အင်မော်တယ်အတတ်ပညာ… ခွေးငါးကောင် အင်မော်တယ်ကို ကာကွယ်ခြင်း
Vol. 96 Ch. 1486
အရှေ့ပိုင်းဝမ်ကူးဒေသ၏ ကောင်းကင်ပေါ်တွင်…
လူသားမျိုးနွယ်နှင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ဖွဲ့စည်းထားသော ပြိုင်ဘက်ကင်း စည်းချအစီအရင်၏ အပြင်ဘက်တွင် မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေက ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါဖြင့် မျောလွင့်နေသည်။
အဝေးမှကြည့်လျှင် သူတော်စင်ကုန်းမြေ၏ ပုံသဏ္ဍာန်က အဝိုင်းပြားတစ်ချပ်နှင့်ဆင်တူပြီး ၎င်း၏ အတိုင်းအတာက အလွန်ကျယ်ဝန်းသည်။ ၎င်းက ဒေသကြီးတစ်ခုဖြင့် နှိုင်းယှဉ်နိုင်သည်။
သူတော်စင်ကုန်းမြေ၏ အရှေ့ဘက်နှင့် အနောက်ဘက်တွင် ကြီးကျယ်မြင့်မြတ်သော ကျောက်ရုပ်တုများက ရပ်နေကြသည်။
၎င်းတို့က အတောင်ပံနှစ်ခုနှင့် ဆင်တူကြသည်။
၎င်းတို့က အပေါ်သို့ မြှောက်တတ်နေကြပြီး ပျံသန်းတော့မည့်အသွင်သဏ္ဍာန် ရှိသည်။
“ အဲ့ဒါတွေက မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေက မဟာဧကရာဇ်တွေရဲ့ တာအိုယဇ်ပလ္လင်တွေပဲ ”
ရွှီချင်းနှင့် အားညိုက ကောင်းကင်ပေါ်မှာ မြန်ဆန်စွာ ပျံသန်းနေကြသည်။ ဤအခိုက်အတန့်မှာ အားညိုက အဝေးမှ ဧရာမအတောင်ပံရုပ်တုများကို ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ ဖုန်းလင်းတောင်နဲ့ ယွဲ့တုန်ရဲ့ မှတ်ဉာဏ်တွေကို နှိုင်းယှဉ်ပြီးတဲ့နောက် မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေရဲ့ ဖွဲ့စည်းပုံကို ကောင်းကောင်း ငါနားလည်သွားပြီ ”
“ ချင်းလေး… မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေကို အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုပြီး နှစ်ပိုင်းခွဲခြားထားတယ် ”
“ နှစ်ဖက်စလုံးမှာ မဟာဧကရာဇ်တာအိုယဇ်ပလ္လင်တစ်ခု ရှိတယ်… အဲ့ဒါက သူတို့မျိုးနွယ်ရဲ့ ဝိညာဉ်ထောင့်တိုင်ပဲ ”
“ အခု အရှေ့ပိုင်းက မဟာဧကရာဇ်ငရဲမီးတောက်ရဲ့ တာအိုယဇ်ပလ္လင်က မှေးမှိန်သွားပြီ… ”
အားညို၏ စကားသံက ပဲ့တင်ထပ်လာသည်။ ရွှီချင်းက သေချာနားထောင်နေရင်း အဝေးမှ တာအိုယဇ်ပလ္လင်ကို ကြည့်လိုက်သည်။
အကွာအဝေးက အလွန်ဝေးကွာသော်လည်း တာအိုယဇ်ပလ္လင်က အလွန်ကြီးမားသောကြောင့် ၎င်းကို ဤနေရာမှပင် သူတို့မြင်နိုင်ကြသည်။
သူမြင်လိုက်ရသည်မှာ စီနီယာအကိုကြီးပြောခဲ့သည့်အတိုင်းပင်။ အရှေ့ပိုင်းမှ ဧရာမအတောင်ပံရုပ်တုက အမှန်တကယ် သာမန်ဖြစ်သည်။
၎င်းက အလင်းရောင်ကို ဆုံးရှုံးသွားပြီး မှေးမှိန်နေသည်။
