။

အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ယွဲ့တုန်၏ နဖူးကို ထိလိုက်သည်။

တစ်ခဏကြာပြီးနောက် ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။

သူက ယွဲ့တုန်၏ ခန္ဓာကိုယ်ပေါ်မှာ အင်မော်တယ်အတတ်ပညာနှင့်ပတ်သက်ပြီး မည်သည့်သဲလွန်စမှ ရှာမတွေ့ပေ။ ဤသည်မှာ အင်မော်တယ်အတတ်ပညာက လုံးဝမတည်ရှိသည့်အလား ယင်းကို သူမရှာဖွေနိုင်ပေ။

ဝိညာဉ်ရှာဖွေခြင်းသည်တော့ သူ၏ နောက်ဆုံးကြိုးစားမှု ဖြစ်သည်။

အကယ်၍ ဝိညာဉ်ရှာဖွေခြင်းသည်လည်း ကျရှုံးသွားမည်ဆိုလျှင် ထိုအင်မော်တယ်အတတ်ပညာက ယွဲ့တုန်၏ ဝိညာဉ်နှင့်အတူ ဖျက်ဆီးခံရလိမ့်မည်ဖြစ်ကြောင်း ရွှီချင်း ခံစားမိနေသည်။

ရွှီချင်းက နှုတ်ဆိတ်သွားသည်။ အတိတ်တွင် သတ္တမသခင်ကြီးက သူနှင့် စီနီယာအကိုကြီးအား ခေါ်ဆောင်သွားခဲ့သော အင်မော်တယ်အတတ်ပညာခန်းမကို ရွှီချင်းက ပြန်စဉ်းစားမိသွားသည်။ ထိုအင်မော်တယ်ခန်းမထဲတွင် မျက်နှာဖုံးများဖြင့် ပြည့်နှက်နေသည်။

ထို့ကြောင့် သူက ယွဲ့တုန်၏ မျက်နှာကို လက်ဖြင့် ပွတ်သပ်လိုက်သည်။

သို့သော်လည်း အရာအားလုံးက ပုံမှန်အတိုင်း ရှိနေသည်။

“ မျက်နှာဖုံးမရှိဘူး… ဒီသူခိုးခြောက်ယောက် လှည့်စားခြင်း အင်မော်တယ်အတတ်ပညာက ငါထင်ထားတာထက် ပိုပြီးထူးခြား‌နေတာလား ”

ရွှီချင်းက တွေးတောနေစဉ် ယွဲ့တုန်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏ မျက်လုံးက ရုတ်တရက် ပွင့်သွားသည်။ သူက သတိမေ့နေခြင်းမှ ပြန်နိုးလာပြီး ရွှီချင်းကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ မကျေမချမ်းမှုဖြင့် ပြည့်နှက်နေသည်။

“ ငါ့ရဲ့ အင်မော်တယ်အတတ်ပညာကို နင်ရှာနေတာလား ”

“ အဲ့ဒါကို နင်ရှာနိုင်မှာ မဟုတ်ဘူး… ပြီးတော့ အဲ့ဒါကို နင့်ကို ငါပေးမှာ မဟုတ်ဘူး ”

ယွဲ့တုန်က အေးစက်စက် ရယ်မောလိုက်သည်။ သူ၏ မကျေမချမ်းစိတ်က အလွန်နက်ရှိုင်းသည်။

“ ခဏနေရင် မင်းငါ့ကို ပေးလာပါလိမ့်မယ် ”

ရွှီချင်းက ယွဲ့တုန်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ အရိပ်လေး ”

နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ခြေဖဝါးအောက်မှ အရိပ်လေးက ရုတ်တရက် ပုံပျက်တွန့်လိမ်လာပြီး စိတ်လှုပ်ရှားသော စိတ်ခံစားချက်ကို ထုတ်လွှတ်လိုက်သည်။ ၎င်းက ယနေ့ကို အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည့်အလားပင်။ နောက်ဆုံးမှာတော့ ၎င်း၏ တန်ဖိုးကို ထုတ်ဖော်ပြနိုင်တော့မည်။

သို့ဖြစ်၍ အရိပ်လေးက ပိုပြီးအလုပ်ကြိုးစားလိုက်ပြီး မြေပြင်ပေါ်သို့ ဖြန့်ကြက်လိုက်သည်။ ယွဲ့တုန်၏ အမူအရာက သိသာစွာ ပျက်ယွင်းသွားစဉ် သူက အရိပ်လေး၏ ဝါးမျိုခံလိုက်ရသည်။

တဂျွတ်ဂျွတ် ဝါးစားသံက ပဲ့တင်ထပ်လာသည့်အခါ ယွဲ့တုန်၏ အသက်ရှူသံက မြန်ဆန်လာသည်။ သူက ခုခံရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ရွှီချင်းက အပေါ်မှ ဖိချလိုက်သည့်အခါ ယွဲ့တုန်က လေလျော့ခံလိုက်ရသော ပူဖောင်းတစ်လုံးနှယ် ဖြစ်လာသည်။ သူက ချက်ချင်း စိတ်ပျက်အားလျော့သွားသည်။

ယွဲ့တုန်က ခုခံနိုင်စွမ်းအားလုံးကို ဆုံးရှုံးသွားသည့်အခါ အရိပ်လေးက သူ့အရိပ်ကို ဝါးမျိုလိုက်သည်။ သူက မကောင်းဆိုးဝါးတစ်ကောင်၏ ပူးကပ်ခံလိုက်ရသည့်အလား အအေးဓာတ်နှင့် မိစ္ဆာအရှိန်အဝါက သူ၏ ခန္ဓာကိုယ်တစ်လျှောက်သို့ ပျံ့နှံ့သွားသည်။ ၎င်းက သူ၏ အသိစိတ်ထဲထိ ကျူးကျော်ဝင်ရောက်လာပြီး စတင်ထိန်းချုပ်လိုက်သည်။

အရိပ်လေးက သူ့ကို သိမ်းပိုက်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ ယွဲ့တုန်၏ မြန်ဆန်သော အသက်ရှူသံက တည်ငြိမ်သွားသည်။ သူက ရွှီချင်း၏ အရှေ့မှာ ကြောက်ရွံ့ရိုသေစွာ ဒူးထောက်ချလိုက်ပြီး ကျယ်လောင်စွာ ပြောသည်။

“ သခင့်ကို နှုတ်ဆက်ပါတယ် ”

သူ၏ မျက်လုံးထဲမှ မကျေမချမ်းစိတ်က မြန်ဆန်စွာ ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှုက ထိုနေရာမှာ အစားထိုးဝင်ရောက်လာသည်။

ထိုမြင်ကွင်းကို မြင်သွားသောအခါ ဖုန်းလင်းတောင်က မျက်လုံးပြူးကျယ်သွားပြီး သူ၏ နှလုံးက အပြင်းအထန် တုန်လှုပ်သွားသည်။ တစ်ချိန်တည်းမှာ သူက အလွန်ကံကောင်းသည်ဟု ခံစားမိသွားသည်။

သူ၏ အရှေ့မှာ ဖြစ်ပျက်သွားသော ကိစ္စနှင့် နှိုင်းယှဉ်လျှင် ယွဲ့တုန်၏ တခြားလူများအပေါ် ထိန်းချုပ်မှုက အများကြီး ညင်သာသည်။

“ အင်မော်တယ်အတတ်ပညာနဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို ငါ့ကို ပြောစမ်း ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

ယွဲ့တုန်၏ အမူအရာက ပိုပြီးကြောက်ရွံ့ရိုသေလာပြီး သူက အလွန်စိတ်လှုပ်ရှားနေပုံပေါ်သည်။ သို့သော်လည်း သူက စကားပြောလိုက်သည့်အခါ သူ၏ မျက်လုံးထဲမှ အကြောက်တရားက ပိုပြီးပြင်းထန်လာသည်။