“ အဲ့ဒီလိုပဲ မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေရဲ့ အရှေ့ပိုင်းအင်အားစုတွေက နိမ့်ကျလာကြတယ် ”
အားညိုက မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက အနောက်ပိုင်းသို့ လှမ်းကြည့်လိုက်ပြီး ဆက်လက် ပြောသည်။
“ ဒါပေမဲ့ သူတော်စင်ကုန်းမြေရဲ့ အနောက်ပိုင်းမှာ မိစ္ဆာငှက်မွှေးဆိုတဲ့ ဘွဲ့နာမည်ကို ဆက်ခံခဲ့တဲ့ မဟာဧကရာဇ်ရဲ့ တာအိုယဇ်ပလ္လင်ကတော့ ရောင်ဝါထွန်းလင်းတောက်ပတယ်… အဲ့ဒါက သူတော်စင်ကုန်းမြေတစ်ခုလုံးကို အလင်းရောင်ပေးစွမ်းထားတယ် ”
“ အဲ့ဒါကြောင့် လက်ရှိမိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေကို အနောက်ပိုင်းအင်အားစုတွေက ဦးဆောင်နေတယ် ”
“ မိစ္ဆာငှက်မွှေးရဲ့ အနောက်ပိုင်းအင်အားစုတွေက လွှမ်းမိုးခြယ်လှယ်ပြီး ဂုဏ်သိက္ခာကြီးမားကြတယ်… အရှေ့ပိုင်းအင်အားစုတွေကတော့ အားနည်းကြတယ် ”
အားညိုက အကြည့်ပြန်ရုပ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ ဒါပေမဲ့ အဲ့ဒီအခြေအနေက ဒီတစ်ကြိမ် ငါတို့ရဲ့ ကိစ္စကြီးအတွက် အရမ်းအရေးပါတယ်… အရှေ့ပိုင်းအင်အားစုတွေက ပိုပြီးအားနည်းလေ ငါတို့အတွက် ပိုပြီးကောင်းလေပဲ ”
ရွှီချင်းက ခေါင်းညိတ်လိုက်သည်။
အားညိုက ဆက်ပြီး ပြောသည်။
“ ဒါပေမဲ့ ချင်းလေး… အရှေ့ပိုင်းက အင်အားစုတွေအကြောင်းကို မင်းသိထားဖို့ လိုသေးတယ် ”
“ မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေရဲ့ အရှေ့ပိုင်းမှာ ရှေးဟောင်းမိသားစုကြီးသုံးခု ရှိတယ်… အဲ့ဒီမိသားစုကြီးတွေက သူတော်စင်ကုန်းမြေကို စတည်ထောင်ခဲ့ကတည်းက အခုချိန်အထိ တည်ရှိနေခဲ့ကြတယ် ”
“ လန်မိသားစုက သူတို့ထဲက တစ်ခုပဲ ”
ရွှီချင်းက အတွေးနက်သွားသည်။ သူက မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေ၏ ဖွဲ့စည်းပုံနှင့်ပတ်သက်ပြီး အများကြီး မသိထားပေ။ သူနှင့် အားညို၏ ပုံမှန်အလေ့အကျင့်အရ အားညိုသည် ထိုသို့ကိစ္စမျိုးကို ကိုင်တွယ်ရာတွင် အထူးကျွမ်းကျင်သည်။
သူက လွန်ခဲ့သော တစ်လအတွင်းမှာ မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေနှင့်ပတ်သက်သော သတင်းအချက်အလက်များကို စုဆောင်းခဲ့သည်။
“ ရှေးဟောင်းမိသားစုကြီးသုံးခုအပြင် အရှေ့ပိုင်းမှာ အုပ်ချုပ်သူတောင်ကိုးလုံးလည်း ရှိတယ်… သက်ဆိုင်ရာအင်အားစုတွေက အုပ်ချုပ်သူတောင်ကိုးလုံးကို ဗဟိုထားပြီးတော့ ဖွဲ့စည်းတည်ရှိကြတယ် ”
“ အုပ်ချုပ်သူတောင်လား ”
ရွှီချင်းက အားညိုကို ကြည့်လိုက်သည်။ ‘ အုပ်ချုပ်သူ ’ဟူသော စကားလုံးက သူ့ကို အထူးတလည် အာရုံစိုက်စေသည်။
အားညိုက ခေါင်းညိတ်လိုက်သည်။
“ အုပ်ချုပ်သူတစ်ပါးရှိတဲ့ တောင်ကို အုပ်ချုပ်သူတောင်လို့ ခေါ်တယ်… အုပ်ချုပ်သူတောင်ကိုးလုံးထဲက အုပ်ချုပ်သူခြောက်ပါးက မဟာဧကရာဇ်ငရဲမီးတောက်ရဲ့ တပည့်တွေဖြစ်ကြတယ် ”
“ တစ်စုံတစ်ယောက်က ဝိညာဉ်စုစည်းခြင်းအဆင့်ကို ချိုးဖြတ်ပြီး အုပ်ချုပ်သူအဆင့်ကို ရောက်သွားတဲ့အခါကျရင် ကိုယ်ပိုင်အုပ်ချုပ်သူတောင်ကို တည်ဆောက်ဖို့ အရည်အချင်းပြည့်မီသွားလိမ့်မယ် ”
ယင်းကို ရွှီချင်းကြားသောအခါ မေးခွန်းတစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ စီနီယာအကိုကြီး… လုလင်းဇီက သူ့ကိုယ်သူ မဟာဧကရာဇ်ငရဲမီးတောက်ရဲ့ ဒသမမြောက်တပည့်လို့ ပြောခဲ့တယ်… ဒါပေမဲ့ ဘာလို့ မဟာဧကရာဇ်ရဲ့ တပည့်ခြောက်ယောက်ပဲ အုပ်ချုပ်သူတောင်ကို ရရှိခဲ့ကြတာလဲ ”
အားညိုက ပြုံးလိုက်ပြီး ရှင်းပြသည်။
“ အဲ့ဒီအတွက် အဖြေက ယွဲ့တုန်ရဲ့ မှတ်ဉာဏ်တွေထဲမှာ ရှိတယ်… လုလင်းဇီရဲ့ စီနီယာအကိုသုံးယောက်က ဟိုးအရင်ကတည်းက သေဆုံးသွားခဲ့ကြတယ်… အုပ်ချုပ်သူတောင်ကို အသက်ရှင်နေတဲ့ အုပ်ချုပ်သူတွေပဲ တည်ဆောက်နိုင်ကြတယ်… သူတို့သေဆုံးသွားတဲ့အခါ အုပ်ချုပ်သူတောင်က ဆက်ပြီး မတည်ရှိတော့ဘူး ”
ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး ဆက်ပြီး သံသယမရှိတော့ပေ။
ရွှီချင်းက မေးခွန်းထပ်မမေးတော့ကြောင်း မြင်သောအခါ အားညိုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ မျက်လုံးထဲမှာ မျှော်လင့်သော အရိပ်အယောင် ထွက်ပေါ်လာသည်။
“ ချင်းလေး… ရှေးဟောင်းမိသားစုကြီးသုံးခုနဲ့ အုပ်ချုပ်သူတောင်ကိုးလုံးအပြင် မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေရဲ့ အရှေ့ပိုင်းအင်အားစုတွေထဲမှာ နာမည်ကျော်ကြားတဲ့ အဖွဲ့အစည်းတစ်ခု ရှိသေးတယ်… တကယ်တော့ ငါတို့က အဲ့ဒီအဖွဲ့အစည်းနဲ့ မရင်းနှီးတာ မဟုတ်ဘူး… အဲ့ဒါကို အင်မော်တယ်အတတ်ပညာခန်းမလို့ ခေါ်တယ် ”
“ အဲ့ဒီအင်မော်တယ်အတတ်ပညာခန်းမက ရှေးဘုရင်ရွှမ်ယုံခေတ်က အင်မော်တယ်အတတ်ပညာတွေကို အမွေရရှိခဲ့ပြီး အင်မော်တယ်အတတ်ပညာတွေကို အသုံးပြုနိုင်တဲ့လူတွေကို ပျိုးထောင်ပေးတယ်… အဲ့ဒီကျင့်ကြံသူတွေကို သူတော်စင်ကုန်းမြေတွေက အင်မော်တယ်သခင်တွေလို့ ခေါ်ကြတယ် ”
“ ယွဲ့တုန်ရဲ့ ဆရာ ကြီးမြတ်တဲ့ အင်မော်တယ်သခင်က အရင်မျိုးဆက်မှာ အင်မော်တယ်အတတ်ပညာခန်းမကို ထိန်းချုပ်ခဲ့တယ်… ဒါပေမဲ့ ယွဲ့တုန်က သူခိုးခြောက်ယောက်လှည့်စားခြင်း အင်မော်တယ်အတတ်ပညာကို ကျွမ်းကျင်သွားတဲ့နောက် အဲ့ဒီကြီးမြတ်တဲ့ အင်မော်တယ်သခင်က သေဆုံးသွားခဲ့တယ် ”