“ သခင်… သူ့ရဲ့ အင်မော်တယ်အတတ်ပညာက သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ထဲမှာ မရှိပါဘူး… အဲ့ဒါက သူ့ရဲ့ မှတ်ဉာဏ်တွေထဲမှာပါ… အဲ့ဒါကို သခင့်ဆီ လွှဲပြောင်းပေးဖို့ ငါမလုပ်နိုင်ပါဘူး… ဒါ့အပြင် သူ့ရဲ့ မှတ်ဉာဏ်တွေကို သူ့ဆရာက ချိပ်ပိတ်ထားပါတယ်… အဲ့ဒါကို နည်းနည်းလေး ငါထိလိုက်ရင်တောင် အင်မော်တယ်အတတ်ပညာက မီးခိုးငွေ့လို ပျောက်ကွယ်သွားပါလိမ့်မယ် ”

“ ဒါပေမဲ့ အဲ့ဒါရဲ့ အသုံးပြုပုံကို ငါထိန်းချုပ်နိုင်ပါတယ် ”

“ ဒီမိန်းမရဲ့ ရည်ရွယ်ချက်က ဖုန်းလင်းတောင်ရဲ့ အမွေအနှစ်ကနေ ဖြစ်ပေါ်လာတဲ့ အခွင့်အာဏာကို ဒီအင်မော်တယ်အတတ်ပညာထဲမှာ တံဆိပ်ရိုက်နှိပ်ချင်တာပါ… သူက အင်မော်တယ်အတတ်ပညာနဲ့ အဲ့ဒီအခွင့်အာဏာကို ပေါင်းစည်းပြီး အခွင့်အာဏာအသစ်တစ်ခုကို ဖန်တီးချင်တာပါ ”

“ တကယ်လို့ အောင်မြင်သွားမယ်ဆိုရင် သူခိုးခြောက်ယောက် လှည့်စားခြင်းက အင်မော်တယ်အတတ်ပညာရဲ့ အကန့်အသတ်ကို ကျော်လွန်သွားပြီး အဆုံးမဲ့တဲ့ အလားအလာတွေကို ပိုင်ဆိုင်လာနိုင်ပါလိမ့်မယ် ”

ယင်းကို ကြားသောအခါ ရွှီချင်းက အားညိုကို ကြည့်လိုက်သည်။

အားညိုက ရယ်မော့လိုက်ပြီး သူ၏ လက်ထဲမှ ဖုန်းလင်းတောင်ကို ဖျစ်ညှစ်လိုက်သည်။

“ ဖုန်းလေး… မင်းရဲ့ လျောင်ရွှမ်းအမွေအနှစ်က အတော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ… မင်းဘာလို့ စောစောက အဲ့ဒီအကြောင်း ငါ့ကို မပြောပြခဲ့တာလဲ ”

ဖုန်းလင်းတောင်၏ ဝိညာဉ်က တုန်ယင်သွားပြီး အမြန်ပြောသည်။

“ တာအိုရောင်းရင်းအားညို… အဲ့ဒါကို အခုပဲ ငါပြောတော့မလို့ပါ… ငါ့ရဲ့ အမွေအနှစ်ကနေ ဖြစ်ပေါ်လာတဲ့ အခွင့်အာဏာက တံဆိပ်တစ်ခုပါ ”

“ ရိုးရိုးရှင်းရှင်း ပြောရရင် အဲ့ဒါက အခွင့်အာဏာရဲ့ အခွံလွတ်တစ်ခုပါ… ဘယ်စွမ်းရည်ကိုမဆို အဲ့ဒီအခွံလွတ်ထဲ ထည့်သွင်းလိုက်တဲ့အခါ တကယ့် အခွင့်အာဏာအဖြစ် ပြောင်းလဲသွားလိမ့်မယ် ”

“ ဒါပေမဲ့… ”