“ မဟာဧကရာဇ်ငရဲမီးတောက်ရဲ့ ဂုဏ်သတင်းက မှေးမှိန်လာတာကြောင့် မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေရဲ့ အရှေ့ပိုင်း အင်မော်တယ်အတတ်ပညာခန်းမဟာလည်း တဖြည်းဖြည်း နိမ့်ကျလာတယ် ”
“ ယွဲ့တုန်ရဲ့ မူလအစီအစဉ်အရဆိုရင် တကယ်လို့ သူက ဖုန်းလင်းတောင်ရဲ့ အမွေအနှစ်အခွင့်အာဏာကို ရရှိပြီး သူ့ရဲ့ အင်မော်တယ်အတတ်ပညာကို အခွင့်အာဏာအဖြစ် ပြောင်းလဲနိုင်တဲ့အခါ သူတော်စင်ကုန်းမြေဆီ ပြန်လာပြီး ကြီးမြတ်တဲ့ အင်မော်တယ်သခင်တစ်ပါးဖြစ်လာဖို့ အရည်အချင်းပြည့်မီသွားလိမ့်မယ် ”
“ အဲ့ဒီနောက် သူက အင်မော်တယ်အတတ်ပညာခန်းမကို ပြန်လည်မြင့်တတ်လာအောင် ဦးဆောင်ပေးလိမ့်မယ် ”
“ တကယ်လို့ သူ့ရဲ့ အစီအစဉ်သာ အောင်မြင်သွားမယ်ဆိုရင် သူ့ရဲ့ အဆင့်အတန်းက အရင်ကနဲ့ လုံးဝခြားနားသွားလိမ့်မယ် ”
အားညိုက စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။ သူက နောင်တရသွားပုံပေါ်သည်။
“ ယွဲ့တုန်က ငါတို့အတွက် အများကြီး လုပ်ဆောင်ပေးခဲ့တယ်… အဲ့ဒီအတွက် အပြစ်ရှိစိတ်ကို ငါခံစားမိတယ်… ဒါကြောင့် သူ့ရဲ့ အိမ်မက်ကို အကောင်အထည်ဖော်ပေးဖို့ ငါ့မှာ တာဝန်ရှိတယ် ”
“ အဲ့ဒါကြောင့်… ကြီးမြတ်တဲ့ အင်မော်တယ်သခင်ဖြစ်လာပြီး အင်မော်တယ်အတတ်ပညာခန်းမကို ထိန်းချုပ်ဖို့က ငါ့ရဲ့ နောက်ခြေလှမ်းပဲ ”
အားညိုက သူ၏ ရင်ဘက်ကို ပုတ်လိုက်ပြီး အားမာန်ပြင်းပြစွာ ပြောသည်။
စီနီယာအကိုကြီး၏ နောင်တရသော အမူအရာနှင့် အားမာန်တတ်ကြွပုံကို ရွှီချင်းက လျစ်လျူရှုထားသည်။ ဤအခိုက်အတန့်မှာ သူ၏ အကြည့်က အနောက်ပိုင်းမိစ္ဆာငှက်မွှေးဆီသို့ ကျရောက်နေသည်။
“ စီနီယာအကိုကြီး… အနောက်ပိုင်းမိစ္ဆာငှက်မွှေးရဲ့ လွှမ်းမိုးမှုကရော ”
ယင်းကို အားညိုကြားသောအခါ တည်ကြည်လေးနက်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ အနောက်ပိုင်းမိစ္ဆာငှက်မွှေးဆီမှာ မဟာဧကရာဇ်တစ်ပါးနဲ့ ရှေးဟောင်းမိသားစုကြီးငါးခု ရှိတယ်… ဒါ့အပြင် အုပ်ချုပ်သူတောင်(၂၁)လုံးနဲ့ ဂိုဏ်းတွေ အများကြီး တည်ရှိကြတယ်… ”
“ အဲ့ဒီမှာလည်း အင်မော်တယ်အတတ်ပညာခန်းမ ရှိတယ်… အဲ့ဒီခန်းမရဲ့ အဓိက အမွေအနှစ်ကို ခွေးငါးကောင် အင်မော်တယ်ကို ကာကွယ်ခြင်းလို့ ခေါ်တယ် ”
ထိုသို့ပြောပြီးနောက် အားညိုက ရပ်လိုက်သည်။
ရွှီချင်းက အံ့ဩသွားသည်။ ထိုအင်မော်တယ်အတတ်ပညာ၏ နာမည်သည် အနည်းငယ် ထူးဆန်းသည်။
မကြာမီ အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ဖြည်းညင်းစွာ ပြောသည်။
“ သူခိုးခြောက်ယောက် လှည့်စားခြင်း၊ ခွေးငါးကောင် အင်မော်တယ်ကို ကာကွယ်ခြင်း… ကြည့်ရတာ မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေရဲ့ အင်မော်တယ်အတတ်ပညာနှစ်ခုက ဇစ်မြစ်တူညီတဲ့ အတတ်ပညာတစ်ခုကနေ ဆင်းသက်လာကြတဲ့ အခွဲတွေဖြစ်မယ် ”
အားညိုက ခေါင်းညိတ်လိုက်သည်။
“ ယွဲ့တုန်ရဲ့ မှတ်ဉာဏ်အရတော့ မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေရဲ့ အင်မော်တယ်အတတ်ပညာနှစ်ခုက ရှေးဘုရင်ရွှမ်ယုံခေတ်အတွင်းမှာ အစွမ်းထက်ဆုံး ထိပ်ဆုံးအင်မော်တယ်အတတ်ပညာသုံးခုထဲက တစ်ခုဖြစ်တဲ့ အန္တိမသတ်ဖြတ်ခြင်းအင်မော်တယ်အတတ်ပညာကနေ ဆင်းသက်လာကြတာပဲ ”
“ အဲ့ဒီအင်မော်တယ်အတတ်ပညာက နာမည်အရမ်းရှည်တယ်… အဲ့ဒါကို အဆိပ်သုံးမျိုး မြွေလေးကောင် ခွေးငါးကောင် သူခိုးခြောက်ယောက် လူသတ်မှုခုနစ်ခု အပြစ်တော်ရှစ်ပါးနဲ့ မိစ္ဆာတစ်ထောင်လို့ ခေါ်တယ် ”
“ မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေက အဲ့ဒီထဲက အတတ်ပညာနှစ်ခုကို အမွေဆက်ခံခဲ့တယ်… အဲ့ဒီအတတ်ပညာရဲ့ ဇစ်မြစ်ကတော့ ဘုံသုံးဘုံက သက်ရှိတွေက နိဗ္ဗာန်ကို မရှာဖွေနိုင်ကြဘဲ ဘဝအဆက်ဆက် သံသရာဆင်းရဲဒုက္ခတွေကို ခံစားနေရတာကနေ ဖြစ်ပေါ်လာတာလို့ ပြောကြတယ်… သံသရာဆင်းရဲဒုက္ခတွေကနေ အဆိပ်မြှားသုံးချောင်း၊ မြွေလေးကောင်နဲ့ ခွေးငါးကောင်ရဲ့ အန္တရာယ်၊ သူခိုးခြောက်ယောက်ရဲ့ ကပ်ဘေး၊ လူသတ်မှုခုနစ်ခုရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ အပြစ်တော်ရှစ်ပါးကနေ ကင်းလွတ်ခြင်းနဲ့ မိစ္ဆာတစ်ထောင်ရဲ့ စုစည်းမှုတို့ ဖြစ်ပေါ်လာကြတယ် ”
“ အဆိပ်သုံးမျိုးဆိုတာ တုံးအခြင်း၊ တွယ်တာခြင်းနဲ့ အလိုရမ္မက်တို့ ဖြစ်ကြတယ် ”
“ ကိုယ့်နှလုံးသားကို လှည့်စားတာကို တုံးအတယ်လို့ ခေါ်တယ်… ပစ္စည်းတစ်ခုကို ပေးကမ်းလိုက်ပေမဲ့ စိတ်ထဲမှာ အမှတ်ရနေသေးတာကို တွယ်တာခြင်းလို့ ခေါ်တယ်… စိတ်သာယာမှုကို မွေ့ပျော်တာကို အလိုရမ္မက်လို့ ခေါ်တယ်… အဲ့ဒီအဆိပ်သုံးမျိုးက များသောအားဖြင့် သေမျိုးတွေဆီမှာ ဖြစ်ပေါ်လေ့ရှိတယ် ”
“ မြွေလေးကောင်ကတော့ စိတ်ပုပ်ခြင်း၊ ဒေါသထွက်ခြင်း၊ မနာလိုခြင်းနဲ့ စိတ်ထားညံ့ခြင်းတို့ ဖြစ်ကြတယ် ”
“ တခြားလူတွေရဲ့ ကောင်းစားမှုကို သဘောမကျတာက စိတ်ပုပ်ခြင်း… မကျေနပ်ချက်ကို မျိုသိပ်တာက ဒေါသထွက်ခြင်း… တခြားလူတွေ ကိုယ့်ထက်သာသွားမှာကို စိုးရိမ်တာက မနာလိုခြင်း… တခြားလူတွေ ကိုယ့်ထက်လှသွားမှာကို မဖြစ်စေလိုတာက စိတ်ထားညံ့ခြင်း ဖြစ်တယ် ”