ဖုန်းလင်းတောင်က တုံ့ဆိုင်းသော အမူအရာကို ထုတ်ဖော်လိုက်သည်။ 

“ တာအိုရောင်းရင်းအားညို… တာအိုရောင်းရင်းရွှီချင်း… အဲ့ဒီခွေးမယွဲ့တုန် ပြောသွားတာက မပြည့်စုံပါဘူး… သူ့ရဲ့ အင်မော်တယ်အတတ်ပညာကို ငါ့ရဲ့ အမွေအနှစ်ထဲ တံဆိပ်ရိုက်ခတ်လိုက်မယ်ဆိုရင် အဲ့ဒါက အခွင့်အာဏာတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်တယ်ဆိုပေမဲ့ အဲ့ဒါက တစ်ခုတည်းပဲ ဖွဲ့စည်းနိုင်ပါတယ်… တစ်ကြိမ်ပေါင်းစပ်ပြီးသွားတာနဲ့ အဲ့ဒါက မင်းရဲ့ ကိုယ်ပိုင် တာအိုအမှတ်အသားတစ်ခုဖြစ်လာပြီး မင်းရဲ့ စွမ်းအားကို ကြီးကြီးမားမား မြှင့်တင်ပေးပါလိမ့်မယ်… ဒါပေမဲ့ အဲ့ဒါကို ခွဲဝေပေးလို့ မရပါဘူး ”

ဖုန်းလင်းတောင်က ရွှီချင်းနှင့် အားညိုကို ဂရုတစိုက် ကြည့်လိုက်သည်။

သူက မည်သည့်အရာကိုမှ မဆင်မခြင် မတွေးဝံ့သော်လည်း ယင်းက မည်သည့်အရာကိုမှ သူမလုပ်ဆောင်ဘူးဟု မဆိုလိုပေ။ ဤအခိုက်အတန့်မှာ သူက အခွင့်အရေးကို ရှာဖွေလိုက်ပြီး ပဋိပက္ခမျိုးစေ့ကို စိုက်ပျိုးလိုက်သည်။

အခွင့်အာဏာသည် ကျင့်ကြံသူတိုင်း လိုချင်တပ်မက်သော အရာဖြစ်သည်။ ထို့ပြင် အင်မော်တယ်အတတ်ပညာပါဝင်သော အခွင့်အာဏာက ပိုပြီးရှားပါးသည်။

သို့သော်လည်း ယင်းက တစ်ခုတည်းသာ ဖွဲ့စည်းနိုင်သည်။ ထို့ကြောင့် ယင်းကို မည်သူက ပိုင်ဆိုင်သွားမည်နည်း။

ဖုန်းလင်းတောင်က ခေါင်းငုံ့လိုက်သည်။

သူ၏ အစီအစဉ်က တခြားလူများအပေါ်မှာ အကျိုးသက်ရောက်မှု တစ်စုံတစ်ရာရှိနိုင်သော်လည်း ယင်းက ရွှီချင်းနှင့် အားညိုပေါ်မှာတော့ အချည်းနှီးသာ ဖြစ်၏။

နောက်အခိုက်အတန့်မှာ အော်ဟစ်ညည်းညူသံက ဖုန်းလင်းတောင်၏ ပါးစပ်မှ မြည်ထွက်လာသည်။ သူ၏ အစီအစဉ်က ကျရှုံးသွားသည်။

ရွှီချင်းက လုံးဝဂရုမစိုက်ပေ။ သူက အရိပ်လေး၏ ထိန်းချုပ်ခံထားရသော ယွဲ့တုန်ကို ခေါ်ဆောင်လျက် မြောက်ပိုင်းဒေသဆီသို့ ဦးတည်သွားသည်။

အားညိုက ဖုန်းလင်းတောင်၏ ဝိညာဉ်ကို အကြမ်းပတမ်း ဖျစ်ညှစ်လိုက်ပြီး မူမမှန်သော အပြုံးကို ထုတ်ဖော်လိုက်သည်။

“ ဖုန်းလေး… အကျိုးအမြတ်တချို့ကို ရရှိနိုင်မယ့် မင်းရဲ့ အခွင့်အရေးက အခု ပျောက်ဆုံးသွားပြီ ”