“ ခွေးငါးကောင်က ကပ်စေးနှဲခြင်း၊ လောဘကြီးခြင်း၊ လိမ်ညာခြင်း၊ နတ်ဆိုးနဲ့ မဆင်မခြင်လုပ်ဆောင်ခြင်းတို့ ဖြစ်ကြတယ် ”
“ ကိုယ့်ပစ္စည်းတွေကို နှမြောတွန့်တိုတာက ကပ်စေးနှဲခြင်း… ရနိုင်တာထက် အများကြီး ပိုလိုချင်တာက လောဘကြီးခြင်း… အမှန်တရားကို လှည့်စားတာက လိမ်ညာခြင်း… မတရားနည်းနဲ့ အနိုင်လိုချင်တာက နတ်ဆိုးဖြစ်တယ်… စဉ်းစားဆင်ခြင်ဉာဏ်မရှိဘဲ တဇွတ်ထိုးလုပ်တာက မဆင်မခြင်လုပ်ဆောင်တာပဲ ”
“ လူသတ်မှုခုနစ်ခုနဲ့ အပြစ်တော်ရှစ်ပါးကတော့ ယွဲ့တုန်ရဲ့ မှတ်ဉာဏ်ထဲမှာ မရှိဘူး… သူ့ရဲ့ မှတ်ဉာဏ်ထဲမှာတော့ သူက အနောက်ပိုင်းမိစ္ဆာငှက်မွှေးရဲ့ ခွေးငါးကောင် အင်မော်တယ်ကာကွယ်ခြင်းကိုပဲ အဓိကအာရုံစိုက်ခဲ့တယ် ”
“ ရိုးရှင်းစွာပြောရရင် အဲ့ဒီအင်မော်တယ်အတတ်ပညာက… ကပ်စေးနှဲခြင်းခွေးက ဝင်လာတဲ့အခါ ရတနာတွေ ပျောက်ဆုံးမယ်… လောဘခွေးက ဝင်လာတဲ့အခါ ချုပ်နှောင်ခံရလိမ့်မယ်… လိမ်ညာတဲ့ ခွေးက ဝင်လာတဲ့အခါ သေခြင်းရှင်ခြင်း သံသရာစက်ဝန်းထဲ ကျရောက်သွားလိမ့်မယ်… နတ်ဆိုးခွေးက ဝင်လာတဲ့အခါ ငရဲကျသွားလိမ့်မယ်… မဆင်မခြင်ခွေးက ဝင်လာတဲ့အခါ လူသားအသွင်ကို ထာဝရ ဆုံးရှုံးသွားလိမ့်မယ် ”
အားညိုက ရွှီချင်းကို ရှင်းပြနေစဉ် မျက်လုံးဝင်းလက်သွားသည်။
“ ဒီအတတ်ပညာက အတော်လေး ထူးခြားတယ်… တကယ်လို့ ငါတို့က အနောက်ပိုင်းမိစ္ဆာငှက်မွှေးရဲ့ ခွေးငါးကောင် အင်မော်တယ်ကာကွယ်ခြင်းကို ရယူနိုင်မယ်ဆိုရင် အနာဂတ်မှာ တခြားသူတော်စင်ကုန်းမြေတွေဆီက အင်မော်တယ်အတတ်ပညာတွေကိုပါ လုယက်ဖို့ အစီအစဉ်တစ်ခု ဆွဲရလိမ့်မယ်… အဲ့ဒါတွေကို ပေါင်းစပ်ပြီးတဲ့အခါကျရင် အနာဂတ်မှာ ဘယ်သူတွေက ငါတို့ကို ဆန့်ကျင်ရဲတော့မှာလဲ… ငါတို့မကျေနပ်တဲ့လူတွေကို အဲ့ဒီအင်မော်တယ်အတတ်ပညာနဲ့ တိုက်ခိုက်လိုက်မယ် ”
“ အဲ့ဒီအခါကျရင် ငါတို့ရဲ့ ရန်သူတွေက သေချာပေါက် မရှုမလှ ခံစားသွားရလိမ့်မယ် ”
မျှော်လင့်သော အရိပ်အယောင်က အားညို၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ယင်းကို ရွှီချင်းကြားသောအခါ စိတ်ဝင်စားမှုက သူ၏ နှလုံးသားထဲမှာလည်း ထွက်ပေါ်လာသည်။ သူ၏ စီနီယာအကိုကြီးက ပြီးပြည့်စုံသော အင်မော်တယ်အတတ်ပညာကို ပိုပြီးစိတ်ဝင်စားကြောင်း သူသိသည်။
သူက စကားပြောတော့မည့်အချိန် သူ၏ အမူအရာက ချက်ချင်း တည်ကြည်သွားပြီး သူ၏ မျက်လုံးက အသက်မဲ့သွားသည်။
အားညိုသည်တော့ သူ၏ အမူအရာက ချက်ချင်း အေးစက်သွားသည်။ သူက ခြေလှမ်းကို ရပ်တန့်လိုက်ပြီး မိုးကုပ်စက်ဝိုင်းဆီသို့ ကြည့်လိုက်သည်။ မကြာမီ သူက မျက်မှောင်ကြုတ်သွားသည်။
အဝေးမှ ကောင်းကင်ပေါ်တွင် လေခွင်းသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ အစတွင် အသံက အလွန်တိုးညင်းသည်။ သို့သော်လည်း မကြာမီ လေခွင်းသံက ဗုံတီးသံကဲ့သို့ ကျယ်လောင်စွာ မြည်ထွက်လာသည်။ ဝုန်းခနဲ မြည်ဟိန်းသံနှင့်အတူ မုန်တိုင်းတစ်ခုက မြန်ဆန်စွာ ချဉ်းကပ်လာနေသည်။
မုန်တိုင်းက သွေးနီရောင်ဖြစ်သည်။
မုန်တိုင်းထဲတွင် သွေးနီရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခု ရှိသည်။ မဟာလောကခြောက်ခု ဝိညာဉ်စုစည်းခြင်းအဆင့် စွမ်းအားက သူ့ထံမှ ပေါက်ကွဲထွက်နေသည်။ သူ၏ ဆံပင်သည်လည်း အနီရောင်ဖြစ်ပြီး လေထဲမှာ တဖျပ်ဖျပ်လွင့်မျောနေသည်။ ပြင်းထန်သော သွေးညှီနံ့နှင့်အတူ ထိုကျင့်ကြံသူက မိစ္ဆာတစ်ကောင်ပမာ ရောက်ရှိလာသည်။
သူက အဝေးမှ လှမ်းအော်လိုက်သည်။
“ ယွဲ့တုန်… သေစမ်း ”
သူ၏ စကားသံက မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားသည်။ တစ်ချိန်တည်းမှာ မုန်တိုင်းက ရွှီချင်းနှင့် အားညိုဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
အားညိုက မျက်ခုံးပင့်တင်လိုက်သည်။ သို့သော်လည်း သူက မရှောင်ရှားပေ။ ယင်းအစား သူက ညာလက်ကို ညင်သာစွာ မြှောက်လိုက်ပြီး စကားလုံးမဲ့ ကျောက်တုံးကျမ်းစာကို ထုတ်ဖော်လိုက်သည်။
တစ်ချိန်တည်းမှာ ရွှီချင်း၏ အသက်မဲ့နေသော မျက်လုံးက အလင်းရောင်ထွက်ပေါ်လာသည်။
ယခုရောက်ရှိလာသူ၏ သရုပ်ကို သူမသိသော်လည်း ထိုလူ၏ ကျင့်ကြံခြင်းက မနိမ့်ကျပေ။ ထို့ပြင် သူက ဤနေရာမှာ ယွဲ့တုန်ကို တိုက်ခိုက်ဝံ့မှတော့ သူ့မှာ အဆင့်အတန်းတစ်ခု သေချာပေါက် ရှိရမည်။
သို့ဆိုလျှင် ထိုသူက သူ၏ သရုပ်အသစ်အတွက် သင့်တော်ပေသည်။
နောက်အခိုက်အတန့်မှာ မုန်တိုင်းက ဝုန်းခနဲ မြည်ဟိန်းသွားသည်။ ဝတ်စုံနီလူငယ်၏ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒအောက်မှာ သွေးမြူခိုးက တအိအိ ရွေ့လျားသွားပြီး ရွှီချင်းနှင့် အားညိုကို ချက်ချင်း လွှမ်းခြုံသွားသည်။
လျှပ်စီးသွားများက မြူခိုးအတွင်းမှာ ကူးခတ်ရွေ့လျားသွားကြပြီး ဝုန်းခနဲ မြည်သံများက ပဲ့တင်ထပ်သွားကြသည်။
ကောင်းကင်က အရောင်ပြောင်းလဲသွားသည်။
တစ်ခဏကြာပြီးနောက် သွေးမြူခိုးက ပိုပြီးပြင်းထန်စွာ လှုပ်ခတ်လာသည်။ အနီရောင်ပုံရိပ်တစ်ခုက မြူခိုးထဲမှ တစ်ဟုန်ထိုး ပြေးထွက်လာသည်။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်နှစ်ခုက မြန်ဆန်စွာ ချဉ်းကပ်လာကြပြီး သူ့ကို အကြမ်းပတမ်း ရစ်ပတ်လိုက်ကြသည်။