အားညိုသည် စကားပြောပြီးနောက် လေထဲသို့ ပျံသန်းသွားပြီး ရွှီချင်းနောက်သို့ လိုက်သွားသည်။

အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားပြီး လဝက်ကြာမြင့်သွားသည်။

ရွှီချင်းနှင့် အားညိုက အရှေ့ပိုင်းဝမ်ကူးကုန်းမြေထဲမှ ထွက်ခွာသွားပြီး မြောက်ပိုင်းဝမ်ကူးကုန်းမြေ၏ အဆုံးမဲ့သော ရေခဲလွင်ပြင်ဆီသို့ ခြေချလိုက်စဉ် ထိုနေရာနှင့် အလွန်ဝေးကွာသော နန်းမြို့တော်ထဲမှ သီးသန်းအခန်းတစ်ခုထဲတွင် ဧကရီက တင်ပျဉ်ခွေထိုင်နေသည်။

ဤအခိုက်အတန့်မှာ အဖြူရောင်ချည်မျှင်များက ဧကရီ၏ ခန္ဓာကိုယ်ထဲမှ လွင့်မျောလာကြပြီး သူ၏ အရှေ့မှာ စုဝေးသွားကြသည်။ ယင်းတို့က လူသားပုံရိပ်၏ အကြမ်းထည်ကို ဖွဲ့စည်းလိုက်ကြသည်။

အကြမ်းထည်က တဖြည်းဖြည်း ပြီးပြည့်စုံလာပြီး အဆုံးသတ်လာသည့်အခါ နောက်ဆုံးမှာတော့ ၎င်းက လူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။

ထိုလူသည် မဟာဧကရာဇ်၏ ဒသမမြောက်တပည့် လုလင်းဇီဖြစ်သည်။

သူ၏ အရှိန်အဝါသော်လည်းကောင်း၊ ကမ္မနှင့် ကံကြမ္မာသော်လည်းကောင်း တကယ့်လုလင်းဇီနှင့် တစ်ပုံစံတည်း တူညီသည်။

လုလင်းဇီက ဧကရီနှင့် ပြုလုပ်ခဲ့သော သဘောတူညီမှုထဲတွင် လန်မိသားစုကို မျှားခေါ်ထုတ်ပေးရုံသာမက သူ၏ အစစ်အမှန်နာမည်ကိုလည်း ပေးအပ်ရလိမ့်မည်။

သူက သူပိုင်ဆိုင်ထားသည့် အရာအားလုံးကို စွန့်လွှတ်လိုက်ပြီး သူတော်စင်ကုန်းမြေနှင့် သူ့ကြားမှ အဆက်အသွယ်များကို လုံးဝဖြတ်တောက်ပစ်လိုက်သည်။ ထိုနည်းဖြင့် သူက ဘေးကင်းလုံခြုံသော နေရာတစ်နေရာမှာ နတ်ဘုရားတစ်ပါးဖြစ်လာရန် ရိုးရာဓလေ့ကို စတင်နိုင်လိမ့်မည်။

ဧကရီသည်တော့ လုလင်းဇီ၏ အရာအားလုံးကို သိမ်းပိုက်လိုက်ပြီး ၎င်းပေါ်မှာ အစားထိုးလိုက်သည်။

နောက်အခိုက်အတန့်မှာ လုလင်းဇီက မျက်လုံးပြန်ဖွင့်လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။

သူ၏ အကြည့်က နန်းမြို့တော်နှင့် စည်းချအစီအရင်ကို ဖောက်ထွင်းသွားပြီး မြောက်ပိုင်းဒေသဆီသို့ ကျရောက်သွားသည်။

ရွှီချင်းနှင့် အားညို၏ အရှိန်အဝါကို အာရုံခံမိပြီးနောက် သူက မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေ‌ဆီသို့ ကြည့်လိုက်သည်။

“ အပြောင်းအလဲဖြစ်နိုင်တဲ့ အရာအားလုံးကို ဖယ်ရှားပြီးပြီ… မိစ္ဆာငှက်မွှေးက… ပြောင်းလဲတော့မယ်… ”

All Chapters