အနီရောင်ပုံရိပ်က ရုန်းကန်ချင်သော်လည်း ယင်းက အချည်းနှီးသာ ဖြစ်၏။ သူက အော်ဟစ်ချင်သော်လည်း ကြော့ရှင်းတင့်တယ်သော ပုံရိပ်တစ်ခုက သူ့အနောက်မှာ ထွက်ပေါ်လာပြီး သူ၏ ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်သည်။
နောက်ဆုံးမှာတော့ အနီရောင်ပုံရိပ်သည် ကောင်းကင်ဘုံသူတော်စင်နွယ်ပင်နှစ်ခုကြောင့် မြူခိုးထဲသို့ နောက်တစ်ကြိမ် ဆွဲခေါ်ခံလိုက်ရသည်။
ထို့နောက် သူခိုးခြောက်ယောက် လှည့်စားခြင်း အင်မော်တယ်အတတ်ပညာ၏ အားလှိုင်းအတတ်အကျများက မြူခိုးအတွင်းမှာ ထွက်ပေါ်လာကြသည်။
မြူခိုးက တဖြည်းဖြည်း ပိုပြီးလှုပ်ခတ်လာသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ တခြားအားလှိုင်းအတတ်အကျများက အဝေးမှ ထွက်ပေါ်လာကြသည်။ ခမ်းနားထည်ဝါသော စစ်ရထားလုံးသည် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ဤနေရာမှာ တိုက်ရိုက် ထွက်ပေါ်လာသည်။
စစ်ရထားလုံး၏ အရှေ့နှင့် အနောက်တွင် အရေအတွက်များပြားသော ကျင့်ကြံသူများက စောင့်ကြပ်ပေးနေကြသည်။ သူတို့အားလုံးက သွေးဆာသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။
စစ်ရထားလုံးထဲတွင် ပုံရိပ်တစ်ခုက မြန်ဆန်စွာ ထွက်ပေါ်လာပြီး မြူခိုးဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
ထိုသူက ယွဲ့တုန်ကို လိုက်ပိုးနေသော လူငယ်ဖြစ်သည်။
သူက အော်ပြောလိုက်စဉ် သူ၏ မျက်လုံးထဲမှာ စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသည်။
“ ရွှယ်ချန်းဇီ… သခင်မယွဲ့တုန်ကို နာကျင်အောင် မင်းလုပ်ရဲမယ်ဆိုရင် ငါမင်းကို သေချာပေါက် သတ်ပစ်မယ် ”
“ ကျင့်ကြံသူတွေအားလုံး… ငါ့အမိန့်ကို နာခံကြ… ရွှယ်ချန်းဇီက ရူးသွပ်သွားပြီး ငါ့ကို တိုက်ခိုက်ဖို့ ကြံရွယ်နေတယ်… ဒီနေရာကို ချိပ်ပိတ်ပြီးတော့ ရွှယ်ချန်းဇီကို သုတ်သင်ပစ်ပါ ”
ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူအားလုံးသည် သက်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ သွေးမြူခိုးဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။
တစ်ချိန်တည်းမှာ ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော လူငယ်က သွေးမြူခိုး၏ အစွန်းဆီသို့ ရောက်ရှိသွားပြီး အလျင်စလို ပြောသည်။
“ တုန်အာ… ဘာမှမကြောက်နဲ့… ကိုယ် မင်းကို လာကယ်ပြီ ”